တွေးမိတွေးရာ ရေးမိရေးရာ
လွတ်လပ်ရေးနေ့ဆိုတော့ လွတ်လပ်တဲ့နေ့။ သူ့ကျွန်ခေတ်မှ လွတ်မြောက်ခဲ့သတဲ့။ မမွေးသေးတဲ့ခေတ်မို့ မမှီလိုက်။ သိမှီသူတွေပြောတာ ကြားဖူးသမျှကတော့ သူ့ကျွန်ခေတ်က ငွေတန်ဖိုးရှိတယ်။ စည်းကမ်းကြီးတယ်။ ငွေတစ်ပဲလောက်ရှိရင် ထမင်းတစ်ပွဲစားလို့ရတယ်၊ ရွှေတစ်ကျပ်သားကို ငွေကျပ်ငါးဆယ်။ ရုံးကပြာတာမိန်းမတောင် ရွှေတွဲလွဲနဲ့ဟူ၏။
သူ့ကျွန်ခေတ်ပြီးတော့ ပါလီမန်ဒီမိုကရေစီခေတ်တဲ့။ ဒါလည်း မမှီခဲ့။ အမေတို့ပြောတာ ကြားဖူးသလောက်သာရှိ၏။ ငွေတန်ဖိုးရှိဆဲ။ ရွှေတစ်ကျပ်သားကို ကျပ်တစ်ရာကျော်။ ထမင်းတစ်ပွဲ ဆယ်ပြားလောက်။ မြန်မာ့စီးပွားရေးက အလွန်ကောင်းခဲ့သဖြင့် ပြည်တွင်းစက်မှု ထုတ်ကုန်တွေကို နိုင်ငံခြားသို့ပို့ရသည့်ခေတ်။ စတိုးဆိုင်ကြီးတွေ ဟီးထသည့်ခေတ်။စည်းကမ်းရှိဆဲ။ ပြာတာမိန်းမလည်း ရွှေတွဲလဲပါပဲတဲ့။ ကမ္ဘာမှာမြန်မာဟု ရင်မော့နိုင်ခဲ့သည့်ခေတ်မို့ စကာင်္ပူကပင် လာရောက်ကာ အတုယူရသည့်ခေတ်တဲ့။
ကိုယ်သိမှီခဲ့တဲ့ခေတ်ကတော့ ဗိုလ်ချုပ်ကြီးနေဝင်းနှင့် ဗိုလ်ချုပ်များဦးဆောင်သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ တစ်ပါတီအာဏာရှင်ခေတ်ဖြစ်နေပြီ။ ကျောင်းစာထဲမှာတော့ တိုင်းပြည်ချောက်ထဲကျခါနီး တစ်လက်မအလိုမှာ ကယ်တင်ခဲ့သည်တဲ့။ ကယ်တင်တာနဲ့ တွန်းချတာ မှားရေးမိသည်လားတော့မသိ။ အစစအရာရာရှားပါး။စည်းကမ်းလည်းပျက်စပြု။ ထမင်းတစ်ပွဲလေးငါးကျပ်။ ရွှေတစ်ကျပ်သား ငါးထောင်ကျော်၊ ဝန်ထမ်းလစာက သိပ်မတက်လာတော့ ပြာတာမိန်းမ အကြွေးပတ်လည်ဝိုင်းတဲ့ခေတ်။ ဖွံ့ဖြိုးမှုအနည်းဆုံးတိုင်းပြည်ဘဝ ကျရောက်။
သည်မှတဖန် ဗိုလ်ချုပ်ကြီးများ၏ စစ်အာဏာရှင် နဝတ၊ နအဖခေတ်။ ရက်စက်မှုအပေါင်းအကျင့်ပျက်မှုအပေါင်း သရဖူဆောင်း။ မြန်မာဆိုတာကမ္ဘာမှာ နာမည်ဆိုးနှင့်ကျော်ကြားသည့်ခေတ်။ အကြောင်းစုံဖြင့် သန်းချီသောမြန်မာတွေ တပါးပြည်မှာ အလုပ်သွားလုပ်ကြရသည့်ခေတ်။ အများစု ဒုက္ခပင်လယ်ဝေနေချိန်မှာ လူနည်းစုအကျင့်ပျက်သူများက နိုင်ငံတော်သူဌေးဘဝ ချမ်းသာကြသည့်ခေတ်။ ထမင်းတစ်ပွဲထောင်ကျော်၊ ရွှေတစ်ကျပ်သား သိန်းကျော်။ ထားစရာမရှိသူနှင့် စားစရာမရှိသူ လူတန်းစားနှစ်ရပ်ခေတ်။
