Monday, May 8, 2017

အလုပ်သမားတဲ့လား

အလုပ်သမားတဲ့လား

ဆယ့်ငါးပြားတန် အလုပ်သမားနေ့ တံဆိပ်ခေါင်းဟောင်းလေးတွေ့တော့ မောင်လူပေတို့ငယ်ငယ်က ဆယ့်ငါးပြားရှိရင် စာတစ်စောင် ပို့လို့ရတဲ့ခေတ်ပါလားလို့ ပြန်အမှတ်ရသလို မေလတစ်ရက်ဆို အလုပ်သမားနေ့ရောက်ပြီလို့လည်း သတိရမိပါရဲ့။

မေလ တစ်ရက်နေ့က မေဒေးလို့အများခေါ်ကြတဲ့ အလုပ်သမားနေ့ဆိုတာ လူတိုင်းသိကြပါတယ်။ ကွန်မြူနစ်၊ ဆိုရှယ်လစ် နိုင်ငံတွေအတွက် ဒီနေ့ဟာ အလွန်အရေးပါတဲ့နေ့ပေါ့။

ဒီနေ့ဖြစ်ပေါ်လာပုံအကြောင်းနဲ့ ဖြစ်ခဲ့တဲ့နေရာဟာ အရင်းရှင်နိုင်ငံတို့ရဲ့ထိပ်ခေါင်ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုမှာဆိုတာကိုတော့ သိသူရှားပါလိမ့်မယ်။

မေလတစ်ရက်က အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ ဖြစ်လာပုံလေး ပြောချင်လို့။

မြန်မာပြည်မှာ သီပေါမင်းပါတော်မူစ ၁၈၈၆ခု မေလ (၄)ရက်နေ့က အမေရိကန်နိုင်ငံ ချီကာဂိုမြို့ရဲ့ ကောက်ရိုးဈေး(hay market)မှာ တစ်ရက်အလုပ်ချိန်(၈)နာရီရရှိရေးဆန္ဒပြနေကြတဲ့အလုပ်သမားတွေနဲ့ရဲတွေ ရုန်းရင်းဆန်ခတ်ဖြစ်နေတုန်း ဗုန်းကွဲ၊ ရဲကပြန်ပစ်နဲ့ ရဲရှစ်ယောက်နဲ့အလုပ်သမားလေးယောက်သေခဲ့တယ်။ နောက်ပိုင်းလည်း အမေရိကန်က မြို့ကြီးတွေမှာ အလုပ်သမားနဲ့ရဲတွေရဲ့အဓိကရုဏ်းတွေ ဆက်ဖြစ်တယ်။ သေကြကြေကြတယ်။

ဒီလိုဖြစ်ခဲ့တာတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ၁၉၀၄ခုနှစ်က နယ်သာလန်နိုင်ငံ အန်စတာဒန်မြို့မှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ဆိုရှယ်လစ်များရဲ့ကွန်ဂရက်အစည်းအဝေးကြီးမှာ မေလတစ်ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အဖြစ်သတ်မှတ်ဖို့ သဘောတူခဲ့ကြပါသတဲ့။ အဲဒီရက်မှာ အလုပ်သမားတွေအလုပ်မဆင်းပဲ ငြိမ်းချမ်းစွာစုရုံးကြပြီး သွေးစည်းညီညွတ်ကြောင်းပြမယ်။ လိုအပ်ချက်တွေကို တောင်းကြမယ်ပေါ့။

အမေရိကန်ပြည်ထောင်စုမှာတော့ ၁၈၉၄ခုနှစ်မှာထဲက အလုပ်သမားနေ့ကို စက်တင်ဘာလရဲ့ ပထမဆုံး တနလာင်္နေ့လို့ သတ်မှတ်ခဲ့ပြီးသားမို့ မေလရဲ့တစ်ရက်နေ့က အလုပ်သမားနေ့မဖြစ်ခဲ့ပါဘူးတဲ့။

