Saturday, December 7, 2013
ဘဘကြီးရဲ့  အကြံပြုစာ
ဘနှစ်လုံးရှင် ဘဘကြီး၏ အကြံပြုချက်
မြန်မာနိုင်ငံ အတွင်း အကြမ်းဖက်မှုများကြောင့် အသက်ဆုံးရှုံးခဲ့ကြသော ရဟန်းရှင်လူ ပြည်သူလူထု များ အတွက် လည်းကောင်း ၊
မလေးရှားနိုင်ငံ အတွင်း အကြမ်းဖက်မှုများကြောင့် အသက်ဆုံးရှုံးခဲ့ကြသော မြန်မာနိုင်ငံသားများ အတွက် လည်းကောင်း ၊
အထူး ဝမ်းနည်း ကျေကွဲမိပါသည် ။
မြန်မာပြည်တွင် ပြသနာပေါင်း သောင်းခြောက်ထောင်နှင့် အတိဒုက္ခ မျိုးစုံ ရောက်နေကြသော ပြည်သူအများစုကြီး ကို မျက်ကွယ်ပြု၍
ကိုယ်ထင်ရာစိုင်းကာ အမျိုးသားရေး ၊ ဘာသာရေးတို့  ကိုပါ အိုးမဲသုတ်နေသော ၊ ပြည်တွင်းရှိ အစွန်းရောက် လူတစ်စုကိုလည်း
ပြင်းထန်စွာ ရှုတ်ချ အပ်ပါသည် ။
ဖွဘုတ်ပေါ်တွင် ဖွကောင်းတိုင်းဖွ နေကြသော အကောင့်တု ၊ ပရိုဖိုင်းပုံတု မျိုးစုံဖြင့် မိမိမည်သူဆိုသည်ကို လူသိမခံရဲသည့် လူများနှင့်
၎င်းတို့  ဖွသမျှ လိုက်ရှယ်ပေးနေကြသော ဦးဦး ၊ ဒေါ်ဒေါ် ၊ ကိုကို ၊ မမများအနေဖြင့်လည်း ဖွနေခြင်းဖြင့် မိမိတို့ ၏ မျိုးချစ်အချိန်များ
ဖြုံးတည်းနေမည့် အစား မှီရာ ကား ၊ ရထား ၊ လေယာဉ်တို့ ဖြင့် မလေးရှားသို့  အမြန်လိုက်ပါ၍ ရိုးရာ ဝတ်စုံ ၊ ရိုးရာလက်နက်
( ဝါးရင်းတုတ် ၊ လေးခွ ၊ ဂျင်ဂလိ ၊ ဓါးမ စသည် ) တို့ စွဲကိုင်ကာ မိမိတို့ ၏ ဆန္ဒများကို ထုတ်ဖေါ်သင့်ပါကြောင်း အကြံပြုပါသည် ။
စစ်အစိုးရ အဆက်ဆက်နှင့် ပေါင်း၍ နိုင်ငံ၏ သစ်တော ၊ သယံဇာတမျိုးစုံကို
နည်းမျိုးစုံသုံးကာ ဘုံးကာ ချမ်းသာခဲ့ကြသော
နိုင်ငံတော် သူဌေးလက်သစ်များ အနေဖြင့်လည်း စားထားသမျှထဲမှ သွားကြားညှပ်ရုံ
သာသာလောက်ရှိမည့် လေယာဉ်လက်မှတ်ဖိုး
ဆိုသည်ကိုပေး၍ နာမည်ယူနေမည့် အစား အထက်ပါ ဖွကိုကိုတို့ ဖြင့် ပူးပေါင်း၍
အင်အား ဖြည့်တင်းသင့်ပါကြောင်း စေတနာကောင်းဖြင့် တိုက်တွန်းအပ်ပါသည် ။
ဘေးထိုင် ၊ ဘုပြော ၊ ဘနှစ်လုံးရှင် ဘဘကြီး
မလေးကရွှေတွေ ဒုက္ခရောက်နေချိန်တုန်းက ရေးမိတဲ့ post လေးပါ။
ဟာဂျူလီ(ကသာ)ရဲ့  ကာတွန်းလေးကို သုံးထားပါတယ်။
Monday, November 18, 2013
ငွေရတုသို့  လည်ပြန်အကြည့်
ငွေရတုသို့ ...လည်ပြန်အကြည့်
တချိန်တခါက
စွယ်တော်ရိပ်ခေါ်
တို့ ကျောင်းတော်မှာ
ဘဝတကွေ့ 
တို့ တွေဆုံတွေ့ ခဲ့ကြ ။
အမိကျောင်းတော်မဟာ
ပျော်ရွင်စွာစာသင်
ရင်ခုန်သံတွေထပ်တူ
တီစကွဲကိုင်
စတိုင်အပြည့်
နွေးအေး မှာ
မေတ္တာပေါင်းကူး မှာ
မော်လမြိုင် မှာ
ဂျီဟော နားမှာ
ရာဇူး အီကို မှာ
အတူသွားအတူလာ
ရွှေရောင်အိပ်မက် တွေ
အများကြီးမက်ခဲ့ကြ ။
အခုများတော့
ဘဝရေစီး စုန် ဆန် စီးရင်း
ခရီးပေါင်းစုံ အရာင်စုံနဲ့  ။
တချို့ ကတော့
ခရိုနီ ရေစီးမှာ
အလိုက်သင့်မျောပါလို့ 
ဘဏ်ဥက္ကဌ
ဆောက်လုပ်ရေးလုပ်ငန်းရှင်
စက်ရုံပိုင်ရှင်
စသည် စသည်
အဆင်ပြေစွာနဲ့ ။ 
တချို့ ကတော့
၈၈ေ၇စီးနဲ့ 
အင်းစိန်တောရ ဝင်
နယ်ခြားကိုပြောင်းလို့ 
ယုံကြည်ရာတွေ တည်ဆောက်နေဆဲ ။
တချို့ များတော့
မိဘလက်ငုတ်
ဆက်လက်လုပ်ကိုင်
ကုန်သည်ပွဲစား
မျိုးရိုးဂုဏ်တွေ ထိန်းနေဆဲ ။
တချို့ တွေလဲ
ရေထဲမှာပျော်
ကုန်းရေနှစ်ထွေ လှော်ခတ်
ဘဝတိုက်ပွဲ ရုန်းကန်ဆဲ ။
တချို့ ကြတော့
နိုင်ငံရပ်ခြား
တိုင်းတပါးမှာ
ရရာ အလုပ်
ဝင်ကာလုပ်ရင်း
ဝမ်းတထွာရေး ဖြေရှင်းနေကြ ။
တချို့ တော့လဲ
မရဏခရီး
စောစီးထွက်ခွာ
တို့ ကိုထားရစ်ခဲ့ကြ ။
ဘဝရေစီးနဲ့ 
တက်စုံ ရွက်စုံ
ဘက်စုံလှော်ခတ်ရင်း
ရွှေရတု အသက်နား
နီးခဲ့ကြပေါ့ ။
ဘာပဲဖြစ်ဖြစ်
ဟိုအရင်က
ခင်ခဲ့ကြ
ချစ်ခဲ့ကြ
ပျော်ခဲ့ကြတာတွေ
ပြန်ကာတွေးလို့ 
သူငယ်ချင်း အပေါင်း
ကျန်းမာစေကြောင်း
တောင်းဆုချွေရင်း
ဘဝတကွေ့ 
ခဏတွေ့ လဲ
မမေ့နိုင် သေးဘူး
သူငယ်ချင်းတို့ ရေ...။
မတ်လ ၂ ရက် ex-RIT 87/91 ပွဲကိုမတက်နိုင်လို့  ဒီကဗျာနဲ့ ပဲ နှူတ်ဆက်လိုက်ပါတယ်..မင်းတို့ အားလုံးကျန်းမာချမ်းသာကြပါစေ ။
မောင်လူပေ
အဝေးရပ် တနေ၇ာ
၂၆-၁-၂၀၁၃
 (ex-RIT 87/91 တွေ့ ဆုံပွဲ အတွက် ရေးဖြစ်ခဲ့တဲ့ ကဗျာလေးပါ။) 
Wednesday, October 30, 2013
မှန်ထဲကလူ
အမြဲမှန်အောင်ကြိုးစားရင်း
ခဏခဏမှားမှားနေတဲ့ငါ ။
အတ္တလေတံခွန်လဲမလွှင့်ခဲ့ပါဘူး
မာနတွေလဲ
ခဝါဆိုင်ကိုသွားရလွန်းလို့ 
အရောင်တွေတောင်လွင့်လို့ ။
တခါတခါ
ဘုကြတတ်တာကလွဲရင်
ဘုံဆိုင်မှာလဲ မထိုင်
ပချုပ်ဆိုင်ဆို ဝေးဝေးရှောင်
နှစ်လုံးသုံးလုံး မလုပ်
ဘောပွဲ မလောင်း
အဘ တွေနဲ့ လဲ မပေါင်းတတ်
မငတ်ယုံ နေထိုင်မှူမှာ
ပျော်မွေ့ တတ်သူ ။
အလန်းလေးတွေအတွက်
စပွန်ဆာဖိုးမရှိ၊
စီးစရာလဲ
လင်ခရူဆာမရှိ၊
အများငေးကြည့် ရမဲ့
တိုက်ကြီးကြီးမရှိ၊
မရှိမဲ့ရှိမဲ့
သိက္ခာလေးကိုဖုန်သုတ်ရင်း
ကြည်နူးနေတတ်သူ ။
လူဂုဏ်တန် လို့ 
အခေါ်မခံရပေမဲ့
မုဒိတာကို ရင်ထဲထည့် 
ရင်ဘတ်ချင်းတူသူတွေနဲ့ ပျော်
မှားတာတွေပြန်ပြင်
ကိုယ့်လိပ်ပြာ ကိုယ်လုံလို့ 
လွတ်လပ်စွာနေထိုင်ရင်း
ကမ္ဘာမြေတနေရာမှာ
ပျော်ရွှင်စွာခေါင်းချချင်ပါတယ် ။
၅-၁-၂၀၁၃
တခုသော အကြွေး သင်္ကြန်မှာ
   လွန်ခဲ့သော ၄၈ နှစ် ခန့် က သင်္ကြန်အကြိုနေ့ မှာ မောင်လူပေ လူ့ လောကထဲကို အလည်လာခဲ့ပါတယ် ။ သင်္ကြန်နဲ့ အတူ မွေးခဲ့တဲ့သူ မို့ လားတော့မသိ ၊ သင်္ကြန်အသံကြားရင် ခုတိုင် မရိုးမရွနဲ့ ပိုးထချင်ပါသေးတယ် ။ တချိန်ထဲမှာပဲ ငယ်စဉ်က သင်္ကြန်ပိုးထခဲ့မိလို့ အကြွေးပတ်လည်ဝိုင်းခဲ့ရတဲ့ အဖြစ်ကိုလဲ ရှက်ရှက်နဲ့ ပြန်လည်အမှတ်ရမိပါတယ် ။
    အဖြစ်ကဒီလိုပါ ။ မောင်လူပေ တက္ကသိုလ် ကျောင်းသားဘဝမှာ ဝါသနာတူသူငယ်ချင်းများနဲ့ သင်္ကြန်ရေပက်မဏ္ဍပ်တခုဆောက်ဖို့ တိုင်ပင်ကြပါတယ် ။ မောင်လူပေတို့ မြို့ က မြို့ ငယ်လေးမို့ ရေပက်မဏ္ဍပ်ကောင်းကောင်း မရှိပါဘူး ။ ရန်ကုန်ပြန် မောင်လူပေတို့ ကလဲ ရန်ကုန်ကအကောင်းစား မဏ္ဍပ်တွေ မြင်ခဲ့ပြီးပိုးထနေတာမို့  မဏ္ဍပ် ကြီးကြီး လုပ်ချင်ပါတယ် ။
    မဏ္ဍပ်နဲ့ အတူလဲ ယိမ်းအကတွေ သံချပ်အဖွဲ့ တွေ လုပ်ချင်ပါသေးတယ် ။ ပထမဆုံးနှစ်မှာ အကုန်လုပ်ချင်ခဲ့တဲ့ မောင်လူပေနဲ့ သူငယ်ချင်းများကတော့ (ကန်တော့ပါရဲ့ ) ဖင်မနိုင်ပဲ ပဲဟင်းစား မိသူတွေလို အလုပ်ပေါင်းစုံနဲ့ ဒုက္ခတွေ့ ကြတော့တာပေါ့ ။ ယိမ်းအဖွဲ့ က မိန်းကလေးတွေ အကတိုက်နေချိန်မှာ မောင်လူပေတို့ သူငယ်ချင်းများ ကတော့ သံချပ် မတိုက်နိုင်သေးပဲ ဟိုလူ့ ဆီပြေး အကူအညီတောင်းလိုက် ဒီလူ့ ဆီပြေး ငွေချေးလိုက်လုပ်ကြရပါတယ် ။
    ဂျီတီအိုင် ကျောင်းအုပ်ကြီးလဲ မနေရ ၊ ပန်းချီဆရာလဲမအားရ ၊ တွင်ခုံပိုင်ရှင်လဲ မနားရပေါ့ ။ တွင်ခုံပိုင်ရှင်ကို အားမနာပါးမနာနဲ့ သံ ပိုက်ချောင်းတွေဖြတ်တောက် ဂဟေဆော်တဲ့အလုပ်ကို စရံမပါ အသပြာနတ္ထိနဲ့ အပ်ပါတယ် ။သူ့ ခမျာလဲ သူ့ အလုပ်တွေ မလုပ်နိုင်ပဲ ကူရှာပါတယ် ။ သင်္ကြန်နီးတဲ့ထိ မပြီးလို့  မောင်လူပေ တို့ ကိုယ်တိုင်မတောက်တခေါက်နဲ့ ဂဟေဆော်ကြရပါတယ်။
