သင်္ကြန်ပွဲတော် နွှဲစို့တူပျော်ပျော်
သင်္ကြန်ချိန်ကား မြန်မာများအတွက် နှစ်သစ်ကူးချိန်မို့ အပျော်ဆုံးအချိန်ဟုပြောပါက လွန်အံ့မထင်။
မြန်မာပြည်တွင်းတွင် သင်္ကြန်ပွဲကြီး ပြီးသွားပြီဖြစ်သော်လည်း ပြည်ပရောက်
မြန်မာများအတွက်က မပြီးနိုင်ကြသေး။ အမေရိကန်၏ဧပြီလမှာအေးလွန်းသေးသဖြင့် ဂျူလိုင်လမှ သင်္ကြန်ကျသောမြို့လည်းရှိသည်။ မောင်လူပေ ခေတ္တခဏ အခြေချနေထိုင်သော ဆန်ဖရန်စစ္စကိုဘေးဧရိယာ၏ မြန်မာကွန်မြူနတီသင်္ကြန်ပွဲကား မေလ(၂၈) ရက်နေ့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သောနေရာဖြစ်သည့်
Charles F. Kennedy Park
1333 Decoto Rd
Union City, CA 94587
တွင် ကျင်းပတော့မည်ဖြစ်သည်။
ပြည်ပရောက်မြန်မာများ၊ အထူးသဖြင့် အမေရိကန်နိုင်ငံရောက် မြန်မာများကား လူမျိုးစုံသလို ဘာသာလည်းစုံကြ၏။ အကြောင်းအမျိုးမျိုးကြောင့် ပြောင်းရွှေ့လာသူများဖြစ်သလို
ပထမမျိုးဆက်များလည်း ခပ်များများဖြစ်၏။ ပထမမျိုးဆက်များပီပီ
လိုအပ်ချက်များက တပုံတပင်။ ဝမ်းရေးအတွက် လုံးပမ်းနေကြရသူက အများစု။
ကိုယ့်ဘာသာ ကိုယ့်သာသနာအတွက်လည်း ရောက်ရာဒေသတွင် ဘုန်းကြီးကျောင်းများ၊
ချပ်ကျောင်းများ၊ ဗလီများ စသည်ဖြင့်လည်း နိုင်သလောက် ထူထောင်ကြလေသည်။
ဗုဒ္ဓဘာသာဝင်များက တည်ထောင်ထားသော ဘုန်းကြီးကျောင်းတွေရဲ့ ရံပုံငွေပွဲအဖြစ်
ကျင်းပသော သင်္ကြန်ဈေးရောင်းပွဲများက ဧပြီလရဲ့ တနင်္ဂနွေနေ့တိုင်းလိုလို
ရှိသည်။ တနင်္ဂနွေမှပဲ အားလပ်ကြသူများသဖြင့် ထိုနေ့ကိုရွေးကြရ၏။ ထို့ကြောင့်
လည်း ဆန်ဖရန်စစ္စကိုဧရိယာ၏ မြန်မာကွန်မြူနတီသင်္ကြန်အတွက် ဧပြီလအတွင်း မကျင်းပနိုင်။
ထို့အပြင် ထိုသင်္ကြန်ပွဲအမည်တတ် ဈေးရောင်းပွဲများက ဘုန်းကြီးကျောင်းရံပုံငွေရှာပွဲများဖြစ်သဖြင့် ဗုဒ္ဓဘာသာဝင်မဟုတ်သူ ခရစ်ယာန်၊ အစ္စလာမ်ဘာသာဝင်အများစုက မလာနိုင်ကြပါ။
ထို့ကြောင့်လည်း မြန်မာပြည်သား မှန်သမျှ လူမျိုးမရွေး ဘာသာမရွေးပါဝင်ဆင်နွဲနိုင်မည့် မြန်မာကွန်မြူနတီသင်္ကြန်ကို မေလအတွင်းမှ နေရာကျယ်ဝန်းသည့် ပန်းခြံမြေတွင် ကျင်းပရခြင်း ဖြစ်သည်။
