Sunday, December 28, 2014

ခရစ်စမတ် ညလေးတစ်ညအကြောင်း

အသေအခြာကို ပြန်တွက်ကြည့်တော့ ခရစ်စမတ်ညတစ်ညမှာ....။
ကိုင်ဇာရဲ့ သီချင်းသံက ကက်စုတ်ထဲကလာနေတယ်။

အော်...။ ခရစ်စမတ်တောင် ရောက်ပြန်ပေါ့လား။ ခရစ်စမတ်ဟာ မောင်လူပေနဲ့ မစိမ်းခဲ့ပါဘူး။
ခရစ်တော်ဟာ ခရစ်စမတ်မှာ မွေးတယ် မမွေးဘူး မောင်လူပေ မတွေးဘူးပေမဲ့ ခရစ်စမတ်မှာတော့ ပျော်ခဲ့ရတာပါပဲ။

မွေးရပ်မြေရဲ့ မြို့ တဝက်နီးပါးက ကရင်တွေနေကြတယ်။ သူတို့အားလုံးနီးပါးက ခရစ်ယာန်တွေ။ ဒီတော့ ခရစ်စမတ်ဆိုရင် ပျော်ပွဲတွေလုပ်ကြ။ သူငယ်ချင်းတွေကလည်းဖိတ်တော့ ဖိုးသွားချင်ကလည်း ရှေ့ဆုံးကပေါ့။

စက်မှုကျောင်းကြီးရောက်ပြန်တော့လည်း ကျောင်းနားကပ်ရက် ခဝဲခြံရွာမ ဆိုတာ အဲဒီအချိန်က ကရင်တွေချည်းနေတဲ့နေရာ။ သူတို့တွေက ခရစ်စမတ်ပွဲ ပျော်ဖို့ လုပ်တော့လည်း ဖိုးသွားချင်က ရှေ့ဆုံးကပါပဲ။

အဲဒီ ခရစ်စမတ်ညတစ်ညမှာ သူလေးနဲ့ ဆုံခဲ့တာပေါ့။

မောင်လူပေမှာ သူငယ်ချင်းပေးထားတဲ့ သင်တိုင်း အနီကြီးရှိတယ်။ ခရစ်စမတ်ဆို သင်တိုင်းအနီကြီးစွတ်ပြီး ပတ်ကညော(ကရင်) အတု လုပ်နေကြ။
ရုပ်ကလည်း နီစပ်စပ်ဆိုတော့ သင်တိုင်းစွတ်ထားရင် ပတ်ကညောတွေတောင် မခွဲတတ်ဘူး။ အမိုးတို့ ဖထီးတို့ခေါ်ပြီး ဝင်ရောလိုက်ရင် ဖိုးခွား ဖြစ်ပြီပဲ။

ကရင်စကားလည်း နည်းနည်း သင်ထားတာလေ။ ချစ်သူကို အဲဒို။ နင့်ကိုချစ်တယ်ဆို ရာအဲနာ အားကြီးလော ဘာညာပေါ့။ (တခါမှတော့ ဒီစကားတွေ မပြောလိုက်ရပါဘူး။ သင်ထားတာပဲ အဖတ်တင်တာ။)

ခဝဲခြံကွင်းထဲမှာ ခရစ်စမတ် ပျော်ရွင်ပွဲရှိပြီဆိုရင် ပါလာတဲ့ သင်တိုင်းကြီး ကောက်စွတ်ပြီး ပါဝင် ပျော်ပွဲဆင်တာပေါ့။

အဆောင်က ပါလာတဲ့ အဖေါ်တွေကလည်း ကိုယ်စိတ်ဝင်စားတဲ့ ကောင်မလေးတွေနားကပ် ကစားပွဲတွေနွဲနေကြတော့ သင်တိုင်းဝတ် ကရင်တု မောင်လူပေ သင်းကွဲငှက်ဖြစ်လာတယ်။ ဒါနဲ့ပဲ တီးဝိုင်းနားမှာ ယောင်လည်လည်နဲ့ အားပေးနေတော့တယ်။

အဲဒီမှာ စတွေ့တာပဲ။ ကရင်မလေးနှစ်ယောက်။ သင်တိုင်းလေးတွေနဲ့ပဲ။ ဖြစ်ချင်တော့ တီးဝိုင်းရဲ့ ပရိတ်သတ်နားက မတ်တတ်အားပေးနေတဲ့ သူတွေထဲမှာ သင်တိုင်းဝတ်ထားတာ ကိုယ်တွေပဲ ရှိနေတယ်။ကျန်တဲ့ သင်တိုင်းဝတ်ထားသူတွေက ခုံတွေနဲ့ ထိုင်နေကြတာ။

ဒီကောင်မလေးနှစ်ယောက်ထဲမှာ တစ်ယောက်က မောင်လူပေကို ကွက်ကြည့်ကွက်ကြည့် လုပ်နေတယ်။ သေချာအောင် ပြန်ကြည့်လိုက်တယ်။ ဟုတ်တယ်။ ကိုယ့်ကို ကြည့်နေတာ သေချာပြီ။
ဒီတခါတော့ ဘဘုန်းကြီးရဲ့ ပီယဆေး အစွမ်းပြပြီပေါ့။ အချိန်ကြပြီ။ လာထား အာဘွားတွေ ပေးလိုက်မယ် ဘာညာနဲ့ စဉ်းစားနေတုန်း ကရင်မလေးက အနားကပ်လာတယ်။

ပြီးတော့ အကိုက ဒီအပိုင်းမှာ နေတာလားတဲ့။ မေးတယ်။

ဟုတ်တယ်ညီမလို့ ဖြေလိုက်တော့ မဝံ့မရဲ ဖြစ်နေရှာတဲ့ မျက်နှာလေးက ကြည်သွားတယ်။
ဟုတ်ပြီ။ ငါ့ကို မိတ်ဆက်တော့မယ်။ မိတ်ဆွေဖြစ်ရင် အိမ်လည်သွားမယ်။ ပြီးရင် ဘာညာနဲ့ အတွေးမဆုံးခင် ကရင်မလေးက ပြောလိုက်တယ်။

" မရိုမသေ။ အိမ်သာဘယ်နားမှာ ရှိလဲဟင်။ မအောင့်နိုင်တော့လို့ပါ" တဲ့။

No comments:

Post a Comment