Wednesday, April 26, 2017

မြန်မာ့ရုပ်သေးအလွမ်းပြေ

မြန်မာ့အနုသုခမပညာတွေထဲမှာ ဘသင်ပညာဟာ အလွန်ခက်ခဲတဲ့ပညာတခုပါ။

ဒီမြန်မာ့သဘင်ရဲ့ အစပထမက မြန်မာ့ရုပ်သေးပါတဲ့။မြန်မာ့ရုပ်သေးကလည်း ကမ္ဘာမှာရှိပြီးဖြစ်တဲ့ ရုပ်သေးအမျိုးအစားတွေနဲ့ တဘာသာခြားနားလှတဲ့ အဆင့်မြင့် ရုပ်သေးအမျိုးအစားတစ်ခုပါပဲ။

မြန်မာ့ ရုပ်သေးစင်တော်ကြီးတွေကို မြန်မာပြည်သူတွေ အလွန်နှစ်ချိုက်ခဲ့တယ်။ နန်းတွင်းမှာကပြအသုံးတော်ခံရတဲ့ ရုပ်သေးစင်တွေကို စင်တော်ကြီးလို့ခေါ်ပြီး အရပ်ထဲက ရုပ်သေးစင်တွေကိုတော့ စင်တော်လေးလို့ ခေါ်ကြတယ်။

ဘုရင်နဲ့မိဘုရားတွေက ရုပ်သေးဇာတ်တွေကို အလွန်ကြိုက်နှစ်သက်ရင် နန်းတွင်းစင်တော်မဟာအတွက် ဆုတွေလာဒ်တွေ ပေးသနားတော်မူတာကြောင့် စင်တော်ကြီးကြိုးဆွဲတွေဟာ ဖဲတွေပိုးတွေစတဲ့ တပတ်နွမ်း နန်းတွင်းအသုံးအဆောင်တွေ ဝတ်ဆင်ခွင့် ရတယ်။ အရှင်နှစ်ပါးကနေ ချီးမြှင့်တော်မူတဲ့ ဘွဲ့တော်မင်္ဂလာနဲ့ ရွာစားတော်အဖြစ် ဂုဏ်တင့်ခဲ့တယ်။နန်းတွင်း ရုပ်သေးဆရာ၊ ဆိုင်းဆရာတွေကို ဒီလိုရွာစားဘွဲ့တွေ ပေးခဲ့တဲ့အလေ့အထကြောင့် ယနေ့ခေတ်အထိ ဆိုင်းဆရာတွေကို ရွာစားကျော် ဘယ်သူ ရယ်လို့ ဆက်လက်အသုံးပြုခေါ်ဝေါ်ကြဆဲဖြစ်ပါတယ်။

နန်းတွင်းစင်တော်ကြီးတွေမှာ ယိုးဒယားအီနောင်ဇာတ်တို့ ရာမယဏဇာတ်တော်ကြီးတို့ကို ရက်ပေါင်းများစွာခွဲပြီး ကပြခဲ့ကြတယ်လို့ဆိုတယ်။

ရုပ်သေးစင်တော်ရဲ့ကြိုးဆွဲတွေအားလုံးကလည်း အမျိုးသားများပါ။ အမျိုးသမီတွေ စင်ပေါ်တက်ခွင့်မရှိလို့ အမျိုးသား မင်းသမီးကြိုးဆွဲကပဲ မင်းသမီးလို ဆိုပြငိုပြရတယ်။ လွမ်းပြရတယ်။ မင်းသမီးကြိုးဆွဲသူရဲ့ အဆိုအပြောတွေက ကောင်းလွန်းလို့ အမျိုးသမီးအစစ်က ဆိုငိုနေတယ်လို့ ခံစားကြရပါသတဲ့။

