Tuesday, March 21, 2017

ဘိုက်ပူလွမ်းချင်း

ဘိုက်ပူလွမ်းချင်း

အသက်နှစ်ဆယ်ကျော်အရွယ်ရှိသူတိုင်း ရန်ကုန်ရောက်ဖူးကြရင် ဘိုက်ပူလို့ခေါ်တဲ့ ချက်ပလက်ခေါင်းတိုကြီးတွေ စီးဖူးကြပါလိမ့်မယ်။ (ဘိုလိုကတော့ ရှယ်ဘလေပေါ့။ လူပေတို့ကတော့ ဗမာပီပီ ငပိသံနဲ့ ချက်ပလက်လို့ခေါ်ရမှ အာတွေ့ပါတယ်။)

အဲဒီကားကြီးတွေက ဒုတိယကမ္ဘာစစ်မှာ အမေရိကန်စစ်သားတွေ သယ်လာတာတဲ့ဗျ။ ဟုတ်မှာပေါ့။ အင်္ဂလိပ်ပြည်မှာ ချက်ပလက်မှ မရှိတာကိုး။ အမေရိကန်စစ်သားတွေပြန်တော့ ကျန်ခဲ့တဲ့စစ်ကျန်ကားတွေပေါ့။ ၁၉၄၅ဝန်းကျင်ကဆိုတော့ ခုဆို နှစ် ၇၀ကျော်လောက်ရှိပြီ။

မောင်လူပေတို့ကျောင်းသားဘဝမှာ ဒီကားကြီးတွေနဲ့မိတ်ဆွေတွေဖြစ်ခဲ့ရတာ။ ကားကြီးတွေက အဲဒီအချိန်မှာ နှစ်လေးဆယ်ကျော် အသက်ရှိနေပြီ။ ဗမာ့နည်းဗမာ့ဟန်နဲ့ လက်ပူတိုက်ထားတဲ့ ဒီကားကြီးတွေက လမ်းပေါ်က ခရီးသည်တွေကို မီးခိုးမဲတွေထုတ်လွှတ်ရင်း တဟဲဟဲအော်မည်ကာ သယ်ပို့ရှာခဲ့တယ်။ အဲဒီခေတ်က ၄၅လိုင်းတို့၊ ၃၉လိုင်းတို့က ဘိုက်ပူတွေ ကြီးစိုးခဲ့တဲ့လိုင်းတွေပါပဲ။
ကားဂီယာတံနောက်မှာ သစ်သားထောက်ကလေးနဲ့။ ဂီယာတခါပြောင်းတိုင်း ဒေါက်နဲ့ထောက်ထားရတယ်။

 ဆီ၊ရေ၊လေ၊ဝိုင် လို့ ရေးထားတဲ့ သစ်သားဘော်ဒီကားကြီးကို မောင်းတဲ့ ကားဆရာတွေကလည်း ကျွမ်းသလားမမေးနဲ့ပဲ။ သံဘော်ဒီတွေ သံခြေးစားကုန်လို့ သစ်သားအိမ်ဘော်ဒီဖြစ်၊ ပြူတင်းပေါက်မှန်တွေကွဲကုန်တော့ လက်နဲ့ဆွဲတင် ဆွဲချရတဲ့ သစ်သားပြူတင်းပေါက်တွေဖြစ်၊ ဆိုဖါခုံတွေ ဆွေးမြေ့ကုန်တော့ သစ်သားခုံတွေဖြစ် နေပေမဲ့ ဆေးအထပ်ထပ်သုတ်လို့ သစ်လွင်တောက်ပလို့ပါ။

ကားကြီးပေါ်မှာလည်း ညွှန်ကြားချက်တွေရေးထားသေးရဲ့။ 'ခေါင်းမပြူရ။' 'လက်မထုတ်ရ။' ' ဆေးလိပ်မသောက်ရ။' ' ခါးပိုက်နှိုက် သတိပြုပါ။' ' ကွမ်းတံတွေး မထွေးရ။' ' လူလိုသိပါ။' ' ထသွားပြန်ကြည့် ကျန်ရှိပစ္စည်းတာဝန်မယူ' စသည်နဲ့ အစုံပါပဲ။ ဆီ၊ရေ၊လေ၊ဝိုင် နားမှာထိုင်ပြီးကားမောင်းတဲ့ကားဆရာအတွက်က ' ခရီးသည်များ၏ အသက်သည် သင့်လက်ထဲမှာရှိသည်' တို့။ 'ဖြေးဖြေးမောင်းပါ' တို့။ 'ရှေ့ကားကို ကျော်မတက်ရ' တို့။ ရေးထားသေးတယ်။ ပြောမဲ့သာပြောတာပါ။ အလွန်နှေးတဲ့ဘိုက်ပူကြီးက ဘယ်ကားကိုမှ ကျော်မတက်နိုင်ရှာပါဘူး။ သူ့ကိုသာ နောက်ပေါ် ဟီးနိုး၊ဘီအမ်တွေက ကျော်တက်သွားတာပါပဲ။

