Friday, October 13, 2017

အားလည်းနာတယ် (၁၀)

အားလည်းနာတယ်။ (၁၀)

ဂျင်းဖောတို့မြေအကြောင်း

အမျိုးတွေဖြစ်တဲ့ တိုင်းရင်းသားတွေအကြောင်း အားနာနာနဲ့ရေးလာခဲ့တာ ဆယ်ပိုင်းတောင်ရှိပြီ။ ဒီတစ်ခေါက် ရေးချင်တဲ့အမျိုးအကြောင်းကတော့ 'ကချင်' ပါ။

တိုင်းရင်းသားတွေအကြောင်းပြောရင် အက္ခရာစဉ်အရမို့ကချင်က စပါတယ်။ မောင်လူပေရဲ့ အချစ်ဆုံးသူတွေထဲမှာ သူတို့လည်းပါတယ်။ချစ်တတ်သူမို့ မနောတိုင်တွေကိုလည်းချစ်တယ်။ ကချင်လုံချည်ကိုကြိုက်တယ်။ ပင်နီနဲ့ကချင်လုံချည်ဝတ်လိုက်ရမှ။  ကချင်ရိုးရာအင်္ကျီတွေလည်းကြိုက်တယ်။ ငွေပြားလေးတွေအစီအရီနဲ့ကချင်ရိုးရာဝတ်စုံလေးတွေက အရမ်းလှ။ ကချင်အဆိုတော်ထဲမှာဆိုရင် အယ်လ်ခွန်းရီကိုအရမ်းကြိုက်ပေါ့။ ပန်းသီးဖီလင်တို့ဘာတို့ဆို အကြိမ်ကြိမ်နားထောင်။

နောက်တော့ အယ်လ်မျိုးဆက်အသစ်တွေထွက်လာတယ်။ အယ်လ်ဆိုင်းဇီတဲ့။ ပေသမီးရဲ့အကြိုက်ဆုံးအဆိုတော်ပေါ့။ မောင်လူပေကရောမကြိုက်ဖူးလားလို့ မေးမလို့လား။ ကြိုက်တာပေါ့လို့။ အယ်လ်ဆိုင်းဇီတောင်မကဘူး။ အောဆိုင်းရော၊ လုလုရော၊ ဖုဖုရော၊ ဂလုဂလုရော အကုန်ကြိုက်။ ( မဒန်ပေကိုမပြောကြေးနော်။ ) အနုပညာကိုပြောတာ၊တလွဲမတွေးကြနဲ့။

အမျိုးတွေအကြောင်းပြောရင်း လုလုတို့ဖက်ရောက်သွားတာ ဆောရီးပါဗျာ။ လုလုတပ်မတော်ကြီးထဲက ပြန်ထွက်လိုက်တော့မယ်နော်။ ကချင်အမျိုးတွေဖက် လှည့်ကြဦးစို့ရဲ့။

ကချင်တွေက သူတို့ကိုယ်သူတို့ 'ဂျင်းဖော' လို့ခေါ်တယ်။ ဂျင်းဖောက လူများစု။ ဂျင်းဖောတွေအပြင် ရဝမ်တို့ လီဆူးတို့ လီရှောတို့ စတဲ့ လူမျိုးစုငယ်တွေအများကြီးရှိသေးတယ်။ လီရှောအောင်သိန်းဆိုတဲ့ ကျောက်တွင်းသူဌေးကြီးဆိုရင် ပတ္တမြားမြေမှာ မသိသူမရှိအောင် ချမ်းသာခဲ့တာပဲ။ မိုးကုတ်သားတွေမေးကြည့်ပေတော့။

ဂျင်းဖောဆိုတာ မြစ်ဆုံတဝိုက် သူတိုအခေါ်မြစ်အောက်ပိုင်းကချင်တွေကိုခေါ်တာ။ဧရာဝတီမြစ်ရဲ့မြစ်ဆုံအထက်ပိုင်းက ကချင်တွေကိုတော့ 'ခခု' လို့ခေါ်တယ်။ ကချင်လိုမြစ်ဖျားလို့အဓိပ္ပါယ်ရသတဲ့။

ဟိုရှေးရှေးက မူလကချင်ဖခင်ကြီးမှာ 'မရစ်၊ လထော်၊ လဖိုင်၊ အင်ခွမ်နဲ့ မရမ်' ဆိုတဲ့သားငါးယောက်ရှိသတဲ့။ သူတို့တွေကနေ ကချင်လူမျိုးစုတွေပေါက်ဖွားလာတယ်လို့ အစဉ်အဆက်ယုံကြည်ကြတယ်။

