Wednesday, April 26, 2017

သခွတ်ဖြူတပွင့်ရဲ့ ရာဇဝင်

သခွတ်ဖြူတပွင့်ရဲ့ ရာဇဝင်

သင်္ကြန်ပြီးလို့ သကြားမင်းကြီးပြန်သွားပြီ။ မကြာခင် သခွတ်ဖြူတွေပွင့်လို့  သကြားနဲ့အသူရာစစ်ခင်းတဲ့ မိုးရာသီကို ရောက်တော့မယ်။

မြန်မာတွေရဲ့ ပါးစပ်ရာဇဝင်အရ မိုးရွာတာ မိုးချိန်းတာ လျှပ်ပျက်တာတွေဟာ တာဝတိံသာက သမက်နဲ့ယောက်ခမတို့ရဲ့ စစ်ပွဲကြောင့်ပါတဲ့။

သင်္ကြန်တိုင်းလာလေ့ရှိတဲ့ သကြားမင်းကြီးကိုမာဃရဲ့ဘဝကလည်း အများထင်သလို အားလုံးအိုကေမဟုတ်ခဲ့ဘူးတဲ့ဗျ။

သူသကြားမင်းဖြစ်တဲ့အခါ တာဝတိံသာနတ်ပြည်တစ်ခုလုံးရဲ့အရှင်သခင် မဖြစ်ရသေးဘူးတဲ့။ မြင်းမိုရ်တောင်ကြီးရဲ့ထိပ်ဖျားကို အသူရာနတ်မင်းကြီးနဲ့  အသူရာကြီးရဲ့နောက်လိုက်နတ်စစ်သည်တွေက သိမ်းပိုက်ထားပါသတဲ့။ အသူရာနတ်မင်းကြီးဆိုတာ တန်ခိုးအလွန်ကြီးတဲ့နတ်ကြီးပေါ့။ အမြဲပဲမူးယစ်သောက်စားနေတတ်ပြီး ပွဲလမ်းသဘင်တွေအလွန်ကြိုက်ဆိုပဲ။ အလွန်ကုသိုလ်ထူးတဲ့နတ်ကြီးပေါ့ဗျာ။ နတ်ဖြစ်နေတဲ့အထိ မူးလို့မကုန် ပျော်လို့မပြီး။ မြန်မာနတ်ဆရာတွေရဲ့အသည်းဖြစ်တဲ့ ကူနီနန်းက ပခန်းကိုကြီးကျော်ဆိုတာ နောက်ပေါက်။ အသူရာနတ်မင်းကမှ မူလပထမယစ်ထုတ်နတ်မင်းကြီးလည်းဖြစ်သတဲ့။

ဆရာနတ်မင်းက အဲဒီလောက် သောက်စားမူးယစ်နေမှတော့ အသူရာနတ်မင်းကြီးရဲ့တပည့်ဆိုတဲ့နတ်တွေကလည်း ဆရာ့တပည့်ကျော်တွေပီပီ ဆရာ့လိုပဲ မူးယစ်သောက်စားပျော်ပါးနေကြမှာ မေးဖို့မလို။ ဒီလို ယစ်ထုတ်နတ်မင်းကြီးနဲ့တပည့်ကျော်တွေ သိမ်းပိုက်ထားတဲ့ တာဝတိံထိပ်ဖျားကို သိမ်းပိုက်ဖို့ သကြားမင်းကြီးက လက်လွတ်စပါယ် မလုပ်ရဲဘူး။ အသူရာကြီးဆိုတာ တန်ခိုးအရာမှာ အလွန်သာတဲ့နတ်ကြီးမို့ ဘယ်လောက်မူးနေဦးတော့ လျှော့မတွက်ရဲ။ သူ့တပည့်ကျော်တွေကလည်းရှိသေးမဟုတ်လား။ တိုက်ယူရမယ်ဆိုရင် နှစ်ဖက်လုံးမှာ နတ်စစ်သည်တွေ ဆုံးရှုံးကြမှာမနည်းလှ။

ဒိထက်ခက်တဲ့အရာကတော့ အဲဒီအသူရာနတ်ကြီးရဲ့ အချစ်ဆုံးသမီးတော်လေးက သကြားမင်းကြီးကိုမာဃရဲ့ အရင်ဘဝအချစ်ဆုံးအသည်းကျော်အငယ်ဆုံးမယားဖြစ်ပါသတဲ့။