ဒီဘိုက်ပူကားတွေ ခုချိန်မှာတော့ ကားသင်္ချိုင်းမှာ ရောက်နေကြရှာပြီ။ ကျွန်တော်ခဏရောက်ရှိနေထိုင်တဲ့ ဆန်ဖရန်စစ္စကိုမှာလည်း ဘိုက်ပူဆန်ဆန် ရှေးဟောင်းဘတ်စကားတွေရှိတယ်။ သူတို့ကတော့ အခုချိန်ထိ ခရီးသည်တွေကို ပို့ဆောင်ပေးနေတုန်းပါပဲ။ တိုးရစ်တွေစိတ်ဝင်စားတဲ့အထဲမှာ ဒီကားတွေလည်းပါတယ်။

ဆန်ဖရန်လို့ပြောလိုက်ရင် တိုးရစ်တွေပြေးမြင်တာက ကေဘယ်လ်ကားကြီးတွေပေါ့။ ကေဘယ်လ်ကြီးက လမ်းအောက်မှာ မော်တာဆွဲအားနဲ့ ရွေ့နေပြီး ကားက ဒီကေဘယ်လ်ကြိုးကြီးနဲ့ ချိတ်ထားကာ ရွေ့လျှားပါတယ်။ ကားရပ်ဖို့က ကေဘယ်လ်နဲ့ချိတ်ထားတဲ့ ချိတ်ကို ဖြုတ်လိုက်ရင် ကားရပ်သွားတယ်။ ကမ္ဘာမှာ နောက်ဆုံးလက်ကျန် လူနဲ့ထိမ်းမောင်း၊ရပ်ရတဲ့ ဘတ်စကားကြီးတွေပါ။ ကားမှာ ဘာစက်မှမပါပဲ ကေဘယ်လ်ကြိုးနဲ့ချိတ်ဆက်ပေးမဲ့မောင်းတံတစ်ချောင်း၊ ဘရိတ်တံတစ်ချောင်း ပဲပါပါတယ်။

 ကားဟွန်းလည်းမရှိသေးတဲ့ခေတ်မို့ ခေါင်းလောင်းသံတဒေါင်ဒေါင်သံနဲ့ သွားနေတာပါ။
တစ်နာရီမှ ကိုးမိုင်ခွဲနှုန်းပဲ ကေဘယ်လ်ကြိုးက ရွေ့တဲ့အတွက် ဒီကားကြီးတွေကလည်း ဒီနှုန်းပဲသွားလို့ရတယ်။ ဒီလောက်နှေးတဲ့ ဘတ်စကားစီးဖို့ တစ်ခါစီး ခုနှစ်ဒေါ်လာပေးရသဗျ။ လူတန်းစီပြီး လက်မှတ်ဝယ်စီးနေကြတာပါ။ စီးသူတွေကတော့ တိုးရစ်တွေချည်း အများစုပါ။ မတ်တတ်တွေရပ်ပြီး ခြေနင်းခုံမှာ တွဲလွဲတွေစီးကြတယ်။ ပျော်ကြတယ်။

ကေဘယ်လ်ကားပြတိုက်လည်းရှိသေးရဲ့။ ရှေးဟောင်း ကေဘယ်လ်ဘတ်စကားကြီးတွေကို ခေတ်အလိုက် တန်းစီပြထားတယ်။ မြေအောက်ကေဘယ်လ်ကြိုးကြီးတွေက ဘယ်လောက်ရှည်တယ်၊ ဘယ်ခေတ်ကစတယ်၊ ဘယ်သူကတီထွင်ခဲ့တယ်၊ ကားကိုဘယ်လိုရွေ့လျှားစေတယ် စသည်ဖြင့် သမိုင်းဝင်ပုံတွေနဲ့ ပြထားတယ်။ ကေဘယ်လ်ကြိုးကြီးတွေက မော်တာဆွဲအားနဲ့ ရွှေ့လျှားနေတာကို ပြတိုက်ထဲမှာ မျက်မြင်ကိုယ်တွေ့တွေ့ရပါမယ်။

သမိုင်းဝင်ကေဘယ်လ်ကားအပြင် သမိုင်းဝင် လျှပ်စစ်ဘတ်စကားတွေလည်းရှိသေးရဲ့။ ဒီကားတွေကတော့ လျှပ်စစ်ကေဘယ်လ်တွေကနေ အားယူပြီးမောင်းတဲ့ကားတွေပါ။ သံလမ်းပေါ်မှာ ပြေးကြတာတော့ တူပါတယ်။ မြန်မာပြည်မှာလည်း ဒီလိုလျှပ်စစ်နဲ့မောင်းတဲ့ထော်လီလို့ခေါ်တဲ့ ကားတွေ အင်္ဂလိပ်ခေတ်ကနေ ဦးနခေတ်အထိ ရန်ကုန်လမ်းတွေမှာပြေးခဲ့သေးပါတယ်။

 ဒီကားတွေကို ခုခေတ်ထိ ပြေးလို့ရအောင် ပြုပြင်ထိန်းသိမ်းထားတာကတော့ တိုးရစ်တွေ ဆွဲဆောင်မှုတစ်ခုအတွက် အဓိကပါပဲ။