တိဗက်မြန်မာစကားပြောအုပ်စုဝင်ဖြစ်တဲ့ကချင်တွေက မြန်မာပြည်ထဲကို နောက်အကျဆုံးဝင်လာတဲ့အုပ်စုပါ။ မြန်မာပြည်ထဲကို မြောက်ဖျားကဝင်လာကြတာမို့ တောင်တွေအထပ်ထပ်ကြားမှာ မျိုးနွယ်စုတွေအဆက်ပြတ်၊ အခက်အခဲမျိုးစုံကြောင့် မျိုးတုံးပျောက်ကွယ်သွားတဲ့ မျိုးနွယ်လေးတွေလည်း ရှိခဲ့တယ်။ မြစ်ဆုံမှာအခြေချပြီး မေခ၊မေလိခ၊ ဆွမ်ပရာဘွမ်တလျှောက်ဟာ သူတို့တွေရဲ့နယ်တွေပေါ့။အန္ဒိယအနောက်မြောက်ပိုင်းနဲ့တရုတ်ပြည်အရှေ့ဖျားမှာလည်း သူတို့မျိုးနွယ်တွေနေကြတယ်။ ဒါကြောင့် အားလုံးကိုစုပေါင်းပြီး မဟာဂျင်းဖောနိုင်ငံတော်ထူထောင်လိုသူ လူနည်းစုတချို့လည်း ရှိနေသေးရဲ့။

ကချင်အများစုကတော့ တိုင်းရင်းသားတွေထုံးစံအတိုင်းအလွန်ရိုးသားကြတယ်။ အရှေ့တောင်အာရှရဲ့ ရှားပါး ရေခဲတောင်တွေကလည်း မြန်မာမြောက်ဖျားကချင်ဒေသထဲမှာပါပဲ။ ဒီဒေသကို သဘာဝခရီးသွားဒေသသတ်မှတ်ပြီး လုပ်ပေးနိုင်ရင် အလွန်ကောင်းပေါ့။

ကချင်ရိုးရာအယူအဆအရ နတ်ကိုးကွယ်ကြတယ်။ ခရစ်ယာန်သာသနာပြုတွေကြောင့် ခရစ်ယာန်တွေဖြစ်ကုန်ကြတယ်။ ( မြန်မာဘုန်းကြီးတွေက သွားလာရေးခက်ခဲလို့မသွားပဲချန်ခဲ့တဲ့နယ်တွေကို သာသနာပြုအကြောင်းနဲ့ ရောက်အောင်သွားပြီး သာသနာပြုခဲ့ကြတဲ့ ခရစ်ယာန်ဘုန်းကြီးတွေကို ဒီနေရာမှာခရက်ဒစ်ပေးရမယ်။ ကချင်မှန်ရင် ခရစ်ယာန်ဖြစ်ကုန်ရတာ သူတို့ရဲ့ကျိုးစားမှုကြောင့်ပါ။) မနောကွင်းမှာ မနောပွဲကျင်းပတာရဲ့အစကလည်း နတ်ပူဇော်ပွဲပါပဲ။

ကချင်ရွာအုပ်စုကြီးတွေကိုအုပ်ချုပ်ရတဲ့ နယ်စားလိုလူတွေကို ဒူးဝါးလို့ခေါ်တယ်။ ဗိုလ်ချုပ်တို့နဲ့ ပင်လုံမှာ လက်မှတ်ထိုးခဲ့တဲ့ ဆမားဒူးဝါးဆင်ဝါးနောင်၊ ဦးဒိန်ရတန်တို့ဟာ နယ်ခေါင်းဆောင်တွေပေါ့။ ပင်လုံစာချုပ်လက်မှတ်ထိုးပြီး စာချုပ်အတိုင်း လိုချင်တာမရတဲ့အခါ မရမ်ဘရမ်ဆိုင်းတို့ ဗိုလ်ချုပ်ဇော်မိုင်တို့ လက်ထက်ကနေ အခုခေတ်ဗိုလ်ချုပ်အင်ဘန်လတို့ခေတ်အထိ မြန်မာ့တပ်မတော်နဲ့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ပြန်ရန်ဖြစ်လိုက်ပါပဲ။