မြန်မာတို့အတွက် ကွန်မြူနတီစင်တာ တည်ထောင်ရေးကား မလွယ်ပါ။ တိုင်းရင်းသားလူမျိုးတွေများသလို ဘာသာတွေကပေါင်းစုံ။ မြန်မာတို့၏ ညီညွတ်ခြင်းကလည်းဘုတ်အုပ်ထဲမှ
မထွက်လာသေး။ ဆယ်နှစ်တစ်ခါ အမေရိကန်နိုင်ငံ၏ သန်းကောင်စာရင်း ကောက်လေတိုင်း
သတ်မှတ်လူဦးရေ မရသဖြင့် အစိုးရမှပေးအပ်သည့် လူနည်းစု လူမျိုးစုများအတွက်
ကူညီထောက်ပံ့ငွေလည်းမရ။ (အမှန်ကတော့ သိန်းကျော်ပါလိမ့်မည်။ သို့ပါသော်လည်း
ကချင်၊ ကရင်၊ မွန်၊ ရခိုင်၊ ရှမ်း စသည်ဖြင့် စာရင်းဖြည့်ကြသောကြောင့်
မြန်မာစာရင်းက လျှော့နည်းနေရပါသည်။ တရုတ်၊ ကုလား ဖြည့်သူတွေလည်း
ရှိကြပါသည်။ ဒီကိစ္စအတွက် သတ်မှတ်ဦးရေမှီစေသည့် မြန်မာစာရင်းပေါက်ရေးအတွက်
ပညာပေးကျိုးစားကြသော်လည်း ၂၀၁၀ သန်းကောင်စာရင်းထိ မြန်မာဦးရေက
သတ်မှတ်ချက်မမှီ။ ၂၀၂၀ စာရင်းကိုသာ စောင့်ဖို့ရှိသည်။ )
ထိုထိုအခက်အခဲများကြားမှ မြန်မာကွန်မြူနတီစင်တာထောင်ဖို့ ကြိုးစားကြသည်။ ရံပုံငွေရှာကြသည်။ ထို့ကြောင့်လည်း မြန်မာကွန်မြူနတီစင်တာရံပုံငွေပွဲဖြစ်သည့် သင်္ကြန်ပွဲ ဖြစ်ပေါ်လာခဲ့သည်မှာ ငါးကြိမ်မြောက်ပင် ရှိခဲ့ပေပြီ။
ဆန်ဖရန်ဧရိယာအတွက် မြန်မာကွန်မြူနတီစင်တာကို အခန်းကျယ်တစ်ခုတွင် ငှားရမ်းတည်ထောင်ခဲ့ပြီးနောက် ပထမမျိုးဆက်မြန်မာများအတွက် အခြေခံအင်္ဂလိပ်စကားပြောသင်တန်း၊
အမေရိကန်နိုင်ငံသားဖြစ်ရေး စာမေးပွဲသင်တန်း စသည့်လိုအပ်ချက်များကို
ဖြည့်ဆည်းပေးလျှက်ရှိသည်။ မြန်မာကွန်မြူနတီစင်တာ ဆက်လက်လည်ပတ်နိုင်ရေးအတွက်
ဦးစီးကြသူများက အချိန်အား ငွေအားဖြင့် လုပ်အားပေးနေကြသော်လည်း
လိုအပ်ချက်များကလည်း တပုံတပင်။ လိုအပ်ချက်အထွေထွေထဲမှာ
အဓိကလိုအပ်ချက်ဖြစ်သော ငွေကြေးဂဏ္ဍအတွက် ဒီ မြန်မာကွန်မြူနတီစင်တာရံပုံငွေသင်္ကြန်ပွဲ အောင်မြင်ရေးက အလွန်အရေးပါလှပါသည်။
မြန်မာကွန်မြူနတီ သင်္ကြန်ပွဲတွင် အစီအစဉ်အမျိုးမျိုး အခန်းဂဏ္ဍအမျိုးစုံ
ပါဝင်မည်ဖြစ်ရာ သက်ဆိုင်ရာဂဏ္ဍများအတွက် အသေးစိတ်အစီအစဉ်များလည်း
ရေးဆွဲပြင်ဆင်ပြီးလေပြီ။
ပန်းခြံကြီးထဲက စင်မြင့်ပေါ်မှာ ဖျော်ဖြေရေးအနေဖြင့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်တွေ