အခုကြတော့ သုံးမတ်သားဒီမိုခေတ်။ အစိုးရနှစ်ရပ်။ ရင်ကြားစေ့။ ငြိမ်းချမ်းရေး။ တိုင်ကွန်း။ အစစသူ့လက်ထဲမှာမို့ အရပ်သားအစိုးရလည်း လှုပ်လိုက် မြုတ်လိုက်။ နိုင်ငံတကာမှာ မြန်မာ့ပုံရိပ်လည်း အောက်ဆုံးရောက်။
သူ့ကျွန်ခေတ်ကနေ ကိုယ့်ကျွန်ဖြစ်ခဲ့ရသဖြင့် လွတ်လပ်ရေးယူမိတာမှားတယ်ဟု သွားလေသူ ဝန်ကြီးချုပ်ဟောင်းဦးနုက ပြောဖူးသတဲ့။ သူပြောတာမှန်လား၊ မှားလား။ စဉ်းစားသင့်ပါသည်။ သူ့ကျွန်ဘဝမှတော့ လွတ်မြောက်ခဲ့ပါ၏။ သို့သော်....။
Saturday, January 5, 2019
နှစ်ဦးသတင်း
နှစ်ဦး သတင်း
အမေရိကန် ဗဟိုအစိုးရရဲ့ တစိတ်တပိုင်းကို ရပ်ထားတာ နှစ်ပတ်နားနီးပြီ။ ဝန်ထမ်းတွေလျှော့ထား၊ လစာမဲ့ဆင်းရ။ အကြောင်းက အစိုးရမှာငွေမရှိလို့မဟုတ်။ သမ္မတတောင်းတဲ့ နယ်စပ်တံတိုင်းဆောက်ဖို့ သဘောတူချက်မရလို့ အစိုးရရဲ့ ရသုံးငွေစာရင်းကို အတည်မပြုနိုင်။
အောက်လွှတ်တော်မှာ လူများစုပြန်ဖြစ်လာတဲ့ ဒီမိုကရက်အမတ်တွေနဲ့ အထက်လွှတ်တော်ကိုစိုးမိုးထားတဲ့ ရီဗာဘလစ်ကန်အမတ်တွေ သဘောတူချက်ရဖို့ မလွယ်။ ရရင်တောင် သူတောင်းတဲ့ငွေမရရင် လက်မှတ်မထိုးဘူးလို့ ညစ်ကန်ကန်ထားတဲ့သမ္မတက တစ်ဖက်။ ဆွေးနွေးဆဲ။
သမ္မတထရန့်လည်း သမ္မတထိုင်ခုံက လှုပ်တုတ်တုတ်။ ဒီမိုကရက်အမတ်တွေက အယုံအကြည်မရှိအဆိုတင်သွင်းပြီး ဖြုတ်ချဖို့ကြံစည်နေသည်။ ၂၀၁၆ရွေးကောက်ပွဲမှာ ရုရှားပတ်သက်မှုကို စုံစမ်းနေတဲ့ အထူးစုံစမ်းရေးမှုး မူလာရဲ့ အစီရင်ခံစာထွက်လာရင် ဖြုတ်ကြမည်။ ဖြုတ်လို့ပြုတ်ပြီး ထောင်ထဲဝင်ရမည့်အတူ၊ သမ္မတအာဏာနဲ့ ကိုယ့်ဟာကိုယ်လွတ်ငြိမ်းခွင့်ပေးပြီး ထွက်တာလည်း ဖြစ်နိုင်သည်။ သူထွက်လျှင် ဒုသမ္မတမိုက်ပန်းက သမ္မတဖြစ်မည်။ မိုက်ပန်းပါထွက်လျှင်တော့ အောက်လွှတ်တော်ပြောရေးဆိုခွင့်ရှိသူ အသက်(၇၈)နှစ်ရှိ (၁၇)ကြိမ်မြောက် အမတ် နန်စီပလိုစီက ပထမဆုံး အမျိုးသမီးသမ္မတဖြစ်လာမည်။ ရှေ့မှာ ဘာဆက်ဖြစ်မည်ဟု မည်သူမျှ ရေရေရာရာမသိ။
အမေရိကားစတော့ဈေးတွေလည်း ဆက်ဆင်းနေ၏။ ပန်းသီးလည်းကျ၊ အမေဇုံလည်းကျ၊ အကုန်ကျ။ တရုတ်စတော့တွေလည်း နလံမထူ။ တရုတ်၏ စီးပွားရေးထိုင်းမှိုင်းမှုက ကမ္ဘာကို ရိုက်ခတ်နေသည်။ ကုန်သွယ်ရေးစစ်ပွဲကလည်း တရားဝင် မပြီးပြတ်သေး။ ရက်ကိုးဆယ်ဆိုင်းငံ့ကာလသာရှိသေး၏။ တရုတ်ကအလံဖြူပြထားပြီမို့ ရှေ့ဆက်ကာတိုက်ကြမည်ဟု မယူဆကြ။
