Wednesday, December 16, 2015

ပုဂံပြတိုက်နဲ့  ဆီးသီးဗန်းမှောက်ခြင်း


မရေးတော့ဘူးဆိုပြီး ထားခဲ့တဲ့အကြောင်းလေးတစ်ခုပါ။ ခုတော့ မနေနိုင်လို့ ရေးပါတယ်။

ပြီးခဲ့တဲ့ မိုးတွင်းမှာ ပုဂံရောက်တယ်။ တပြည်လုံးမိုးများပြီး ရေတွေကြီးနေပေမဲ့ ပုဂံက သူနဲ့ လားလားမှမဆိုင်သလို နေတွေပူလို့ပါပဲ။ မိုးခေါင်တာ ပုဂံဘုရင်တွေ လက်ထက်ထဲကဆိုတော့ ပုဂံသားတွေ နေသားကြနေပါပြီ။ ဘုရားစုံသွားပြီးတော့ နာမည်ကျော် ပုဂံပြတိုက် ရောက်ဖြစ်တယ်။ အရင်အခေါက်တွေက မဝင်ဖြစ်ခဲ့ဘူး။ ဒါကြောင့် အနုအလှတွေ ခံစားမယ် စိတ်ကူးကအပြည့်။

ပြတိုက်ကြီးက ရွှေရောင်တဝင်းဝင်းနဲ့ တောက်ပလို့။ ရောက်နေတာက ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ။ ရှေးဟောင်းနယ်ထဲမှာ ရွှေရောင်ဝင်းနေတဲ့စေတီတွေ ဖူးရတာ ဆွမ်းဆန်ထဲမှာ အဝှာရောနေသလို ခံစားရတဲ့ ခံစားမှုက ရင်ထင် ပြန်ဝင်လာတယ်။ တိုင်လုံးဖြူကြီးတွေနေရာမှာ ပုဂံစတိုင် အုပ်တိုင်ကြီးတွေနဲ့အစားထိုးခဲ့ရင်၊ ရွှေမချပဲ အုပ်မြေအရောင် မံခဲ့ရင်၊ ... ရင် ဆိုတဲ့ ရင်တွေ တထွေးကြီး တွေးမိတယ်။ ရှေးဟောင်းအဆောက်အဦပုံစံ အပြင်က မြင်ရပြီး အတွင်းမှာ ခေတ်မှီ ပြခန်းတွေနဲ့ မွန်းမံခဲ့ရင် သိပ်ကောင်းမယ်ပေါ့။ ရှေးဟောင်းသုတေသနက ဆရာတွေကတော့ ဒီအတိုင်းဆောက်ဖို့ တင်ပြကြမှာပဲ။ ဗိသုကာတွေကလည်း မညံ့ကြ။ အထက်ကဆိုတဲ့ အမိန့်အောက်မှာ တောက်ပြောင်တဲ့ အဆောက်အဦကြီးတခု မလိုက်ဖက်ပဲ ရှေးဟောင်းနယ်ထဲ ရောက်လာတယ်။

အဆောက်အဦကြီး ရှေ့တည့်တည့်က ပြူစောထီး ပုံကြီးကလည်း ပုဂံနဲ့ လားလားမှ မဆိုင်သလို လေးကြီးပစ်တော့မဲ့ဟန်။ တကယ်ဆို ပုဂံလက်ရာတခုခုကို အမိုးအကာအပြည့်နဲ့ ရှိနေသင့်တာ။

အထဲဝင်ဖို့ ပစ္စည်းတွေ သိမ်းပြီး အဝမှာစောင့်နေတဲ့ ရှေးဟောင်းသုတေသနက အရာရှိနဲ့ ရင်ထဲရှိသမျှတွေ ပြောပြဖြစ်တယ်။ သူကလည်း ကိုယ်နဲ့ထပ်တူ။ ရင်ဘတ်ခြင်းတွေတူ။ ပုဂံခေတ်ထဲက စိုက်မရခဲ့တဲ့စပါးကို ပုဂံမှာအတင်းစိုက်ခိုင်းခဲ့တဲ့ လယ်ဆည်ဝန်ကြီးတို့၊ တွင်းတစ်နဲ့ပေါင်းစားပြီး ရိုက်စားလုပ်ခဲ့တဲ့ ဒီပြတိုက်ကြီးအကြောင်းတို့ ပြောမကုန်။

