တွေးမိတွေးရာ ရေးမိရေးရာ
လွတ်လပ်ရေးနေ့ဆိုတော့ လွတ်လပ်တဲ့နေ့။ သူ့ကျွန်ခေတ်မှ လွတ်မြောက်ခဲ့သတဲ့။ မမွေးသေးတဲ့ခေတ်မို့ မမှီလိုက်။ သိမှီသူတွေပြောတာ ကြားဖူးသမျှကတော့ သူ့ကျွန်ခေတ်က ငွေတန်ဖိုးရှိတယ်။ စည်းကမ်းကြီးတယ်။ ငွေတစ်ပဲလောက်ရှိရင် ထမင်းတစ်ပွဲစားလို့ရတယ်၊ ရွှေတစ်ကျပ်သားကို ငွေကျပ်ငါးဆယ်။ ရုံးကပြာတာမိန်းမတောင် ရွှေတွဲလွဲနဲ့ဟူ၏။
သူ့ကျွန်ခေတ်ပြီးတော့ ပါလီမန်ဒီမိုကရေစီခေတ်တဲ့။ ဒါလည်း မမှီခဲ့။ အမေတို့ပြောတာ ကြားဖူးသလောက်သာရှိ၏။ ငွေတန်ဖိုးရှိဆဲ။ ရွှေတစ်ကျပ်သားကို ကျပ်တစ်ရာကျော်။ ထမင်းတစ်ပွဲ ဆယ်ပြားလောက်။ မြန်မာ့စီးပွားရေးက အလွန်ကောင်းခဲ့သဖြင့် ပြည်တွင်းစက်မှု ထုတ်ကုန်တွေကို နိုင်ငံခြားသို့ပို့ရသည့်ခေတ်။ စတိုးဆိုင်ကြီးတွေ ဟီးထသည့်ခေတ်။စည်းကမ်းရှိဆဲ။ ပြာတာမိန်းမလည်း ရွှေတွဲလဲပါပဲတဲ့။ ကမ္ဘာမှာမြန်မာဟု ရင်မော့နိုင်ခဲ့သည့်ခေတ်မို့ စကာင်္ပူကပင် လာရောက်ကာ အတုယူရသည့်ခေတ်တဲ့။
ကိုယ်သိမှီခဲ့တဲ့ခေတ်ကတော့ ဗိုလ်ချုပ်ကြီးနေဝင်းနှင့် ဗိုလ်ချုပ်များဦးဆောင်သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ တစ်ပါတီအာဏာရှင်ခေတ်ဖြစ်နေပြီ။ ကျောင်းစာထဲမှာတော့ တိုင်းပြည်ချောက်ထဲကျခါနီး တစ်လက်မအလိုမှာ ကယ်တင်ခဲ့သည်တဲ့။ ကယ်တင်တာနဲ့ တွန်းချတာ မှားရေးမိသည်လားတော့မသိ။ အစစအရာရာရှားပါး။စည်းကမ်းလည်းပျက်စပြု။ ထမင်းတစ်ပွဲလေးငါးကျပ်။ ရွှေတစ်ကျပ်သား ငါးထောင်ကျော်၊ ဝန်ထမ်းလစာက သိပ်မတက်လာတော့ ပြာတာမိန်းမ အကြွေးပတ်လည်ဝိုင်းတဲ့ခေတ်။ ဖွံ့ဖြိုးမှုအနည်းဆုံးတိုင်းပြည်ဘဝ ကျရောက်။
သည်မှတဖန် ဗိုလ်ချုပ်ကြီးများ၏ စစ်အာဏာရှင် နဝတ၊ နအဖခေတ်။ ရက်စက်မှုအပေါင်းအကျင့်ပျက်မှုအပေါင်း သရဖူဆောင်း။ မြန်မာဆိုတာကမ္ဘာမှာ နာမည်ဆိုးနှင့်ကျော်ကြားသည့်ခေတ်။ အကြောင်းစုံဖြင့် သန်းချီသောမြန်မာတွေ တပါးပြည်မှာ အလုပ်သွားလုပ်ကြရသည့်ခေတ်။ အများစု ဒုက္ခပင်လယ်ဝေနေချိန်မှာ လူနည်းစုအကျင့်ပျက်သူများက နိုင်ငံတော်သူဌေးဘဝ ချမ်းသာကြသည့်ခေတ်။ ထမင်းတစ်ပွဲထောင်ကျော်၊ ရွှေတစ်ကျပ်သား သိန်းကျော်။ ထားစရာမရှိသူနှင့် စားစရာမရှိသူ လူတန်းစားနှစ်ရပ်ခေတ်။
အခုကြတော့ သုံးမတ်သားဒီမိုခေတ်။ အစိုးရနှစ်ရပ်။ ရင်ကြားစေ့။ ငြိမ်းချမ်းရေး။ တိုင်ကွန်း။ အစစသူ့လက်ထဲမှာမို့ အရပ်သားအစိုးရလည်း လှုပ်လိုက် မြုတ်လိုက်။ နိုင်ငံတကာမှာ မြန်မာ့ပုံရိပ်လည်း အောက်ဆုံးရောက်။
သူ့ကျွန်ခေတ်ကနေ ကိုယ့်ကျွန်ဖြစ်ခဲ့ရသဖြင့် လွတ်လပ်ရေးယူမိတာမှားတယ်ဟု သွားလေသူ ဝန်ကြီးချုပ်ဟောင်းဦးနုက ပြောဖူးသတဲ့။ သူပြောတာမှန်လား၊ မှားလား။ စဉ်းစားသင့်ပါသည်။ သူ့ကျွန်ဘဝမှတော့ လွတ်မြောက်ခဲ့ပါ၏။ သို့သော်....။
No comments:
Post a Comment