ဂဟေသားဗြုတ်ထနေတာတွေ မသိချင်ရောင်ဆောင်ပြီး ရေလုံတယ်ရပြီ လုပ်ရတော့တာပေါ့ ။
    စင်ဆောက်ဖို့ က ဂျီတီအိုင်ကျောင်းအုပ်ကြီး ဆီသွားပြီး ကျောင်းသုံးသစ်တွေကို သွားတောင်းပါတယ် ။ ကျောင်းအုပ်ကြီးကောင်းမှုနဲ့ သစ်တွေ အလကားရပေမဲ့ သစ်တိုက်ဖို့ ကားမရှိလို့ သူငယ်ချင်းကား အကြွေးငှားပြီး တိုက်ရပါတယ် ။ လက်သမားခ အကြွေးနဲ့ စင်ဆောက်ပါတယ် ။ မြို့ ပေါ်ကနာမည်ကျော် ပန်းချီဆရာက မောင်လူပေတို့ ကိုခင်လို့  ဆေးပဲဝယ်ပေး ငါအလကား ပုံရေးပေးမယ် လို့ ပြောရှာပါတယ် ။ မဏ္ဍပ်နေရာကလဲ သွားလေသူ ဗခမက တဦးရဲ့ မဟေသီပိုင် မြေကွက်လပ်ကို အလကားရပါတယ် ။ ရေကိုလဲ မြေကွက်ဘေး သူငယ်ချင်းအိမ်က လှုပါတယ်။ ရေစုပ်စက်ငှား ရေပိုက်တွေဆင်ပြီး အစမ်းပက်ကြည့်တော့ အဆင်ပြေလို့ ဝမ်းသာရတာပေါ့ ။ ရေပက်မဲ့ပျိုမေများဆီက အစိတ် ( ၂၅ ကျပ် ) ဆီ ကောက်ပါတယ် ။
    ဒီလိုနဲ့ မောင်လူပေတို့ ရဲ့  တက္ကသီလာ လို့ အမည်ရတဲ့ ရေကစားမဏ္ဍပ်ကြီး နဲ့ ယိမ်းအကအဖွဲ့ ၊ သံချပ်အဖွဲ့ တို့ သင်္ကြန်နဲ့ အတူ မွေးဖွားလာခဲ့ပါတော့တယ် ။ ပြိုင်ပွဲတွေဝင်ပြီး ဆုတွေလဲ အများကြီးရပါတယ် ။ ငှားထားတဲ့ရေစုတ်စက်ပျက်သွားလို့ ၊ ရေကုန်သွားလို့ ရေပက်တာရပ်ရတာလေးတွေရှိပေမဲ့ အောင် မြင်တဲ့မဏ္ဍပ်တခု ဖြစ်ခဲ့ပါတယ် ။ သင်္ကြန်ပြီးမှ စိတ်ညစ်စရာတွေစတာပါ ။
    တွက်ရေးနဲ့ စက်သူဋ္ဌေးလုပ်ခဲ့တဲ့ မောင်လူပေတို့ တတွေ လဲ တကယ်ကြတော့ တွက်ကြည့်မှစက်မရှိဆိုသလိုဖြစ်ကြတာပါ ။ အလကား ခပ်များများနဲ့ ဆောက်ခဲ့တဲ့ မဏ္ဍပ်ဖိုးနဲ့ အထွေထွေ ကုန်ကြစရိတ်က ငါးထောင်ကျော်ကုန်ကြခဲ့ပြီး ပြန်ရတဲ့ငွေက တထောင်ပိုပိုလေးပဲရပါတယ် ။ ရေပက်ခငွေကလဲ မပေးတဲ့သူက ခပ်များများပါ ။ မပေး ရင်လာမပက်နဲ့ လို့ ပြောလို့ ကလဲ မကောင်း ။ ဆုကြေးကလဲ မပြောပလောက် နဲ့ မို့ ထင်သလောက်မရ ။ ဒီလိုနဲ့ သင်္ကြန် အပြီးမှာ မောင်လူပေတို့ သူငယ်ချင်းတသိုက်လဲ အကြွေးများနဲ့ ဝိုင်းနေသူတွေ ဖြစ်ကုန်ပါတော့တယ် ။
    ကိုယ့်ထမင်းကိုယ်စားပြီ ကြီးတော် ( ဂျီးတော် ) နွားကျောင်းတဲ့ကောင်တွေ ခံရတာနဲသေးလို့ ပြောတဲ့သူကပြော ၊ အကြွေးရှင်များကလဲ မင်းတို့ တွေ အကြွေးမဆပ်သေးဘူးလား သင်္ကြန်ပြီးတာကြာပြီနဲ့ ဝိုင်းတောင်းကြပါတယ် ။ မောင်လူပေ တို့  သူငယ်ချင်းများလဲ သက်ြန်ကြွေးများပြန်ဆပ်ရေးညီလာခံ အရေးပေါ် ခေါ် ပြီး အကြံထုတ်ရတာပေါ့ ။
ရတဲ့ အကြံကတော့ မြို့ ပေါ်ကစေတီတဆူကကွင်းပြင်မှာ လာကနေတဲ့ ဇတ်မင်းသား နန်းဝင်းကို အကူအညီ သွားတောင်းကြည့်ဖို့ ပါ ။ အကြွေးပတ်လည်ဝိုင်းနေတဲ့ မောင်လူပေတို့ ကို မင်းသားက သနားပြီး တစ်ည ကံထရိုက်ပေးပါတယ် ။ သူ့ ကို လေးထောင်ညကြေးပေး ပိုတာမင်းတို့ ယူတဲ့ ။
    ဒါနဲ့ ပဲ တက္ကသိုလ်ကျောင်းသား မောင်လူပေတို့ အဖွဲ့ လဲ ညတွင်းချင်း ဇာတ်ကံထရိုက်တွေ ဖြစ်ကုန်တော့တာပေါ့ ။ ရှေ့ဆုံးတန်း ဗွီအိုင်ပီ ဖျာနှစ်တန်းကို သုံးတန်းဖြစ်အောင် ဘယ်လိုနေရာခိုးခင်းရတယ် စသည်ဖြင့် ဇာတ်ကံထရိုက်ရဲ့ နေ့ ချင်းပြီး ပို့ ချမှုနာယူပြီး ဖျာတွေပိုထွက်လာအောင်ခင်း ၊ ကားငှားပြီး မြို့ ထဲလှည့် အော် ရတာပေါ့ ။ မင်းသားက သဘောကောင်းစွာနဲ့ ပြဇာတ် ၂ ထုတ် မိုးအလင်း ကပေးပါမယ်တဲ့ ။ မောင်လူပေ တို့ ကလဲ ပွဲလက်မှတ်တွေကို ကိုယ်သိတဲ့လူတွေ့ တိုင်းအတင်းရောင်းပါတယ် ။ သူတို့ လဲ အားနာပါးနာ နဲ့ ဝယ်ကြရတာပေါ့ ။ အဲဒီညမှာကံကောင်းစွာနဲ့ ရုံပြည့်ခဲ့လို့ ငွေ ကိုးထောင်ကျော် ရခဲ့ပါတယ် ။
    မင်းသားကိုညကြေးပေး ၊ စရိတ်နှိုတ်ပြီး ငွေလေးထောင်ကျော် မြတ်ခဲ့ ပါတယ် ။ တော်ပါသေးရဲ့ ။ ပေးရမဲ့ အကြွေးကလဲ လေးထောင်ကျော် ဆိုတော့ ကွက်တိပါပဲ ။ သင်္ကြန်ပြီးလို့ ၆ လ ကျော် မှပဲ အကြွေးကင်းသူဘဝနဲ့ ကောင်းကောင်းအိပ်ပျော်ပါတော့တယ် ။
    အဲဒီလို အကြွေး သင်္ကြန်ကို မောင်လူပေ နဲ့ အတူ ဖြတ်သန်းခဲ့တဲ့ သူငယ်ချင်းများကိုလဲ အမှတ်ရတဲ့အနေနဲ့ ဒီစာစုလေးကို ရေးမိပါတယ် ။ သက်ြန်ချစ်သူများ ရွှင်လန်းချမ်းမြေ့ကြပါစေ ။
( စာကြွင်း - မောင်လူပေတို့ သူငယ်ချင်းများ အကြွေးနဲ့ စခဲ့တဲ့ သင်္ကြန်မဏ္ဍပ်နဲ့  ယိမ်းအဖွဲ့ ၊ သံချပ် အဖွဲ့ တွေဟာ တနှစ်တခါ မဟာ သင်္ကြန် မှာ ပျော်ရွှင်စွာ နွှဲပျော် ခဲ့ကြရင်း နောက်ဆုံးတော့ စစ်တပ် အာဏာ သိမ်းပြီး တတိုင်းပြည်လုံး ငြိမ်ဝတ် ပိပြား သွားမှပဲ တစခမ်းရပ်သွားခဲ့ရကြောင်းပါ ။ )
မွေးရပ်နဲ့  သေရပ်
   မနှစ်က ဒီလထဲမှာ မောင်လူပေရဲ့ မိတ်ဆွေတဦး ကွယ်လွန်ခဲ့ပါတယ်။ သူက ဟိုပုန်းသား ပအို့ လူမျိုးပါ။ အရမ်းသဘောကောင်းပြီး ကူညီတတ်သူ၊ မိတ်ဆွေများပြီး ခင်မင်တတ်သူ၊ ကျမ်းမာရေးလဲ အရမ်းဂရုစိုက်တဲ့သူ၊ လူငယ်တဦးလို အမြဲ တက်ကြွနေတတ်သူပါ ။ အရက်မသောက် ကွမ်းမစား ဆေးလိပ်ရှောင် မိန်းမမလိုက်စား တဲ့သူက ရုတ်တရက်နေမကောင်းဖြစ်ရာက ကွယ်လွန်သွားခဲ့ပါတယ် ။ မွေးရပ်နဲ့ သေရပ်တထပ်တည်း မကျခဲ့တဲ့ သူ့ အကြောင်းစဉ်းစားရင်း လူတွေရဲ့ မွေးရပ်နဲ့ သေရပ်တွေ မတူကြတာ သတိထားမိလာပါတယ် ။
    မွေးရပ်မြေကို လူတိုင်းခင်တွယ်တာ သဘာဝပါ ။ မမေ့လဲ မမ့နိုင်ကြပါဘူး ။ အိပ်မက်ရင်တောင် ဒီငယ်ဘဝ အရပ်ဒေသကိုပဲ အများဆုံး မက်တတ်ကြပါတယ်တဲ့ ။ ဒါပေမဲ့ အခြေအနေ မပေးလို့  မွေးရပ်မြေနဲ့  ခွဲခွါပြီး တော်ရာမှာနေထိုင်ရင်း တော်ရာမှာပဲ သေကြရလို့ မွေးရပ်နဲ့ သေရပ် တထပ်တည်းမကျသူတွေ အတော်များမယ်ထင်ပါတယ် ။
မောင်လူပေက ကိုယ့်အဖိုးအဖွားတွေ အကြောင်း စပြီး စဉ်းစားပါတယ် ။ အဖေဘက်က အဖိုးက တရုတ်ပြည်မှာမွေးပြီး ရန်ကုန်မှာ ဆုံးတယ် ။ အဖွားက ဖျာပုံမှာမွေးပြီး ရန်ကုန်မှာခေါင်းချတယ် ။ အမေဖက်က အဖိုး (အဘကြီး)ကအောင်လံဇာတိ၊ ရန်ကုန်စစ်ဆေးရုံမှာ ကွယ်လွန်ခဲ့ ။ အဖွား (အမေကြီး)ကလဲ အောင်လံဇာတိ တောင်ငူမှာ ဆုံးပါးခဲ့ ။ သူတို့ အားလုံး မွေးရပ်နဲ့ သေရပ် ထပ်တူမကျခဲ့ ကြပါဘူး ။
    မောင်လူပေရဲ့ အဖေက ရန်ကုန်ဇာတိ၊ တောင်ငူမှာပျော်တဲ့ တောင်ငူသားတပိုင်း ပါ ။ နေမကောင်းဖြစ်ရာက ရန်ကုန်မှာဆေးကုရင်း ကွယ်လွန်ခဲ့လို့  မွေးရပ်နဲ့ သေရပ် တူခဲ့ပါတယ် ။ အောင်လံသူ အမေကတော့ တောင်ငူသားတပိုင်းလုပ်ရင်း တောင်ငူမှာပဲ ဆုံးခဲ့ရလို့ မွေးရပ်နဲ့ သေရပ် မတူခဲ့ရပါ ။
    မောင်လူပေ တောင်ငူသားစစ်စစ်လဲ ဇာတိမြေကို ခင်တွယ်ပေမဲ့ အခြေအနေ မပေးလို့  ဝေးနေရတဲ့ ငယ်ချစ်ဦးလို သဘောထားရင်း ရွက်ကျပင်ပေါက် လုပ်နေသူမို့  မွေးရပ်နဲ့ သေရပ် တထပ်တည်းမကျဖို့ သေချာလှပါတယ် ။ ဘာပဲဖြစ်ဖြစ် မွေးရပ်နဲ့ သေရပ် တထပ်တည်းမကျတောင် သေတတ်အောင်ပြင်ဆင်ရင်း " ရောက်တဲ့အရပ်မှာ ပျော်အောင်နေ၊ တွေ့ တဲ့သူနဲ့ သင့်အောင်ပေါင်း၊ ရှိတာလေးနဲ့ လှအောင်ဝတ်၊ ရတာလေးနဲ့ ဝအောင်စား၊ နေတတ်ရင် ကျေနပ်စရာချည်းပဲ ။ " ဆိုတဲ့ ဆောင်ပုဒ်လေးအတိုင်း နေထိုင်ရင်း ကံ ကံ၏ အကျိုးကို ယုံကြည်ကာ စေတနာကို ကံ ဟု ခံယူထားကြောင်းပါ ။
Eat, drink and be merry, for tomorrow we'll die.