ရုပ်သေးရုပ်တွေမတူသလို အရုပ်တွေရဲ့လှုပ်ရှားမှုတွေလိုအပ်သလို တပ်ဆင်ထားတဲ့ကြိုးအရေအတွက်ကလည်း မတူပါ။ မင်းသား၊ မင်းသမီးအရုပ်တွေက လှုပ်ရှားမှုများတာမို့ ကြိုးအများဆုံးပါဝင်တယ်။ ဒါပေမဲ့ ကြိုးပါဝင်မှုနည်းပြီး ခုန်ပြန်လှုပ်ရှားပြရတဲ့ ဇော်ဂျီရုပ်က ရုပ်သေးကြိုးဆွဲတွေအတွက် အခက်ဆုံးလို့ဆိုတယ်။ ဒါကြောင့် ဇော်ဂျီရုပ်ကို ရုပ်သေးကြိုးဆွဲတွေထဲမှာ အတော်ဆုံးလူကပဲ ဆွဲခွင့်ရှိပါသတဲ့။ ဇော်ဆွဲဆရာဟာ ခေါင်းဆောင်အဆင့်ပေါ့။

ရုပ်သေးအရုပ်ပေါင်းကလည်း စင်တစ်ခုအတွက် သုံးဆယ်ကျော်လိုပါတယ်။ ဒီအရုပ်တွေကို ယမနေသားနဲ့ ကိုယ်တိုင်ခုတ်ပြီး ဖန်တည်းကြတာပါ။ လက်ခြေ ခေါင်း ခါး အဆစ်တိုင်းကို ကြိုးတွေနဲ့ဆက်ရတယ်။ ဆေးချယ်ရတယ်။ အဝတ်အစားအပြည့်ဆင်ပေးရတယ်။ ဒါကြောင့်လည်း ကြိုးဆွဲတိုင်းက ရုပ်သေးရုပ်တွေကို အရုပ်တွေလို့မမြင်တော့ပဲ သူတို့ရဲ့သားသမီးတွေလို သဘောထားကြတယ်။

ရုပ်သေးစင်တစ်စင်အတွက် လိုအပ်တဲ့အရုပ်တွေကတော့ ရုပ်သေးပွဲရဲ့သမားစဉ်အတိုင်း ကမ္ဘာတည်ခန်းက စမြဲမို့ ကမ္ဘာတည်စဉ်က ပါဝင်ခဲ့သော တောကောင်တွေဖြစ်တဲ့ မျောက် ကျား ဆင် ငှက် စတဲ့ အရုပ်တွေ၊ ရှင်ဘုရင်၊ မိဘုရား၊ မင်းညီမင်းသား၊ မင်းသမီး၊ မူးကြီး မတ်ကြီး၊ အပျိုတော်၊ ရံရွေတော် စတဲ့အရုပ်တွေအပြင် သကြားမင်း၊ ဝိဇ္ဇာ၊ ဇော်ဂျီ၊ နဂါး၊ ဂဠုန် စတဲ့ ရာဇဝင်ထဲက အရုပ်တွေလည်း ပါဝင်ပါတယ်။ ငါးရာ့ငါးဆယ်နိပါတ်တော်ထဲက ဇာတ်လမ်းတွေကို သာမန်ပြည်သူတွေက အကြိုက်ဆုံးပါတဲ့။

အမြင့်သဘင်လို့ ခေါ်တဲ့ ဒီရုပ်သေးပွဲတွေ အမြို့မြို့မှာ ချိမ့်ချိမ့်သဲ ကပြ အသုံးတော်ခံပြီးနောက် ရတနာပုံခေတ်မှာ မြေဝိုင်းဇာတ်သဘင် စတင်ပေါ်ပေါက်လာခဲ့တယ်။ စင်ပေါ်မှာအမျိုးသမီးမတက်ကောင်းဘူးဆိုတဲ့ ရှေးအယူအဆကြောင့် မြေကြီးပေါ်မှာ စတင်ကပြခဲ့ဟန် တူပါတယ်။ဒါကြောင့်လည်း အဲဒီခေတ်က အနိမ့်သဘင်လို့ ခေါ်ခဲ့ကြတယ်။ ဦးချစ်ဖွယ်နဲ့ဒေါ်စိန်သုန်တို့ စတင်ခဲ့တဲ့ မြန်မာ့အနိမ့်သဘင်ဟာ ယနေ့ မြန်မာ့ဇာတ်သဘင်ရဲ့ အစပထမပါပဲ။