'အချစ်စစ်တို့မည်သည် ဖျောင့်ဖြူးရခြင်းမရှိ။' ဆိုတာ တယ်မှန်သကိုးဗျနော်။ ဘယ်နှယ်ဗျာ မယားလေးဦးနဲ့အတူအကွပြုခဲ့ရတဲ့ ကုသိုလ်တွေနည်းမှမနည်း။ လူ့ဘဝရဲ့နောက်ဆုံးဘဝဖြစ်တဲ့ မာဃလုလင်ဘဝထိ တောင်းဆုတွေပြုခဲ့ကြတာ။ သေလွန်ပြီးလို့ တာဝတိံသာနတ်ပြည်သနင်း သကြားမင်းကြီးဖြစ်တဲ့အခါ မယားသုံးယောက်ပဲအတူရှိနေရသတဲ့။ အချစ်ဆုံးပူတူတူးလေးက ပါမလာဘူးတဲ့။ ဖြစ်ရပုံများ။

ဒါနဲ့ ပူတူတူးလေး ဘယ်ဘဝရောက်နေပါ့လို့ နတ်မျက်စေ့နဲ့ ကြည့်လိုက်တော့ တာဝမှာ ငါးစောင့်နေတဲ့ဗျိုင်းမလေး ဖြစ်နေရရှာတာ တွေ့ရဆိုပဲ။ ခက်ပြီပေါ့။ အမတွေနဲ့လင်ဝေယူရတဲ့ဘဝမို့ တခါတခါတော့လည်း အမရင်းတွေပေမဲ့ ငြူစူစောင်းမြောင်းမိတာလေးတွေ ရှိခဲ့မှာပေါ့။ သူက အငယ်ဆုံးညီမလေးမို့ နွဲ့ဆိုးဆိုးတတ်တာလေ။ သေခါနီးမှာ အဲဒီအဖြစ်တွေ ပြန်အမှတ်ရမိလို့ နတ်မဖြစ်တော့ပဲ ဗျိုင်းဖြစ်ရသတဲ့။

သကြားမင်းကြီး ရင်ကွဲခန်းပေမဲ့ကြာကြာမလွမ်းနိုင်ရှာပါဘူး။ ပူတူတူးလေးကို ဗျိုင်းဘဝကလွတ်ဖို့ အကြံထုတ်ရပြီပေါ့။ ဒါနဲ့သကြားမင်းလည်း တာဝတိံဘုံဖျားကနေ လူ့ပြည်ဆင်းရပြန်သတဲ့။ သင်္ကြန်ကျဖို့မဟုတ်ဖူးနော်။ သူ့မိန်းမအငယ်ဆုံးလေးဆီလာတာပါ။ ဗျိုင်းမလေးနဲ့တွေ့တော့ " အိုမိုင်ဒါလင်။ အိုင်အမ်သကြား" တွေဘာတွေ ရှင်းပြရတာပေါ့နော်။ သကြားက ဗျိုင်းကို ဘယ်ဘာသာနဲ့စကားပြောလည်းတော့ မောင်လူပေမသိ။ မာဂဓဘာသာနေမှာပေါ့။ တိရိစ္ဆာန်ဗေဒက မာဂဓလို့ ဖတ်ဖူးတာပဲ။

အဲ့လိုရှင်းပြတော့မှ ဗျိုင်းမလေးက အတိတ်ဘဝကို ပြန်မှတ်မိသတဲ့။ ဒီဗျိုင်းဘဝက သေလွန်ရင် နတ်ပြည်ပြန်ရောက်ဖို့အတွက် ပါဏာတိပါတာ သူ့အသက်သတ်ခြင်းကရှောင်ရမယ်။ ဒါကြောင့် ငါးအရှင်ကိုမစားရဖူး။ အသေတွေ့မှစားရမယ်လို့လည်း သကြားမင်းကြီးက မှာကြားခဲ့သတဲ့။

ဗျိုင်းမလေးကလည်း မောင်တော်သကြားမင်းနဲ့ပြန်ပေါင်းထုတ်ဖို့ မှာကြားချက်အတိုင်းလိုက်နာရှာတယ်တဲ့။ ငါးသေတွေ့မှ စားရှာတယ်။ ငါးသေကလည်း ရှားပါးလှတော့ ဗျိုင်းမလေးမှာပိန်လှီနေရှာသတဲ့။

