မနှစ်က
ဒီလထဲမှာ မောင်လူပေရဲ့ မိတ်ဆွေတဦး ကွယ်လွန်ခဲ့ပါတယ်။ သူက ဟိုပုန်းသား
ပအို့ လူမျိုးပါ။ အရမ်းသဘောကောင်းပြီး ကူညီတတ်သူ၊ မိတ်ဆွေများပြီး
ခင်မင်တတ်သူ၊ ကျမ်းမာရေးလဲ အရမ်းဂရုစိုက်တဲ့သူ၊ လူငယ်တဦးလို အမြဲ
တက်ကြွနေတတ်သူပါ ။ အရက်မသောက် ကွမ်းမစား
ဆေးလိပ်ရှောင် မိန်းမမလိုက်စား တဲ့သူက ရုတ်တရက်နေမကောင်းဖြစ်ရာက
ကွယ်လွန်သွားခဲ့ပါတယ် ။ မွေးရပ်နဲ့ သေရပ်တထပ်တည်း မကျခဲ့တဲ့ သူ
့အကြောင်းစဉ်းစားရင်း လူတွေရဲ့ မွေးရပ်နဲ့ သေရပ်တွေ မတူကြတာ
သတိထားမိလာပါတယ် ။
မွေးရပ်မြေကို လူတိုင်းခင်တွယ်တာ သဘာဝပါ ။ မမေ့လဲ မမ့နိုင်ကြပါဘူး ။ အိပ်မက်ရင်တောင် ဒီငယ်ဘဝ အရပ်ဒေသကိုပဲ အများဆုံး မက်တတ်ကြပါတယ်တဲ့ ။ ဒါပေမဲ့ အခြေအနေ မပေးလို့  မွေးရပ်မြေနဲ့  ခွဲခွါပြီး တော်ရာမှာနေထိုင်ရင်း တော်ရာမှာပဲ သေကြရလို့ မွေးရပ်နဲ့ သေရပ် တထပ်တည်းမကျသူတွေ အတော်များမယ်ထင်ပါတယ် ။
မောင်လူပေက ကိုယ့်အဖိုးအဖွားတွေ အကြောင်း စပြီး စဉ်းစားပါတယ် ။ အဖေဘက်က အဖိုးက တရုတ်ပြည်မှာမွေးပြီး ရန်ကုန်မှာ ဆုံးတယ် ။ အဖွားက ဖျာပုံမှာမွေးပြီး ရန်ကုန်မှာခေါင်းချတယ် ။ အမေဖက်က အဖိုး (အဘကြီး)ကအောင်လံဇာတိ၊ ရန်ကုန်စစ်ဆေးရုံမှာ ကွယ်လွန်ခဲ့ ။ အဖွား (အမေကြီး)ကလဲ အောင်လံဇာတိ တောင်ငူမှာ ဆုံးပါးခဲ့ ။ သူတို့ အားလုံး မွေးရပ်နဲ့ သေရပ် ထပ်တူမကျခဲ့ ကြပါဘူး ။
မောင်လူပေရဲ့ အဖေက ရန်ကုန်ဇာတိ၊ တောင်ငူမှာပျော်တဲ့ တောင်ငူသားတပိုင်း ပါ ။ နေမကောင်းဖြစ်ရာက ရန်ကုန်မှာဆေးကုရင်း ကွယ်လွန်ခဲ့လို့  မွေးရပ်နဲ့ သေရပ် တူခဲ့ပါတယ် ။ အောင်လံသူ အမေကတော့ တောင်ငူသားတပိုင်းလုပ်ရင်း တောင်ငူမှာပဲ ဆုံးခဲ့ရလို့ မွေးရပ်နဲ့ သေရပ် မတူခဲ့ရပါ ။
မောင်လူပေ တောင်ငူသားစစ်စစ်လဲ ဇာတိမြေကို ခင်တွယ်ပေမဲ့ အခြေအနေ မပေးလို့  ဝေးနေရတဲ့ ငယ်ချစ်ဦးလို သဘောထားရင်း ရွက်ကျပင်ပေါက် လုပ်နေသူမို့  မွေးရပ်နဲ့ သေရပ် တထပ်တည်းမကျဖို့ သေချာလှပါတယ် ။ ဘာပဲဖြစ်ဖြစ် မွေးရပ်နဲ့ သေရပ် တထပ်တည်းမကျတောင် သေတတ်အောင်ပြင်ဆင်ရင်း " ရောက်တဲ့အရပ်မှာ ပျော်အောင်နေ၊ တွေ့ တဲ့သူနဲ့ သင့်အောင်ပေါင်း၊ ရှိတာလေးနဲ့ လှအောင်ဝတ်၊ ရတာလေးနဲ့ ဝအောင်စား၊ နေတတ်ရင် ကျေနပ်စရာချည်းပဲ ။ " ဆိုတဲ့ ဆောင်ပုဒ်လေးအတိုင်း နေထိုင်ရင်း ကံ ကံ၏ အကျိုးကို ယုံကြည်ကာ စေတနာကို ကံ ဟု ခံယူထားကြောင်းပါ ။
Eat, drink and be merry, for tomorrow we'll die.
၃-၅-၂၀၁၃

No comments:
Post a Comment