မြေဝိုင်းဇာတ်သဘင်ကနေ စင်ပေါ်တက်ပြီးကပြကြတဲ့ခေတ်အထိ မြန်မာ့သဘင်ပညာဟာ အဆင့်ဆင့်ပြောင်းလည်းတိုးတက်ခဲ့တယ်။ မင်းသမီးဦးဆောင်ရင် အငြိမ့်သဘင်၊ မင်းသားဦးဆောင်ရင် ဇာတ်သဘင် နဲ့ ဖြစ်တည်လာတယ်။ အငြိမ့်တွေထဲမှာ ရနောင်မောင်မောင်တုတ်က ဆင်နဲ့ခိုးရလို့ ဆင်ခိုးမလေးနာမည်ရခဲ့တဲ့ ယင်းတော်မလေး၊ လေပါတီမြရင်၊ ယူနီဗာစတီမြသန်းကြည်၊ ဒေါ်သြဘာသောင်း၊ ဂီတမယ်လှကလေးစိန်တို့ခေတ်ကနေ ဝင်းဝင်းအေးရဲ့ ဆောင်းအငြိမ့်ခေတ်ထိ ပြည်သူတွေတခဲနက်အားပေးခဲ့တယ်။မန်းလေးမှာဆို အငြိမ့်တန်း ဆိုင်းတန်းမှာ အငြိမ့်အဖွဲ့တွေ ငါးဆယ်ကျော်ထိ ရှိခဲ့တယ်။

ဇာတ်သဘင်ရွှေခေတ်ကိုပြပါဆိုရင်တော့ ဂရိတ်ဦးဖိုးစိန်ရဲ့စိန်မဟာသဘင်ခေတ်ပါလို့ ဆိုတယ်။ ဦးဖိုးစိန်ရဲ့ ဇာတ်က ကိုယ်ပိုင်မီးသဘောင်္၊ ကိုယ်ပိုင်ရွက်ဖျင်ရုံတွေပိုင်တဲ့အပြင် အနောက်တိုင်းက အင်္ဂလိပ်လူမျိုးမင်းသမီးတွေပါ ငှားပြီး ပါဝင်ကပြစေနိုင်တဲ့အထိ အောင်မြင်ခဲ့ပါသတဲ့။ တီထွင်ဖန်တည်းမှုအားလည်း အလွန်ကောင်းဆိုပဲ။ ဒါကြောင့် ပထမမြန်မာဒါရိုက်တာကြီးဖြစ်တဲ့လန်ဒန်အပ်ဦးအုန်းမောင်က ဖိုးစိန်ဇာတ်ကို ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းခဲ့ပေမဲ့ ရုပ်ရှင်ကြောင့် ဇာတ်ပွဲကိုလူမလာမှာစိုးတဲ့ ဂရိတ်ဖိုးစိန်က လက်မခံခဲ့ဘူးလို့ သိရတယ်။ အလွန်ကြီးကျယ်ခမ်းနားတဲ့ ဇာတ်သဘင်ကြီးမို့လည်း ဇာတ်ဆရာ ဦးဖိုးစိန်ကို ဂရိတ်ဖိုးစိန်လို့ ဘွဲ့တတ်ခေါ်ကြတာပါ။