ဒီတော့ စဉ်းစားမိတာလေးရှိလာတယ်။ တို့နိုင်ငံက ဘိုက်ပူကြီးတွေကို ပြန်ပြင်ရင်း မြန်မာပြည်တဝိုက်မှာ ' ရှေးဟောင်းသမိုင်းဝင် ဘိုက်ပူကားများ' ဆိုပြီး တိုးရစ်တွေအတွက် ရည်ရွယ်ပြေးကြရင် ကောင်းမလားလို့။ တိုးရစ်တွေ သွားတတ်တဲ့ ရွှေတိဂုံတဝိုက်၊ မန်းလေးတဝိုက်၊ ပုဂံတဝိုက်၊ အင်းလေးတဝိုက် စသည်ဖြင့်ပေါ့။ ဒီနေရာတွေမှာ ဘိုက်ပူဘတ်စကားတွေနဲ့ တိုးရစ်တွေအတွက် ပြေးဆွဲပေးလိုက်ရင် သူတို့တတွေ စိတ်ဝင်စားလေမလား တွေးမိလို့ပါ။

ဒုတိယကမ္ဘာစစ်မတိုင်ခင်က စစ်ကျန်အဆောက်အဦတွေကို ရှေးဟောင်းသမိုင်းဝင်အဆောက်အဦတွေအဖြစ် သတ်မှတ်ပြီး အပြာရောင်အမှတ်အသားတွေ ကပ်နေတဲ့အချိန်မှာ ဒုတိယကမ္ဘာစစ်လက်ကျန် ဘိုက်ပူကြီးတွေကလည်း ရှေးဟောင်းသမိုင်းဝင် ဘတ်စကားကြီးတွေ ဖြစ်နေပါပြီ။

 အပြာရောင်အမှတ်အသားကပ်ထားတဲ့ ရှေးဟောင်းသမိုင်းဝင်ဘိုက်ပူကြီးတွေ မြန်မာပြည်တဝိုက် ပြေးဆွဲနေတာ မြင်ချင်ပါတယ်။ နယ်အချို့မှာ အနည်းငယ်မျှ ပြေးနေကြသေးတဲ့ ဘိုက်ပူလက်ကျန်တွေစုစီးပြီး အကောင်အထည်ဖေါ်ကြရင် ဖြစ်နိုင်ပါရဲ့။

 အများပိုင်ကုမ္ပဏီတွေထောင်ပြီးပေါ့လေ။ အစိုးရရဲ့ အကူအညီတွေတော့ လိုအပ်မယ်။ ဘိုက်ပူသမိုင်းကြောင်း၊ ဘယ်လိုအသုံးတော်ခံခဲ့တယ်၊ ဘယ်လို ပြုပြင်ထိန်းသိမ်းခဲ့တယ် စသည်ဖြင့် လက်ကမ်းကြော်ငြာလေးတွေဝေပေး ကြော်ငြာပေးရင် စိတ်ဝင်စားလာမှာပါ။

ဖြစ်နိုင်မယ်ထင်တာလေး ပြောကြည့်တာပေါ့လေ။ မောင်လူပေက အစိုးရနဲ့ဝေးတဲ့နေရာကလူမို့ အစိုးရမင်းများနဲ့ နီးစပ်သူများရှိရင် စိတ်ဝင်စားမယ် လုပ်နိုင်မယ်ထင်သူများကို တဆင့်ပြောပေးကြပါ။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

ချစ်ခြင်းအားဖြင့်

မောင်လူပေ

(ဘိုက်ပူပုံကို အင်တာနက်မှ ယူပါတယ်။)

 Image may contain: one or more people and outdoor

'ကုလား၊ တရုတ်' ဆိုလို့။

'ကုလား၊ တရုတ်' ဆိုလို့။

မြန်မာတွေက လူမျိုးတွေနဲ့ပတ်သက်ရင် ကွဲကွဲပြားပြား သိပ်မရှိပဲ အားလုံးကို တမျိုးတည်းလို ခေါ်တတ်ကြတယ်။ 'တရုတ်' ၊ 'ကုလား' စသည်ပေါ့။

'တရုတ်' လို့ ခေါ်ခဲ့ကြပုံက ဒီလိုပါတဲ့။

မွန်ဂိုတာတာတပ်ကြီးက ပုဂံကို ပထမအကြိမ် ဝင်သိမ်းတဲ့အချိန်( ၁၂၈၇) မှာ မွန်ဂိုတာတာတပ်ကြီးရဲ့အမာခံစစ်သည် အများစုက 'တာတာရုတ်' (Tatar yoke) လို့ခေါ်တဲ့ 'တူရကီ'မျိုးနွယ်စုတွေ။ ဒီတော့ ပုဂံသားတွေက ကျူးကျော်သူတွေကို 'တရုတ်'တွေလို့ မှတ်တမ်းတင်ခဲ့တယ်။ မွန်ဂိုတာတာတပ်တွေကြောင့် ထွက်ပြေးရတဲ့ နရသီဟပတေ့ဘုရင်( ၁၂၅၆-၈၇)ကိုတောင် 'တရုတ်ပြေးမင်း'လို့ ခေါ်ကြတဲ့အထိပါပဲ။

ပုဂံပျက်ပြီးချိန်မှာ တချို့သော'တာတာ' တွေ ပြန်သွားကြပေမဲ့ တချို့ကတော့ ပုဂံတဝိုက်မှာအခြေချနေခဲ့မှာလည်း မလွဲပါဘူး။ 'မွန်ဂိုတာတာ' တွေဟာ သူတို့သိမ်းပိုက်ခဲ့တဲ့နိုင်ငံတွေတိုင်းမှာ အခြေချ နေခဲ့ကြတဲ့ အစဉ်အလာ ကြီးသူတွေမို့ပါ။ ဒီတော့ 'တာတာ' မျိုးဆက်တွေကလည်း ပုဂံသားတွေနဲ့ ရောသွားပြီး မြန်မာတွေ ဖြစ်ကုန်ကြမှာပါပဲ။

