အိုဘားမားကြီး နေပူတော် ရောက်သွားပြီ။
အာဆီယံထိပ်သီးတွေ ဒေသတွင်းကိစ္စ ဆွေးနွေးတာ ဆိုပေမဲ့ တကယ်ကတော့ ပေါက်ဖေါ်ကြီးနဲ့ အမေရိကန် အားပြိုင်ပွဲပဲ။
ဒို့ ဗမာ အစိုးရကြီးကတော့ ပေါက်ဖေါ်ကြီးရဲ့ အောက်ဆွဲအဆင့်က မတက်သေး။
အမေရိကန်နဲ့ အသေအကြေ စစ်တိုက်ခဲ့တဲ့ ဗီယက်နန်တောင် ပေါက်ဖေါ်ကြီးရန်ကို
ကြောက်လို့ အမေရီကန်နဲ့ အိုကေပြန်လုပ်ပြီး ပေါက်ဖေါ်ကြီးကို နားရွက်
တံတွေးဆွတ် လုပ်ပြရဲတယ်။
ဒို့ ဗမာအိမ်ကျယ်တွေကတော့ ခုထိ တရောက်ကြုတ်လုပ်တုန်း။ တရားအားထုတ်နေရတုန်း။
ဒီအတွက် ဗီယက်ဆီမှာ သင်တန်းတက်ကြဖို့ လိုနေပြီ။
(၂)
အိုဘားမားကြီး နေပူတော်ကနေ ရန်ကုန်ကို သွားတော့မယ်။ ခုထက်ထိတော့ ဆန္ဒပြမယ်ဆိုတဲ့ ကိုကိုတွေ တစ်ယောက်မျှ ထွက်မလာကြသေး။ သူတို့ အဘတွေကလည်း လုံခြုံရေး အကြောင်းပြပြီး ခွင့်ပြုမယ်မထင်။
အိုဘားမားက ရန်ကုန်သာ နှစ်နှစ်တခေါက်ရောက်ပေမဲ့ ဆန်ဖရန်တော့ တနှစ်သုံးလေးခါ လာတာ။ ရံပုံငွေ လာရှာတာပေါ့။ ဆန်ဖရန်တဝိုက်က ဆီလီကွန်တောင်ကြားမို့ သူဌေးကလည်းပေါသကိုး။ ညစာစားပွဲလက်မှတ် ဆို ထောင့်ငါးရာကနေ သုံးသောင်းကျော်ထိ ဈေးရှိတာ။
ထောင့်ငါးရာကတော့ အဝေးကပဲမြင်ရမယ်။ သုံးသောင်းက အိုဘားမားနဲ့တွဲပြီး ဓါတ်ပုံရိုက်ခွင့်ရမယ်။