အမေရိကန်နိုင်ငံက အလုပ်သမားတွေရဲ့ အလုပ်သမားအခွင့်အရေးအတွက် ကြိုးစားတိုက်ပွဲဝင်မှုအတွက် ဂုဏ်ပြုသတ်မှတ်ပေးတဲ့နေ့ပေါ့ဗျာ။

အလုပ်သမားတွေအတွက် သတ်မှတ်ထားတဲ့နေ့ဆိုတော့ မောင်လူပေတို့လည်း အကျုံးဝင်တဲ့နေ့ပေါ့။

နိုင်ငံအသီးသီးမှာ အလုပ်လုပ်နေကြမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက်လည်း အကျုံးဝင်တယ်။ ဒါပေမဲ့ သူတို့အများဆုံးရှိတဲ့ ထိုင်းမှာ အလုပ်သမားနေ့မရှိဘူးတဲ့ဗျ။ ဂျပန်၊ တောင်ကိုးရီးယား၊ အော်စီ၊ နယူးဇီလန်စတဲ့နိုင်ငံတွေလည်း အလုပ်သမားနေ့မရှိ။

မြန်မာပြည်မှာတော့ ငယ်ငယ်ကဆိုရင် အလုပ်သမားနေ့ရောက်လေတိုင်း အန်တီဒေါ်မာမာအေးရဲ့ အလုပ်သမားနေ့ဂုဏ်ပြုသီချင်းလေးကို ရေဒီယိုကတဆင့် လေလှိုင်းထဲမှာ ကြားနေကြပါ။

" မောင်... တကယ်အလုပ်သမားဆိုရင်
ပျိုကပင် စတင် ချစ် ချစ်ပါရစီ (စေ)၊

အနားမှာပါးချင်းအပ်လို့ ပြောချင်ပါသည်၊

တိုင်းပြည်အတွက် ကုန်ပစ္စည်းပိုမိုထွက်အောင်
ဆောင်ရွက်စမ်းပါလို့အတည်။"

"ဟုတ်ပါပေဗျို့ မှန်ပါပေဗျို့" (အများဆို)

"မောင်ကျိုးစားရင် ကျိုးစားသလောက်ပင် ခံစားရမယ် တကယ်ယုံကြည်၊

ရပိုင်ခွင့်တွေ အသင့်ပါပဲ။ အခွင့်သာပဲ။ အမြဲ အမြဲအမြဲရှိပါသည်။"

"အလုပ်သမားနေ့ကို မမေ့နိုင်ပေါင်အတည်။

သူနဲ့သူနဲ့ တွေ့ရတာ ဝမ်းသာလှသည်။

တသက်တာချစ်ဖို့အရေး အလုပ်သမားထဲက ရွေး ရွေးတော့မည်။ " တဲ့။

တချိန်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ)ခေတ်ရဲ့ အကျိုးပြုသီချင်းလေးအမှတ်တရပေါ့ဗျာ။

အမေရိကန်နိုင်ငံရဲ့ အလုပ်သမားနေ့ကတော့ ၂၀၁၇ခုနှစ်အတွက် စက်တင်ဘာ(၄)ရက် တနလာင်္နေ့ကျရောက်မှာမို့ မောင်လူပေခေါ် ရွှေ့ပြောင်းအလုပ်သမားကြီးကတော့ အဲဒီနေ့မှပဲ ကျင်းပမည်ဖြစ်ပါကြောင်း။

မြန်မာပြည်မှာရှိကြတဲ့အလုပ်သမားတွေ၊ နိုင်ငံအသီးသီးမှာ ရောက်နေကြသော ရွှေ့ပြောင်းအလုပ်သမားတွေ အပါအဝင် မြန်မာပြည်သား မိတ်ဆွေသူငယ်ချင်းအပါင်းလည်း အလုပ်သမားနေ့မှာ ကျန်းမာချမ်းသာကြပါစေကြောင်း တောင်းဆုပြုလိုက်ပါတယ်။

ကျွန်တော်မောင်လူပေ ပါ။

ချစ်ခြင်းအားဖြင့်

မောင်လူပေ



 
No automatic alt text available.

No comments:

Post a Comment