ကမ္ဘာ့စီးပွားရေးက ၂၀၁၉တွင် နှေးကွေးနေဦးမည်ဟု ပညာရှင်အားလုံးမှန်းကြသည်။ ၂၀၀၈ကဲ့သို့ စီးပွားပျက်ကပ်ကြီး တဖန်မရောက်လာနိုင်သော်လည်း အကျဖက်သို့ဦးတည်သည့်စီးပွားရေးနှစ်မှာ အလုပ်လုပ်ရသည်မှာ ငါးမန်းများနှင့်ပြည့်နေသော ပင်လယ်တွင် လက်ပစ်ကူးရသည်နှင့်တူမည်ဟုဆိုကြ၏။ အထူးသတိထားရမည်၊ တစ်ချက်မှားလျှင် အစားခံရမည်ဟု ဆိုလိုသည်။ မြန်မာ့စီးပွားရေးလည်း သတိကြီးစွာ ထားရန်လိုမည်။
ဤကား နှစ်စတွင် ဖတ်မိသမျှတည်း။

မင်္ဂလာပါ
မင်္ဂလာပါ။
2018 ကတော့ လောကဇာတ်ခုံနောက်ဆုံးရက်နှုတ်ဆက်ပွဲအဖြစ် ကပြဖျော်ဖြေနေပြီ။2019 က မိတ်ကပ်၊ ဝတ်စုံပြည့်နဲ့ စင်ပေါ်တက်ဖို့အသင့်။
ဘဝဇာတ်ဆရာအလိုအတိုင်း အသုံးတော်ခံနေရတော့ အချိန်တွေကို သတိမရ။ ဒီလိုနဲ့ ကိုယ့်ရဲ့ လူ့ပြည်နေထိုင်ခွင့်ဗီဇာသက်တန်း ကုန်ဖို့ တစ်နှစ်နီးလာပြီ။ ဗီဇာကျန်တဲ့အချိန်လေးကို ပေါ့ပေါ့ပါးပါး၊ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းချင်တယ်။
နှစ်သစ်မှာ Happy New Year လုပ်ကြဖို့အတွက် ပြင်ဆင်ကြပါစို့။ 2019မှာ ပြန်ဆုံကြမယ်လေ။ ပျော်ပျော်ပါးပါးပေါ့။

တောင်စခန်း အလွမ်းပြေ
တောင်စခန်း အလွမ်းပြေ
" အမြင်နီး၍ ခရီးဝေးသည့်တောင်" တဲ့။ စာဆိုရှိ၏။ အိမ်နှင့်မိုင်နှစ်ဆယ်မျှသာဝေးသည့် 'ဒီအာဘလို' ( Mount Diablo ) အမည်ရသည့် တောင်ကြီးသည်လည်း ဒီစာဆိုနှင့်ညီသည်။ အမြင်နီးသော်လည်း ခရီးဝေးကာတစ်ခါမျှ မရောက်ဖြစ်။
ဆန်ဖရန်စစ္စကို ဗေးဧရိယာအရှေ့ပိုင်းတွင်ရှိပြီး ဒီဒေသတွင်းမှာ အမြင့်ဆုံးတောင်ကြီးလည်းဖြစ်သော ဒီအာဘလိုတောင်တန်းကြီးကို I-680 ခေါ် ဖရီးဝေးလမ်းမကြီးပေါ်မှ အမြဲမြင်ရတိုင်း ရောက်အောက်တက်မည်ဟု စဉ်းစားခဲ့သည်။စိတ်ကူးက နှစ်နှစ်ဆယ်နီးပါးကြာသော ယနေ့မှ အကောင်အထည်ပေါ်၏။ တောင်ထိပ်ဆီသို့ ရောက်ခဲ့ပါပြီ။ တောင်ကြီးဖဝါးအောက်ဆီ။
ကားလမ်းက ကောက်ကောက်ကွေ့ကွေ့၊ ကျဉ်းကျဉ်း၊ လမ်းဘေးမှာ အကာမရှိ၊ စက်ဘီးသမားကရှိသေး။ သူ့စည်းနဲ့သူ စိတ်ရှည်လက်ရှည်။ တောင်ခြေမှတောင်ပေါ်အထိ လေးဆယ့်ငါးမိနစ်လောက် ထပ်မောင်းရသည်။ ရှုခင်းက ရင်သတ်ရှုမော။ပေတစ်ထောင်မှ ပေနှစ်ထောင်၊ ပေသုံးထောင်၊ ပေလေးထောင်နီးပါး မြင့်တက်လာတော့ လေတိုက်နှုန်းက ပြင်းလာ၏။ မိုးရွာလျှင် လမ်းချော်သဖြင့် လမ်းပိတ်သည်ဟုသိထားသောကြောင့် နေသာသောနေ့ကို ရွေးလာမိသောကြောင့် စိတ်ပူစရာတော့မရှိလှ။