အဲလို လာပြီဆို ဆန်ဖရန်က ဖဲမောင့်ဟော်တည်မှာတည်းတယ်။ ထုံးစံအတိုင်း
သူ့ကိုစောင့်နေတဲ့ ဟော်တယ်ရှေ့က လူအုပ်က ဆန္ဒပြမဲ့ အဖွဲ့တွေပဲ။ သမ္မတ
ကားပေါ်ကဆင်းတာနဲ့ အသကုန်အော်ပြီး သူတို့ပြောချင်တာကို ပြောတာပဲ။
နောက်ပြီး ခရာတွေမှုတ်သေးတယ်။ သူတို့ကို ဂရုပြုအောင်လို့။ သမ္မတက လှည့်ကြည့် လက်ပြပြီး ဟော်တယ်ထဲ ဝင်သွားတာပဲ။
သမ္မတ ဝင်သွားပြီမို့ ပြန်ဖို့ပြောလည်း မပြန်ကြဘူး။
ဒါနဲ့ ဒီဆန္ဒပြအဖွဲ့တွေကို ရဲက ဟော်တယ်ဘေးက လမ်းကြားထဲဝင်ခိုင်းတယ်။ အဲဒီကြမှ ဆန္ဒပြတဲ့ သူတွေ အကြိုက်တွေ့ပြီး ခရာတွေအပြင် ပါလာတဲ့ ဘင်တွေပါတီးပြီး ညလုံးပေါက် အော်ကြရော။
ရဲလဲမနိုင်လို့ လွှတ်ထားရတယ်။ သမ္မတလည်း တညလုံး အိပ်လို့မရ။ ပတ်ဝန်းကျင်လည်း အိပ်မရပဲ။
နောက် အခေါက်တွေသမ္မတလာတော့ ပတ်ဝန်းကျင်က ကန့်ကွက်လို့ ဒီဟော်တယ်မှာ မတည်းတော့ပဲ ဒဘယ်လျှူဆိုတဲ့ ဟော်တယ် ပြောင်းတည်းရရှာတယ်။
ဦးအောင်တောင်းကို အမဲစာရင်းသွင်းလို့ အိုဘားမားလာရင် ဆန္ဒပြမယ်ဆိုပြီး ကြွေးကြော်ထားတဲ့ ဖွဘုတ်ကိုကိုတွေရေ။ တကယ်ပြမယ်ဆိုရင် ဆန်ဖရန်ကို အိုဘားမားလာမဲ့အချိန်နဲ့ကိုက်ပြီး လာခဲ့။ ပြီးရင် စိတ်ကြိုက်ပြပေတော့။
ပြောမဲ့သာပြောရတာပါ။ ဆန်ဖရန်လာပြီး သုံးသောင်းပေး။ အိုဘားမားနဲ့ ဓါတ်ပုံတွဲရိုက်သွား ပြီးပြီလားတောင် မသိဘူး။ သူတို့က ဒေါ်လာရွှင်တယ်လေ။ သယံဇာတတွေ မျိုထားတာမဟုတ်လား။
(၃)
အိုဘားမားကား ဘားမားမှ ပြန်လေပြီ။
မြန်မာပြည်သား အများစုကလည်း လူထုခေါင်းဆောင် အန်တီစုကို တခဲနက် အားပေးထောက်ခံခဲ့သူ အမေရိကန်သမ္မတတဦးအနေဖြင့် အမြဲအမှတ်ရနေကြတော့မည်။
မြန်မာသမ္မတကြီးနှင့် အစိုးရအဖွဲ့ဝင် အားလုံးမှာလည်း ကမ္ဘာ့အဆင့်အစည်းအဝေးကြီးကို အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ခဲ့ပြီ ဖြစ်သောကြောင့် ပျော်ရွှင်စွာဖြင့် သက်ပြင်းချနိုင်ခဲ့ပြီ။

တကယ်က အောင်စည်ရွမ်းပြီး ရွှေမန်းတင်မောင်ရဲ့ အောင်ပါစေသီချင်းဆိုကာ ပွဲသိမ်းကြဖို့သာရှိသည်။
သို့သော်... ပွဲက အခုမှ စဖို့ပြင်တုန်းမို့ အောင်စည်လည်း ဖုန်တက်နေဆဲ။
ရွှေမန်းရဲ့ အောင်ပါစေသီချင်းဓါတ်ပြားလည်း ပင့်ကူအိမ်ဖွဲ့နေဆဲ။
ခြေဥကြီးကလည်း အရင်အတိုင်း။
၄၃၆ကလည်း အရင်အတိုင်း။
၅၉(စ) ကလည်း အရင်အတိုင်း။
လူမျိုးရေး ဘာသာရေး မုန်းတီးမှုတွေကလည်း အရင်အတိုင်း။
အဘတွေကလည်း အရင်အတိုင်း။
ခရိုနီတွေနဲ့ သူတို့ ပိုင်ဆိုင်မှုတွေကလည်း အရင်အတိုင်း။
ဖွတ်ကျောပြာစု ပြည်သူတွေကလည်း အရင်အတိုင်း။
အပြစ်ရပ်ကလည်း အရင်အတိုင်း။
လေးပွင့်ဆိုင်ကလည်း အရင်အတိုင်း။
တရားအားထုတ်နေရတာကလည်း အရင်အတိုင်း။
ဒီလိုသာ အရင်အတိုင်းတွေ များနေလျှင်ဖြင့် ပွဲက တော်တော်နှင့် စနိုင်ဦးမည်မထင်။
ပြည်သူအများစုကြီးအတွက် ပြည်ထောင်စုကြီးအတွက် ပြုပြင်ပြောင်းလည်းရေး လုပ်ငန်းစဉ်တွေကို အရှိန်မြင့်ဆောင်ရွက်မှုတွေ လုပ်ဆောင်နိုင်ကြပါစေ။
အောင်စည်ရွမ်းပြီး ရွှေမန်းရဲ့ အောင်ပါစေနဲ့ ကမ္ဘာ့အလည်မှာ ခေါင်းမော့ ဝင့်ထည်နိုင်တဲ့ လူမျိုးတစ်မျိုးအဖြစ် မကြာခင် မြင်ချင်စမ်းပါဘိ။

No comments:
Post a Comment