ငယ်ငယ်ကဆို ဒီနေ့ရောက်ရင် " မောင် တကယ်အလုပ်သမားဆိုရင် ပျိုကပင်စတင် ချစ်ချစ်ပါရစေ။ အနားမှာ တိုးတိုးကပ်လို့ ပါးချင်းအပ်ကာ ပြောချင်ပါသည်။ တိုင်းပြည်အတွက် ကုန်ပစ္စည်းပိုမိုထွက်အောင် ဆောင်ရွက်စမ်းပါလို့အတည်...။ အလုပ်သမားနေ့ကို မမေ့နိုင်ပါပြီ။ သူနဲ့ကိုနဲ့ တွေ့ရတာဝမ်းသာလှသည်။ တသက်တာချစ်ဖို့အရေး အလုပ်သမားထဲက ရွေးရွေးတော့မည်။ " ဆိုတဲ့ သီချင်းကို မြန်မာ့အသံကနေ တနေကုန်ကိုလွှင့်နေတော့တာ။
ခလေးသာသာ မောင်လူပေကလည်း ရေဒီယိုထဲက ချစ်စပယ်နဲ့အပြိုင် လိုက်ဟဲတာပဲ။ ကိုယ်နဲ့လိုက်မှန်းမသိ မလိုက်မှန်းမသိ အာပြဲနဲ့ ချစ်စပယ်အသံကိုကျော်အောင် လွှတ်အော်တာ ။ အမေက တော်ပါတော့သားရယ်။ အမေ့နားတွေ ပူနေပြီ။ သီချင်းကောင်းကောင်း နားထောင်ပါရစေလို့ ပြောမှ အဆိုရပ်တာ။ အဲ့တုန်းက ကာလာအိုကေတွေ မပေါ်သေးလို့ အိမ်မှာ ရေဒီယိုကသီချင်းပဲ လိုက်အော်ရတာလေ။
ပြောရင်းနဲ့ ဘယ်ရောက်ကုန်လဲ မသိတော့ဘူး။ ပြောချင်တာက အခုဒီနေ့က မေလ တစ်ရက်နေ့၊ မေဒေးနေ့။ ဒါပေမဲ့ အလုပ်သမားကြီး မောင်လူပေ အလုပ်သွားရတယ်။ အလုပ်မပိတ်ဘူး။ အလုပ်သမားနေ့လဲ မဟုတ်ဘူး။ မောင်လူပေ ရောက်နေတာ အမေရိကလို့ခေါ်တဲ့ အရင်းရှင်နိုင်ငံ။ မေဒေးမရှိ။ အလုပ်သမားနေ့တော့ရှိတယ်။ စက်တင်ဘာလရဲ့ ပထမ တနလာင်္နေ့ကို သတ်မှတ်တယ်။
ဆိုတော့ကာ မေဒေးနေ့မှာ အဝတ်ပြာဝတ်ပြီး ချစ်စပယ်သီချင်းဆိုကာ ကလေးဖတ်စာထဲကလို " ကိုဖိုးမောင်အလုပ်သမား ကုန်ထုတ်လုပ်ဖို့သူကြိုးစား" လုပ်နေရတယ်။ အလုပ်ဆင်းနေရတယ်။
ဒါမေမဲ့ သိပ်မဆိုးဘူး။ အလုပ်သမားကြီကိုဖိုးမောင် တဖြစ်လဲ မောင်လူပေ အလုပ်ဆင်းရတာပျော်ပါတယ်။ နာရီစားမို့ ထိုက်သင့်တဲ့ လစာရတယ်။ နှစ်နာရီလုပ် ၁၅ မိနစ်နားနဲ့ ရှစ်နာရီလုပ် ၊ နေ့လည်စာစားချိန် နာရီဝက် ပေးတယ်။ အချိန်ပိုဆို တစ်ဆခွဲ၊ ရုံးပိတ်ရက် ဆင်းရင် နှစ်ဆ။ ဒါပဲ။ ရှင်းတယ်။ ဘယ်သူ့မှလည်း ဖားဘို့မလို။ မန်နေဂျာလည်းပျာနေအောင် မကြောက်ရဘူး။ အလုပ်ရှင်အိတ်လဲ ပြေးဆွဲဖို့မလိုဘူး။
ရိုးရိုးသားသားနဲ့ရတဲ့ ငွေလေးနဲ့ အိမ်လေး၊ ကားလေး အကြွေးဝယ်ပြီး လစဉ်ပြန်ဆပ်တယ်။ သမီးကိုကောလိပ်ပို့တယ်။ အများကြီးမပိုပေမဲ့လုံလောက်တယ်။
ငယ်တုန်းကသင်ဖူးတာက အရင်းရှင်နိုင်ငံတွေမှာ အရင်းရှင် နဲ့ အလုပ်သမား ဘဝတွေ ကွာတယ်တဲ့။ အရင်းမဲ့ ကျောမွဲတွေကိုခေါင်းပုံဖြတ်သတဲ့
မေဒေးနေ့ အလုပ်ဆင်းရရောဘာဖြစ်လဲ။ ပေးစရာ ဘေ (Bill) တွေအတွက်၊ မဒန်ပေအတွက်၊ သမီးကောလိပ်အတွက် ......တွေအတွက် မေဒေးနေ့မှာ အလုပ်ဆင်းရင်း သီချင်းလေးဆိုလိုက်ဦးမယ်။
" တသက်တာချစ်ဖို့အရေး အလုပ်သမားထဲက ရွေးရွေးတော့မည်။ "
(လယ်တီသိမ်တော် အဖျက်ခံရတဲ့ သတင်းကြောင့် ညစ်နေတဲ့ စိတ်တွေပြေသွားအောင် ရေးလိုက်မိတာပါ။
ဗမာပြည်မှာတော့ အလုပ်သမားနေ့ ညသန်းကောင်။ ဒီမှာတော့ မေဒေးနေ့ နေ့လယ်။ အလုပ်နားတုန်းရေးတာပါ။)
No comments:
Post a Comment