တောင်ထိပ်အထိ ကားမောင်းတက်၍ရသော်လည်း တောင်ထိပ်မရောက်မှီပေတစ်ထောင်နီးပါးအကွာမှာကားရပ်ကာ တောင်ထိပ်သို့တက်ခဲ့သည်။ တောင်ထိပ်ပိုင်းမို့ထင့်၊ လေကပြင်းလှသလို အေးစက်နေ၏။ ရေခဲရေနှင့် ပက်နေသည့်အလား။ နေပူပူနေရာရောက်လျှင် အအေးသက်သာသော်လည်း နေရိပ်အောက်မှာ မစားသာလှ။ သစ်ရွက်လှုပ်သံတွေကြောင့် လေသံက နားထဲမှာတဝှီးဝှီး၊တရှဲရှဲ။ တောင်ထိပ်တွင် ဧည့်စင်တာ၊ လေ့လာဆောင်၊ ပြခန်းတို့ရှိသည်။ ရှုခင်းတွေက အံ့မခန်းလှပသည်။ တောင်ထိပ်မှနေ၍ မိုင်ငါးဆယ်ကျော်ဝေးသော ဆန်ဖရန်စစ္စကိုမြို့နှင့် ရွှေတံတားကြီးကို လှမ်းမြင်ရသလို ဗေးဧရိယာတစ်ခုလုံးကိုလည်း မြင်ရသည်။ လေရဟတ်ကြီးတွေရာချီကလည်း သွားကြားထိုးတံအဖြူလေးတွေ ထောင်ထားသကဲ့သို့ အစီအရီ။ အဝေးမှာက နီဗားဒါးတောင်တန်းကြီးနှင့် သစ်တောကြီးတွေညို့မှိုင်းလျှက်။ သဘာဝရှုခင်းတွေ မပျက်ယွင်းသေးသည့် သည်နေရာဒီဒေသက အားကျစရာ။ လွမ်းတတ်မယ်ဆိုလည်း လွမ်းစရာ။ အသည်းနုသူ မောင်လူပေအတွက်ကား ဆိုဖွယ်ရာမရှိ။ ရိုးမတောင်ကြီးလိုလို၊ ရှမ်းတောင်တန်းကြီးလိုလို၊ အိုးစည်သံတွေကြားနေသလိုလို။ လွမ်းတတ်သူမို့ လွမ်းမဆုံး။
ပြခန်းထဲမှာ ဒီအာဘလိုတောင်ကြီးဖြစ်ပေါ်လာပုံ၊ တောင်တစ်ဝိုက်မှရရှိထားသော ရှေးဟောင်းပစ္စည်းများ၊ ရှေးနှစ်ပေါင်းသန်းရှစ်ဆယ်ခန့်က ရေအောက်တွင်ရှင်သန်ခဲ့သည့် ပင်လယ်ခူများ၊ ခရုများ၊ ကျောက်ပုဇွန်ကြီးစသည်တို့၏ ကျောက်ဖြစ်ရုပ်ကြွင်းများ၏ ရှာဖွေတွေ့ရှိမှု၊ ရှေးဟောင်းမီးသင့်ကျောက်ရုပ်ကြွင်း၊ ဒေသခံတောကောင်များ၏ အစာသွတ်ပုံစံတူများ၊ ဌာနေအင်ဒီယန်းများ၏ သမိုင်းဝင်ပုံများကို ပြသထားသည်။ အပြင်မှာအရမ်းအေးတော့ ပြခန်းထဲမှာအပူလည်းရ၊ ဗဟုသုတလည်းရ။ ခြေလျှင်တောင်တက်စိတ်ဝင်စားသူတွေက အနွေးထည်အထပ်ထပ်ဝတ်ခါ ကျောပိုးအိပ်တွေလွယ်လျှက် တောင်တက်လမ်းတွေအတိုင်း ဆင်းသွားနေတာလည်းမြင်ရ၏။ တောင်ခြေမှတောင်ပေါ်အထိ စက်ဘီးစီးကာ တက်လာကြသူတွေလည်း အသုတ်လိုက်မို့ တောင်ပေါ်မှာအတော်စည်ကားသည်။ ဧည့်စင်တာမှာ အမှတ်တရပစ္စည်းတွေရောင်းသလို ကော်ဖီ၊ မုန့်လည်း ဝယ်စားနိုင်ပါ၏။
