Sunday, January 31, 2016

စာကြည့်တိုက်


အလိမ္မာ စာမှာရှိတဲ့။ စာကရော ဘယ်မှာရှိလည်းမေးရင် စာအုပ်ဆိုင်မှာ ရှိပါတယ်လို့ ဖြေရမှာပဲ။

ငယ်ငယ်က နေခဲ့တဲ့ ခရိုင်မြို့မှာ ပြန်ကြားရေးစာကြည့်တိုက်ဆိုတာ တခုရှိဖူးတယ်။ ပြန်ကြားရေးက ထုတ်ဝေတဲ့ ဝါဒဖြန့်စာစောင်တွေနဲ့ အစိုးရသတင်းစာပဲရှိတယ်။ ကက်သလော့ ( Catalog) ထဲက စာအုပ်လေးနည်းနည်းပါးပါးကလည်း ပျောက်တာနဲ့ စုတ်ပြဲပျက်စီးနဲ့မို့ မေးလိုက်တိုင်း မရှိတာချည်းပဲ။ စာအုပ်သစ်ကတော့ ဝေလာဝေး။ စာပေဗိမာန်က ထုတ်တဲ့ စာအုပ်လေးတွေတောင် စုံအောင်မရှိ။ မြို့ရဲ့တခုထဲရှိတဲ့ စာကြည့်တိုက်က ထိုင်ခုံတောင် လေးငါးလုံးပဲ ရှိတဲ့ အဆောက်အဦလေးပါ။ နောက်ပိုင်းကာလမှာတော့ အပြီးတိုင် ပိတ်သိမ်းသွားခဲ့တယ်။

အထက်တန်းကျောင်းစာကြည့်တိုက်မှာတော့ စာအုပ်နည်းနည်းစုံတယ်။ အမြဲလိုပိတ်ထားတတ်တဲ့စာကြည့်တိုက်လေးပေါ့။ တပတ်တရက် ဖွင့်ချိန်တိုလေးမှာ စာအုပ်သွားငှားတဲ့ ကျောင်းသားကလည်း တစ်ရာမှာ တယောက်လောက်ပဲ ရှိမယ် ထင်ရဲ့။

စက်မှုကျောင်းကြီး ရောက်ပြန်တော့လည်း ထိုနည်းလည်းကောင်း။ သင်ထောက်ကူ စာအုပ်ဆိုတာ စာကြည့်တိုက်မှာ ရွှေလိုရှာရတာမို့ လမ်းဘေးမိတ္တူဆိုင်က မိတ္တူကူးပြီးရောင်းတဲ့ ကော်ပီစာအုပ်မှုန်ဝါးဝါးလေးတွေကို မီးမှိန်မှိန်အောက်မှာ ဖတ်ရင်း ဖြတ်သန်းခဲ့ရတာပါပဲ။

မောင်လူပေ့ငယ်သူငယ်ချင်းက မျက်စိအားနည်းရှာတာမို့ သူ့ကို မူရင်းစာအုပ် လာရောင်းတဲ့သူကို ဘုရားကပို့ပေးလိုက်တယ်တောင် ထင်ရှာသတဲ့။ မူရင်းစာအုပ်ဆိုတာ ဈေးကြီးတဲ့အပြင် လိုချင်ရင်တောင် ဘယ်သွားရှာရမှန်းမသိ ဖြစ်ခဲ့ရတဲ့ မှောင်ခိုခေတ်မှာ လူဖြစ်ခဲ့ရတဲ့သူတွေဆိုရင် ပိုနားလည်နိုင်မယ် ထင်ပါတယ်။

၈၈ အရေးတော်ပုံကြီးပြီးလို့ ကျောင်းတွေ ဖွင့်လိုက်ပိတ်လိုက်လုပ်အပြီး တပြည်လုံးမှာ တက္ကသိုလ်တွေမှိုလိုပေါက်အောင်ဖွင့်ခဲ့ပေမဲ့ သင်ထောက်ကူစာအုပ်မရှိတဲ့ ကျောင်းစာကြည့်တိုက်တွေဟာ ဘီဒိုဟောင်းလောင်းပါပဲ။

အနောက်နိုင်ငံတက္ကသိုလ်ကြီးတခုက သင်ထောက်စာအုပ်တွေကို လှူဖို့ ကမ်းလှမ်းတော့ စာအုပ်တွေထားဖို့ စာအုပ်ဘီဒို လုံလောက်အောင်မရှိလို့ လှူသမျှ လက်မခံခဲ့တဲ့အဖြစ်၊ လှူထားတဲ့ စာအုပ်တွေကို အမျိုးအစားခွဲ ၊ ကတ်သလော့( Catalog) သွင်းနဲ့ စနစ်တကျ စာကြည့်တိုက်ပညာ တတ်တဲ့သူမရှိလို့ စာအုပ်တွေကို စက္ကူပုန်းထဲက မထုတ်ရပဲ ဖုန်တက်ခံရတဲ့အဖြစ်တွေကို ဒီကိုလာလည်တဲ့ ဆရာတဦးက ပြောပြတော့ ဝမ်းနည်းရမှာလား ဝမ်းသာရမှာလား ဖြစ်ရသေးတယ်။

အခုတော့ တနိုင်တပိုင် ကြိုးစားကြရင်းနဲ့ တပြည်လုံးမှာ ကိုယ်ထူကိုယ်ထ စာကြည့်တိုက်လေးတွေ ဖွင့်နေကြတာ မြင်နေကြားနေရလို့ ဝမ်းသာမိပါရဲ့။ ဒီကနေ စာအုပ်တွေ လှူချင်ပေမဲ့လည်း ဆင်ဖိုးထက် ချွန်းဖိုးကကြီး ဆိုသလို တပေပတ်လည် ဒေါ်လာလေးဆယ်ဆိုတဲ့ ပို့ခက ထောင်းနေတာမို့ တခါတရံမှပဲ ပို့ဖြစ်ပါတယ်။

စာပေကို တန်ဖိုးထားတဲ့ အစိုးရတရပ် ဖြစ်လာရင်တော့ တပြည်လုံးမှာ အစိုးရ စာကြည့်တိုက်လေးတွေ ပြန်ပေါ်လာမှာပါ။ မကြာတော့ဘူးလို့ မျှော်လင့်နေပါတယ် ခင်ဗျား။

ကျန်းမာ ချမ်းသာကြပါစေ။

ကျွန်တော်မောင်လူပေပါ။

ချစ်ခြင်းအားဖြင့်

မောငိလူပေ
 
 

No comments:

Post a Comment