ကချင်နယ်က ရတနာတွေထွက်တယ်။ နာမည်ကြီးတဲ့ ဖားကန့်ကျောက်စိမ်းမြေဟာ ကချင်ပြည်နယ်ထဲကလေ။ ဒီတော့ အလွန်လည်တဲ့ပေါက်ဖေါ်ကြီးတွေက နှစ်ဖက်လုံးနဲ့တည့်အောင်ပေါင်းပြီး သူတို့အကြိုက်ကျောက်တွေကို ထုတ်ယူပါတယ်။ ဒေသအာဏာပိုင်နဲ့ ကေအိုင်အေကိုဆက်ကြေးကောင်းကောင်းပေးပြီး လုပ်စားတတ်သူတွေအတွက် ငွေဆိုတာ ဝင်လာမစဲတသဲသဲ။ အရင်ခေတ်ရဲ့ ထိပ်ပိုင်းအကျင့်ပျက်အာဏာပိုင်တချို့ကလည်း ပါမစ်တွေယူပြီးရောင်းစားကြ၊ အကျိုးတူဆိုပြီး တစ်ယောက်တစ်ဝက်လုပ်ထားကြတော့ ဘယ်သူမှမထိရဲတဲ့ လုပ်ကွက်တွေပေါ့။ ဒီလိုနဲ့ ဖားကန့်က ကျောက်စိမ်းထွက်တဲ့တောင်တွေဟာ  တစ်ခုပြီးတစ်ခုမြေစာပုံတွေဘဝပြောင်းကုန်ပါရော။ မြေစာပုံမှာကျောက်ရှာတဲ့ ရေမဆေးကျောက်သမား အခြေခံလူတန်းစားတစ်ရပ်လည်း ပေါ်လာရတယ်။

မိရိုးဖလာ လက်တူးတွင်းသမားတွေခေတ်က မပျက်စီးခဲ့တဲ့သဘာဝတွေလည်းကုန်ပေါ့။ဘတ်ဟိုးလို့ခေါ်တဲ့မြေတူးစက်တွေ၊ မြေသယ်ကားရာချီသွင်းလာပြီးတူးလိုက်ကြတော့ ထွက်လိုက်တဲ့ကျောက်တွေမနည်း။ ထုံးစံအတိုင်း အဆင့်ဆင့်ကို ပေးကမ်းပြီး အောက်လမ်းကနေထွက်သွားတာပေါ့။ နိုင်ငံတော်က အခွန်ရတဲ့ကျောက်မျက်ရတနာပြပွဲဆိုတာ ထွက်သမျှရဲ့ ဆယ်ပုံတစ်ပုံတောင် မရှိ။

 မြေစာလာစွန့်တဲ့မြေသယ်ကားနောက်ကိုပြေးရင်း မြေစာလုကြ၊ သံတူရွင်းလေးနဲ့ မြေစာပုံတွေကြားမှာမွှေနေကြသူတွေကတော့ လောပန်လောင်းစိတ်ကူးနဲ့ ကျောက်ရှာရင်း မြေစာပုံပိကြတဲ့အခါ လောပန်လောင်းမဖြစ်လိုက်ရပဲ မြေကြီးထဲပဲရောက်ကြရတယ်။ လွယ်လွယ်ရတဲ့ ဘိန်းဖြူ၊ယာဘတွေမှာသာယာမိတော့ မူးယစ်သားကောင်ဘဝနဲ့ဆေးစွဲပြီး ဒုက္ခရောက်နေသူတွေလည်း ဒုနဲ့ဒေးပါပဲ။ ဒေသခံကချင်တွေရော၊ရှမ်းတွေရော၊မြန်မာတွေရော လူမျိုးစုံအတွက် ဒီကျောက်စိမ်းကြိမ်စာဟာ အခုထိ မဆုံးသေးတဲ့ကြိမ်စာပါ။

ပေါက်ဖေါ်ကြီးရဲ့ ဓါတ်ငွေ့ပိုက်လိုင်းလုံခြုံရေးအကြောင်းပြချက်နဲ့ နယ်မြေတိုးချဲ့ရာက နှစ်ဖက်တပ်ရဲ့ အပစ်ရပ်သဘောတူချက် ပျက်သွားပြီး အမျိုးတွေအချင်းချင်းပြန်တိုက်နေကြတာ (၆)နှစ်ကျော်ပါပြီ။ ကချင်ဒေသစစ်ပြေးဒုက္ခသည်တွေလည်းသောင်းချီပြီး အိမ်မပြန်နိုင်ကြဘူး။