ထုတ်ဖေါ်ကြမည်။ မြန်မာအက၊ မြန်မာသီချင်း၊ တိုင်းရင်းသားရိုးရာ
အစုံအလင်ပါရှိမည်။ သင်္ကြန်တေးသံသာ၊ သင်္ကြန်အကအလှ၊ သံချပ်များဖြင့်
ဆန်ဖရန်ဧရိယာအခြေစိုက် နိုင်ငံကျော်အဆိုတော်များ၊ ဝါသနာရှင်များက
ဖျော်ဖြေပေးကြပါလိမ့်မည်။
မြက်ခင်းပြင်ပေါ်မှာတော့
ရံပုံငွေဈေးရောင်းပွဲ။ အလှူရှင်တွေက ရောင်းရသမျှကို လှူကြမည်။
မြို့နယ်ကျန်းမာရေးဌာန၏ ကြီးကြပ်မှုအောက်တွင် ရောင်းချသောပွဲဖြစ်သဖြင့်
မသန့်ရှင်း မလပ်ဆတ်မှာ ပူရန်မလို။
မြို့နယ်ရဲတပ်ဖွဲ့ကို ကြိုတင်ခွင့်တောင်းပြီးဖြစ်သဖြင့် လုံခြုံရေးကလည်း အပြည့်။ ရဲကားနှစ်စီးအနည်းဆုံးလာရောက်ပြီး စောင့်ရှောက်ပေးမည်။ လူရမ်းကားရန်ကို ပူရန်မရှိ။
ကားရပ်နားရန်လည်း နေရာများစွာ။ သင်္ကြန်ပွဲကျင်းပရာကွင်း၏ ရှေ့တည့်တည့်ရှိ
BART station ကားရပ်နားကွင်းတွင်လည်း ရပ်နားနိုင်သည်။ weekend မို့
ရပ်နားခပေးရန်မလိုပါ။
ထုံစံကျင်းပမြဲဖြစ်သော သက်ကြီးပူဇော်ပွဲလည်း ပါဝင်မည်။ ဆန်ဖရန်ဧရိယာတဝိုက်မှ အသက် ၇၅နှစ်အထက် ဘိုးဘွားများကို စုပေါင်းကန်တော့ကြမည်။
သင်္ကြန်ဆိုတော့ သကြားမင်းလည်းလာမည်။ နှစ်စဉ်လိုလို သကြားမင်းကပါမြဲဖြစ်လေရာ
ဒီနှစ်အတွက် မည်သူက သကြားမင်းဝတ်စုံဝတ်ပြီး သကြားမင်းလုပ်မည်ဆိုသည်ကလည်း ပဟေဋ္ဌိတခုပါ။
သကြားမင်းက စင်ပေါ်တက်ပြီး သင်္ကြန်ကျကြောင်း ကြေညာပြီးပါက တရားဝင် မြန်မာသင်္ကြန်ပွဲ ကျင်းပကြမည်။ ရေပက်ဖို့သီးခြားနေရာသတ်မှတ်ပေးထားမည်ဖြစ်ရာ ကလေးများလည်း လွတ်လပ်စွာပျော်ပါးနိုင်ကြပါမည်။
လူမျိုးမရွေး၊ ဘာသာမရွေး လာရောက်နိုင်သော မြန်မာကွန်မြူနတီသင်္ကြန်ကို
နှစ်စဉ်လိုလို ပြည်နယ်အမတ်များ၊ မြို့တော်ဝန်များ၊ မြို့တော်
စည်ပင်ကော်မတီဝင်များက တက်ရောက်အားပေးချီးမြှင့်ကြပါသည်။
သို့ပါသောကြောင့် မြန်မာကွန်မြူနတီသင်္ကြန်ပွဲတော်သို့ နေရာကောင်းမှကြည့်ရှုအားပေးကြရေးအတွက်
အချိန်ကိုသတိပြုပြီး ကျင်းပမည့်ရက် မေလ(၂၈) ရက်တွင် အိမ်ဆူးဆို့
ကလေးလက်တို့ ခွေးအို့အို့ ဟူသောစကားနှင့်အညီ စောစောသာကြွခဲ့ကြပါတော့လို့ မိတ်ဆွေ သူငယ်ချင်းအပေါင်းအား ဖိတ်ကြားအပ်ပါသည်ခင်ဗျား။