၃-၅-၂၀၁၃
အမေ
အမေ..သို့ 
ငယ်စဉ်တောင်ကျေး
ခလေးဘဝ မှစ
လူဖြစ်အောင်မွေး
လုပ်ကျွေးခဲ့တဲ့ အမေ ။
အမေ့ဝမ်းထဲမှာ
ဆယ်လတာ ခိုလှုံ
အမေ့ နို့ ချို စို့ 
အမေကျွေးတဲ့ ထမင်းစားပြီး
သားကြီးပြင်းလာခဲ့ ။
နေမကောင်းဖြစ်တဲ့ အခါ
ဗမာဆေးက ကောင်းတယ်
တကယ်ရှင်းရှင်း ပျောက်အောင်
ဆရာမောင် ဆေးသောက်ရမယ် တဲ့
အမေတိုက်တဲ့ ဗမာဆေးနဲ့ 
သားနေပြန်ကောင်းခဲ့ ။
ရင်လူးဆေး များများ
ဘုရား တရား သံဃာ သုံးခေါက်
အထက်ကအောက် လိမ်းရသတဲ့
အမေ့လက်စွဲတော်
ဗမာဆေး အကျော်အမော်များနဲ့ 
ကျွန်တော် ဒေါင်ဒေါင်မြည်ခဲ့ ။
သူငယ်ချင်းများနဲ့  ပျော်ပါး
အိမ်အပြန်များ နောက်ကျတဲ့ခါ
အမေ့ မှာ မအိပ်နူိုင်
တမှိုင်မှိုင် စောင့်ရင်း
သားမပြန်လာမချင်း
ပြူတင်းဝက
ရင်တမမ နဲ့ စောင့်ခဲ့ရတဲ့ အမေ ။
သားသမီးများ အတွက်
အဖက်ဖက် ပြည့်စုံနိုင်ရေး
ဖြည့်ဆည်းပေးဖို့ ပဲ
အမြဲ စဉ်းစားခဲ့
အမေ့ အတွက်ဆို
မလိုပါဘူးကွယ်..တဲ့ ။
သားသမီးတွေ အတွက်ပဲ
အမြဲ စိတ်ပူတတ်လို့ 
ကိုယ့်အတွက် စိတ်ပူဖို့ မေ့ကာ
ကမ္ဘာလောက ကြီးက
စောစီးစွာ ထွက်ခွါသွားခဲ့တာလား ။
အမေ..ဟာ
တော်လေးဝ ဝင်မဝင် ဆိုတာ
သေချာ မသိပေမဲ့
သူ့ ရဲ့ သားသမီးတွေ အတွက်
အကောင်းဆုံးအမေ ဖြစ်ခဲ့တာ
အသေအချာပါ ။
အမေ့ ကိုယ်စား
အခြား အမေ များကို
ရသေ့ စိတ်ဖြေ
အမေ လို့ ခေါ် ရင်း
အမေ သီချင်းတွေနားထောင်
သားမောင် ငိုကြွေးနေခဲ့ ။
ဒီဘဝမှာ
အမေလို့ ခေါ်ခွင့်မသာတော့ပေမဲ့
နောင်ဘဝ တွေမှာလဲ
သားအမိ ဘဝနဲ့ ပဲ
အမေ..အမေ..လို့ 
ထပ်ခါ ထပ်ခါ ခေါ်ချင်ပါသေးတယ်
ကောင်းရာဘုံဘဝကနေ
သားတို့ ကိုစောင့်ရှောက်နိုင်ပါစေ..အမေ ။။
( အမေ ကွယ်လွန်ခြင်း ၁၅ နှစ်ပြည့်မှာ ရေးခဲ့တဲ့ စာစုလေးကို
ရင်ဘတ်ချင်းတူမဲ့ သူငယ်ချင်းများအတွက် မျှဝေ လိုက်ပါတယ်။ )
မေ ၁၂ မှာ ကျရောက်မဲ့ အမေနေ့  အမှတ်တရ... ကမ္ဘာပေါ်ရှိ အမေ အားလုံးအတွက်
တခါက ဆရာ ဒဂုန်တာရာ မွေးနေ့ ပွဲ
   မြန်မာပြည်ရဲ့ စာပေရတနာ တပါး လည်းဖြစ်၊ ခေတ်အဆက်ဆက် ပြည်သူ့ ဘက်က သာ ရပ်တည်ခဲ့တဲ့ ငြိမ်းချမ်းရေး စာဆိုလဲဖြစ်တဲ့ သက်တော်ရှည် စာရေးဆရာကြီး ဒဂုန်တာရာ ရဲ့ ( ၉၄ ) နှစ်ပြည့် မွေးနေ့ အချိန်
အခါ ကို ရောက်ရှိခဲ့ပြန်ပါပြီ ။ ဆရာကြီး ဒဂုန်တာရာ အသက်ရှည်၍ ကျန်းမာစေကြောင်း ဆုတောင်းစာ တွေလဲ အများကြီး ဖတ်ရပါတယ် ။ တချိန်တခါက မောင်လူပေတို့ လူငယ်တစု ဆရာ့ မွေးနေ့ လေးကို ကျွန်တော်တို့ 
တတ်နိုင်သမျှအားလေးနဲ့ ကျင်းပဖြစ်ခဲ့တာကိုလဲ ပြန်ပြောင်း အောင်းမေ့မိပါတယ် ။
    တိတိကျကျ ပြောရရင် ၁၉၈၉ ခုနှစ်ရဲ့ မေလ မှာပါ ။ ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံကြီး ရဲ့ အရှိန်နဲ့ 
နိုင်ငံရေးရေချိန် တွေ တက်နေတဲ့ မောင်လူပေတို့  လူငယ်တစု ဆရာ ဒဂုန်တာရာရဲ့ မွေးနေ့ ပွဲလေးလုပ်ဖို့ 
တိုင်ပင်ကြပါတယ် ။ ရန်ကုန် ၊ မန္တလေး စတဲ့ မြို့ တွေမှာ အရေးအခင်း ပြီးခါစမို့ ဆရာ့မွေးနေ့ ပွဲ မကျင်းပ
ဖြစ်ကြောင်း သိရလို့  ဒီလို အကြံရခဲ့တာပါ ။
    ဆရာ ဒဂုန်တာရာ ဆိုတာကလဲ လူငယ်တွေ ရင်ထဲမှာ အလွန်ချစ်မြတ်နိုးပြီး တလေးတစားနဲ့ တန်ဖိုးထား ရသူပါ ။ ပါတိတ်အဆင် ရှပ်လက်တို အမြဲလိုဝတ်တတ်တဲ့ ဆံပင်ရှည်ရှည် ပိန်ပိန်ပါးပါး မျက်မှန်ထူထူနဲ့ ဆရာ့ကို
တွေ့ ချင်လွန်းလို့ ရန်ကုန်ရောက်တိုင်း လို ဆရာရှိတတ်တဲ့ ၃၃ လမ်းက လေထန်ကုန်း ကိုလဲ သွားရတာအမောပါ ။ ဆရာကလဲ လူငယ်တိုင်းကို တလေးတစားနဲ့ ခင်ဗျား ၊ ကျွန်တော် သုံးပြီး ဆက်ဆံတတ်သူမို့  လူငယ်များရဲ့ ချစ်ခင်မှု အပြည့်ရသူပါ ။ ဒါကြောင့်လဲ ဆရာ့မွေးနေ့ ကျင်းပဖို့ အားလုံးက
သဘောတူခဲ့ကြပါတယ် ။ မွေးနေ့ ပွဲကျင်းပမဲ့ နေရာကတော့ စာပေဝိုင်းနေရာလေး တခု မှာပေါ့ ။ 
    မောင်လူပေတို့ က အလင်းသစ် စာပေဝိုင်း လို့ အမည်ပေးထားတဲ့ စာကြည့်တိုက်မကျ ၊ စာအုပ် အငှားဆိုင်
မက အသစ်စက်စက် နေရာလေးတခု တည်ထောင်ပြီးစ အချိန်လေးပါ ။ စာကြည့်တိုက် မကျ ဆိုတာက စာကြည့်တိုက်လို့ နာမည်တတ်ခွင့် မရှိတာရယ် ၊ ကိုယ်တိုင်ကလဲ စာကြည့်တိုက် ပညာ မကျွမ်းကျင် သူတွေမို့ 
ကက်သလောက် ( catalog ) တွေ ဘာတွေနဲ့ အစီအစဉ် တကျ တည်ထောင်နိုင်ခဲ့ချင်း မရှိခဲ့လို့ ပါ ။
အငှားဆိုင် မက ဆိုတာကတော့ စဖွင့်ထဲက စာကြည့်တိုက်လို ရည်ရွယ်ခဲ့တာမို့  ထိုင်ခုံတွေချပေးထားပြီး
ဆိုင်ထဲမှာ ကြိုက်သလောက် ဖတ်ခွင့် ပေးထားလို့ ပါ ။ စာအုပ်တွေ အလှုခံပြီး အုပ်ရေ နှစ်ထောင် ကျော်နဲ့ 
စခဲ့တဲ့ ဒီင်္ စာပေဝိုင်းလေးကျေးဇူးနဲ့ မောင်လူပေတို့ လူငယ်တွေ နေ့ တိုင်းလို စာပေအကြောင်းတွေ ဝိုင်းထိုင် ပြော
ဖြစ်ခဲ့ကြပါတယ် ။ ဇော် ( ပျဉ်းမနား ) ၊ မောင်သင်းပန် စတဲ့ နီးစပ်ရာ စာပေ သမားတွေလဲ လာအားပေးကြပါတယ် ။ 
    ဆရာ ဒဂုန်တာရာ မွေးနေ့ ပွဲ အတွက် ရန်ကုန်က ဆရာများ ဖြစ်တဲ့ မောင်သာချို ၊ ဖြိုးထိန် နဲ့ စိုးမြင့်လတ် တို့ 
ကြွရောက်ခဲ့ပြီး ပရိတ်သတ် များဖိတ်ကြားကာ မွေးနေ့ ရှင်မပါ ၊ မွေးနေ့ ကိတ်မလှီးတဲ့ မွေးနေ့ ပွဲလေးကို
တောင်ငူမြို့ ရွှေဆံတော်ဘုရား တောင်ဖက်မုဒ် နားမှာရှိတဲ့ အမှတ် ၆ လမ်း ပေါ်က အလင်းသစ် စာပေဝိုင်း နေရာလေးမှာ ကျင်းပခဲ့ပါတယ် ။ တက်ရောက်ကြသူအားလုံးကို လက်ဖက်ရည် ၊ ကောက်ညှင်းပေါင်း နဲ့ 
ဧည့်ခံပါတယ် ။
ဆရာဖြိုးထိန် က ဆရာ ဒဂုန်တာရာ ပေးပို့ လိုက်တဲ့ မွေးနေ့ သဝဏ်လွှာကို ဆရာ့ကိုယ်စား ဖတ်ကြားပါတယ်။
ဆရာက သူကိုယ်တိုင် မလာနိုင်တဲ့အတွက် တောင်းပန်ကြောင်းနဲ့ သူ့ မွေနေ့ ပွဲကို အမှတ်တရ ကျင်းပပေးတဲ့အတွက် ဝမ်းသာကြောင်း ၊ စာပေဝိုင်းလေးလဲ တိုးတက်ပါစေကြောင်း စကားပါးပါတယ် ။ ရန်ကုန်ကနေ တကူးတက အချိန်ပေးပြီး ဆရာ့ မွေးနေ့ ပွဲ အတွက် လာရောက်ကြတဲ့ စာရေးဆရာများကလဲ
ဆရာ့ရဲ့ နိုင်ငံရေး သမိုင်းကြောင်း ၊ စာပေ သမိုင်းကြောင်း တွေ အားပါးတရ ဟောပြောကြပါတယ် ။ မောင်သာချိုဆိုရင်လဲ တက္ကသိုလ်က ဆရာပီပီ ဆရာဒဂုန်တာရာရဲ့  တက္ကသိုလ် ကျောင်းသားဘဝ နိုင်ငံရေးလှုပ်ရှားမှုတွေကို ’ ကိုနု ၊ ကိုအောင်ဆန်း ’ စတဲ့ ကျောင်းသားခေါင်းဆောင် များရဲ့ သမဂ္ဂ လှုပ်ရှားမှုများနဲ့  ရောပြီး ပုံဖေါ်ဟောပြောခဲ့တာ ကြက်သီးမွေးညှင်းများတောင် ထမိပါရဲ့ ။ 
    ဆရာ့ရဲ့ မွေးနေ့ အတွက် ရည်စူးပြီး ရေးစပ်ထားတဲ့ ကဗျာတွေလဲ ဖတ်ကြပါသေးတယ် ။ အဲဒီတုန်းက
အနုပညာ သည် အနုပညာ အတွက် ( Art for art’s sake ) နဲ့  အနုပညာ သည် ပြည်သူ့ အတွက်
( Art for people’s sake ) ဆိုတဲ့ အယူအဆ နှစ်ခု အားပြိုင်နေချိန်ပါ ။ ဒါပေမဲ့ ဘယ်သူကမှ အဲဒီ အကြောင်း
မပြောခဲ့ကြပါဘူး ။ ဆရာရေးတဲ့ စာအုပ်တွေဖြစ်တဲ့ ‘ မေ ‘ တို့ ၊ ‘ ကြာပန်းရေစင် ‘ တို့ ၊ ‘ တို့ ခေတ်သို့  ရောက်ရမည် မှာ မလွဲပါ ‘ တို့ စတဲ့ အကြာင်းတွေပဲ ပြောဖြစ်ခဲ့ပါတယ် ။ နေ့ လည် နှစ် နာရီ ကျော်မှာ စတင်ခဲ့တဲ့
ဆရာ့မွေးနေ့ ပွဲလေးဟာ ဆရာ အသက်ရာကျော်ရှည်ပါစေကြောင်း ဆုတောင်းပြီး အဆုံးသတ်ချိန် မှာတော့
ည ၆ နာရီစွန်းခဲ့ပါပြီ ။
    နောက်လထုတ် မဂ္ဂဇင်း တချို့ မှာ တော့ ‘ တောင်ငူမြို့ ရဲ့ အလင်းသစ် စာပေဝိုင်း လေးမှာ ဆရာကြီး ဒဂုဏ်တာရာရဲ့ အသက် ( ၇၀ ) ပြည့် မွေးနေ့ ပွဲလေး ကျင်းပခဲ့ကြောင်း ’ သတင်းတိုလေး တခု မထင်မရှား
ပါလာခဲ့ပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် မောင်လူပေတို့ လူငယ်တစုကတော့ အဲဒီအချိန်က ဘယ်မှာမှ မကျင်းပ
ဖြစ်ခဲ့တဲ့ ဆရာ့ရဲ့ မွေးနေ့ ပွဲလေးကို စီကားစွာ ကျင်းပနိုင်ခဲ့တဲ့ အတွက် ယနေ့  လူကြီးများဖြစ်ခဲ့သည့်တိုင်
အမှတ်တရရှိနေဆဲပါ ။ ဒီဆောင်းပါးလေးနဲ့ ပဲ ဆရာ့မွေးနေ့ ကိုဂုဏ်ပြုလိုက်ပါတယ် ။ သက်တော်ရှည် ဆရာကြီး