အရင်အဘတွေခေတ်မှာ တရားအားထုတ် တရုတ်အားထားရတော့ ပေါက်ဖေါ်ကြီးအတွက် လျှပ်စစ်ဓါတ်အားပေးရေးဆိုပြီး လက်မှတ်ထိုးပေးခဲ့ရတဲ့ မြစ်ဆုံရေကာတာကိစ္စကြီးကလည်းတန်းလန်း။ အခုထိ တိကြတဲ့အဖြေမရသေး။ ပေါက်ဖေါ်ကြီးနဲ့ ရှင်းရမဲ့အဓိကပြသနာကြီးက ကချင်မြေထဲမှာ။

ဂျင်းဖောတို့ရဲ့ကချင်မြေအေးချမ်းပါစေလို့ ဆုတောင်းပါတယ်။ မြစ်ဆုံမှာ သူငယ်ချင်းတွေနဲ့အမျိုးကချင်တွေစုပေါင်းပြီး မနောအကကိုက,ချင်ပါတယ်။ ကချင်လုံချည်လေးဝတ်ပြီး၊ ကချင်ဓါးမလေးကိုင်ပြီး၊ကချင်လွယ်အိပ်လေးလွယ်ပြီးပေါ့။

အမျိုးတွေအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။ကျွန်တော်မောင်လူပေပါ။

ချစ်ခြင်းအားဖြင့်

မောင်လူပေ

Wednesday, October 4, 2017

သီတင်းကျွတ်ပြီ

သီတင်းကျွတ်ပြီ။

သီတင်းကျွတ်ပြီတဲ့။ သီတင်းကျွတ်လျှင် ဗျောက်အိုးသံကြားရမည်။ လူကြီးမိဘတွေကို ကန်တော့ကြရမည်။ မင်္ဂလာဆောင်တွေတက်ရမည်။ ခရီးသွားသူများ၍ လမ်းပေါ်တွင်ကားကျပ်မည်။

သီတင်းကျွတ်လျှင် အဓိကဂရုစိုက်ခံရသူများကား အပျိုကြီး၊ လူပျိုကြီးများပင်တည်း။ 'ဘယ်တော့စားရမှာလည်း၊ သီတင်းကျွတ်ပြီနော်' စသည့် မေးခွန်းတစ်လှေကြီးကို ဖြေဆိုရန်ပြင်ပေတော့။ ရတာမလို၊ လိုတာမရသောကြောင့်လည်းကောင်း၊ မိသားစုအရေးလုံးပန်းနေကြရသဖြင့်လည်းကောင်း၊ အချစ်ရေးမှာကံခေလွန်းလှသောကြောင့်လည်းကောင်း၊ သူငယ်ချင်းများနှင့် ပျော်ရင်းပါးရင်း အချိန်လင့်သွားသောကြောင့်လည်းကောင်း၊ အကြောင်းကြောင်းသော အကြောင်းများအဆင်မပြေသောကြောင့်လည်းကောင်း၊ တကိုယ်တည်းသာ အေးရာအေးကြောင်း နေကြသူများကို သီတင်းကျွတ်လျှင် ခလုပ်တိုက်ခြင်းကား မသင့်လှ။

တကယ်ဆိုလျှင် ကိုယ်တိုင်ဝင်၍ အကျိုးဆောင်ပေးသင့်ကြသည်။ ဆိုကြပါစို့ 'အညာမြေကဆရာပေ'လူပျိုကြီးနှင့် နေပြည်တော်မှ အပျိုကြီးကို စွံစေချင်သည်ဆိုပါသော် ကြားပွဲစားလို ဝင်ရောက်ကာ အကျိုးဆောင်ကြပါကုန်။ 'ဆေးပေးတာယူလိုသော်လည်း မီးယူရန်ကြောက်' နေကြသောသူများဖြစ်၍ 'တယောက်တည်းမပျင်းဘူးလား'ဆိုလျှင် 'အေးချမ်းတာပေါ့' ဟု ဖြေကြမည်မို့ အောင်သွယ်ဖို့လည်း လွယ်မည်မထင်။ ရီးစားထားရမည်ကို 'အလာ့ဂျစ်' ဖြစ်မည်အလား စိုးရိမ်ကြသူများဆိုလျှင် ပိုဆိုးပါအံ့။

