Sunday, May 8, 2016

မိုးချုပ်နေတဲ့အိမ်

အတုယူကြပါ အတုယူကြပါဆိုလို့ ငယ်ငယ်ထဲက အတုယူလာတာ ခုထိပဲ။ တခါမှ အစစ်နဲ့ မတွေ့ဖူးသေးဘူး။

တကယ်ပါ။ သုံညထဲက ကိုးနှုတ်ဖို့ မနှုတ်နိုင် တဆယ်ချေးနဲ့ လက်ရော ခြေပါ မအားရတဲ့ဘဝ။

ရေအိုင်ငယ်ကို ပင်လယ်ထင်ခဲ့တဲ့ ပုံပြင်ထဲက ဖားသူငယ်ကို ခုမှ မှန်ထဲမှာ မြင်ဖူးတာ။ အတော်တောင်အသက်ရနေပြီပဲ။ ဖားဦးလေးကြီးပေါ့လေ။

ရိုးသားကြိုးစား လုပ်အားဖြင့်နိုင်ငံတည်တဲ့။ ဆိုင်းပုဒ်တောင် နာဂစ်နှိတ်စက်လို့ မရှိရှာတော့ဘူး။ ရွှေရတုသာ ကျော်ဖြတ်လာတယ်။ ကိုယ့်ဟာကိုယ်တောင် တည်ဆောက်လို့ မပြီးနိုင်သေး။ နိုင်ငံတည်ဆောက်ဖို့ ဝေလာဝေး။

အူမတောင့်မှ သီလစောင့်သတဲ့လား။ အူမမတောင့်ပဲ စောင့်ခဲ့ရတဲ့သီလတွေကို ကတ္တားနဲ့ ချိန်ပြမယ်။ ချိန်ခွင်နဲ့ မဆန့်လို့။ အူမတောင့်တဲ့သူတွေ စောင့်တဲ့သီလက ကေတီဗီနဲ့ မာဆပ်မှာ အိပ်မောကြနေကြတယ်။

ဟိုမရောက်ဒီမရောက်အဆင့်လောက်သာတတ်ခဲ့တဲ့ လောကဓါတ်ပညာကို ရွှေအိုးထင်ပြီး ဖွင့်စားလိုက်တာ။ ရွှေအိုးက ဖင်ပေါက်နေတဲ့ ရွှေရေစိမ်ဒန်အိုးပဲဆိုတာ ခုမှသိ။အဝင်နဲ့အထွက်က အမြဲ ညီမျှနေတယ်။ အနှုတ်မပြတာကိုပဲ ကြံဖန် ကျေးဇူးတင်နေရသေး။

အခုလူငယ်နောင်ခါလူကြီး တဲ့။ အခုလူကြီးနောင်ခါလူငယ်လို့ ပြောင်းလိုက်ချင်တာ။ ဝသုံန္ဒရေ ကို တိုင်တယ်ပါတယ်။ နတ်ရေကန်လေးများရှိရင် အကြောင်းကြားပေးပါ။ ဆယ့်ခြောက်နှစ်ကို နှစ်နဲ့မြှောက်လောက်ဆို တော်ပါပြီ။

ကောင်မလေးရေ။ မုတ်သုန်က စိတ်ကောက်လို့အရောက် နောက်ကျလိမ့်မယ်။ တို့တတွေရဲ့ ဖြတ်သန်းမှုတွေကို ကဗ္ဗည်းတင်ကြရအောင်။ အို... ကောင်မလေးတောင် ဆံပင်တွေ ဖြူရှာပါပေါ့လား။

( ပို့စ်မော်ဒန်ပေါ့ဗျာ။ palace of fine arts ကြီးကို ကြည့်ပြီး ခံစားမိတာ အဲဒါပါပဲ။ ရင်ဘတ်တွေမတူရင် ဆောရီးပါ။ )