'တူရကီ'မျိုးနွယ်တွေကို 'တာတာရုတ်' တွေမို့ 'တရုတ်' လို့ခေါ်တာ မှန်ပေမဲ့ စိနပြည်ရဲ့ ပြည်မကြီးကလူတွေနဲ့ စိနမျိုးနွယ် မြန်မာပြည်ဖွားတွေကိုပါ ယနေ့ထိ 'တရုတ်' လို့ခေါ်တာကတော့ တက်တက်စင် လွဲပါတယ်။ ပြည်မကြီးကလူတွေက 'ဟန်' လူမျိုးတွေပါ။ မြန်မာပြည်ဖွား စိနနွယ်ဖွားတွေကလည်း 'တူရကီ တာတာ' တွေ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီနေ့ထိ သူတို့ကိုပါ 'တရုတ်' လို့ပဲ ဆက်လက်ခေါ်နေဆဲ။တကယ်ဆိုရင်တော့ အများခေါ်ကြသလို 'ချိုင်းနိ' လို့ ခေါ်တာကမှ နည်းနည်း နီးစပ်မယ်ထင်ပါရဲ့။ အများခေါ်ကြတဲ့ ချိုင်းနား(China) ဆိုတာကလည်း စိနပြည်ကိုတစုထည်းဖြစ်အောင် တည်ထောင်ခဲ့သူ ချီ(စီ)မင်းဆက်( Qin dynasty) ကို အစွဲပြု ခေါ်ခဲ့ကြတာပါ။ ဒါကြောင့် တချို့မြန်မာမှတ်တမ်းတွေမှ စီန(စိန)၊ စိန့် စသည်ဖြင့် ရေးခဲ့ကြတယ်။ စပိန်နွယ်ဖွားတွေကလည်း ချီးနား(စီးနား) လို့ပဲ ခေါ်ကြပါတယ်။

'တရုတ်ပြေးမင်း'မတိုင်ခင် နှစ်တရာနီးပါးစောပြီး ဘုရင်လုပ်ခဲ့တဲ့ ဘုရင်နရသူ(၁၁၆၇-၇၀)ကလည်း 'ကုလားကျမင်း' ရယ်လို့ အခေါ်ခံခဲ့ရတယ်။ သူကလည်း ခေသူမဟုတ်။ မြန်မာ့သမိုင်းမှာ လက်ညှိုးညွှန်ရာ ရေဖြစ်တယ်လို့ နာမည်ကျော်ခဲ့ပြီး ဖောင်စီးရင်း နိုင်ငံပတ်ခဲ့တဲ့ အလောင်းစည်သူမင်းကြီးရဲ့သားတဦး ဖြစ်ပါတယ်။

အလောင်းစည်သူမင်းကြီးရဲ့ ဖေါင်တော်ဆိုက်ရာနေရာတိုင်းမှာ ဖေါင်တော်ဦးစေတီတွေတည်ခဲ့တယ်ဆိုကြတာမို့ ဖေါင်တော်ဦးဘွဲ့ခံ စေတီတွေက မြန်မာတပြည်လုံး လက်ညှိုးထိုးမလွဲ။ ဒီဘုရင်ကြီးက အသက်လည်းအလွန်ရှည်ပါသတဲ့။ အသက်ရှည်တဲ့ အဖေကို မသေနိုင်ဘူးဆိုပြီး ခေါင်းအုံးနဲ့ဖိသတ်၊ အကိုကို နန်းတင်ပြီး အဆိပ်ကျွေးသတ်ပစ်တယ်လို့ အဖေသတ်တဲ့ဘုရင်အဖြစ် နရသူဘုရင်က ရာဇဝင်တွင်သူပါ။ နရသူဘုရင်ရဲ့ ဒီလိုလုပ်ရပ်တွေကို မနှစ်မြို့တဲ့'ရှင်အရဟံ' လည်း လာရင်းနိုင်ငံဖြစ်တဲ့ သီဟိုဌ်ပြည်ကို ပြန်သွားတယ်လို့ အဆိုရှိပါတယ်။ (ရှင်အရဟံကိုယ်တိုင်လည်း အိန္ဒိယနွယ်ဖွား ရဟန်းတပါးပါ။)

