Wednesday, April 30, 2014

ရွှေတိဂုံကုန်းတော်၊ လယ်တီသိမ်တော်နှင့် တွေးမိသမျှ

ကျွန်တော့ကို မြန်မာပြည်တွင် မွေးပါသည်။
မြန်မာပြည်တွင် ကြီးပြင်းပါသည်။
မြန်မာ အစားအစာများကို ကြိုက်ပါသည်။
မြန်မာ့ ယဉ်ကျေးမှူများကို ချစ်ခင် နှစ်သက်ပါသည်။
မြန်မာစာကို အလွန် တန်ဖိုးထား လေးစားပါသည်။
မြန်မာတို့၏ စိတ်ရင်းစေတနာ၊ ရိုးသားမှုတို့ကို တန်ဖိုးထားပါသည်။
မြန်မာ့ရှုခင်းပုံရိပ်များကို တွေ့လျှင် စိတ်ပျော်ပါသည်။

သို့သော် ဒီနေ့တော့ ဝန်ပေါင်ကြေးနီလုပ်ကွက်က
လယ်တီသိမ်တော်ကြီး၊ စေတီငယ်၊ကျောင်း ဇရပ်တို့အား ဘူဒိုဇာဖြင့်ထိုးဖျက်ကာ မြေမြှုတ်လိုက်သောပုံရိပ်များကို
အွန်လိုင်းတွင်တွေ့လိုက်ရသောကြောင့်
 အတော်ပင် စိတ်မချမ်းမြေ့မှုဖြစ်ရပါသည်။

ဝန်ပေါင်က ဖြိုတာမဟုတ်ပဲ အာဏာပိုင်ဆိုသူများက
  ကြေးနီစီမံကိန်းနှင့် မလွတ်သောကြောင့် ဖြိုပါသည်ဟု
 သိရသောကြောင့်လည်း များစွာအံ့အောမိပါသည်။

ကျွန်တော်ချစ်သောမွေးရပ်မြေမှာ ဘာတွေဖြစ်ကုန်ပြီလဲ။
အာဏာပိုင်ဆိုသူများက ဘုရားသိမ်ကို ဖြိုတယ်တဲ့လား။
အာဏာပိုင်မို့ လယ်တီသာသနာဝင်သိမ်ကို
သိမ်နယ်မြေ၊ သာသနာ့မြေသတ်မှတ်ပေးပြီး
ကင်းလွတ်ခွင့်ချပေးရမှာ မဟုတ်ဖူးလား။

လယ်တီသိမ်က သမီးလေးလို ကျူးကျော်မြေဆိုတဲ့ နေရာမှာ
တည်ဆောက်ခဲ့မိလေသလား တွေးမိပါသည်။
ကြေးနီတူးဖို့ ဝန်ပေါင်ကို မြေမရောင်းခင်
အရင်ထဲက ဆောက်ခဲ့တာမို့ ကျူးကျော်တော့ မဟုတ်လောက်ပါ။

ပြီတော့ အဲဒီ သိမ်နေရာလေးကရော
 ကြေးနီ ဘယ်နှစ်တန်ထွက်မှာမို့လဲ။
လယ်တီသိမ်တော်က ကြေးနီ အနည်းငယ်လောက်တောင်
တန်ဖိုးမရှိတော့ဘူးလား။

 ဒီငွေလောက်က မြန်မာပြည်မှာ သူဌေးတွေ စပွန်စာဖိုးတောင်ရှိမယ်မထင်ပါ။
သူဌေးတစ်ဦးက သူ့စပွန်စာကို တစ်လဒေါ်လာတစ်သိန်းဖိုး
 ဈေးဝယ်ထွက်ခွင့်ပေးတာမို့ စပွန်စာမလေးက
တစ်လတစ်ခါ နိုင်ငံခြားမှာ ဈေးဝယ်ရင် ဒေါ်လာတစ်သိန်းဖိုး ဝယ်ကြောင်း
ခပ်ကြွားကြွားလေး ပြောပြတာကို ဂျာနယိကြီးတစ်စောင်မှာ ဖတ်ခဲ့ရဖူးပါသည်။

သမိုင်းဝင် သိမ်၊စေတီ တို့ကို ဖြိုပြီး နေရာသစ်မှာ ပြန်ဆောက်ရင်
အရင်လိုပဲ သမိုင်းတန်ဖိုးရှိသေးသည်ဟု ထင်ပါသလား။
ဒါဆိုလျှင် ကျွန်တော်တို့ချစ်သော ရွှေတိဂုံစေတီတော်မြတ်ကြီးလည်း စိတ်မချရပါ။
ရွှေတိဂုံကုန်းတော်မှာ စိန်ထွက်သောကြောင့် စိန်တူးဖော်ရန် ရွှေတိဂုံစေတီတော်ကို ဖြိုဖျက်ပြီး နေရာသစ်တွင်ပြန်ဆောက်ပေးမည်ဆိုလျှင် လက်ခံနိုင်ပါမည်လား။

ရန်ကုန်သားအတွက်ရွှေတိဂုံ၊ မန်းလေးသားအတွက် မဟာမုနိ အရေးပါသလို သူတို့ရွာအတွက် လယ်တီသိမ်ဘုရားများက အရေးပါမှာပါ။
ကိုယ်ချင်းစာတရားများထားကာ လုပ်ဆောင်နိုင်ကြပါစေဟုသာ အာဏာပိုင်ဆိုသူများအား တိုက်တွန်းအပ်ပါသည်။

No comments:

Post a Comment