ဒီနေရာကြီးတစ်ခုလုံးကို ပြည်နယ်အပန်းဖြေစခန်းကြီး( Mount Diablo State Park) အဖြစ် သတ်မှတ်ထားသဖြင့် ညအိပ်ညနေ နေလိုသူများအတွက်စခန်း(Camping ground) တွေလည်း တောင်တက်လမ်းမှာအစီအရီ၊ ပါမစ်တော့ လျှောက်ဖို့လိုမည်ထင်ရ၏။ တောင်တက်လမ်းက နေထွက်မှသည် နေဝင်သည်အထိသာ သွားခွင့်ပြု၍ နေဝင်လျှင် စခန်းပိတ်သဖြင့် ပါမစ်မရှိလျှင် သွားလာရေးခက်နိုင်သည်။
တောင်ကြီးကား ဖဝါးအောက်ရောက်ခဲ့ပြီ။ ကားအကူလေးတော့ပါသပေါ့။ 😁 မောင်လူပေက အန်ကယ်ကြီးဖြစ်ပြီမို့ " ခါချဉ်ကောင်မာန်ကြီးလို့ တောင်ကြီးဖြိုမယ်ကြံ ခါးကမသန်။" 😄😄
မိတ်ဆွေသူငယ်ချင်းတွေလည်း ခြေလျှင်တောင်တက်စိတ်ဝင်စားပါက လာလည်ကြပါ။ လိုက်ပို့ပါမည်ဖြစ်ကြောင်း သတင်းကောင်းပါလိုက်ပါ၏။
ချစ်တဲ့
မောင်လူပေ

ခေတ်သစ်ချစ်တီး
ခေတ်သစ်ချစ်တီး
ပြည်တွင်းစစ်မီးပြီးစ အလွန်ဆင်းရဲပြီး စီးပွားရေးအခြေခံလုံလောက်စွာမရှိတဲ့ သီရိလကာင်္နိုင်ငံကို ချစ်ကြည်ရေးဆိုပြီး အတိုးမြင့် အကြွေးတွေအများကြီးပေးတယ်။ ကမ္ဘာ့အဆင့်မှီ ပင်လယ်ဆိပ်ကမ်းကြီးဆောက်ပေးတယ်။ ဆောက်လုပ်ရေးလုပ်ငန်းတွေပြီးစီးတဲ့အခါမှ ဟန်ဘန်တိုလာ(Hambantota) အမည်ရတဲ့ ပင်လယ်ဆိပ်ကမ်းသစ်ကြီးကို အကြွေးမပေးနိုင်လို့ဆိုပြီး ခေတ်သစ်ချစ်တီးက သိမ်းခဲ့တယ်။ နစ်တစ်ရာတိုင် သူတို့ပိုင်သတဲ့။
အာဖရိကရဲ့ ဆင်းရဲတွင်းနက်တဲ့ ဇမ်ဘီယာနိုင်ငံကို ဖွံ့ဖြိုးစေချင်တဲ့စေတနာနဲ့ ကူညီပါရစေဆိုပြီးသွားတယ်။ လျှပ်စစ်ဓါတ်အားဖွံ့ဖြိုးရေးစီမံကိန်း၊ ရေဒီယို၊ ရုပ်မြင်သံကြား စီမံကိန်းတွေ လုပ်ပေးတယ်။ ထုံးစံအတိုင်း အတိုးမြင့် ချေးငွေတွေနဲ့ပေါ့။ လုပ်ငန်းတွေအားလုံးပြီးစီးချိန်မှာတော့ ဇမ်ဘီယာအစိုးရပိုင် လျှပ်စစ်စွမ်းအားကုမ္ပဏီကြီးနဲ့ အမျိုးသားရုပ်မြင်သံကြားနှင့် အသံလွှင်ဌာနတို့ဟာလည်း အကြွေးမပေးနိုင်လို့ဆိုတဲ့ အကြောင်းပြချက်အောက်မှာ ခေတ်သစ်ချစ်တီးရဲ့ ထိန်းချုပ်ခံဘဝရောက်ခဲ့တာပဲ။ နှစ်တစ်ရာတိုင် သူတို့ပိုင်ပြီတဲ့။