ဝါတွင်းသုံးလမှာ မင်္ဂလာမဆောင်ကောင်းဆိုသော်ငြားလည်း 'ကိုဝင်းကြည်' နှင့်တွေ့ကာ 'အရှေ့အလယ်ပိုင်းပြသနာ' ကြောင့် အကျဉ်းရုံးပြီး 'အာဝါဟ၊ဝိဝါဟ'ကြရသည်ကိုလည်း မကြာမကြာကြားမိ၏။ ထိုသူများအတွက်ကား သီတင်းကျွတ်သည် 'နှောင်းခဲ့ပြီလေ' ဖြစ်နေမည်ထင်၏။

ရှေးကတော့ သီတင်းကျွတ်လကို 'သန္တူ' ဟုခေါ်ခဲ့ကြသည်။ စပါးပင်တွေထောင်မတ်သောလဟူ၏။ နောက်မှ သီတင်းဝါလကျွတ်သောအခါဖြစ်၍ သီတင်းကျွတ်ဟု ပြောင်းလည်းခေါ်တွင်လာခဲ့သည်။

ရာသီကား 'တူရာသီ' ။ အာသာဝတီကြယ်နှင့်လမင်းတို့စန်းယှဉ်ကာ မွန်းတည့်ဆို၏။ ရာသီပန်းကား ကြာဖြူပန်း ဖြစ်၏။ ' ကြာနီတပွင့်ဖြူတပွင့် တဲနှင့်ပနံသင့်' ဟူသည့် ဆရာမင်းသုဝဏ်၏ လယ်စောင့်တဲကဗျာလေးကား ဒီရာသီမှာ ရေးထားသလား ထင်မှတ်ရ၏။

အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံများတွင်လည်း သီတင်းကျွတ်လပြည့်တွင် 'mid autumn  moon festival' ဟုခေါ်သော ပွဲတော်ကိုကျင်းပကြသည်။ လမုန့်ပွဲတော်ဟု အလွယ်ခေါ်ကြသည်။ နှစ်ပေါင်းထောင်ချီရှိခဲ့လေပြီ။ တရုတ်အနွယ်ဝင်များအတွက် အလွန်အရေးပါသော ပွဲတော်တစ်ခုပါ။

တရုတ်ရှေးဟောင်းပုံပြင်အရ ရှေးက နေဆယ်စင်းထွက်ပေါ်သဖြင့် အလွန်ပူသည်ဆို၏။ ထိုအခါ လူစွန်းကောင်းကြီး'ယီ'က နေကိုးစင်းကို လေးနှင့်ပစ်ချလိုက်သည်။ မိုးပေါ်ဘုရားဖြစ်သော ကျောက်စိမ်းဘုရင်ကြီးက ထာဝရအသက်ရှည်မည့် အဆောင်ကိုချီးမြှင့်သည်။သူရဲကောင်းကြီးမရှိချိန်တွင် သူ့တပည့်က လုယူဖို့လာသောအခါ သူ့မိန်းမ'ချင်'ကရန်သူလက်အပါမခံရဖို့အတွက် အဆောင်ကိုမြိုချလိုက်သောကြောင့် ထာဝရမသေတော့။ ချစ်သူနှင့်ဝေးရာမသွားလို၍ လမင်းဆီသို့ ရွေးကာရောက်သွားရသည်။ တရုတ်လ၏ ရှစ်လမြောက်လပြည့်ညတွင် ချစ်သူနှစ်ဦး ပြန်ဆုံရေးအတွက် ရှာဖွေကြရ၏။ လမုန့်ပေါ်မှ အကွင်းကိုးကွင်းပုံမှာ သူရဲကောင်းကြီး'ယီ'ပစ်ချခဲ့သော နေကိုးစင်းကို ကိုယ်စားပြုသောဟူ၏။

တရုတ်ရိုးရာ လမုန့်ပွဲတော်ကား တရုတ်နှစ်သစ်ကူးပွဲမှလွဲလျှင် ဒုတိယမြောက်အစည်ကားဆုံးပွဲတော်ပင်။ ကောက်သစ်စားပွဲမှ ဖြစ်တည်လာသော ဒီပွဲတော်ကိုကမ္ဘာအနှံ့မှ တရုတ်နွယ်ဖွားများလည်း ကျင်းပကြသည်။