ဒဂုဏ်တာရာ ကျန်းမာရေးကောင်းပြီး နိုင်ငံအကျိုး ကို အသက်ရာကျော်အထီ သည်ပိုးရွက်ဆောင်နိုင်ပါစေ ။
(ဆရာဒဂုန်တာရာ မကွယ်လွန်မီ ဆရာ့ရဲ့  မွေးနေ့ က ရေးခဲ့တဲ့ စာစုလေးပါ။)
ထောင်ချောက်
   တကယ်က အပ်ကြောင်းထပ်နေတဲ့ ဓါတ်ပြားဟောင်းကြီး ပြန်ဖွင့်ပြနေတာပါ။ ရွှေပြည်ကြီးမှာကလည်း ထစ်ကနဲဆို ဓါးဆွဲ၊တုတ်ဆွဲနဲ့ ဝိုင်းပြီး ဆွမ်းကြီးလောင်းချင်ကြတဲ့ သူတွေကလည်း အများသား။ လူမျိုးရေး၊ဘာသာရေး မုန်းတည်းမှု ဆိုတဲ့ လောင်စာက အသင့်ရှိပြီးသားဆိုတော့ အမျိုးသားရေးဆိုတဲ့မီးတုတ်နဲ့ တို့လိုက်တာနဲ့ တဟုန်းဟုန်း လောင်မြိုက်တော့တာပါပဲ။ မလောင်သေးတဲ့ နေရာမှာဆိုလည်း မီးလေးတွေ မငြိမ်းအောင် လေလေးတွေနဲ့လိုက်ပင့်ပေးပေါ့။
ဒီအဆင်လာတော့မယ်ဆိုတာလည်း စဉ်းစားတတ်တဲ့ လူအများစုက ခန့်မှန်းပြီးသားပါ။ သူတို့ကစားနေတဲ့ လုပ်ပွဲကြီးမှာ ဝင်ကစားရင် လူမိုက်ပဲ ဖြစ်မှာပေါ့။ ဒါပေမဲ့ ဆိုရေးရှိက ဆိုတတ်ရ၏ ဆိုတဲ့ စကားအတိုင်း နည်းနည်းတော့ ပြောချင်ပါတယ်။
   အာဏာရှင်နိုင်ငံ တခုကနေ ပြောင်းလဲဖို့ ကြိုးစားခဲ့တဲ့ နိုင်ငံတိုင်း ဒီလိုပဲ တွေ့ ကြုံရလေ့ရှိပါတယ်။ အာဏာရှင်စနစ်ကြောင့် အဆမတန် ကြီးပွားလာခဲ့သူများပီပီ ဒီစနစ်ဆိုးကို ပြန်ပြီးအသက်သွင်းဖို့ ကြိုးစားနေကြတာပါ။ နိုင်ငံကို စနစ်တကျဖျက်ဆီးခဲ့ကြတာလည်း ဒီလူတွေပါပဲ။ လူအများစုကို သူတို့လို မျက်ကန်းမျိုးချစ်တွေဖြစ်အောင် လုပ်ထားနိုင်ခဲ့ကြပြီလို့ ထင်နေတာပါ။ ဒါပေမဲ့ မြန်မာပြည်သားအများစုက သူတို့ ဆင်ထားတဲ့ခွင်ထဲ ဝင်မလာခဲ့ကြပါ။ ပညာမဲ့အောင်လုပ်ထားနိုင်ပေမဲ့ အတွေးအခေါ်ညံ့အောင်တော့ လုပ်လို့မရခဲ့ပါဘူး။ ဒါကြောင့်လည်း တိုက်စစ်အားကိုဖြည့်တဲ့အနေနဲ့ တချိန်က ရဟန်းတုဆိုပြီး သူတို့ကိုယ်တိုင် ဖမ်းဆီးထောင်ချခဲ့တဲ့ရဟန်းတပါးကို ရှေ့တန်းမှာ တင်လာတာ ပေါ့။
သူတို့ရဲ့ ဦးတည်ချက်က ၂၀၁၅။ ပြီးခဲ့တဲ့ ကြားဖြတ်မှာ အပြတ်ရှုံးခဲ့တဲ့အတွက် တိုက်ကွက်ပြောင်းတယ်။ သူတို့လေသံပြောင်းတယ်။ ပြည် သူတို့ ဒီမိုကရေစီ တို့တွင်တွင်သုံးပြီး မဲဆွယ်ခဲ့ပေမဲ့ ဗိုလ်ချုပ်ကြီးဟောင်းများကြီးစိုးတဲ့ နေပြည်တော်လို နေရာမှာတောင် ရှုံးခဲ့တာမို့  အတော် လည်း တုန်လုပ်သွားခဲ့ကြတာပါ။
ဒါကြောင့်လည်း ချောင်ထိုးထားတဲ့ အမျိုးသားရေးဆိုတဲ့ ဓါတ်ပြားဟောင်းကြီး ပြန်ဖွင့်၊ အသုံးဝင်မယ်ထင်တဲ့သူတွေကိုစင်ပေါ်ပြန်တင်ပေးပြီး တိုက်စစ်ဆင်လာတာပါ။ အမျိုးသားရေး ဆိုတာကလည်း လှုံ့ ဆော်လို့ကောင်းနားထောင်ရလွယ်တဲ့ဟာမျိုးလေ။ ဒီမှာပဲ သူတို့ဆင်ထားတဲ့ ထောင်ချောက်ထဲ ဝင်လာတဲ့ လူတချို့ ကို အသုံးချပြီး ဆူပူမှုတွေဖန်တီး ပါတော့တယ်။ သူတို့ရဲ့ အမာခံ စွမ်းအားရှင်ဆိုတဲ့ လူမိုက်တွေကလည်း အဆင်သင့်ရှိပြီးသားဆိုတော့ ပြည်ဖျက်စီမံကိန်း စပါတော့တယ်။ နိုင်ငံရေးနဲ့ဘာသာရေးကို ရောသမမွှေဖို့ကြံစည်ကြပါတော့တယ်။
   မြို့ နယ်အချို့ မှာ ဖြစ်ပျက်ခဲ့တာတွေဟာ သူတို့လက်ရာတွေမှန်း ဘူးပေါ်သလို ပေါ်လာတော့မှကိုယ်ရှိန်သတ်လိုက်ကြပါတယ်။ သာသနာရဲ့  နာမည်ညိုးနွမ်းမှုကို ဝင်ရောက်ထိန်းသိမ်းဖို့ဝင်ရောက်လာတဲ့ ရဟန်းသံဃာများကို အသုံးချဖို့ကြိုးစားနေတာလည်း တွေ့ နေရပါတယ်။ သံဃာတွေကို သူတို့လိုရင်လိုသလို အသုံးချခဲ့တာ ကြာပြီမို့  အထာကလည်း နပ်ပြီးသား။ သံဃာတော်တွေထဲမှာလည်း အမျိုးသားရေး စိတ်ပြင်းထန်သူတွေက ရှိပြီးသား။ ဒါကြောင့်လည်း ဝံသာနု သံဃာတွေရဲ့ လှုပ်ရှားမှုတွေကို မသိမသာရော၊သိသိသာသာပါ မြှောက်ပေးနေ တာပါ။ ရွှေဝါရောင်တွေ ရှေ့တန်းတင်ပြီး ကစားကွက်ပြောင်းကြည့်တာပါ။
   ရလာဒ်ကတော့ အများသိပြီးကြတဲ့ အတိုင်းပါပဲ။ အေးချမ်းလှတဲ့ သာသနာလည်း အကြမ်းဖက် သမားတွေကြောင့် နာမည်ပျက်ရတာပဲ အဖတ်တင်ခဲ့ရပါပြီ။သူတို့ရဲ့ တချက်ခုတ် နှစ်ချက်ပြတ် လိုအပ်ချက်ဖြစ်တဲ့“အမျိုး၊ဘာသာ၊ သာသနာကို ကာကွယ်သူများ အမည်ခံပြီး လည်းဖြစ်၊ ပြည်သူများရဲ့ ညီညွတ်မှုကိုလည်း ဖြိုခွဲပြီးလည်းဖြစ် “ဆိုတာလည်း ပြည့်လုနီးပါးဖြစ်လာပါပြီ။ ယာလည်းညက်စေ၊ကြက် လည်းပမ်းစေ လွှတ်ပေးထားပြီးမှ ၂၀၁၅ မှာ ကယ်တင်ရှင်ဝင်လုပ်မယ် ပေါ့။သူတို့တွေတည်ဆောက်ချင်တဲ့ စည်းကမ်းပြည့်ဝသော ဒီမိုက ရေစီနိုင်ငံကြီးကို သူတို့စိတ်ကြိုက် လွတ်လပ်စွာတည်ဆောက်မည်ပေါ့။
   ဒါပေမဲ့ ပြည်သူအများနဲ့ သံဃာတော်အများစုက သူတို့ထင်သလို မညံ့ကြပါဘူး။ ပညာတတ် သံဃာတော်များ ကလည်း လူ့ အခွင့်အရေးကို ဖြောင့်ဖြောင့်ကြီးဆန့်ကျင်တဲ့ မည်သည့် ဥပဒေကိုမှ အားပေးထောက်ခံကြမည် မထင်ပါ။ ပြည်သူအများစုကလည်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး ကိုသာ လိုလားကြတာမို့  သူတို့ထောင်ချောက်ကိုရေရှည်မှာ ရှောင်ရှားနိုင်ကြမှာ မလွဲပါ။ အမှန်ကို အမှန်အတိုင်း မြင်လာ ကြားလာ သိလာရမဲ့နေ့  ကို စောင့်ကြိုရင်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ စကားတခွန်းကို လက်ဆောင်ပါးလိုက်ပါတယ်။
“လူမှာ အရေးကြီးဆုံး နှစ်ခုဘဲရှိတယ်။ အဲဒါက ကိုယ်ကျင့်တရားရယ်၊ အမှန်တရားကို မြတ်နိုးမှုရယ်ပဲဖြစ်တယ်။ ဘယ်နေရာမှာမဆို အမှန် ကို အမှန်အတိုင်း ပြောရဲရမယ်။ပြောဝံ့တဲ့ သတ္တိလည်းရှိရမယ်။ “
(ဗိုလ်ချုပ်အောင်ဆန်း)
တန်ရာ တန်ရာ
(ဘဝအမောများနဲ့ လုံးထွေးပြီး ပင်ပန်းနေကြမဲ့ မောင်လူပေရဲ့ သူငယ်ချင်းများအတွက် ဒီတခါတော့ ရီစရာလေးတွေ ပြောပြချင်ပါ တယ်။ မောင်လူပေ ကြားဖူးသမျှ ဖတ်ဖူးသမျှလေးတွေကိုဝေမျှတဲ့သဘောပါ။ ရီမောခြင်းဟာ အကောင်းဆုံးဆေးဝါးတခုပဲလို့ ဆိုရိုးရှိတာကြားဖူး ပါတယ်။ အားလုံးပျော်ရွှင်ကြပါစေ။)
   ကျွန်တော့်မိတ်ဆွေကြီး ကိုတုတ်နဲ့ သူ့ရဲ့မဟေသီ မဒမ်တုတ်တို့ လင်မယားဟာတယောက်နဲ့တယောက် အလွန်ချစ်ကြတဲ့လင်မယားပါ။ အ ညာက တောမြို့ လေးမှာနေပြီး အသင့်အတင့်လဲ ချမ်းသာကြပါတယ်။ သူတို့ရဲ့ နှစ်လေးဆယ်ပြည့် မင်္ဂလာနှစ်ပတ်လည်အထိမ်းအမှတ်အ ဖြစ် ရန်ကုန်ဆင်းပြီး ကန်တော်ကြီးဟော်တယ်မှာ တပတ်စာအနားယူရင်းဘုရားဖူး ကြဖို တိုင်ပင်ကြကာ ရန်ကုန်ကို ရောက်လာကြပါတယ်။
   ဟော်တယ်ရောက်တော့ သူ့ မိန်းမကို အငှားကားပေါ် ခဏနေခိုင်းပြီး အခန်းရ မရ သွားစုံစမ်းပါသတဲ့။ အခန်းအဆင်ပြေလို့ငှားပြီး ပြန်အ ထွက်မှာ ခေတ်ဆန်ဆန် ဝတ်ဆင်ထားတဲ့ မိတ်ကပ်အဖွေးသားနဲ့ မိန်းကလေးတယောက်က ကိုတုတ်ကို သူ့ နာမည်က ထက်ထက်ပါဆိုပြီး မိတ်ဆက်လာပါတယ်။ ဘာဆိုတာသိတဲ့ ကိုတုတ်ကလဲ နှင်ထုတ်လိုက်ပါတယ်။
   သူတို့လင်မယား အခန်းထဲရောက်တော့မှ ရိုးသားတဲ့ကိုတုတ်က သူ့မိန်းမကို အပျော်မယ်လေး သူ့အားကပ်လာလို့ ငြင်းခဲ့ကြောင်း ပြောပြ တော့ မိန်းမက မယုံပဲ ရီပါတယ်တဲ့။ ဒါနဲ့  ကိုတုတ်ကသက်သေပြမယ်ဆိုပြီး ဧည့်ကြိုဌာနကို ဖုံးဆက်ကာ ထက်ထက်ကို အခန်းအမှတ် ( —- ) လွှတ်လိုက်ဖို့  ပြောပါတယ်။ သူ့မိန်းမကိုလဲ “မင်း ရေချိုးခန်းထဲဝင်နေ၊ တံခါးကို ငါတို့ပြောတာ ကြားရယုံလေးဖွင့်ထား” ဆိုပြီး နား ထောင်ခိုင်းပါတယ်။
   ခဏနေတော့ တံခါးခေါက်ပြီး ထက်ထက် ဝင်လာပါတယ်။ “နောက်ဆုံးတော့ အကိုကြီးလဲ မီးကိုစိတ်ဝင်စားလို့  ခေါ်ရတာပဲမဟုတ်လား” လို့ ကိုတုတ်ကို ညုတုတုနဲ့  ပြောပါတယ်။ ကိုတုတ်က “နင့်ကို ဘယ်လောက်ပေးရမှာလဲ” လို့ မေးတော့ “ ရိုးရိုး ငါးသောင်း၊ ရှယ်တသိန်း” ပါတဲ့။ ဒါနဲ့  ကိုတုတ်ကလဲ “တသိန်းတောင်ဆိုတော့ များတယ်။ ငါက ငါးထောင်လောက်ပဲ ပေးရမယ်ထင်တာ” လို့ ပြောတော့ ထက်ထက် က ရီ ပြီး “အကိုကြီးက ရှေးတုန်းကဈေးတွေ ပြောနေတာကိုး။ ကျမလို ငယ်ငယ်လေး ဒီဈေးဘယ်ရမှာလဲ” လို့  ပြန်ဖြေပါတယ်။ ဒါနဲ့  ကိုတုတ်လဲ “နင်နဲ့ငါ ဈေးမတဲ့ဘူး.. ပြန်တော့” လို့ ပြောတော့မှ ထက်ထက်လဲပြန်သွားပါတယ်။ အခန်းထဲမှာ ချောင်းနားထောင်နေတဲ့ သူ့မိန်းမလဲ အဲဒီ ကျမှ အပြင်ထွက်လာပြီး “ပြောမယုံ ကြုံဖူးမှသိဆိုတာ ဒါမျိုးပဲနေမှာ၊ ကျုပ်လဲ ကိုယ်တွေ့မိုလိုသာ ယုံတော့တယ်” လို့ ပြောပါတယ်။