ချစ်ခြင်းအားဖြင့်
မောင်လူပေ
အလုပ်သမားတဲ့လား
ဆယ့်ငါးပြားတန် အလုပ်သမားနေ့ တံဆိပ်ခေါင်းဟောင်းလေးတွေ့တော့
မောင်လူပေတို့ငယ်ငယ်က ဆယ့်ငါးပြားရှိရင် စာတစ်စောင်
ပို့လို့ရတဲ့ခေတ်ပါလားလို့ ပြန်အမှတ်ရသလို မေလတစ်ရက်ဆို
အလုပ်သမားနေ့ရောက်ပြီလို့လည်း သတိရမိပါရဲ့။
မေလ တစ်ရက်နေ့က မေဒေးလို့အများခေါ်ကြတဲ့ အလုပ်သမားနေ့ဆိုတာ
လူတိုင်းသိကြပါတယ်။ ကွန်မြူနစ်၊ ဆိုရှယ်လစ် နိုင်ငံတွေအတွက် ဒီနေ့ဟာ
အလွန်အရေးပါတဲ့နေ့ပေါ့။
ဒီနေ့ဖြစ်ပေါ်လာပုံအကြောင်းနဲ့ ဖြစ်ခဲ့တဲ့နေရာဟာ အရင်းရှင်နိုင်ငံတို့ရဲ့ထိပ်ခေါင်ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုမှာဆိုတာကိုတော့ သိသူရှားပါလိမ့်မယ်။
မေလတစ်ရက်က အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ ဖြစ်လာပုံလေး ပြောချင်လို့။
မြန်မာပြည်မှာ သီပေါမင်းပါတော်မူစ ၁၈၈၆ခု မေလ (၄)ရက်နေ့က အမေရိကန်နိုင်ငံ
ချီကာဂိုမြို့ရဲ့ ကောက်ရိုးဈေး(hay market)မှာ တစ်ရက်အလုပ်ချိန်(၈)နာရီရရှိရေးဆန္ဒပြနေကြတဲ့အလုပ်သမားတွေနဲ့ရဲတွေ ရုန်းရင်းဆန်ခတ်ဖြစ်နေတုန်း ဗုန်းကွဲ၊ ရဲကပြန်ပစ်နဲ့ ရဲရှစ်ယောက်နဲ့အလုပ်သမားလေးယောက်သေခဲ့တယ်။ နောက်ပိုင်းလည်း အမေရိကန်က မြို့ကြီးတွေမှာ အလုပ်သမားနဲ့ရဲတွေရဲ့အဓိကရုဏ်းတွေ ဆက်ဖြစ်တယ်။ သေကြကြေကြတယ်။
ဒီလိုဖြစ်ခဲ့တာတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ၁၉၀၄ခုနှစ်က နယ်သာလန်နိုင်ငံ အန်စတာဒန်မြို့မှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ဆိုရှယ်လစ်များရဲ့ကွန်ဂရက်အစည်းအဝေးကြီးမှာ မေလတစ်ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အဖြစ်သတ်မှတ်ဖို့ သဘောတူခဲ့ကြပါသတဲ့။ အဲဒီရက်မှာ အလုပ်သမားတွေအလုပ်မဆင်းပဲ ငြိမ်းချမ်းစွာစုရုံးကြပြီး သွေးစည်းညီညွတ်ကြောင်းပြမယ်။ လိုအပ်ချက်တွေကို တောင်းကြမယ်ပေါ့။
အမေရိကန်ပြည်ထောင်စုမှာတော့
၁၈၉၄ခုနှစ်မှာထဲက အလုပ်သမားနေ့ကို စက်တင်ဘာလရဲ့ ပထမဆုံး တနလာင်္နေ့လို့
သတ်မှတ်ခဲ့ပြီးသားမို့ မေလရဲ့တစ်ရက်နေ့က အလုပ်သမားနေ့မဖြစ်ခဲ့ပါဘူးတဲ့။
