ကမ္ဘာ့မြောက်ခြမ်းမှာ ဆောင်းရာသီကို ဒီနေ့မှာ တရားဝင်ရောက်တယ်။ မြောက်ဖက်ဒေသရဲ့ ဆောင်းရာသီ ပထမဆုံးရက်ကို နေ့တာအတိုဆုံး၊ တနည်းအားဖြင့် ညတာအရှည်ဆုံး နေ့နဲ့ သတ်မှတ်တာမို့ winter solstice လို့ခေါ်ပါတယ်။ တိုက်ဆိုင်စွာပဲ မနက်ဖြန်က လပြည့်ည။ ဆောင်းရဲ့အစ ဒီဇင်ဘာလပြည့်ဝန်းကြီးကိုလည်း Cold Moon လို့ ခေါ်ကြသေးတယ်။
ကမ္ဘာကြီးက ၂၃ ၁/၂ ဒီဂရီတိမ်းစောင်းတဲ့အတွက် နေရောင်ခြည်ဟာ မြောက်ဖက်ကိုရောက်ဖို့ ပိုဝေးသွားတယ်။ ဒါကြောင့် နေ့တာတိုသွားရတာပဲ။ မြောက်ဖက်ရောက်လေ နေ့တာတိုလေမို့ အလတ်စကာပြည်နယ်မြို့အချို့နဲ့ နော်ဝေနိုင်ငံ အော်စလိုမြို့တွေမှာ နေရောင်ကို လေးနာရီခွဲလောက်ပဲမြင်ရကြမယ်။ အာတိတ်စက်ဝိုင်းအတွင်းဆိုရင်တော့ နေရောင်မရောက်နိုင်တော့လို့ တစ်လတာမျှ အမှောင်ကမ္ဘာထဲမှာ နေကြရပါလိမ့်မယ်။ မောင်လူပေတို့ရဲ့ ဆန်ဖရန်စစ္စကိုကတော့ မိုးကုတ်စက်ဝိုင်းပေါ်က နေရောင်ချည်ကို ဆယ်နာရီလောက် ရရှိပါတယ်။
ဆောင်းရောက်တိုင်းမှာ နေမင်းကြီးက ခေါင်းပေါ်ကမသွားတော့ပဲ မိုးကုတ်စက်ဝိုင်းအတိုင်းသာ စွေစွေလေးသွားတတ်တဲ့အတွက် ဥရောပမြောက်ပိုင်းနဲ့ အမေရိကားမြောက်ပိုင်းကို ရောက်ခါစလူတွေအတွက် အထူးအဆန်းဖြစ်တတ်ပါတယ်။ တိမ်းစောင်းနေတဲ့ကမ္ဘာကြီးရဲ့ သက်သေတစ်ခုပေါ့။
ဒီညနဲ့ မနက်ဖြန်ညတွေမှာ ကြယ်မိုးရွာတာလည်း မြင်တွေ့ရပါဦးမယ်လို့ ဆိုကြပါကြောင်း။
No comments:
Post a Comment