   ကိုတုတ်ကလဲ သူ့ မိန်းမကို “မေ့လိုက်ပါကွာ၊ အောက်မှာ အအေးတခုခုသွားသောက်ရအောင်” ဆိုပြီး ဟော်တယ်အောက်ထပ်ကဆိုင်မှာ အအေး ဆင်းသောက်ကြပါတယ်။ ဆိုင်မှာအအေးသောက်နေတဲ့ အဖိုးကြီး  အဖွားကြီး လင်မယားနောက်ကနေ ထက်ထက်ဆိုတဲ့မိန်းကလေး ဗြုံးကနဲရောက်လာပြီး  ကိုတုတ်ရဲ့ မိန်းမကို လက်ညှိုးထိုးကာပြောလိုက်တာကတော့ “အကိုကြီးက ငါးထောင်ပဲတတ်နိုင်တော့ ဒါမျိုးပဲရမှာ ပေါ့” တဲ့ …။
ခုနှစ်ထွေအက ညတညနဲ့  သူတို့  တတွေ
   “တရား ဥပဒေ ၏ အထက်တွင် မည်သူမျှ မရှိစေရ“ ။ ( No one is above the law. )။အတော်ကောင်းတဲ့ စာပါ ။“ တရားစီရင်ရေး အာဏာ“ ဟာ နိုင်ငံ တခုမှာ အမြင့်ဆုံးအာဏာ ပဲဆိုတာကို ပြဆိုချက်ပေါ့ ။ နိုင်ငံတော် မှ တာဝန်ရှိသူများ ဆိုသူတို့ ကလဲ မကြာခဏသုံးတတ်ကြပါတယ် ။
   သို့ ပါသော်လဲ ပေါ့လေ ။ မောင်လူပေတို့ နိုင်ငံတော်ကြီးမှာ လူတိုင်းနားလည်ထားတာကတော့ ဥပဒေ ရဲ့  အထက်မှာ သူတို့ တွေ ရှိကြပါတယ် ။ ခေတ်တွေပြောင်း ၊စနစ်တွေပြောင်း နေပါပြီတဲ့ ။ ဟဲဟဲ.. ။ နားထောင်လို့ တော့ကောင်းသား ။ ဇာတ်မင်းသားလေး သိန်းဇော် ခုနှစ်ထွေ အက ကပြနေသလိုပဲနော် လို့ပြောရမယ် ။ဘီလူးလဲ သူပဲ ၊ မင်းသားလဲ သူပဲ ၊ ဇော်ဂျီလဲ သူပဲ ၊ မျောက်လဲ သူပဲ ၊ —– လဲ သူပဲ
လေ ။
   မောင်လူပေ ဆိုရင် ခေတ်တွေ များစွာထဲမှာ လူဖြစ်ခဲ့သူ လို့  ပြောရင် ရပါတယ် ။ခေတ်ပြောင်း တော်လှန်ရေးခေတ်မှာ လူဖြစ်ခဲ့ပြီး ဆိုရှယ်လစ်ခေတ်မှာ ကျောင်းတက်ခါ တပ်မတော် အစိုးရခေတ်မှာအလုပ်ခွင် ဝင်ခဲ့သူပါ ။အခု အသွင်ပြောင်း ပြည်သူ့ အစိုးရ ဆိုသူများ ခေတ်ထိ လူဖြစ်ခဲ့ရတဲ့ အချိန်တွေပြန်စဉ်းစား ကြည့်တော့ ခေတ်နာမည် တွေပြောင်းသွားပေမဲ့ သူတို့ တွေပဲ ပုံစံမျိုးစုံနဲ့  အသုံးတော်ခံခဲ့ ကြတာကို တွေ့  မိပါတယ် ။
   ခေတ်အဆက်ဆက် “ပန်းပန်လျှက်ပါ “ ဆိုတဲ့ သူတို့  တွေနဲ့  ပေါင်းစား ၊ ရိုက်စား ၊ဖါးစား ၊ ဝေစား ၊ မျှစားလုပ်တတ်သူတွေကလဲ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်း ဆိုတဲ့ ခေါင်းစဉ်အောက်မှာသန်းကြွယ်သူဌေးများအဖြစ်နဲ့ နိုင်ငံတော် ဆိုသူများမှ ချီးမြှင့်သော ဘွဲ့ ထူး ၊ ဂုဏ်ထူး များပန်ဆင်ကာဥပဒေ အထက်မှ အကာအကွယ်များဖြင့် တင့်တယ် နေကြဆဲပါပဲ ။
   သူတို့ တွေရဲ့  ခေတ် များစွာမှာ ခံခဲ့ရတဲ့ ၊ ခံနေရဆဲ ဖြစ်တဲ့ အဖိနှိပ်ခံ ပြည်သူ့ဘဝ များစွာ ကလဲ “ထူးမခြားနား“ ဘဝတွေနဲ့ ပဲ ကျင်လည်နေကြဆဲ တွေ့ ရမှာပါ ။ဒီခေတ်များစွာမှာ ကြွေလွင့်ခဲ့ရသောဝိညာဉ် များစွာ ကလဲ အမေ့ခံ နေကြရဆဲပါ ။ “ ဒီပဲရင်း“ ကိစ္စ ကိုကြည့် လေ ။ ဘယ်သူတွေအမိန့် ပေးလို့ ဘယ်သူတွေ ကြူးလွန်ခဲ့ တယ်ဆိုတာ လယ်ပြင်မှာဆင်သွား သလို ထင်ရှားနေပေမဲ့ ဥပဒေ အထက်ကသူတို့ ကြောင့် ဆယ်စုနှစ် တခုကိုဖြတ်သန်းခဲ့သည့်တိုင် အမေ့ခံ နေရပါသေးတယ် ။ ဒီ အမှုအတွက် အရေးယူအပြစ်ပေးမှု မလုပ်နိုင်သေးပါ ။
   ၂၀၀၃ ခုနှစ် ၊ မေလ ( ၃၀ ) ရက်ရဲ့  ညတည မှာ ကြွေလွင့်ခဲ့ရသော အပြစ်မဲ့ပြည်သူများစွာရဲ့  အသက်ဝိညာဉ်များကတော့ “ဥပဒေ အတိုင်း အရးယူပြီး“ ( Justice is done. ) ဆိုတဲ့ အသံကိုစောင့်စားနေမှာ အသေအချာပါ ။အမှန်တရား တွေ တိမ်ဖုံးခံနေရဆဲ ၊ သင်ပုန်းခြေ မှု ဆိုတဲ့ ခေါင်းစဉ်အောက်မှာပျောက်ကွယ်နေဆဲ ဖြစ်တဲ့ ဒီလိုညတွေ ၊ ဒီလိုလူတွေ လွန်ပါစေလို့  ဆုတောင်းရင်း ရေးမိတဲ့ ကဗျာလေး ကိုရင်ဘတ်ချင်းထပ်တူကြမဲ့ သူများ အတွက် မျှဝေလိုက်ပါတယ် ။
“အမေ့ခံ ည တည“
- အဲဒီညက
ကြယ်တွေကို တိမ်ဖုံးခဲ့တဲ့ ည ။
- အဲဒီညက
လမင်းကို အကျယ်ချုပ်ထားခဲ့တဲ့ ည ။
- အဲဒီညက
နာဂစ်နဲ့ အပြိုင် မုန်တိုင်းထန်ခဲ့တဲ့ ည ။
- အဲဒီညက
ရွှေဝါရောင်တွေ အသုံးချခံခဲ့ရတဲ့ ည ။
- အဲဒီညက
မိစ္ဆာတွေ အနိုင်ရခဲ့တဲ့ ည ။
- အဲဒီညက
ဝံပုလွေတွေ ကခုန်ခဲ့တဲ့ ည ။
- အဲဒီညက
သမင်ငယ်တွေ အစားခံရတဲ့ ည ။
- အဲဒီညက
သမင်ငယ်တွေပဲ ပိတ်လှောင်ခံခဲ့ရတဲ့ ည ။
- အဲဒီညက
သင်ပုန်းချေပြီး ပျောက်ကွယ်နေဆဲ ည ။
- အဲဒီညက
—————————-——————————–
———————————
——————————— ။      ။
နိုင်ငံခြားက ပြန်ခဲ့တယ်
   မောင်လူပေတို့  ငယ်စဉ်က နိုင်ငံခြားပြန်ဆိုတာ အတော်ရှားခဲ့ပါတယ်။ အစိုးရဝန်ထမ်း အရာရှိ အချို့ သာ ပညာတော်သင်သွားရင်း နိုင်ငံရပ်ခြား ရောက်ဖူးကြပါတယ်။ သူတို့ ပြန်လာရင် နိုင်ငံခြား အတွေ့ အကြုံတွေ ဖေါက်သည်ချလေ့ရှိပါတယ်။ မိုးမျှော်တိုက်ကြီးတွေ အ ကြောင်း၊ မောင်းသူမဲ့ရထားတွေအကြောင်း၊ လက်မှတ်စစ် မရှိတဲ့ ဘူတာရုံတွေအကြောင်းတွေ ပြောပြရင် မောင်လူပေတို့  တောသား လေးတွေက ပါးစပ် အဟောင်းသားနဲ့  ငေးခဲ့ရဖူးပါတယ်။
   ခုများတော့လည်း နိုင်ငံခြားပြန်တွေက ပေါမှပေါ။ ပြည်တွင်း အလုပ်အကိုင်ရှားပါးမှုနဲ့  အဘတွေရဲ့  ကောင်းမှုတွေကြောင့် နိုင်ငံရပ်ခြား တိုင်းတပါးမှာ ရရာအလုပ် ဝင်လုပ်ရေးအတွက် အိမ်ပေါင်၊ ခြံပေါင်၊ ရှိသမျှပေါင်နှံရောင်းချပြီး နည်းလမ်းမျိုးစုံနဲ့  ထွက်လိုက်ကြတာ ပြည်တွင်းမှာ လူမှကျန်သေးရဲ့ လားလို့ တောင် ထင်ရလောက်ပါတယ်။
   အဲဒီ အုပ်စုထဲမှာ မောင်လူပေလည်းပါတာပေါ့။ သခင်မျိုးဟေ့၊ ဒို့  ဗမာ ဆိုတာကို ရာဝင်အိုးထဲမှာ (ဟုတ်ပေါင် ယောင်လို့ )ရာဇဝင်ထဲမှာ ထားရစ်ခဲ့ပြီး ရရာအလုပ် ကျွန်ခံလုပ်ဖို့  (မှားပြန်ပြီ) ဝင်ခါလုပ်ဖို့  နိုင်ငံရပ်ခြားကို ထွက်လာခဲ့တာ ဆယ်စုနှစ် နှစ်ခုတောင်စွန်းခဲ့ပါပြီ။
   မရောက်တာကြာပြီဖြစ်တဲ့ မွေးရပ်မြေကို ခေတ္တခဏ ပြန်ရောက်တော့ နိုင်ငံခြားပြန်ပီပီ ခေတ်မြောက်မြောက်လေး နေမိတာကို ကြည့်မရ ဖြစ်နေတဲ့ ဇနီးသည် လေဒီပေက မောင်လူပေကို “ဘာတွေ မြောက်ကြွမြောက်ကြွ ဖြစ်နေတာလဲ။ ရှင့်ကိုနိုင်ငံခြားပြန်ဆိုပြီး ဘယ်သူမှ အထင်မကြီးဘူး။ ဒီတလမ်းလုံး နိုင်ငံခြာပြန်တွေ ချည်းပဲ“ လို့  အငေါ်တူးပါတယ်။ သူပြောတာ မမှားပါဘူး။ လမ်းထိပ်အိမ်က ချက်စူတို့  ညီအကိုဆိုရင် ယိုးဒယားကို အိမ်ဦးနဲ့  ကြမ်းပြင်လို တောင်ကျော်သွားနေတာ။ လမ်းအလယ်ပိုင်းက အတူးတို့  တာတီးတို့  ကလဲ မလေး ရှားပြန်တွေ။ ကုန်စုံဆိုင်ပိုင်ရှင် ဦးတရုပ်ကြီးရဲ့ သားတော်မောင် ဖိုးကတုံးက ဂျပန်ပြန်။
ဒါတွေကို မတွေးမိပဲ မြောက်နေမိတာလေ။ လေဒီပေက နာမည်တခု စပေးလိုက်ပါတယ်။ ’ဘဝင်ကိုကို’ တဲ့။
   ခဏပြန်တဲ့အချိန်မှာ စားချင်တာတွေက အစုံ၊ ကြားနေရတဲ့ သတင်းတွေက တောင်လိုပုံ။ အကြော်အိုးထဲ ရေသန့် ဘူး ထည့်ကြော်တာတို့ ၊ ဆီဟောင်းတွေပြန်သုံးတာတို့ ၊ တရုပ်ကလာတဲ့ ဆီတုတွေအကြောင်းတို့ ၊ ဆိုးဆေး၊ မှည့်ဆေး၊ ပိုးသတ်ဆေး၊ ဓါတ်မြေသြဇာ ရောတာ စတဲ့ သတင်းစုံတွေကြောင့် တခုခု ဝယ်စားရင် မေးရတာကလည်း အမော။ “ဆီသန့် ရဲ့ လား၊ ရေသန့် ရဲ့ လား၊ ဟိုဟာသန့် ရဲ့ လား၊ ဒီဟာသန့် ရဲ့ လား“ နဲ့ ပေါ့။
နားကြာပြင်းကပ်လာပုံရတဲ့ လေဒီပေက မောင်လူပေကို “ဘယ်ဈေးသည်က ရှင့်ကို မသန့် ဘူး၊ မဝယ်နဲ့  ပြောမှာလဲ။ မစားရဲရင် မစားနဲ့ “ လို့  ငေါ့ပါတယ်။ ပြီးတော့ နာမည်တခုထပ်ပေးပြန်ပါတယ်။ ‘သန့် ကိုကို‘ တဲ့ ။