သီလစောင့်နေရှာတဲ့ဗျိုင်းမလေးကို သကြားမင်းက စိတ်မချပြန်ဘူး။ ဒါနဲ့ပဲ လူ့ပြည်ပြန်လာခဲ့ပြန်ခဲ့ပြန်တယ်။ ငါးသေရှာနေတဲ့ဗျိုင်းမလေးနားမှာ ငါးသေလေးဟန်ဆောင်ပြီးနေလိုက်တယ်။ အရမ်းဆာနေရှာတဲ့ဗျိုင်းမလေးက ငါးသေလေးတွေ့လို့ ဝမ်းသာအားရနဲ့စားလိုက်မယ်ရယ်လို့ နှုတ်သီးလေးနဲ့ကောက်လိုက်တော့ ငါးလေးက ဖြတ်ဖြတ်လူးပြသတဲ့။ အော် ငါးအရှင်လေးမို့ မစားတော့ပါဘူးရယ်လို့  စိတ်ဆုံးဖြတ်ပြီးလှည့်ထွက်သွားတော့မှ သကြားမင်းကြီးက ဗျိုင်းမလေးရဲ့သီလကိုယုံကြည်ပြီး တာဝတိံက စောင့်ပါသတဲ့။

အစာငတ်ပြီးသေပွဲဝင်ရရှာတဲ့ဗျိုင်းမလေးက ဘဝပေါင်းများစွာပြုခဲ့တဲ့ကုသိုလ်အဟုန်ကြောင့် တာဝတိံသာနတ်ပြည်ကို ရောက်လာပါတယ်။ အသူရာနတ်မင်းကြီးရဲ့အချစ်ဆုံးသမီးတော်လေး လာဖြစ်ပါသတဲ့။ လေဒီအသူရာနတ်သမီးကြီးမှာ ကိုယ်ဝန်ရပြီး နတ်အိုဂျီတွေနဲ့ပြ၊ ဂျမခါနာက အထူးခန်းမှာခွဲမွေးတော့ မဟုတ်ဘူးပေါ့။ ကုသိုလ်အဟုန်တွေကြောင့် နတ်ပြည်မှာရွှေဗိမာန်ကြီးအလိုလိုပေါ်လာ၊ အဲဒီအထဲမှာ ၁၆နှစ်သမီးအရွယ်အစားနဲ့ ဟတ်ချလောင်းဆို ဖြစ်လာတာပေါ့ဗျာ။

သမီးတွေထဲမှာအချောဆုံးမို့ အသူရာနတ်မင်းကြီးက အရမ်းချစ်ရှာတယ်။ အခြားက တန်ခိုးကြီးနတ်သားတွေက လာတောင်းတာလည်း ငြင်းပယ်တယ်။ ဗျိုင်းနတ်သမီးလေးကလည်း သူ့မောင်တော်ဖြစ်မဲ့သကြားမင်းကိုပဲစောင့်နေတာမို့ မောင်တော်သကြားကလွဲရင် နိုးပါပဲပေါ့။

ယောက္ခမအသူရာဆီမှာ သူ့သမီးကို အလွယ်တကူတောင်းမရနိုင်ဘူးဆိုတာသိတဲ့သကြားမင်းက အကြံထုတ်ရပြန်ရောပေါ့။ ခက်လိုက်ပါတဲ့ဖူးစာ။ မယားထွေးလေးမို့ အချစ်ဆုံး။ အလိုလိုက်ရဆုံး။ သေလွန်ကြတဲ့အခါ အတူပါမလာပဲဗျိုင်းဖြစ်။ အခုလိုနတ်ဖြစ်ပြန်တော့လည်း အသူရာကြီးရဲ့သမီးမှ ဖြစ်လာရတယ်လေ။

ယောက္ခမလောင်းကြီးနဲ့စစ်မဖြစ်ချင်တဲ့သကြားက အကြံပိုင်သဗျ။ ယောက္ခမကြီးအပိုင်စားရထားတဲ့ တာဝတိံသာထိပ်ဖျားကိုလည်းရ၊ သူ့သမီးထွေးကိုလည်းရဖို့ တစ်ချက်ခုတ် နှစ်ချက်ပြတ် အကြံပေါ့။