အမေရိကန်နိုင်ငံက အလုပ်သမားတွေရဲ့ အလုပ်သမားအခွင့်အရေးအတွက် ကြိုးစားတိုက်ပွဲဝင်မှုအတွက် ဂုဏ်ပြုသတ်မှတ်ပေးတဲ့နေ့ပေါ့ဗျာ။
အလုပ်သမားတွေအတွက် သတ်မှတ်ထားတဲ့နေ့ဆိုတော့ မောင်လူပေတို့လည်း အကျုံးဝင်တဲ့နေ့ပေါ့။
နိုင်ငံအသီးသီးမှာ အလုပ်လုပ်နေကြမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက်လည်း
အကျုံးဝင်တယ်။ ဒါပေမဲ့ သူတို့အများဆုံးရှိတဲ့ ထိုင်းမှာ
အလုပ်သမားနေ့မရှိဘူးတဲ့ဗျ။ ဂျပန်၊ တောင်ကိုးရီးယား၊ အော်စီ၊
နယူးဇီလန်စတဲ့နိုင်ငံတွေလည်း အလုပ်သမားနေ့မရှိ။
မြန်မာပြည်မှာတော့ ငယ်ငယ်ကဆိုရင် အလုပ်သမားနေ့ရောက်လေတိုင်း အန်တီဒေါ်မာမာအေးရဲ့ အလုပ်သမားနေ့ဂုဏ်ပြုသီချင်းလေးကို ရေဒီယိုကတဆင့် လေလှိုင်းထဲမှာ ကြားနေကြပါ။
" မောင်... တကယ်အလုပ်သမားဆိုရင်
ပျိုကပင် စတင် ချစ် ချစ်ပါရစီ (စေ)၊
အနားမှာပါးချင်းအပ်လို့ ပြောချင်ပါသည်၊
တိုင်းပြည်အတွက် ကုန်ပစ္စည်းပိုမိုထွက်အောင်
ဆောင်ရွက်စမ်းပါလို့အတည်။"
"ဟုတ်ပါပေဗျို့ မှန်ပါပေဗျို့" (အများဆို)
"မောင်ကျိုးစားရင် ကျိုးစားသလောက်ပင် ခံစားရမယ် တကယ်ယုံကြည်၊
ရပိုင်ခွင့်တွေ အသင့်ပါပဲ။ အခွင့်သာပဲ။ အမြဲ အမြဲအမြဲရှိပါသည်။"
"အလုပ်သမားနေ့ကို မမေ့နိုင်ပေါင်အတည်။
သူနဲ့သူနဲ့ တွေ့ရတာ ဝမ်းသာလှသည်။
တသက်တာချစ်ဖို့အရေး အလုပ်သမားထဲက ရွေး ရွေးတော့မည်။ " တဲ့။
တချိန်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ)ခေတ်ရဲ့ အကျိုးပြုသီချင်းလေးအမှတ်တရပေါ့ဗျာ။
အမေရိကန်နိုင်ငံရဲ့ အလုပ်သမားနေ့ကတော့ ၂၀၁၇ခုနှစ်အတွက် စက်တင်ဘာ(၄)ရက်
တနလာင်္နေ့ကျရောက်မှာမို့ မောင်လူပေခေါ် ရွှေ့ပြောင်းအလုပ်သမားကြီးကတော့ အဲဒီနေ့မှပဲ ကျင်းပမည်ဖြစ်ပါကြောင်း။
မြန်မာပြည်မှာရှိကြတဲ့အလုပ်သမားတွေ၊ နိုင်ငံအသီးသီးမှာ ရောက်နေကြသော ရွှေ့ပြောင်းအလုပ်သမားတွေ အပါအဝင် မြန်မာပြည်သား မိတ်ဆွေသူငယ်ချင်းအပါင်းလည်း အလုပ်သမားနေ့မှာ ကျန်းမာချမ်းသာကြပါစေကြောင်း တောင်းဆုပြုလိုက်ပါတယ်။
ကျွန်တော်မောင်လူပေ ပါ။
ချစ်ခြင်းအားဖြင့်
မောင်လူပေ