   စားချင်တာတွေ အစုံစားတော့ ထုံးစံအတိုင်း သွားပါတော့တယ်။ မရပ်မနား တရစပ်သွားနေတာမို့  လမ်းနောက်နားက ဆေးဆိုင်မှာ ဝမ်းပိတ်ဆေး သွားဝယ်ရပါတယ်။ ပေးလိုက်တဲ့ ဆေးကပ်ကို မတောက်တခေါက် အင်္ဂလိပ်စာလေးနဲ့  ဖတ်ကြည့်တော့ တက်ထရာ ဆိုက်ကလင်း(Tetracycline) ဆေးတွေပါ။ ဒီလို ပိုးသတ်ဆေး(antibiotics) အပြင်းစားတွေကို ဘာဆေးဆိုတာ မပြောပဲ ပေးလိုက်တဲ့အပြင် ဝမ်းရပ်ရင် သောက်စရာ မလိုတော့ဘူး လို့ တောင် ပြောလိုက်ပါသေးတယ်။ မောင်လူပေကြားဖူးတာက ဆေးပတ်လည်အောင် သောက်ရ တယ်တဲ့။ သူပေးလိုက်တဲ့ဆေးတွေ မသောက်ရဲတာနဲ့  အစားဖြတ်ပြီး ဝမ်းရပ်အောင် ကြိုးစားနေတဲ့ မောင်လူပေကိုကြည့်ပြီး မဒမ်ပေက နာမည်တခု ထပ်ပေးပြန်ပါတယ်။ ’ပန်းကိုကို’ တဲ့။
   ရောက်တုံးရောက်ခိုက် ခရီးတွေလည်း ထွက်လိုက်ပါသေးတယ်။ ထုံးစံအတိုင်း တန်ခိုးကြီး ဘုရားဖူး ခရီးစဉ်ပေါ့လေ။ အိမ်မှာ ကိုးကွယ်ထားတဲ့ ဒက္ခိဏသာခါ ကိုယ်တော်ကြီးကိုတော့ ဘုရားဖူးသွားမဲ့အကြောင်း မလျှောက်တင်ဝံ့ပါဘူး။“ငါက ဘုရားမဟုတ်လို့ လား“ လို့  မိန့် တော်မူလိုက်ရင် ဒုက္ခ ပဲလေ။ ဒီဘုရားဖူးခရီးစဉ်မှာ စိတ်ပိန်စရာကောင်းတာက ဘုရားသမိုင်းပြောပြမယ်ဆိုပြီး နောက်က တကောက်ကောက်လိုက်ပြီး ပိုက်ဆံတောင်းကြတဲ့ ကလေးအုပ်ရယ်၊ ကားရပ်တာနဲ့ ပြေးလာပြီး အတင်းရောင်းတဲ့ လက်ပွေ့  ဈေးသည်တွေရယ် ကိုပါ။ ကလေးအုပ်ကလည်း တယောက်ကိုပေးလိုက်ရင် အခြား ကလးတွေက သူတို့  မရသေးဘူးဆိုပြီး ဝိုင်းလိုက်ကြသလို ဈေးသည်တွေကလည်း တဦးကို အားပေးလိုက်ရင် အခြားဈေးသည်များကပါ အတင်းဝိုင်းရောင်းကြပါတယ်။ မဝယ်မချင်း အတင်း တဂျီဂျီနဲ့  ရောင်းနေတော့တာပါပဲ။
   ကျောင်းသားအရွယ်လေးများက သူတို့ တွေစာအုပ်ဖိုးလေးမို့  အားပေးပါတို့ ၊ လူကြီးများကလည်း ဒီဟာလေးရောင်းပြီးမှ ဆန်ဖိုးရမှာပါတို့  စသည်ဖြင့် သနားဖွယ်ဖြစ်အောင် ပြောရောင်းကြတာမို့  သနားတတ်တဲ့မောင်လူပေလည်း လိုတာတွေရော မလိုတာတွေပါ အားပေးလိုက်တာ ခရီးစဉ်ပြီးလို့ အိမ်ရောက်တော့ ပစ္စည်းတွေပုံသွားပါတော့တယ်။ နောက်ဆုံးတော့ မသယ်နိုင်တာနဲ့  ထားခဲ့ရပါတယ်။ အင်းလေးလှေဆိပ်မှာလည်း အင်းထဲမှာ မိုးတွင်းမို့ ဇင်ယော်မရှိတာကိုမသိ၊ ဖေါင်တော်ဦးစေတီမှာ အပြင်က ရွှေဆိုင်းကပ်ခွင့်မပေးတာကိုမသိတဲ့ မောင်လူပေတို့ ကို ငှက်စာ၊ရွှေဆိုင်း အတင်းရောင်းလိုက်တာ အားနာပြီးဝယ်လာမိလို့  ငှက်စာကို ငါးစာပြောင်းကျွေးပြီး ရွှေဆိုင်းကို အလှုခံပုံးထဲ ထည့်ခဲ့ရတဲ့ တွေဖြစ်ခဲ့ပါသေးတယ်။လေဒီပေက နောက်ထပ်နာမည်တခုထပ်ပေးလိုက်ပါတယ်။‘လွဲကိုကို‘တဲ့။
   အမိမြေကပြန်လာပြီး မကြာမီ တရားပွဲတခုမှာ မောင်လူပေရဲ့  မိတ်ဆွေကြီး ကိုချိုဦး နဲ့  ဆုံဖြစ်ကြပါတယ်။ သူက “ကိုလူပေ နိုင်ငံခြားက ပြန်ရောက်ပြီလား“လို့  နှုတ်ဆက်ပါတယ်။ ဟုတ်သားပဲ။ ကိုယ်က နိုင်ငံရပ်ခြားမှာအနေကြာသူဆိုတော့ အမိမြေက နိုင်ငံခြားဖြစ်နေပြီလေ။ ဒီတော့မှပဲ လေဒီပေက မောင်လူပေ အကြားချင်ဆုံးနာမည်လေးကို ခေါ်လိုက်ပါတော့တယ်။ ‘နိုင်ငံခြားပြန်ကိုကို‘ ပါတဲ့။
လွဲတတ်သောကျွန်တော်နှင့် သူငယ်ချင်းများ
လူတိုင်း နဲနဲတော့ လွဲဖူးကြမယ်ထင်ပါတယ်။ ရထားအချိန်လွဲပြီး လွတ်သွားတာမျိုး၊ ကိုယ်မသိတဲ့အလှုမှာ လွဲပြီး ဝင်စားမိတာမျိုး ၊ ချစ်သူနဲ့ချိန်းတဲ့နေ့ လွဲပြီးသွားမိလို့ ချော့ရတာမျိုးပေါ့။ မိတ်ဆွေတို့ ဒီလိုအလွဲတွေ မဖြစ်ဖူးရင် အလွန်တော်ကြလို့ ပါ ။ အလွန်ရှော်တဲ့မောင်လူပေကတော့ ခဏခဏ လွဲတတ်ပါတယ်။ အလွဲတွေထဲက အမှတ်တရ လွဲချော်မှု တခုအကြောင်း ပြောပြခွင့်ပြုပါ။
မောင်လူပေ စက်မှုကျောင်းသားဘဝ အဆောင်နေစဉ်ကပါ။ ကျောင်းဘေးတခြံကျော်လောက်မှာ ခရစ်ယာန် ဘုရားကျောင်းတခု ရှိပါတယ်။ ဆန်းဒေးကျမ်းစာကျောင်းရန်ပုံငွေအတွက် စနေနေ့တိုင်းလို ဗီဒီယိုလဲ ပြတတ်ပါတယ်။ ရပ်ကွက်က အိမ်ရုံတွေမှာ တကားတကျပ်နဲ့  ပြတဲ့ခေတ်မှာ ဒီဘုရားကျောင်းက ၂ ကား တကျပ်ခွဲတို့ ၊ ၃ ကား ၂ ကျပ်တို့ နဲ့  discount ပေးပြီး ထိုးဖေါက်ပါတယ်။ 
အဆောင်နေကျောင်းသားများကလဲ နီးတာရယ်၊ ဈေးပေါတာရယ်တို့ ကြောင့် အဲဒီရုံမှာ အားပေးကြပါတယ်။
ဗီဒီယိုမပြခင်လဲ တရားဟောဆရာက သူတို့ဘုရားဆီမှာ ကျောင်းသားများအတွက် ကောင်းချီးတောင် အဆစ်တောင်းပေးပါသေးတယ်။ ကျောင်းသားများကလဲ သူ့ဟာသူ ဘာတောင်းတောင်း ဗီဒီယိုကြည့်ရရင်ပြီးတာပါပဲ။ သူ့ဟာနဲ့ သူ ဟာမိုနီ ဖြစ် နေတာပေါ့လေ။
ဒီလိုမေလ second term ဖွင့်စအချိန်၊ စနေနေ့ညနေတခုမှာ အဆောင်ဘေးကအုတ်ကန်နား ရေချိုးနေတုန်း ကျောင်းသားနှစ်ယောက် စကားပြောနေတာ အမှတ်တမဲ့ ကြားမိပါတယ်။
” ××–++ ဗီဒီယိုရုံမှာ Woman Warrior ဆိုတဲ့ကားပြမယ် …” တဲ့။ ရုံနာမည် မကြားလိုက်ပေမဲ့ စနေနေ့ ဖြစ်တာရယ်၊ ဒီလူတွေကလဲ ဘုရားကျောင်းရုံမှာတွေ့ဖူးသူတွေမို့ အဲဒီမှာပဲဖြစ်မယ်လို့ တွက်လိုက်တာပေါ့။ အဲဒီကားကလဲ မောင်လူပေတို့ ကိုကိုကာလသားများ စောင့်စားနေတဲ့ကား၊ သမ္မတရုံပိုစတာမှာ ဘိုမလှလှလေးတွေက အဝတ်တိုတွေဝတ်၊ သေနတ်ကြီးတွေကိုင်ပြီးပဲ”ပေးနေတာပဲမြင်ဖူးတဲ့ကားပါ။ ရေချိုးပြီးတာနဲ့  အခန်းဘေးက “ပြည်သား” ကို သူငယ်ချင်းကောင်းပီသစွာ သတင်းပေးလိုက်ပါတယ်။ သူကလဲ ရုံမတင်ခင်ကြည့်ရတော့မယ် ဆိုပြီး ကျေးဇူးတွေတင်လို့ ။ ဒီလိုနဲ့ ဘုရားကျောင်းမှာ Woman Warrior ပြမယ်ဆိုတဲ့ သတင်းထူးဟာ တဆောင်လုံးကို ပြန့် သွားပါတော့တယ်။
ညနေ ၆ နာရီခွဲလောက်မှာတော့ “ပြည်သား” ခေါင်းဆောင်တဲ့ အမာခံ ပရိသတ် ၆၀ လောက် ၇ နာရီပွဲအမှီ ရုံဆီကိုချီတက်ကြပါတယ်။ ကျွန်တော် မောင်လူပေကတော့ “ပဲခူးသား”က (ဘုရင်ကြီးနဲ့ဂဏန်းပေါင်း) ဖို့ ခေါ် ထားလို့ ပါမသွားခဲ့ပါ။ “ပြည်သား”တို့ကို ဘုရားကျောင်းစောင့်ကြီးက ဝမ်းသာအားရကြိုပါသတဲ့။ “ပြည်သား”ပြန်ပြောပြ တဲ့အတိုင်း နားဆင်ကြည့်ရအောင် …
“ကျွန်တော့်ကို သူက ဝမ်းသာအားရ လက်ဆွဲနှုတ်ဆက်ပြီး လူတွေအများကြီးလာမယ်မထင်ထားဘူးတဲ့၊ အခုမှ
ရောက်ဖူးတာလားတဲ့၊ စ နေပြီတဲ့။ ကျွန်တော်က အရင်ကလာဖူးတယ် ဆိုတော့ သူမမှတ်မိတာ ခွင့်လွှတ်ပါတဲ့။ စ တာစောတယ်နော်လို့ မေးတော့ အရင်လဲ ဒီအချိန်ပါပဲတဲ့။ သူနဲ့ ကိုယ် ဘုရားရှိခိုးပွဲနဲ့ ဗီဒီယို “လွဲ”နေတာ မရိပ်မိကြဘူး။ ကျွန်တော်က “Woman Warrior ပြနေတာ ဘယ်လောက်ကြာပြီလဲ” လို့ မေးလိုက်တော့မှ သူကြောင်သွားပြီး အတော်စိတ်ပျက်သွားတဲ့လေသံနဲ့ ကျွန်တော့လက်ကိုလွှတ်ကာ “ဘာကားမှ မပြပါဘူး ၊ ဘုရားရှိခိုးနေတာပါ” တဲ့။ ဘုရားကျောင်းတက်ဖို့ လာတဲ့သူတွေထင်လို့ တဲ့။ ကျွန်တော်ကလဲ ဗီဒီယိုလာကြည့်တာဖြစ်ကြောင်းသူ့ ကိုရှင်းပြရတာပေါ့။ ကျွန်တော့လိုရပ် စကားမပြောဘဲ ဘုရားကျောင်းထဲတန်းဝင်သွားသူတွေက အဆိုးဆုံးပဲ။ ထိုင်ခုံမှာ ဝင်ထိုင်ပြီးပြီမို့  ပြန်မထွက်ရဲတော့လို့  ရှက်ရှက်နဲ့ပဲ သူတို့ထိုင်ရင်ထိုင် သူတို့ထရင်ထနဲ့ တနာရီကျော် ဒုက္ခခံခဲ့ရပါသတဲ့။ သူတို့တွေက “ပြည်သား”လိမ်ခေါ်လာတာဆိုပြီး ဝိုင်းဆဲကြတာပေါ့။ ကျွန်တော်ကလဲ “ဒီလူ ငါ့ကို သက်သက် ဒုက္ခပေးတာ၊ သူကျတော့ လိုက်မလာဖူး၊ ငါ့ကို ချောက်တွန်းတာ သေချာတယ် …” ဆိုပြီး ဒေါသထွက်လို့ ခင်ဗျားကို လိုက်ရှာနေတာ … တဲ့။”
“ပဲခူးသား” နဲ့ ဂဏန်းတွက်နေတဲ့ မောင်လူပေကို သူငယ်ချင်းတယောက်က “ပြည်သား” မင်းကိုထိုးမယ် ဆိုပြီး ရှာနေကြောင်း သတင်းပို့ရှာပါတယ်။ ဒေါသအိုးကွဲနေတဲ့ “ပြည်သား”ရဲ့  ဒေါသမာန်ဟုန်သိုင်းကွက်တွေ ထိပ်တိုက်
ရင်မဆိုင်ရဲလို့ မောင်လူပေလဲ ဘုရင်ကြီးအသာဘေးချပြီး ပညာရေးသက္ကသိုလ်ဝင်းထဲက နဝဒေးဆောင် မှာနေတဲ့ အီးမေဂျာက သူငယ်ချင်းထံမှာ ရှောင်လင်သိုင်းကွက်နဲ့  တညတာစတေးရှောင်ခဲ့ရပါတယ်။
နောက်တနေ့ “ပြည်သား” ဒေါသပြေလောက်မှ အဆောင်ပြန်ပြီး သူ့ကို ချော့မော့ကာ အကြောင်းစုံ မေးခဲ့
ရပါတယ်။  အဲဒီညမှာ အဲဒီကား တကယ်ပြခဲ့တာပါ။ ဘုရားကျောင်းနဲ့မဝေးလှတဲ့ အနောက်ကြို့ ကုန်းထဲကအိမ်ရုံမှာပါ။
ဒါကိုမသိဘဲ တလွဲတွေးပြီး လွဲခဲ့တဲ့ မောင်လူပေကြောင့် သူတို့တွေ ဒုက္ခရောက်ခဲ့ကြရရှာတာပါ။ ဒါကြောင့်လဲ