အသူရာကြီးဆီကို သာမာန်နတ်သားလေးဟန်ဆောင်ပြီး ချဉ်းကပ်တယ်။ ဝင်ပေါင်းတယ်။ အရည်အချင်းရှိတဲ့နတ်သားလေးထင်ပြီး အသူရာကလည်း သဘောကျလာတယ်။ သကြားမင်းက အသူရာကြီးရဲ့နန်းတော်ကြီးတခုလုံးကို အသေးစိတ်ပုံဆွဲပြီး လူယုံတွေကိုပေးလိုက်တယ်။ သကြားရဲ့တပည့်တွေက ပုံစံတူနန်းတော်ကြီးကို မြင်းမိုရ်တောင်ခြေမှ တည်ဆောက်ကြတယ်။ တာဝတိံမှာရှိတဲ့ နတ်ပန်းနွယ်ကသစ်ပန်းတွေနဲ့တူတဲ့သခွတ်ပန်းနွယ်တွေပါ စိုက်ထားပေးသေးသတဲ့။

အားလုံးအဆင်သင့်ဖြစ်ပြီဆိုမှ အသူရာနတ်မင်းကြီးနဲ့ သူ့နောက်လိုက်တွေ အကြိုက် နတ်ပွဲသဘင်ဆင်ယင်ကျင်းပပေးပြီး အရက်တွေပါစိတ်ကြိုက်သောက်စေပါတယ်။ အားလုံးမူးပြီးအိပ်ပျော်သွားတဲ့အခါ အကုန်လုံးကို တောင်ခြေက နန်းတော်အတုကြီးမှာ သွားထားခဲ့လိုက်တယ်။ သကြားမင်းကြီးက ခုခံသူမရှိတော့တဲ့တာဝတိံသာထိပ်ဖျားကို သွေးထွက်သံယိုမရှိသိမ်းလိုက်ပြီး သမီးထွေးလေးနဲ့ အာဝါဟ၊ ဝိဝါဟကြပါတယ် ဆိုပါတော့ဗျာ။

အသူရာကြီးနဲ့ သူ့နောက်လိုက်တွေကလည်း အမူးပြေလိုက် သောက်လိုက်မို့ သူတို့တွေ နန်းတော်အတုကြီးထဲရောက်နေကြတာ မသိကြဘူးတဲ့။ မိုးရာသီရောက်လို့ သခွတ်ပွင့်ချိန်ရောက်တော့ နတ်သစ်ပင်နွယ်တွေမှာ နတ်ကသစ်ပန်းတွေမပွင့်ပဲ သခွတ်ပန်းတွေပွင့်တယ်။ ဒီတော့မှပဲ အသူရာကြီးက သူတို့တွေအားလုံး တာဝတိံသာမှာမဟုတ်တော့ပဲ လူ့ပြည်ရောက်နေကြတာကို သိကြရတော့တယ်။

ဒေါသတွေအလိပ်လိုက်ထွက်နေတဲ့ ယောက္ခမအသူရာကြီးက သူ့နောက်လိုက်နတ်စစ်သည်တွေခေါ်ပြီး သမက်သကြားမင်းရှိရာ တာဝတိံဘုံဖျားကိုသွားလို့ စစ်ချီပြီ။ အာလိမ်ငါးဆင့်စစ်တပ်ကြီးမှာ နဂါး၊ ဂဠုန်၊ ဂုမ္ဗာန်၊ယက္ခ စတဲ့ နတ်ဘီလူးစစ်သည်တွေနဲ့ပေါ့။ သကြားမင်းကလည်း မြင်းမိုရ်တောင်ကို ထုတ်ချင်းပေါက်အောင်ခွင်းနိုင်တဲ့ ဝရဇိန်လက်နက်မိုးကြိုးသွားကိုင်ပြီး နေ၊လ စတဲ့နတ်မင်းကြီးလေးပါးနဲ့အတူ နတ်စစ်သည်ပေါင်းတစ်သိန်းခြောက်သောင်းကျော်နဲ့ ပြန်လည်ခုခံတယ်။ စစ်မြေပြင်မှာစစ်သည်တွေဟာ ယူဇနာခြောက်ထောင်လောက်ရှိသတဲ့။