အခုနောက်ဆုံး ခေတ်သစ်ချစ်တီးရဲ့ အကြွေးသိမ်းပိုက်ခံနိုင်ငံကတော့ အာဖရိကရဲ့ ဆင်းရဲမွဲတေနိုင်ငံတစ်ခုဖြစ်တဲ့ ကင်ညာနိုင်ငံ။ အကျင့်ပျက်ခြစားမှုမှာ ထိပ်ဆုံးရောက်သလို နိုင်ငံထွက်ကုန်က မယ်မယ်ရရပြစရာမရှိ။ တောထဲက တိရိစ္ဆာန်တွေ ပြစားနေရတဲ့နိုင်ငံတစ်ခု။ ဒီနိုင်ငံကို ပိုးလမ်းမစီမံကိန်းကြီးအတွက်ဆိုပြီး ဝင်လာတယ်။ မီးရထားလမ်းတွေ ဆောက်ပေးဖို့ဆိုပြီး အမေရိကန်ဒေါ်လာ(၂.၃)ဘီလီယံကို ထုံးစံအတိုင်း အတိုးမြင့် ချေးတယ်။ ရထားလမ်းကွန်ယက်တွေဖေါ်ဆောင်တယ်။ ဆိပ်ကမ်းတွေနဲ့ ချိတ်ဆက်တယ်။ ပြီးတော့မှ ထုံးစံအတိုင်းပဲ အကြွေးမပေးနိုင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံရဲ့ အကြီးဆုံးပင်လယ်ဆိပ်ကမ်းကြီးဖြစ်တဲ့ မွန်ဘာဆာဆိပ်ကမ်း( Mombasa port) ကြီးကို သိမ်းပါတယ်။ နှစ်တစ်ရာတိုင် သူတို့ပိုင်ပဲပေါ့။
ကဲ.. ခေတ်သစ်ချစ်တီးကို ဘယ်လိုရင်ဆိုင်ကြမလဲ။ ရွှေပြည်ကြီးမှာလည်း အရင်စစ်အစိုးရအဆက်ဆက်က အလကားရသလိုသဘောထားပြီး သူတို့ဆီက ချေးငှားသုံးစွဲသွားတဲ့ အတိုးမြင့်ချေးငွေတွေ မနည်းလှ။ အခုအစိုးရလက်ထက်မှာ ပြန်ဆပ်ရတော့မယ်။ နောက်ထပ်လည်း ပိုးလမ်းမစီမံကိန်းအတွက် ရေနက်ဆိပ်ကမ်းတွေ၊ မီးရထားလမ်း၊ ကားလမ်းတွေ ဖေါက်ဖို့ရှိနေတယ်၊ မြစ်ဆုံရေကာတာကိစ္စက တန်းလန်းကြီး၊ ကြေးနီစီမံကိန်းက ဆန္ဒပြကောင်းတုန်း။
အိမ်နီးချင်းဖြစ်တဲ့ ခေတ်သစ်ချစ်တီးကြီးကို မချစ်သော်လည်း အောင့်ကာနမ်းရမှာတော့ အသေအချာ၊ အခြားနိုင်ငံတွေရဲ့ သင်ခန်းစာကိုယူပြီး ကိုယ့်နိုင်ငံရဲ့ဥပဒေသတွေနဲ့အညီ လုပ်ငန်းတွေကိုဆောင်ရွက်နိုင်အောင်ထိမ်းကြောင်း၊ ပြန်မပေးနိုင်မဲ့အကူအညီတွေကိုငြင်းပယ်နဲ့ ဆောင်ရွက်ပါမှ အဆင်ပြေကြလိမ့်မယ်။
ဆင်းရဲမွဲတေတဲ့နိုင်ငံတွေ၊ ပြန်မဆပ်နိုင်ဖို့သေချာတဲ့နိုင်ငံတွေကို ရွေးပြီးအကြွေးတွေပေးနေတဲ့ ခေတ်သစ်ချစ်တီးကြီးကို စေတနာရှင်ကြီး၊ မေတ္တာရှင်ကြီး၊ အဖေကြီးလို ဆက်ဆံနေကြရင်ဖြင့် အကြွေးနဲ့သိမ်းတဲ့အခါမှ မျက်ရည်မကျကြပါနဲ့လို့သာ မေတ္တာရပ်ပါတယ်။

ကမ္ဘာ့မြောက်ပိုင်းရဲ့ ဆောင်း
ကမ္ဘာ့မြောက်ခြမ်းမှာ ဆောင်းရာသီကို ဒီနေ့မှာ တရားဝင်ရောက်တယ်။ မြောက်ဖက်ဒေသရဲ့ ဆောင်းရာသီ ပထမဆုံးရက်ကို နေ့တာအတိုဆုံး၊ တနည်းအားဖြင့် ညတာအရှည်ဆုံး နေ့နဲ့ သတ်မှတ်တာမို့ winter solstice လို့ခေါ်ပါတယ်။ တိုက်ဆိုင်စွာပဲ မနက်ဖြန်က လပြည့်ည။ ဆောင်းရဲ့အစ ဒီဇင်ဘာလပြည့်ဝန်းကြီးကိုလည်း Cold Moon လို့ ခေါ်ကြသေးတယ်။