ဂျပန်ပုံပြင်ကတော့တမျိုး။ လစောင့်နတ်မင်းအဖိုးအိုက တဦးတည်းနေရတာပျင်းလှသောကြောင့် လပေါ်မှာအတူနေရန် အဖေါ်ရှာဖို့ကမ္ဘာမြေသို့ ဆင်းလာသည်တဲ့။ ကမ္ဘာမြေမှ တိရိစ္ဆာန်များကလည်း လပေါ်လိုက်ချင်ကြသောကြောင့် လစောင့်နတ်မင်းဖိုးဖိုးကို အပြိုင် လက်ဆောင်တွေပေးကြ၏။ မျောက်မင်းက သစ်သီးတွေလက်ဆောင်ပေးသည်။ ခြင်္သေ့မင်းက အသားငါးတွေလက်ဆောင်ပေးသည်။ မျက်နှာမွဲဖြစ်ရှာသောယုန်လေးမှာတော့ ပေးစရာလက်ဆောင်က မြက်သာရှိပါသည်။  ဒါကြောင့်မို့ ယုန်လေးက မီးပုံထဲခုန်ဆင်းပြီး ယုန်သားမီးကင်ကို ဖိုးဖိုးအား လက်ဆောင်ပေးလိုက်ပါ၏။

အသက်ကိုရင်းတဲ့ ယုန်လေး၏လက်ဆောင်ကို သဘောကြသော လမင်းစောင့်ဖိုးဖိုးကြီးက သူ့တန်ခိုးနဲ့ယုန်လေးကို အသက်ပြန်ရှင်စေပြီး လပေါ်အပြန်မှာ အဖေါ်အဖြစ်ခေါ်သွားရော။ ရွှေလမှာယုန်ဝပ်လို့ ဆန်ဖွတ်တဲ့အဖိုးအိုဆိုတဲ့ပုံပြင်နဲ့ခပ်ဆင်ဆင်။ လမင်းဖိုးဖိုး ဆင်းလာတဲ့နေ့မို့ လမုန့်နဲ့ပူဇော်ရသည်ဆို၏။

အမှန်ကတော့ လယ်ယာမြေမှ ကောက်သစ်ပေါ်ချိန်မှာ စုပေါင်းပြီးပျော်ပါးကြတဲ့ ကောက်သစ်စားပွဲပေါ့။  မြန်မာပြည်ကျေးလက်မှာ ပုန်းမကျီနတ်ဆိုတဲ့ ကျီစောင့်နတ်၊ လယ်စောင့်နတ်တင်တဲ့လပေါ့။ ရှေးအယူအဆတွေက လူမျိုးအားလုံးမှာခပ်ဆင်ဆင်ပါ။ သီတင်းကျွတ်လပြည့် ( တရုတ်လရဲ့ရှစ်လမြောက်လပြည့်)ညရဲ့ လမင်းဟာ မြူမှုန်ဝေးကင်း တိမ်မှေးရှင်းကာ အလွန်သာယာသောကြောင့် စိုက်ပျိုးရာသီတွင် မိုးရေမှန်စေခဲ့သောမိုးနတ်မင်းကို ကောက်သစ်ပေါ်ဦးစတွင် ပူဇော်ပသခဲ့သောအလေ့အထသည် ရှေးကပင် ရှိခဲ့ကြသည်။

မြန်မာအယူအားဖြင့် တာဝတိံမှ ခုနှစ်ဝါမြောက်ဝါဆိုပြီးပြန်ကြွလာတဲ့ဘုရားရှင်ကို ဆီမီးဖြင့်ပူဇော်ကြသည်။ ထိုနည်းအတူ လူကြီးမိဘတွေကို ရှိခိုးကန်တော့ကြသည်။ အလွန်ချစ်ဖွယ်ကောင်းသော ရိုးရာအယူအဆလေးပါပင်။

မောင်လူပေကတော့ အဝေးရောက်နေပါသောကြောင့် ကန်တော့ခံအဆင့် မဟုတ်ပါ။ ငါးထိပ်စီးပြောင်းကြသူအများစုကလူကြီးတွေဖြစ်နေပြီ။ ကန်တော့ခံနေရာရောက်ကုန်ပြီ။ ဆုတွေပေးကြရမည်။ မုန့်ဖိုးတွေပေးကြရမည်။

ဒီနှစ်ရဲ့ ဝါကျွတ်ပွဲမှာ သူငယ်ချင်းအပေါင်း မိတ်ဆွေအပေါင်းနဲ့ မြန်မာပြည်သူပြည်သားအပေါင်း ကျန်းမာချမ်းသာကြပါစေ။

ချစ်ခြင်းအားဖြင့်

မောင်လူပေ