ဒီလောက်များတဲ့နတ်စစ်သည်တွေရဲ့ စစ်ပွဲမို့ ကောင်းကင်ယံမှာ မိုးလုံးချိမ်းညံပြီပေါ့ဗျာ။ရှစ်ရပ်ခွင်လုံးမှာ  မဲမှောင်နေတာက နတ်စစ်သည်တွေရဲ့အရိပ်တွေ၊ လျှပ်စီးတွေလက်တာက ဝရဇိန်လက်နက်ကထွက်တဲ့အလင်းရောင်တွေ၊ မိုးခြိမ်းသံတွေကတော့ နတ်မြင်းတွေရဲ့ခွါသံတွေ၊ မိုးရေမိုးပေါက်တွေက နတ်စစ်သည်တွေရဲ့ချွေးတွေ သွေးတွေရယ်လို့ ဆိုတယ်။ စစ်က သုံးလကြာတယ်။ ပြီးရင် ပြန်လာကြပြီးမေ့သွားကြတယ်။ သခွတ်ပန်းပွင့်လာမှ ပြန်အမှတ်ရပြန်တယ်။ စစ်တိုက်ကြပြန်တယ်ပေါ့ဗျာ။

ဒါကြောင့် သခွပ်ပန်းပွင့်ချိန်တိုင်း စစ်တိုက်နေကြတဲ့ ယောက္ခမနဲ့သမက်တို့ရဲ့စစ်ပွဲဟာ ခုထိ မစဲသေးပါဘူး။ မြန်မာပြည်က ပြည်တွင်းစစ်ထက် ပိုရှည်ကြာတဲ့ တာဝတိံသာပြည်တွင်းစစ်ကြီးပေါ့။ မိုးရာသီရောက်လို့ သခွတ်ပန်းပွင့်ပြီဆိုတိုက်ကြတဲ့ သမက်နဲ့ယောက္ခမစစ်ပွဲကို ဆရာမြို့မငြိမ်းက ကသစ်ပန်းဆိုတဲ့ သီချင်းလေးရေးဖွဲ့ပြခဲ့ပါတယ်။ ဆရာငြိမ်းက ဟာသဉာဏ်နဲ့ ဖြtည့်စွက်ထားတာလေးတောင်ရှိသေး။

" နှစ်တိုင်းပဲ သခွတ်ပွင့်ချိန်မှာ၊ သကြားနဲ့အသူရာ၊ သမက်နဲ့ယောက္ခမ ဘောက်ကြလို့လည်း အားမရနိုင်ရှာ။

ဒါကိုအားမကျဖို့ မယားအလှကို တောင်းပန်မှာ၊ ယောက္ခမဆိုတာ တည့်အောင်ပေါင်း ကျောင်းကိုထုတ် ဥပုဒ်ရက်ရှည် စောင့်ခိုင်းမှာ"

" ဝေဖြာ။ သခွတ်ဖြူပင်မင်း ငွေအဆင်းပွင့်ချိန်မှာ၊ အသူရာ ဒေါသထွက်လို့ မြင်းမိုရ်ဘက်သို့ တက်လို့ စစ်ထွက်တဲ့အခါ၊ အုံ့ကာလေတဖွဲဖွဲ၊ ရွာလေ တသဲသဲ။" ပါတဲ့။

ယောက္ခမဆိုတာ ရန်ဖြစ်နေလို့ရှိရင် ဘယ်တော့မှ ပြီးမှာမဟုတ်မဲ့အတူတူ တည့်အောင်ပေါင်းထား၊ ပြီးမှ ဘုန်းကြီးကျောင်းတို့ တရားစခန်းတို့မှာ ဥပုဒ်ရက်ရှည်စောင့်ခိုင်းလိုက်။ ပြီးရော တဲ့။

ဒီနေ့ အဲဒီသီချင်းလေးနားထောင်ရင်း ဒီပုံပြင်လေးကို သတိရတာနဲ့ ဒီစာလေးရေးလိုက်တာပါ။ ယောက္ခမနဲ့ ဂျောက်ကြနေတဲ့ သူငယ်ချင်းမိတ်ဆွေတွေအတွက် အကြံပေးတဲ့သဘောတော့မဟုတ်။ ကိုယ်ကလည်း သမီးရှင်မို့ ကိုယ့်ကိုယ်ပါ ကျောင်းထုတ်ပြီး ဥပုဒ်ရက်ရှည်စောင့်ခိုင်းမဲ့ လူလိမ္မာသမက်နဲ့တွေ့နေမှာလည်း စိုးရသေးသဗျ။

မိတ်ဆွေသူငယ်ချင်းအပေါင်းလည်း ယောက္ခမဘေး အဲလေ ယောင်လို့ ဘေးရန်အပေါင်းက ကင်းဝေးကြပါစေ။

ချစ်ခြင်းအားဖြင့်

မောင်လူပေ



No comments:

Post a Comment