နရသူဘုရင်ရဲ့ကောင်းမှုဆိုလို့ ထုမှာဓမ္မာရံလို့ ကျော်ကြားတဲ့ 'ဓမ္မာရံကြီးဘုရား' တဆူပဲ ပြစရာရှိတယ်။ ဒီဘုရားကြီကိုလည်း ရှေးကမင်းတွေက ဘုရားတည်မြဲမို့ တည်ခဲ့ပုံရှိပါတယ်။ ဓမ္မရံကြီးဘုရားကြီးကို သူရဲခိုတွေကအစ ရဲတိုက်ကြီးလို အခိုင်အမာတည်ခဲ့တဲ့အပြင် တံတိုင်းကြီးကပါ ဧရာမကြီးမို့ ဒီဘုရားကြီးကို သူ့ရဲ့အရေးပေါ်နောက်ဆုံးခံတပ်အဖြစ် အသုံးပြုဖို့အထိ ရည်ရွယ်ခဲ့တယ်လို့ ထင်မှတ်ရပါတယ်။
သူ့အရင်ဘိုးဘေးဘုရင်တွေထုံးစံအတိုင်း နရသူဘုရင်မှာလည်း သီဟိုဌ်မင်းရဲ့သမီးတော် မိဘုရားရှိတယ်။ ရက်စက်ကြမ်းကြုတ်လှတဲ့ဘုရင်ပီပီ စိတ်တော်မကြည်ချိန်မှာ ဒီမိဘုရားကို သတ်ခဲ့ပါသတဲ့။ သူ့သမီးအသတ်ခံရတာကိုကြားတဲ့ သီဟိုဌ်မင်းက စိတ်ဆိုးကာ လူစွမ်းကောင်းရှစ်ဦးကို စေလွှတ်ပြီး ဘုရင်နရသူကို သုတ်သင်ခိုင်းခဲ့တယ်။ ဒီလူတွေလက်ချက်နဲ့ ဘုရင်နရသူ အသတ်ခံရပါတယ်။ ဒါကြောင့် 'ကုလားကျမင်း' အဖြစ် စာရင်းဝင်သွားတာပါ။

အိန္ဒိယနွယ်ဖွားတွေကို ဘာကြောင့် 'ကုလား' ခေါ်တာလည်းဆိုတော့ ပင်လယ်ကိုကူးလာသူတွေမို့ 'ကူးလာ'၊ နောက်တော့ 'ကုလား' ခေါ်ကြတာပါ တဲ့။

ပုဂံခေတ်ကျောက်စာတွေမှာ 'ကုလာ' လို့ ရေးထိုး မှတ်တမ်းရှိခဲ့တယ်။ အဲဒီအချိန်က' ကုလား ' ဆိုတာ သီဟိုဌ်ကျွန်းကလူတွေနဲ့ အိန္ဒိယနွယ်တွေကို ခေါ်ခဲ့တာ။ သီဟိုမင်းကို' ကျေးကုလားမင်း ' လို့ မှတ်တမ်းတင်ခဲ့တယ်။

ပုဂံရဲ့အထင်ကရဖြစ်တဲ့ လောကနန္ဒာဆိပ်ကမ်းမှာ အိန္ဒိယနဲ့ သီဟိုဌ်က လှေတွေအများကြီးဆိုက်ကပ်တယ်။ ကုန်ကူးသမ်းကြတယ်လို့ မှတ်တမ်းတွေတွေ့ရတော့ ပုဂံခေတ်ထဲက မြန်မာ အိန္ဒီယဆက်ဆံရေးဟာ အလွန်ကောင်းမွန်ပြီး အပြန်အလှန် ကုန်ကူးသန်းရောင်းဝယ်နေကြပြီဆိုတာကို တွေးကြည့်နိုင်ပါတယ်။ လှိုင်ခေါင်းပါတဲ့ လေးထောင့်ပုံဘုရားတွေကို 'ကုလားကျောင်း'လို့ ခေါ်ခဲ့တာကြည့်ရင် ပုဂံက လှိုင်ဂူဘုရားတွေဟာ အိန္ဒိယပုံစံတွေကို မှီငြမ်းထားတယ်ဆိုတာလည်း ထင်ရှားပါတယ်။ အိန္ဒိယဟာ ယဉ်ကျေးမှုမှာ အစောကြီး မြင့်မားခဲ့တာမို့ မြန်မာ့ယဉ်ကျေးမှု၊ စာပေတွေမှာ အိန္ဒိယရဲ့အငွေ့အသက်တွေ အများကြီး တွေ့နိုင်ပါတယ်။ ပုဂံပြည် တည်ခဲ့ရာမှာလည်း သူတို့တွေရဲ့အခန်းဂဏ္ဍတွေအများကြီး ပါဝင်ပတ်သက်ခဲ့မှာ မလွဲပါဘူး။ ပုဂံမှာအခြေချရင်း မြန်မာတွေနဲ့ရောသွားတဲ့ သီဟိုဌ်သားတွေ အိန္ဒိယနွယ်တွေလည်း နည်းမယ်မထင်ပါ။

သီဟိုဌ်သားတွေကို ကုလားခေါ်ခဲ့ရာက ခုခေတ်မှာတော့ အိန္ဒိယနွယ်ရော၊ ဘင်္ဂလားနွယ်တွေပါ ကုလားလို့ ခေါ်နေကြလေရဲ့။ အရင်ကဆို အင်္ဂလိပ်တွေကိုလည်း ကုလားလို့ပဲ ခေါ်ခဲ့ကြလေရဲ့။ တကယ်ဆိုရင်တော့ အင်္ဂလိပ်၊ အိန္ဒိယ၊ သီရိလကာင်္၊ ဘင်ဂါလီ စသည်ဖြင့် လူမျိုးနာမည်အလိုက် ခေါ်သင့်ပါတယ်။
ဘယ်လိုပဲခေါ်ခေါ် မြန်မာပြည်မှာမွေး မြန်မာပြည်မှာကြီးပြီး မြန်မာကိုချစ်သူတိုင်းဟာ မြန်မာတွေပါပဲ။