ဂရိတ်ဦးဖိုးစိန်၊ ရွှေမန်းဦးတင်မောင်၊ ဦးစိန်ကတုံး၊ မင်္ဂလာဦးအောင်မောင်း၊ ဦးစိန်အောင်မင်း၊ ဦးရွှေနန်းတင် စတဲ့ ဇာတ်သဘင်ပညာရှင်ကြီးတွေရဲ့ သားသမီးမြေးမြစ်တွေကလည်း ယနေ့အချိန်အထိ မြန်မာ့သဘင်ကို မတိမ်ကောသွားအောင် လက်ဆင့်ကမ်း သယ်ဆောင်နေပါတယ်။ ခေတ်စနစ်တွေပြောင်းလာပြီမို့ မူလအတိုင်းမဟုတ်တော့ပေမဲ့ အရိုးပေါ်အရွက်မဖုံးရအောင် ကျိုးစားနေကြတယ်။ ဒါပေမဲ့ ပရိတ်သတ်ရဲ့ အားပေးမှုနည်းလာတဲ့အတွက် အရင်က ထိပ်တန်းစာရင်းဝင်ဇာတ်ကြီး ဆယ့်လေးငါးဇာတ်ရှိပေမဲ့ ယခုတော့ လေးငါးဇာတ်လောက်ပဲ ရှိပါတော့တယ်လို့ သိရတယ်။ ဖိုးချစ်၊ စွမ်း၊ တင်မောင်ဆန်းမင်းဝင်း၊ ဟန်ဇာမိုးဝင်း စတဲ့ မျိုးဆက်သစ်ကလေးတွေရဲ့ မြန်မာ့ဇာတ်သဘင်ရှေ့ရေးက ရင်လေးစရာ။

မြန်မာ့ရုပ်သေး၊ မြန်မာဆိုင်းဝိုင်းနဲ့အငြိမ့်သဘင်ပညာရှင် ၁၃ ဦးပါဝင်တဲ့အဖွဲ့တစ်ခု မကြာခင် အမေရိကန်ပြည်ထောင်စုကို ရောက်ရှိပါတော့မယ်။ ဟာဝါယီကျွန်းမှာ ယဉ်ကျေးမှုပွဲတင်ဆက်ခဲ့တဲ့ဒီအဖွဲ့က အခကြေးငွေကိုအဓိက မထားပဲ အမေရိကန်ရောက်မြန်မာတွေအတွက် မြန်မာ့အနုသုခုမသဘင်ပညာ၊ ရုပ်သေးပညာတို့ကို ကပြဖျော်ဖြေပေးကြပါလိမ့်မယ်။ အရုပ်ကတာ လူနဲ့တူရမယ်၊ လူကတာ အရုပ်နဲ့တူရမယ်၊ အရုပ်နဲ့လူ အတူကပြ အသုံးတော်ခံကြမယ်။

မောင်လူပေနေထိုင်တဲ့ San Francisco Bay Area တဝိုက်က မြန်မာများအတွက် ဧပြီလ (၁၅)ရက် စနေနေ့ညနေ  Newark မြို့ Swiss Park ခန်းမမှာ မြန်မာ့ရုပ်သေးနဲ့ ဇာတ်သဘင်ပညာရှင်တွေ ကပြဖျော်ဖြေကြမယ်လို့ သိရတဲ့အတွက် အတိုင်းမသိ ဝမ်းသာပီတိဖြစ်မိပါရဲ့။ မြန်မာတို့အတွက် ငတ်မွတ်နေတဲ့မြန်မာ့ရုပ်သေး မြန်မာ့ဆိုင်းဝိုင်းနဲ့ အငြိမ့်သဘင်ပွဲဖြစ်မြောက်ရေးအတွက် စီစဉ်ပေးကြတဲ့ မြန်မာကွန်မြူနတီက ဦးဆောင်သူတွေဖြစ်တဲ့ ကိုချိုဦး၊ ကိုနန္ဒ၊ မဥမ္မာတို့အပါအဝင် အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

ဝင်ကြေးအခမဲ့နဲ့ ကျင်းပပေးမဲ့ တစ်သက်တစ်ခါကြည့်ရခဲလှတဲ့ ' မြန်မာ့ရုပ်သေး၊ မြန်မာဆိုင်းဝိုင်းနဲ့ အငြိမ့်သဘင် ကပွဲ' ကြီးကို မြန်မာ့ယဉ်ကျေးမှုကို ချစ်မြတ်နိုးကြတဲ့ ဆန်ဖရန်တဝိုက်မှာနေထိုင်ကြသူမြန်မာတိုင်း လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ကြွရောက်အားပေးချီးမြှင့်ကြပါလို့ မိတ်ဆွေသူငယ်ချင်းအပေါင်းကို ဖိတ်ကြားအပ်ပါတ်ာခင်ဗျား။

No comments:

Post a Comment