ဒီဖွဘုတ်ပေါ်က ဘော်ဒါများအားသက်သေထားလို့ ခံခဲ့ရတဲ့အဆောင်သားအပေါင်းအား ( ၂၈ နှစ် အကြာမှာ )
တောင်းပန်အပ်ကြောင်းပါ ခင်ဗျား ။ ။
(၁၉၈၃-၈၇ ပညာသင်နှစ်မှ အဆောင်နေကျောင်းသားများအား သတိရလျှက် …)
ပုံရိပ်ယောင်
   ငယ်စဉ်က သင်ခဲ့ဖူးတဲ့ သချာင်္ဘာသာရပ်မှာပါတဲ့ စကားလုံးလေးပါ။ တကယ်ရှိတယ်ထင်ရတဲ့ ဒြပ်မဲ့ ပစ္စည်း ကို ခေါ်ပါသတဲ့။
    မောင်လူပေ ရွေပြည်ကြီးကို အပြန်မှာ တွေ့ ခဲ့ရတဲ့ အရာတွေကို ပုံရိပ်ယောင်များလို့  ခေါ်ရင် ရနိုင်မယ်ထင်ပါရဲ့ ။ ခေတ်မှီဖွံ့ ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြိးဆီသို့  ဆိုတဲ့ လေဆိပ်အဝင်နားက ဆိုင်းဘုတ်ကြီးတောင် အတော်ဟောင်းစပြုနေပါပြီ။ ချိုင့်ခွက်များနဲ့ အလှဆင်ထားတဲ့ လမ်းမများပေါ်မှာ ပြည့်ကျပ်နေတဲ့ကားများနဲ့  ထိုကားများကြားမှာ အသက်လုပြီး လမ်းဖြတ်ကူးနေကြတဲ့ မြို့ တော်သားများက ရွှေပြည်ကြီးရဲ့ နောက်ဆုံးပေါ် အလှတရားတခုပါ။ စည်းကမ်းမဲ့မှုက ရိုးရာတခုလို ဖြစ်နေပါပြီ။ အမှိုက် မပုံရ ဆိုတဲ့ ဆိုင်းဘုတ်အောက်မှာအမှိုက်ပုံကြီးဟီးနေတာတွေ၊ ကားမရပ်ရဆိုတဲ့ ဆိုင်းဘုတ်နားမှာ ရပ်ထားတဲ့ကားတွေကြည့်ပြီး ဒီနိုင်ငံက ဆိုင်းဘုတ်ဆိုတာ “မ“ ကိုဖြုတ်ဖတ်ရတယ်ထင်ရဲ့ လို့ တောင် တွေးမိပါတယ်။
    အရင်အတိုင်း မပြောင်းလည်းသေးတဲ့  ခရိုနီစီးပွားရေးလုပ်ငန်းတွေကလည်း ပန်းပန်ဆဲပါ။ခွင်ဆိုတဲ့ အလုပ်တွေကို ကုမ္ပဏီတွေလုနေကြတာလည်း အရင်အတိုင်းပါပဲ။  အဆင်ပြေသလို လုပ်ကြရတာ စည်းကမ်းတခုလိုဖြစ်နေတာကြာလှပါပြီ။ လမ်းဘေးဈေးသည် အပြင် လမ်းပေါ်ဈေးသည်များ ကြောင့် မြို့  တော်သားများ လမ်းပေါ်မှာ အသက်လုပြီးလမ်းလျှောက်နေကြရတာက ကြာပြီမို့ ရိုးနေပါပြီတဲ့။ ယာဉ်တွေကို လမ်းပြောင်းပြန်မောင်း၊ လုမောင်း၊လုဝင်၊လုတိုးနဲ့  ရွေပြည်ကြီးက ကားဆရာများရဲ့  ခေတ်ပေါ်ယာဉ်စည်းကမ်းများကလည်း နိုင်ငံတကာက အောချလောက်ပါတယ်။ အသွင်ပြောင်း အဘတွေ ပြောတဲ့နိုင်ငံတော်သစ်ကြီးက နေပြည်တော်ဆိုတဲ့ သူတို့ ရဲ့ ကမ္ဘာလေးကို ဆိုလိုဟန်ရှိပါတယ်။
    ရွှေပြည်ကြီးမှာ နောက်တခု သတိထားမိတဲ့အရာက မိုးထိအောင်လှေကားထောင်နေတဲ့ မြေဈေးတွေပါ။ တနှစ်အတွင်း ဆယ်ဆတက်တယ်ဆိုတဲ့ နေရာတွေဟာ ရေတွေဝတ်ပြီး အမှိုက်တွေမျောနေတဲ့ အသိမ်းခံ လယ်မြေတွေဖြစ်နေပါတယ်။ မြို့ ပြင်က ဒီလို နေရာမှာ ပေတရာပတ်လည် မြေတကွက်ရဲ့ တန်ဖိုးဟာ သိန်းထောင်ချီနေတာပါ။ မြေသိမ်းခံလယ်သမားများကတော့ ရော်ကြေး ဆိုတာလေးရရေး အတွက် ဆန္ဒပြရင်း ပုဒ်မ ၁၈ ဆိုတဲ့ ခေတ်ပေါ်ပုဒ်မနဲ့  အချုပ်ထဲအလည်သွားနေကြပါတယ်။ မြို့ အတွင်းပိုင်းတွေကတော့ သိန်းသောင်းချီနေတာကြာလှပေါ့တဲ့။ သိန်းထောင်သောင်းဆိုတဲ့ မြေတွေကို ရာနဲ့ ချီကိုင်ထားတယ်ဆိုတဲ့သူ တွေကလည်း ထောင်နဲ့ ချီရှိပါတယ်တဲ့။
   ကြိုက်ရောင်းကြိုက်ဝယ် မြေဈေးကွက်မှာ အလိုက်သင့်မျောပါရင်း နေ့ ချင်းညချင်း ချမ်းသာလာတဲ့ခါတော်မှီ သူဌေးတွေလည်း အများကြီး တွေ့ ခဲ့ပါတယ်။ သူတို့ တွေက ကိုယ်တွေကို သနားလို့ ပြောရှာပါတယ်။ မင်းတို့ ဟိုကကောင်တွေ ဘယ်လိုလိုက်လိုက် တို့ တွေကို မမှီတော့ဘူးတဲ့။ နိုင်ငံရပ်ခြားမှာနေရင်း ရိုးသားစွာ ဝန်ထမ်းလုပ်နေတဲ့ မောင်လူပေလည်း ခုမှပဲ ကိုယ့်ကိုကိုယ် တော်တော်မွဲနေမှန်း ရိပ်မိပါတော့တယ်။
    ရှိရှိသမျှ နိုင်ငံမှာလည်ပတ်နေတဲ့ ငွေကြေးတွေရဲ့ အများစုဟာ ဒီလိုမြေကွက်တွေအထဲမှာမြုတ်နေမယ်ဆိုရင် နိုင်ငံကို ပြန်လည်တည်ဆောက်နေရတဲ့ အခုလိုအချိန်မှာ အများကြီး အဟန့် အတားဖြစ်စေမယ်ဆိုတာ လူတိုင်းနားလည်ကြမှာပါ။ လူသားအရင်းအမြစ်တွေ အသုံးချနိုင်ဖို့  စက်ရုံတွေ အလုပ်ရုံတွေ အများကြီးလိုအပ်နေတဲ့ ဒီလိုအချိန်မှာ ဘယ်လိုနိုင်ငံခြားရင်းနှီင်္းမြှုတ်နှံမှုတွေက ဒီမြေဈေးတွေကို အံတုပြီး ဝင်လာမယ် ဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ။ ဆပ်ပြာဘူဖေါင်းလို ဖေါင်းကားနေတဲ့ မြေဈေးတွေနဲ့  နိုင်ငံတော်ကိုတည်ဆောက်နေရင်တော့ မြေမျိုတဲ့နေ့ မှာ နိုင်ငံပါမြေအောက်ထဲရောက်သွားမှာ စိုးရိမ်မိပါတယ်။
    ဆယ်စုနှစ် နှစ်ခုကျော် အမေ့ခံ အာဇာနည်နေ့ မှာ ကြားခဲ့ရတဲ့ စစ်ခရာသံကလည်း မောင်လူပေအတွက် အထူးအဆန်းတခုပါ။ ဝမ်းနည်းခြင်း အထိမ်းအမှတ် အနေနဲ့  ဝမ်းနည်းစရာ ဥသြောဆွဲသံ အစား စစ်ခရာသံကြားလိုက်ရတာမို့  စိတ်တွေကြွပြီး စစ်ချီတေးတွေ ဆိုရတော့မှာလားလို့ တောင် ထင်မှတ်မှားမိပါတယ်။ အသံလွှင့်ဌာနများကလည်း  ဗိုလ်ချုပ်မိန့် ခွန်းကို လိုသလို ဖြတ်ညှပ်ကပ်လုပ်ပြီး လွှင့်နေဆဲပါပဲ။
    ရုပ်ဝတ္ထုပစ္စည်း တိုးတက်မှုတွေနောက်လိုက်ရင်း ပျက်စီးခြင်းငါးပါးနဲ့  ပျက်စီးနေကြတဲ့ ရွှေနိုင်ငံတော်သားများရဲ့  စိတ်ဓါတ်တွေကိုကြည့်ပြီး ရောင်းရင်းတဦးက “ဒီတိုင်းပြည်မှာ ပြည်သူ့ နီတိဆိုတာ မရှိတော့ဘူး။စာအုပ်ပါပျောက်ဆုံးသွားခဲ့ပြီ“ လို့ မချိတင်ကဲ ပြောရှာပါတယ်။ ကြုံသလိုပြော၊ ဖြစ်သလိုလုပ်၊ ဂတိတွေလွယ်လွယ်ပေးရင်း ငါးပွက်ရာ ငါးစာချနေကြတဲ့ ဒီတိုင်းပြည်မှာ လူရိုးဆိုတာ သချိုင်္င်းကုန်းမှာပဲ ရှိပါတော့တယ်တဲ့။
    ရွှေပြည်ကြီးကအပြန်မှာ မောင်လူပေ ဆုတောင်းမိတာလေးတခု ရှိပါတယ်။ “ပုံရိပ်ယောင်များနဲ့  အသားကြနေတဲ့ ရွှေနိုင်ငံသားတွေ ပုံရိပ်စစ်တွေကို မကြာခင် တွေ့ မြင်နိုင်ကြပါစေ။ “
အမုန်းဆိုတဲ့စကား မကြားလိုတော့ပါ
   ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဆရာကြီး ဒဂုန်တာရာရဲ့ လက်သုံးစကားလေးတခု ရှိပါတယ်။
 “ ရန်သူမရှိ၊မိတ်ဆွေသာရှိ၏ “ တဲ့။ ဒီစကားလေးအတိုင်းသာ လူတိုင်းလိုက်နာ၊ကျင့်သုံးနိုင်ကြမယ်ဆိုရင် မောင်လူပေတို့ ရဲ့ ရွှေနိုင်ငံတော်ကြီးဟာလည်း အလွန်အေးချမ်းသာယာတဲ့ နိုင်ငံကြီးတခု ဖြစ်နေမှာ အမှန်ပါ။ ခုတော့ ဒီအမုန်းတရားတွေ ရှေ့တန်းတင်ရင်း လူလူချင်း အနိုင်ကျင့် တိုက်ခိုက် သတ်ဖြတ်နေကြတာတွေ မကြာခဏ ဆိုသလို တွေ့ မြင်ကြားသိနေရတာမို့ အေးချမ်းစွာ အတူရှင်တွဲနေထိုင်လူသူ ပြည်သူအများအတွက် စိတ်မချမ်းသာစရာတွေဖြစ်ရသလို ဒီမိုကရေစီလမ်းကြောင်းလျှောက်လမ်းဖို့ ကြိုးစားနေကာစ နိုင်ငံတခု 
အနေနဲ့ လည်း ကမ္ဘာ့ အလယ်မှာ သိက္ခာကျစရာတွေ ဖြစ်တည်နေရပါတယ်။
     ဆယ်စုနှစ်ပေါင်းများစွာ သွေးခွဲအုပ်ချုပ် ဖိနှိပ်ခဲ့မှုဆိုတဲ့ အကြောင်းတရားတွေကြောင့် လူမျိုးစုအချင်းချင်းကြားမှာ၊ ယုံကြည်ကိုးကွယ်ရာ ဘာသာမတူသူများကြားမှာ အမုန်းတရားတွေ မယုံကြည်မှုတွေဆိုတဲ့ အကျိုးတရားတွေ ဖြစ်တည်လာခဲ့ရပါတယ်။ ဒါတွေကို အခွင့်ကောင်းယူပြီး အမျိုးသားရေးဝါဒီဆိုသူ မျက်ကန်းမျိုးချစ်တစုက ဆန့် ကျင်ရေးတရားတွေ ဖြန့် ဝေပါတော့တယ်။ တိုင်းပြည်ကို ချောက်ထဲတွန်းချမဲ့ ဒီလူစုကို အစိုးရမင်းများကိုယ်တိုင် ယနေ့ အထိ ထိရောက်စွာ အရေးမယူနိုင်ခဲ့တာကလည်း မေးခွန်းထုတ်စရာတခု ဖြစ်လာပြန်ပါတယ်။ တွေ့ ဆုံဆွေးနွေးမှုလို့ ခေါ်တဲ့ ဒိုင်ယာလော့ ယဉ်ကျေးမှု ဖြစ်တည်ချင်း နည်းပါးတဲ့ နိုင်ငံမို့ လည်း အမှားအမှန် နောက်ထားပြီး တခုခုဆိုရင် ဝိုင်းသမပေးကြမဲ့ ပရိတ်သတ်ကလည်း ဒုနဲ့ ဒေးပါ။ အားလုံးကောင်းပါသည်ခင်ဗျားဆိုပြီး သတင်းအမှောင်ချထားခဲ့ကြတာလည်း ကြာခဲ့ပြီဆိုတော့ ပွင်းလင်းပြီဆိုတဲ့ဒီနေ့ ခေတ်မှာတောင် သတင်းသမားတွေကိုယ်တိုင် မီဒီယာကျင့်ဝတ်တွေ သင်ယူလေ့လာနေရဆဲမို့  ရောသမမွှေ သတင်းပေါင်းစုံထဲက သတင်းသန့် သန့် လေးတွေကို ပြည်သူတွေ ရှာဖွေဖတ်ရှုနေကြရတာပါ။ 