ပြတိုက်ကြီးက ဟီးထနေပေမဲ့ အလယ်က ဟောင်းလောင်းကြီးပါ။ ပုဂံလက်ရာတွေနဲ့ ခေတ်သစ်လက်ရာတွေ ရောပြထားတာကလည်း ရောကျော် ဖြစ်နေသလိုပါ။ ဘေးအခန်းတွေက ပြကွက်တွေကတော့ အတော်စိတ်ဝင်စားစရာမို့ အချိန်ယူ လေ့လာဖြစ်ခဲ့တယ်။

လျှပ်စစ်မနိုင်လို့ဆိုပြီး လေအေးပေးစက် မလည်တော့ အသက်ရှုမဝ။ ခဏခဏ အပြင်ထွက်ပြီး လေရှူရတယ်။ အလုံပိတ်ပြတိုက်က လေအေးမပေးထားတော့ အနံ့ကလည်းမကောင်းလှ။ မီးတွေလည်း ပိတ်ထားတော့ မှောင်နဲ့မဲမဲ။

ထရန်စဖေါ်မှာ ခဏခဏ လောင်လို့ လေအေးပေးစက်မလည်တာ ကြာပါပြီတဲ့။ ပါကေးခင်းတွေကလည်း အတော်ကြွတက်နေကြပြီ။ ပြုပြင်မွန်းမံစရိတ် လုံလောက်အောင်မရှိပါတဲ့။ အဲဒီနေ့က ပြတိုက်ထဲမှာ လူဆယ်ဦးတောင် ပြည့်မယ်မထင်။ နိုင်ငံခြားသား နှစ်ဦးပဲ တွေ့ခဲ့တယ်။ ဘယ်ကရတဲ့ ဝင်ငွေတွေနဲ့ ဒီပြတိုက်ကြီး တိုးတက်အောင် လည်ပတ်မလဲ မတွေးတတ်။

ပြတိုက်ကြီးကို ရုပ်ပြဆောက် နာမည်ယူသွားတဲ့ ဆရာတွေကတော့ ထားစရာမရှိအောင် ချမ်းသာနေကြမှာပါ။ ပြတိုက်ကြီးကတော့ အိုမင်းစွာ ဟောင်းလောင်း။ အဲဒါ ပကတိအခြေအနေမှန်ပါ။ ဇီးသီးဗန်းကတော့ မှောက်ခဲ့ပြီးပြီ။

ရန်ကုန်ရွှေမြို့တော်က ဂုံးကျော်တံတားစီမံကိန်းတွေ အကြောင်းကြားရတော့ လမ်းဘေးဈေးသည်တွေ၊ ပလက်ဖေါင်းပေါ်က မီးစက်တွေ၊ စည်းကမ်းမဲ့ယဉ်တွေ အရေးယူရမဲ့အစား ဇီးသီးဗန်းမှောက်ဖို့ကြိုးစားနေကြတာပဲ တွေ့နေရတယ်လို့ ခံစားရတယ်။ အဲဒီအလွဲတွေနဲ့ နိုင်ငံကြီးကို အန်တီက ပြန်တည့်ပေးရမှာ။

ဘာမဆိုင် ညာမဆိုင်နဲ့ ပုဂံပြတိုက်ကြီးက မျက်စိထဲ ပြန်မြင်လာလို့ ရေးလိုက်တဲ့အကြောင်းလေး ဆိုပါတော့။

ကျန်းမာချမ်းသာကြပါစေ။

ချစ်ခြင်းအားဖြင့်

မောင်လူပေ
— in Bagan.

 

No comments:

Post a Comment