ကမ္ဘာကြီးက ၂၃ ၁/၂ ဒီဂရီတိမ်းစောင်းတဲ့အတွက် နေရောင်ခြည်ဟာ မြောက်ဖက်ကိုရောက်ဖို့ ပိုဝေးသွားတယ်။ ဒါကြောင့် နေ့တာတိုသွားရတာပဲ။ မြောက်ဖက်ရောက်လေ နေ့တာတိုလေမို့ အလတ်စကာပြည်နယ်မြို့အချို့နဲ့ နော်ဝေနိုင်ငံ အော်စလိုမြို့တွေမှာ နေရောင်ကို လေးနာရီခွဲလောက်ပဲမြင်ရကြမယ်။ အာတိတ်စက်ဝိုင်းအတွင်းဆိုရင်တော့ နေရောင်မရောက်နိုင်တော့လို့ တစ်လတာမျှ အမှောင်ကမ္ဘာထဲမှာ နေကြရပါလိမ့်မယ်။ မောင်လူပေတို့ရဲ့ ဆန်ဖရန်စစ္စကိုကတော့ မိုးကုတ်စက်ဝိုင်းပေါ်က နေရောင်ချည်ကို ဆယ်နာရီလောက် ရရှိပါတယ်။
ဆောင်းရောက်တိုင်းမှာ နေမင်းကြီးက ခေါင်းပေါ်ကမသွားတော့ပဲ မိုးကုတ်စက်ဝိုင်းအတိုင်းသာ စွေစွေလေးသွားတတ်တဲ့အတွက် ဥရောပမြောက်ပိုင်းနဲ့ အမေရိကားမြောက်ပိုင်းကို ရောက်ခါစလူတွေအတွက် အထူးအဆန်းဖြစ်တတ်ပါတယ်။ တိမ်းစောင်းနေတဲ့ကမ္ဘာကြီးရဲ့ သက်သေတစ်ခုပေါ့။
ဒီညနဲ့ မနက်ဖြန်ညတွေမှာ ကြယ်မိုးရွာတာလည်း မြင်တွေ့ရပါဦးမယ်လို့ ဆိုကြပါကြောင်း။

ဒေါ်လာသန်းတစ်ရာ မင်္ဂလာ
အာရှအချမ်းသာဆုံးသူဌေးကြီးရဲ့ သမီးမင်္ဂလာဆောင်
အာရှတိုက်ရဲ့အချမ်းသာဆုံးသူဌေးကြီးဆိုတော့ တရုတ်ပြည်ရဲ့အလီဘာဘာပိုင်ရှင်ကြီး ဂျက်မာကို ပြေးမြင်ကြရင် မှားပါတယ်လို့သာ ပြောပါရစေ။
Crazy Rich Asian ဆိုတဲ့ ရုပ်ရှင်ကားထဲက စကာင်္ပူတရုတ်သူဌေးတွေ ရူးသွားလောက်စေမဲ့ ရာစုနှစ်ရဲ့မင်္ဂလာပွဲလို့ဆိုနိုင်တဲ့ပွဲကြီး ဆင်နွဲဖို့ အိန္ဒိယနိုင်ငံမှာ စီစဉ်နေပါတယ်။
ဂျက်မာဆီက အာရှရဲ့အချမ်းသာဆုံးသူဌေးဘွဲ့ကို မကြာခင်က လွှဲပြောင်းယူသွားတဲ့ ရေနံနဲ့ဆက်သွယ်ရေးလုပ်ငန်းသူဌေးကြီး မူရှကစ် အန်ဘာနီ ( Mukesh Ambani) ရဲ့သမီး အီရှာ( Isha) နဲ့ ဘီလီယံနာသူဌေးကြီး အေဂျေ ပီရမယ် (Ajay Piramal) ရဲ့သား အနပ်(Anand) တို့ လာမဲ့ဗုဒ္ဓဟူးနေ့မှာ မင်္ဂလာပွဲဆင်နွှဲကြမယ်။ တစ်ပတ်ကြာမဲ့မင်္ဂလာပွဲအတွက် ကုန်ကြငွေက ဒေါ်လာသန်းတစ်ရာလောက် ကုန်ကြမယ်လို့ ခန့်မှန်းကြတယ်။