     ဒီလို ပဋိပက္ခတွေဖြစ်တိုင်း ဖြစ်ရပ်ရဲ့ အဓိကအကြောင်းအရာကို မဖြေရှင်းပေးဘဲ ရေတိုဖြေရှင်းနည်းဖြစ်တဲ့ အင်အာားသုံးအာဏာပြနည်းလမ်းတွေနဲ့ သာ ကြုံတွေ့ ခဲ့ရတာကြောင့်လည်း အစိုးရမင်းများကို အယုံအကြည်ကင်းမဲ့ကာ လက်နက်စွဲကိုင်တိုက်ခိုက်မှုတွေပိုလို့ ဖြစ်ပေါ်လာခဲ့ရပါတယ်။ အစိုးရအဖွဲ့ ရဲ့  အကြီးအကဲဖြစ်တဲ့ သမ္မတကိုယ်တိုင် ရောက်ရှိနေတဲ့ အချိန်မှာတောင် ဒီလို အဖြစ်အပျက်တွေ ဖြစ်ပျက်ခဲ့တာကိုကြည့်ရင် သိနိုင်ပါတယ်။
      ဒီလိုနှစ်ပေါင်းများစွာ ဖြစ်တည်နေတဲ့ အမုန်းတရားတွေ မယုံကြည်မှုတွေကို နေ့ ချင်းညချင်း ပျောက်သွားအောင် လုပ်ဖို့ ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ဒီအရာတွေ ရော့နဲ ကျဆင်းလာအောင် လုပ်ယူလို့ တော့ရနိုင်ပါတယ်။ အကြမ်းဖက်သမား လူရမ်းကားများနဲ့  ထိုသူများကို သွေးထိုးလှုံ့ ဆော် နေသူလူတစုကို ထိရောက်စွာဖမ်းဆီးနှိမ်နှင်းကာ အရေးယူအပြစ်ပေးရေးက ပထမခြေလှမ်းဖြစ်ပြီး ပြည်သူအများလေးစားကြည်ညိုကြတဲ့ ရဟန်းရှင်လူတို့ မှ ပြည်သူအများကို ပညာပေးရေးက ဒုတိယခြေလှမ်းဖြစ်ပါတယ်။
     ပထမခြေလှမ်းဖြစ်တဲ့ ဥပဒေအရ အရေးယူရေး အပိုင်းကို ထိရောက်စွာ အကောင်အထည်ဖေါ်ဆောင်ဖို့ 
ကလည်း သိပ်ခက်ခဲလှတာတော့ မဟုတ်ပါဘူး။ ပွင့်လင်းလာတဲ့ အိုင်တီ ခေတ်မို့  ပဋိပက္ခဖြစ်ပြီဆိုရင်ပဲ အချိန်နဲ့  တပြေးညီ သတင်းတွေက အင်တာနက်မှာ ဓါတ်ပုံများနဲ့ အတူ ဝေဆာစွာ တွေ့ နေရတာပါ။ ပြည်သူအများကလည်း ထိရောက်စွာ အရေးယူမှုတွေကို မြင်တွေ့ လိုလှပါပြီ။ လှုံ့ ဆော်ပေးနေတဲ့ 
အဖွဲ့ ပေါင်းစုံနဲ့  ပါဝင်ပတ်သက်ခဲ့သူအများစုကတော့ ယနေ့ တိုင် ပန်းပန်နေဆဲတွေ့ နေရပါတယ်။
     ဒုတိယခြေလှမ်းဖြစ်တဲ့ ပညာပေးရေး အစီအစဉ်ကိုလည်း နိုင်ငံတော် အဆင့် လုပ်ဆောင်နေတာကိုလည်း မကြားမိသေးပါ။ ယနေ့ ကမ္ဘာပေါ်မှာ မတူညီသူချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းကိုသာ ယဉ်ကျေးတဲ့လူ့ အဖွဲ့ အစည်းက လက်ခံတယ်ဆိုတာ ကျောင်းနေစအရွယ်ခလေးငယ်များရဲ့  သင်ရိုးညွှန်းတန်းများအထိ ထည့်သွင်းပေးခြင်း၊ပြည်သူအများကြားမှာ ပညာပေးလက်ကမ်းစာစောင်များ
     ဒီလိုထိရောက်တဲ့ အရေးယူမှုများ၊ပညာပေးလုပ်ငန်းများကို အချိန်မှီ မဆောင်ရွက်နိုင်ခဲ့ရင်တော့  နိင်ငံတော်ရဲ့ ပုံရိပ်ဟာ ကမ္ဘာ့အလယ်မှာ ကျဆင်းမှုနဲ့ သာ ရင်ဆိုင်ရပြီး တိုင်းပြည်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုအကြီးအကျယ်ထိခိုက်နိုင်ပါတယ်။ နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်လျှောက်လှမ်းဖို့  အရှိန်ယူနေတဲ့ ခုလို အချိန်မျိုးမှာ ပြည်သူအများရဲ့  လိုလားချက်ဖြစ်တဲ့ အေးချမ်းသာယာတဲ့ နိုင်ငံတော်ကြီးကို အမုန်းတရားကင်းတဲ့ အပြုံးများဖြင့်သာ တည်ဆောက်နိုင်ကြပါစေလို့  ဆန္ဒပြုရင်း ကျော်ဟိန်းရဲ့   ကမ္ဘာသစ် သီချင်းထဲက စာသားလေးနဲ့  ဒီစာစုလေးကို နိဂုံးချုပ်ခွင့်ပြုပါ။
     “ ရန်ပွဲတွေရပ်ပစ်၊ အမုန်းများရပ်ပစ်၊ရန်ပွဲတွေရပ်ပစ်။ “
အဟောင်းများနှင့် ကျွန်တော်တို့ တတွေ
     ငယ်စဉ်တုန်းက ‘ဖျာပုံထည်’ လို့  အမည်ရတဲ့ လေဘေးထည်ရောင်းတဲ့ လမ်းဘေး ပလက်ဖေါင်းပေါ်က ဆိုင်တွေမှာ အဝတ်ကောင်းလေးတွေ ရွေးဖူးပါသလား။ ‘ဒို’ လို့  အတိုခေါ်ကြတဲ့ ဂျပန်ပြည်ကလာတဲ့ အဟောင်းတွေဖြစ်တဲ့ ကက်ဆက်၊တီဗွီ၊ရေခဲသေတ္တာ၊အဝတ်လျှော်စက်စတဲ့ လျှပ်စစ်ပစ္စည်း အဟောင်းတွေ သုံးဖူးပါသလား။ ဂျပန်ကျကား၊ဆိုင်ကယ်ဟောင်းလေးတွေကို ‘စလုံး’ နဲ ‘့မလေး’ တို့ ကလာတဲ့ ကားပစ္စည်းဟောင်း၊တာယာဟောင်း တွေနဲ့  အစားထိုးပြုပြင်ဖူးပါသလား။ တခုမဟုတ်တခု တော့လုပ်ခဲ့ဖူးတယ်ဆိုယင် သင်ဟာ ၉၉% သော ပြည်သူအများစုထဲမှာ ပါဝင်နေပါသေးတယ်။အပျော်ထားတဲ့ စပွန်ဆာလေးကို တစ်လ ဒေါ်လာတသိန်းကျော်ဖိုး နိုင်ငံခြားမှာ ဈေးဝယ်ခွင့်ပေးနိုင်တဲ့၊ဝိုင်အရက်ကို ဒေါ်လာသောင်းကျော်တန်မှသောက်တတ်တဲ့၊ဒေါ်လာသန်းဝက်လောက်တန်ဖိုးရှိတဲ့ ပြိုင်ကားအသစ်ကို အမေရိကန်ကတင်သွင်းပြီး မြန်မာပြည်ကလမ်းကြမ်းမှာ မညှာမတာစီးနိုင်တဲ့၊နန်းတော်တမျှ ခမ်းနားလှတဲ့ အိမ်ကြီးတွေမှာ ကိုယ်ရံတော်တွေ အိမ်ဖေါ်တွေ ယာဉ်မောင်းတွေ အခိုင်းအစေတွေ တလှေကြီးနဲ့  နေရင်း စကာင်္ပူက ညစာကို မှာစားနိုင်တဲ့ မိုးကြရွှေကိုယ် ခေတ်ပေါ်သူဌေးတွေ၊ စိန်စီသောညတွေ များစွာကိုကျော်ဖြတ်ရင်း လက်ညိုးညွှန်ရာရေဖြစ်တယ်ဆိုတဲ့ သူတွေ အချို့ ကတော့ ၁% လောက်သာ စာရင်းပေါက်မယ် ထင်ပါတယ်။
     ဒီပဲရင်း မှာ ဘီလူးဆိုင်းနဲ့ ထွက်လိုက်မိလို့ ရခဲ့တဲ့ နိုင်ငံတကာဖိအားတွေ ဖြေလျှော့ဖို့ ယခု ပန်းချီပြခန်းပိုင်ရှင် ယခင် တီဗွီမင်းသား ထောက်လှမ်းရေးမှူးချုပ် ဟောင်းကြီးကို လမ်းပြမြေပုံဆိုတာကြီး ချမှတ်စေကာ တပ်မတော်ကို အနာဂတ်နိုင်ငံရေးအထိ ရှေ့တန်းကပါဝင်ရေးဆိုတဲ့ ထာဝရ အာဏာထိမ်းချုပ်ရေး မူတွေအရ နာဂစ်ဖွဲ့ စည်းပုံကြီး နဲ့  တက်လာတဲ့အစိုးရမို့ ပြည်သူအများစုက စစ်မှန်တဲ့ အစိုးရသစ်လို့  မယုံကြည်ခဲ့ကြပါဘူး။
နိုင်ငံတကာရောက်အတိုက်အခံတွေနဲ့ ဆွေးနွေးမှုတွေလုပ်ဆိုတဲ့ နိုင်ငံရေးပိုင်းတိုးတက်မှုတွေ တွေ့  လာရပါတယ်။ဒါပေမဲ့ နှစ်ပေါင်းများစွာ ဖေါ်ဆောင်ခဲ့တဲ့ လွဲမှားတဲ့ စီမံခန့် ခွဲမှုများ၊အကျင့်ပျက်ခြစားမှုများ၊
ဦးပိုင်နဲ့ ကိုယ်ကျိုးရှာသမားတချို့ ရဲ့  စီးပွားရေးလက်ဝါးကြီးအုပ်ထားမှုများကြောင့် စီးပွားရေးပိုင်းမှာ ထင်သာမြင်သာတဲ့ တိုးတက်မှုမတွေ့ ရှိရသေးပါ။ပြည်သူအများစုကတော့ အရင်အတိုင်း ခေတ်ဟောင်းတုန်းကအတိုင်း ဆင်းရဲတွင်းထဲမှာပဲ ပျော်မွေ့ နေရဆဲပါ။
     နိုင်ငံရဲ့ အခြေခံအုပ်မြစ်ဖြစ်တဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေကိုလည်း ဒီမိုကရေစီစံနှုန်းများနဲ့  အညီ ရေးဆွဲခဲ့တာ မဟုတ်ပဲ တပ်ကသူတို့ လိုလားသလို ရေးဆွဲခဲ့တာမို့  ဒီမိုကရေစီနိုင်ငံကို ဒီ အခြေခံဥပဒေဆိုတာနဲ့ တည်ဆောက်လို့  မရနိုင်ဘူးဆိုတာ စဉ်းစားတတ်တဲ့လူတိုင်း နားလည်ကြမှာပါ။ဒီကြားထဲမှာ ပြင်သင့်၊မပြင်သင့် အပြင် အသစ်ရေဆွဲရေးဆိုပြီးပါ အမြင် အမျိုးမျိုး ဖြစ်ပေါ်နေပါသေးတယ်။ အများစုက ပြင်ရေးကို ထောက်ခံကြမှာပါ။ဒါဆိုရင်တော့ လူဟောင်းများက စိတ်ကြိုက်ရေးဆွဲခဲ့တဲ့ ဥပဒေမို့  အစမှအဆုံးနီးပါးတိုင် ပြင်ရမဲ့သဘောမှာရှိပါတယ်။ပြင်လို့ မလွယ်အောင်ရေးဆွဲခဲ့တာမို့  အတော်ကြာမဲ့သဘောမှာရှိပါတယ်။ လွှတ်တော်ရောက် တမတ်သား တပ်မတော်သားများရဲ့ ထောက်ခံမှုကလည်းလိုအပ်ပါသေးတယ်။
၂၀၁၅ ရွေးကော်ပွဲအမှီ အပြီးသတ်ပြင်ဆင်နိုင်ဖို့ ဆိုတာ ဖြစ်နိုင်ဖွယ်မရှိပါ။
     ဒီကြားထဲမှာ နိုင်ငံတကာမှာ အသုံးမဝင်တော့တဲ့ ငါနဲ့ မတူငါ့ရန်သူ ဖက်ဆစ်မျက်ကန်း မျိုးချစ်ဝါဒဟောင်းကြီးကို ဖုန်သုတ်ပြီး နိုင်ငံရေးဇာတ်ခုံပေါ် ပြန်တင်ကာ မင်းသားကြီးမလုပ်ရရင် ပတ်မကြီးထိုးခွဲပစ်မယ်ဆိုတဲ့ အရင်အစိုးရဟောင်းရဲ့  သစ္စာခံတချို့ ကြောင့် နိုင်ငံတကာမှာမျက်နှာပျက်ရတာကလည်း ရှိသေးတာမို့  စစ်အာဏာပြန်သိမ်းခြင်းဆိုတဲ့ အဟောင်းသံသရာပြန်လည်မှာကို လူတိုင်းစိုးရိမ်နေကြရပါသေးတယ်။
     စနစ်ဟောင်း တွေ အသစ်မပြောင်းနိုင်သေးရင်တော့ အဟောင်းသံသရာမှာ လည်နေဦးမှာ အသေအချာပါပဲ။
မောင်လူပေတို့ တတွေ စနစ်ဟောင်းက အကျင့်ဆိုးတွေ၊စံမမီတော့တဲ့ အတွေးအခေါ်တွေကို ပြုပြင်ရင်း စိတ်သစ်လူသစ်တွေနဲ့  ဒီမိုကရေစီလမ်းကြောင်းသစ်ကို တည်ဆောက်ကြဖို့ လိုအပ်လှပါတယ်။အသစ်များနဲ့  သာယာလှပပြီး အေးချမ်းတည်ငြိမ်တဲ့ နိုင်ငံလေးတခုဖြစ်အောင် ပြည်ထောင်စုဖွား သွေးချင်းများနဲ့  အတူ အေးအတူ ပူအမျှ တည်ဆောက်ကြရအောင်လားဗျာ....။
     “ အားလုံးပဲ ဟောင်းနွမ်းလွန်းလို့  ၊  အသစ်ကပြန်စကြစို့  “      ( ဇော်ဝင်းထွဋ် သီချင်းမှ… )