မြန်မာပြည်ဖွား စိနနွယ်ဖွားအများစုဟာ စိနစကား မတတ်ကြပါဘူး။ ဒါပေမဲ့ အက်ဖ်အာစီ နိုင်ငံခြားသားဥပဒေနဲ့ညိပြီး အသက်မွေးဝမ်းကျောင်းတက္ကသိုလ်တွေတက်ခွင့် မရခဲ့ကြဘူး။ အိန္ဒိယနွယ်ဖွားတွေလည်း ဒီလိုပဲ ခံစားခဲ့ကြရတယ်။ ဗိုလ်ချုပ်ကြီးနေဝင်း တပ်မတော်အစိုးရရဲ့ သွေးခွဲအုပ်ချုပ်မှုတွေက စိနနွယ်တွေ အိန္ဒိယနွယ်တွေသာမကပဲ တိုင်းရင်းသားနယ်မြေတွေအထိ အသက်ဝင်ခဲ့တယ်။ ဒါကြောင့်လည်း မြန်မာပြည်ဟာ ကမ္ဘာ့အရှည်ဆုံးပြည်တွင်းစစ်ကြီး ဖြစ်တည်နေရာနေရာတခု ဖြစ်ခဲ့ရပြီး ငြိမ်းချမ်းရေးတည်ဆောက်ဖို့ လုံးပမ်းနေရဆဲ နိုင်ငံတခု ဖြစ်လာခဲ့ရပါတယ်။

စည်လုံးညီညွတ်တဲ့နိုင်ငံတော်တခုဖြစ်ဖို့ တည်ဆောက်ဆဲ ယခုလိုအချိန်မှာ တမြေထဲနေ တရေထဲသောက်ခဲ့ကြတဲ့သူတွေမို့ တရုတ်၊ ကုလား ခွဲခြားမှုတွေရပ်တန့်ကြဖို့လိုအပ်တဲ့အချိန်တခု ဖြစ်နေပါပြီ။ မြန်မာပြည်မှာမွေးပြီး မြန်မာပြည်မှာကြီးခဲ့ကြတဲ့သူတွေမို့ ဒီလူတွေကို မြန်မာနိုင်ငံသားလျှောက်ထားခွင့်ပေးပါ။ မြန်မာနိုင်ငံတော်သီချင်းကို ဆိုခိုင်းပါ။ မြန်မာ့ယဉ်ကျေးမှုကို မေးမြန်းပါ။ မြန်မာလို စကားပြောခိုင်းပါ။ စာရေးခိုင်းပါ။ အစိုးရအကြောင်း မေးမြန်းပါ။ ဒါတွေကို ဖြေနိုင်ရင် ဧည့်နိုင်ငံသား၊ ဒီကမှတဆင့် မြန်မာနိုင်ငံသား ဖြစ်ခွင့်ရသင့်ပြီပေါ့။

ဒီလိုဆိုရင်တော့ မြန်မာပြည်ကိုချစ်တဲ့ မြန်မာပြည်သားအသစ်တွေကို တွေ့ရပါလိမ့်မယ်။ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာဘာ စသည်ဖြင့် ဘယ်ဘာသာကို သက်ဝင်ယုံကြည်သူဖြစ်ပါစေ၊ မြန်မာပြည်ကိုချစ်တဲ့၊ မြန်မာနိုင်ငံသားတွေပါပဲ။ ခေတ်သစ်စနစ်သစ်တခုမှာ 'ကုလားတရုတ်' ခွဲခြားမှုတွေ ရပ်တန့်ပါစေလို့ ဆန္ဒပြုအပ်ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

ချစ်ခြင်းအားဖြင့်

မောင်လူပေ

 https://scontent.fsnc1-1.fna.fbcdn.net/v/t1.0-9/17200883_10155234159451122_8591527725198620648_n.jpg?oh=dc921fad37376c46862150b5df9621ff&oe=595B68B8

အခွန်ယဉ်ကျေးမှုနှင့် ဖက်ဒရယ်ပြည်ထောင်စု

အခွန်ယဉ်ကျေးမှုနှင့် ဖက်ဒရယ်ပြည်ထောင်စု

မြန်မာပြည်ကြီးမှာ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်မည်ဟု ဆိုသည်။ ကြိုးစားနေကြသည်။ ဖက်ဒရယ်ပြည်ထောင်စုဆိုလျှင် ပြည်သူတွေကလည်း အခွန်ယဉ်ကျေးမှုနှင့် ယဉ်ပါးဖို့ လိုပါလိမ့်မည်။

မောင်လူပေ ခေတ္တနေထိုင်ရာ အမေရိကားသည်လည်း ဖက်ဒရယ်ပြည်ထောင်စုပင်။ အခုဆိုလျှင် အခွန်ရာသီရောက်ပြီ။ အမေရိကန်တွေအခွန်ဆောင်ပြီးဖို့ လုံးပမ်းနေကြပြီ။ အမေရိကန်တွင် အလုပ်လုပ်သူမှန်သမျှ အခွန်ကြေညာဖို့လည်း ဥပဒေအရ လိုအပ်ပါသည်။

အမေရိကန်တွင် အစိုးရသုံးရပ်ရှိ၏။ ဗဟိုအစိုးရ၊ ပြည်နယ်အစိုးရနှင့် ဌာနေအစိုးရ ဟူ၏။ ဤအစိုးရသုံးရပ်လုံး၏ အသုံးစားရိတ်များမှာ အခွန်ဝင်ငွေများမှ ရရှိကြရသည်။

ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရများက ဝင်ငွေခွန်များနှင့် ရပ်တည်သည်။ ကော်ပိုရေးရှင်းများ၊ ပြည်သူများ သူ့အချိုးကြ ထည့်ကြရသည်။ များများဝင် များများပေး။ ဝင်ငွေနည်းသူဟု သတ်မှတ်ခံရသူများကတော့ မပေးရသည့်အပြင် ပြန်တောင်ရသေး၏။

အလုပ်ဝင်သည်နှင့် ဝင်ငွေခွန်အတွက် ဖေါင်ဖြည့်ရ၏။ ဘယ်လိုပေးချင်သလဲ။ ကိုယ့်သဘော။ ဝင်ငွေခွန်အဖြတ်မခံလည်း ရသည်။ သို့သော် နှစ်ကုန်၍ ဝင်ငွေခွန်ကြေညာ(tax claim)ပြီဆိုလျှင်တော့ ကြသင့်သမျှ ပေးပေရော့။ များများဆောင်ထားလျှင် ပြန်ရသည်။ နည်းနည်းဆောင်ထားလျှင် ပေးရမည်။

အခွန်ကြေညာဖို့ မလုပ်တတ်လျှင် အခွန်တွက်သူထံပြေးပေတော့။ သူကိုဉာဏ်ပူဇော်ခ ကန်တော့ရမည်။ သားသမီး ဘယ်နှစ်ယောက်၊ အသက် ၁၈နှစ်အောက်၊ ကျောင်းသား၊ ကားအခွန်၊ ကားကြွေးအတိုးငွေ၊အိမ်ကြွေး အတိုးငွေ၊ အလှူငွေ၊ လုပ်ငန်းသုံးငွေ စသည်ဖြင့် အခွန်ဆောင်လျှင် နှုတ်လို့ရသည်များကို သူက ပိုနားလည်သည်မို့ သူနှင့်တွက်ကြသည်က များပါသည်။ ပျမ်းမျှဝင်ငွေရှိသူများကား စုစုပေါင်း ၃၅%လောက်တော့ ဝင်ငွေခွန်အနေဖြင့် ဆောင်ကြရသည်။ ပိုရပိုပေးစနစ်မို့ နှုန်းထားများကလည်း တပုံတပင်။

အနည်းငယ်မျှ အသေးစိတ်ရှင်းပြရလျှင်...

ဗဟိုအစိုးရ ဝင်ငွေခွန် ပျမ်းမျှ ၁၇%

ပြည်နယ်နှင့်ဌာနေအစိုးရ ဝင်ငွေခွန် ပျမ်းမျှ ၁၀%

ကုန်သွယ်ခွန်(ရောင်းခွန်) ပျမ်းမျှ ၉.၇%

လူမှုဖူလုံရေးနှင့်ကျန်းမာရေးအာမခံ ပျမ်းမျှ ၇.၆၅%

အိမ်ခြံမြေအခွန် ပျမ်းမျှ ၂.၅%

စက်သုံးဆီအခွန် ပျမ်းမျှ ၀.၅%

ဗဟိုနှင့်ပြည်နယ်အစိုးရ ကော်ပိုရေးရှင်းများ၏ ဝင်ငွေခွန်အား မျှခံခြင်း ပျမ်းမျှ ၂.၅%

အခြားအခွန်များ ပျမ်းမျှ ၆%

စသည်ဖြင့် ပေးကြရလေသောကြောင့် ၃၅%မှ ၄၀%ကြား ပေးဆောင်ရခြင်းပင်။ ဝင်ငွေများသူများကား ပျမ်းမျှ ၅၃%ထိ ပေးဆောင်ကြရသည်။

ဌာနေအစိုးရဟုခေါ်သော မြို့နယ်အစိုးရများကတော့ သူတို့မြို့နယ်များ၏ ရောင်းဝယ်ခွန်၊ မြေခွန်၊ အိမ်ခွန် များနှင့် ရပ်တည်ကြသည်။ ရောင်းခွန်ကလည်းမနည်းလှ။ မောင်လူပေတို့မြို့တွေဆိုလျှင် အထက်ကပြောခဲသလို ၁၀% နည်းပါး(၉.၇၅%)။တစ်ရာဖိုးဝယ်လျှင် တစ်ဆယ်အခွန်နှင့်ပေါင်းကာ တစ်ရာ့တစ်ဆယ်ပေးကြရ၏။ အိမ်ခြံမြေအခွန်ကလည်း ပြည်နယ်က တန်ဖိုး၏ တစ်ရာနှုန်း သတ်မှတ်သည်ဆိုသော်လည်း ဟိုပေါင်းဒီပေါင်းနှင့် ၁.၃ % လောက် ပေးကြရသေးသည်။ ငါးသိန်းလောက်တန်သောအိမ်ကို ဝယ်ထားပါက နှစ်စဉ် အိမ်ခြံမြေအခွန်အဖြစ် ခြောက်ထောင်ကျော် ခုနှစ်ထောင်နည်းပါး ပေးကြရပါသည်။ စားစရာမရှိသော်လည်း လျှော်စရာရှိရမည် ဆိုသည့်အတိုင်း အခွန်ရာသီရောက်သည်နှင့် ပေးစရာအကြွေးတွေကို အပြတ်ရှင်းဖို့ လုံးပမ်းကြရမည်မှာ ဖက်ဒရယ်ပြည်ထောင်စုတွင် နေထိုင်ကြသည့် ပြည်သူပြည်သားများ၏ တာဝန်တရပ်ပေါ့။

