Wednesday, February 8, 2017

တရုတ်တွေက ကိုယ်မွေးတဲ့နှစ်ရဲ့အကောင်ကို သိပ်တန်ဖိုးထားကြတာ။


မောင်လူပေတို့နေတဲ့ ဒွန္နရားကြီးမှာ တရုတ်လူဦးရေက ငါးပုံတပုံရှိတယ်။ လူငါးဦးမှာ တဦးက တရုတ်ပေါ့လေ။ ဒါကြောင့် တရုတ်နှစ်သစ်ဟာ ကမ္ဘာကြီးရဲ့ ငါးပုံတပုံနဲ့ သက်ဆိုင်တယ်။

တရုတ်တွေက ကိုယ်မွေးတဲ့နှစ်ရဲ့အကောင်ကို သိပ်တန်ဖိုးထားကြတာ။ ငယ်နာမည်အဖြစ်လည်း ပေးကြတယ်။ ကလေးကျန်းမာအောင်ပါတဲ့။ နောက်တော့ ကြီးတဲ့အထိ ဒီနာမည်နဲ့ပဲ နေသွားသူတွေ ဒုနဲ့ဒေး။

တောင်ငူဈေးကြီးထဲက ဝက်သားရုံမှာဆိုရင် ဦးကြက်ဖကြီးက မသိသူမရှိ။ အမေက "ဦးကြက်ဖကြီးဆီသွား၊ ငါးဆယ်သားလောက် ဘိုက်သားလေးလိုချင်တယ်ပြော" ဆိုပြီး သူမအားရင် ဆယ်နှစ်သားအရွယ် လူပေလေးကို ဈေးလွှတ်နေကြ။ လူပေချာတိတ်ကိုမြင်တာနဲ့ ဘယ်သူ့သားဆိုတာ သိပြီးသားမို့ မင်းအမေ ဘယ်လောက်သားမှာလည်း မေးပြီး အမေ့အကြိုက် ခုတ်ထစ်ပြီး ပေးလိုက်တာ ယူပြန်တော့ပဲ။ နောက်နေ့မှ အမေက သူနဲ့ပိုက်ဆံရှင်းမှာ။ ဦးကြက်ဖကြီးဟာ တသက်လုံးပဲ ဘောင်းဘီတိုကြီးနဲ့ ဈေးထဲမှာ ကြိုးစားစွာ ရိုးသားစွာစီးပွားရှာသွားတဲ့ တရုတ်ကြီးပေါ့။

ဒေါ်ဝက်မတို့ ဒေါ်ခွေးတို့လည်း တောင်ငူမှာ လူသိများတဲ့ တရုတ်မကြီးတွေ။ ငယ်သူငယ်ချင်းရဲ့ ညီတွေနာမည်ကလည်း မောင်ဝက်၊ မောင်ကြွက် တဲ့။ မောင်ဝက်က စီးပွားရေးလုပ်ငန်းကြီးပိုင်ရှင်၊ မောင်ကြွက်က နိုင်ငံခြားမှာ အထူးကုဆရာဝန်ကြီး။

စက်မှုကျောင်းရောက်တော့ သူငယ်ချင်းတဦးရဲ့အဖေကလည်း ဦးခွေးပါပဲ။ ပွဲရုံပိုင်ရှင်သူဌေးကြီးပါ။ တနယ်လုံးမှာ မသိသူမရှိ။ ရိုးသားစွာကြိုးစားကြရင်း မြန်မာပြည်မှာအခြေချခဲ့ မြန်မာဆန်သူ တရုတ်အမျိုးသားကြီးတွေထဲက မွေးနှစ်ရဲ့နာမည်တွေနဲ့သူတွေပေါ့။

တရုတ်နှစ်သစ် ကြက်ဖကြီးရဲ့အကြောင်းကိုတော့ နောက်မှ ဆက်ရေးပါ့မယ်ဗျာ။
 
 No automatic alt text available.

No comments:

Post a Comment