အကြိုမင်္ဂလာပွဲကို အိန္ဒိယအလယ်ပိုင်းက အူဒီပါ (Udipur) မှာ ဆင်နွှဲနေပြီး အမေရိကန်ပေါ့စတား ဘီယွန်ဆေး (Beyoncé)၊ အိန္ဒိယ ဘောလိဝုဒ်မင်းသား ရှရွတ်ခန်း ( Shah Rukh Khan)၊ အမေရိကန်သမ္မတကတော်ဟောင်း ဟယ်လာရီကလင်တန် (Hilary Clinton ) စတဲ့ နာမည်ကျော်တွေများစွာ လာရောက်နေကြတယ်။ ဧည့်သည်တွေများလွန်းလို့ အနီးက ကြယ်ငါးပွင့်အဆင့်ဟော်တယ်ငါးလုံးကို ပုတ်ပြတ်နဲ့ ငှားထားပြီးဖြစ်သလို လေယာဉ်အခေါက်ရေ ရာနဲ့ချီပြီး ဧည့်သည်တွေကိုပို့ဆောင်ဖို့ ငှားထားရပါသတဲ့။
အူဒီပါမြို့သား လူငါးထောင့်တစ်ရာအထိကို တစ်ရက်ထမင်းသုံးနပ်နှုန်းနဲ့ လေးရက်တိတိကျွေးမွေးဧည့်ခံဖို့ လုံလောက်အောင် လှူဒါန်းထားသလို ဈေးကြီးတစ်ခုလုံးကို အပြတ်ငှားလိုက်ပြီး အိန္ဒိယရဲ့ နာမည်ကျော်ပန်းချီကားပေါင်း တစ်ရာ့ရှစ်ကား၊ ဒေသက နာမည်ကျော်အနုပညာရှင်တွေရဲ့ လက်ရာမြောက် အနုပညာပြကွက်ပေါင်းများစွာနဲ့ အလှဆင်ထားစေတယ်။
တကယ့်မင်္ဂလာဆောင်ကြီးကတော့ ဘုံဘေမြို့ ( Mumbai ) မှာရှိတဲ့ အထပ်ပေါင်း(၂၇)ထပ်ရှိ စံအိမ်တော်ကြီးမှာ ကျင်းပကြလိမ့်မယ်။
Reliance Industries Ltd ကုမ္ပဏီအုပ်စုကြီးရဲ့ဥက္ကဌ(Chairman) ဖြစ်တဲ့ မူရှကစ်ဟာ ဒီနှစ်ထဲမှာပဲ အာရှရဲ့အချမ်းသာဆုံးဘွဲ့ကို ဂျက်မာဆီက လွှဲပြောင်းရယူခဲ့သူဖြစ်တယ်။ ဂျက်မာကတော့ တရုတ်နဲ့အမေရိကန်ရဲ့ ကုန်သွယ်ရေးစစ်ပွဲကြောင့် တရုတ်စတော့တွေ ထိုးကျပြီးနောက်မှာ ဒုတိယနဲ့ နှစ်သိမ့်လိုက်ရတယ်။
မင်္ဂလာဆောင်အပြီးမှာတော့ မင်္ဂလာစုံတွဲက ဘုံဘေမှာရှိတဲ့ ဒေါ်လာ(၆၄)သန်းတန်ဖိုးရှိတဲ့ စိန်နန်းတော်ကြီးကိုပြောင်းရွှေ့နေထိုင်ကြမှာ ဖြစ်တယ်လို့ နီးစပ်သူတစ်ဦးက ပြောပြပါသတဲ့။
ဒေါ်လာသန်းတစ်ရာဆိုတာ မြန်မာငွေနဲ့ဆိုရင် သိန်းပေါင်း တစ်သန်းခွဲကျော်ကျော် ခန့်ရှိတာမို့ ဂဏန်းနဲ့ရေးရင် သုံညတွေပလူပျံနေမှာလေ၊ မရေးတော့ပါဘူး။ ဒီလိုမင်္ဂလာမျိုး ဘယ်သူဆောင်ချင်သလဲလို့သာ မေးဖို့ရှိပါတယ်။ မြန်မာပြည်က တိုင်ကွန်းတွေခဏထားဦး။ အမေရိကားက တိုင်ကွန်းတွေတောင် ဒီလောက်ပိုက်ဆံတွေကုန်အောင် မင်္ဂလာဆောင်ကြပါ့မလားရယ်လို့သာ တွေးမိပါကြောင်း။
ဘယ်သူပြောလဲ။ အာရှသားတွေ ဆင်းရဲတယ်လို့စ်။
ချစ်တဲ့
မောင်လူပေ
ကိုးကား
https://www.google.com/amp/s/amp.scmp.com/lifestyle/article/2177356/crazy-rich-asian-wedding-india-abuzz-over-marriage-could-be-among-most

Subscribe to:
Posts (Atom)