ထိုထိုအခွန်များမပေးပဲ ရှောင်တိမ်းနေလျှင်တော့ အချိန်ကြလျှင် အခွန်ဌာနက အကြွေးတောင်းမည်။ အတိုးနှင့်တွက်ကာ ဆောင်ခိုင်းလိမ့်မည်။မပေးပါက ပိုင်သမျှသိမ်းမည်။ လူပါဖမ်းမည်။ ဥပဒေချိုးဖေါက်သူကား တသက်လုံး လူညွန့်တုန်းမည်သာ။

ထို့ကြောင့် အမေရိကားတွင်နေသူ သာမန်လူတယောက်အနေဖြင့် တစ်ရာဝင်သော်လည်း ကျန်ငွေမှာ ၆၅ ကျပ်လောက်သာ ရှိတော့၏။ ဝင်ငွေခွန်များအပြင် အစိုးရထောက်ပံ့ကြေးစုငွေ၊ ကျန်းမာရေးအာမခံ၊ အလုပ်အာမခံ၊ ဟိုဖြတ်ဒီဖြတ်တွေကလည်း ရှိသေးလေတော့ ဒီလောက်ပဲကျန်လျှင် ကံကောင်းပါပဲ။ ဤပုံတွင်ကြည့်ပါ။ w2 ဟုခေါ်ကြသည့် အခွန်တွက်ရန် အလုပ်မှပေးသည့် စာရွက်တခုကို နမူနာတင်ပြပါသည်။ ဤ w2 ပိုင်ရှင်ကိုခရက်ဒစ်ပေးပါသည်။

(ပုံလေးက W2 လို့ခေါ်တယ်။ အလုပ်ကနေ ဝင်ငွေအခွန်တွက်ဖို့ နှစ်ကုန်ရင် ပေးတယ်။ ဒီ W2 ပိုင်ရှင်က တနှစ်လုံးအတွက်ဝင်ငွေ ကိုးသောင်းခြောက်ထောင်ကျော်ရှိပေမဲ့ ဗဟိုအစိုးရကို တစ်သောင်းကိုးရာကျော်၊ ပြည်နယ်အစိုးရကို နှစ်ထောင့်ရှစ်ရာကျော်၊ လူမှုဖူလုံရေးပင်စင်ကြေး ငါးထောင့်ကိုးရာကျော်၊ ကျန်းမာရေးအာမခံ တစ်ထောင့်လေးရာနီးပါး၊ အလုပ်လက်မဲ့အာမခံငွေ ရှစ်ရာ့ခြောက်ဆယ်ကျော်၊ အလုပ်သမားသမဂ္ဂလစဉ်ကြေး တစ်ထောင့်တရာကျော်၊ သက်ပြည့်ပင်စင်စုငွေ နှစ်ထောင့်ငါးရာ စသည်နဲ့ ပေးထားရတာတွေ တွေ့ရပါတယ်။

မြန်မာပြည်မှာလည်း ဒီလိုပဲ အလုပ်ထဲကနေ လစဉ်ဖြတ်သွားမယ်ဆိုရင် မသိမသာနဲ့ အခွန်ပေးပြီးသားမို့ နှစ်ကုန်မှ စုပေးရတာထက်တော့ အဆင်ပြေပါလိမ့်မယ်။ လစာများသူကိုသာ ကောက်တာဖြစ်လို့ လစာနည်းသူများ စိတ်ပူရန်မလိုပါ။ အိမ်ထောင်ရှိရင် ကလေးရှိရင် မှီခိုသူတွေကို သတ်မှတ်နှုန်းနဲ့နှုတ်ပြီးမှ အခွန်ပေးရပါတယ်။)

ဈေးဝယ်လျှင် အခွန်ပေးရသော်လည်း စားသောက်ကုန်ကြမ်းများအတွက်တော့ အခွန်မကောက်ပါ။ ချက်ပြုတ်ပြီး အသင့်စားကုန်များကတော့ အခွန်ပေးရသည်။

ထိုထိုအခွန်များကား များလှသည်ဟု မဆိုသာလှ။ ဥရောပနိုင်ငံများက အခွန်နှုန်းပိုသောကြောင့် သာမန်လူပင်လျှင် ငွေတစ်ရာတွင် ကိုယ့်အတွက် တဝက်ကျန်လှ ကံကောင်းဟု ဆိုကြပါ၏။

အခွန်ငွေနှင့် တိုင်းပြည်ရပ်တည်ရသည်။ ဝန်ထမ်းလစာပေးသည်။ နိုင်ငံတည်ဆောက်သည်။ ပြည်သူများ၏ အဓိက တာဝန်ကားအခွန်ပေးရေး အခွန်မရှောင်ရေး ဖြစ်ပါသည်။

သင့်တင့်သောနှုန်းဖြင့် အခွန်ကောက်ပါက ပေးကြပါ မပြေးကြပါနှင့်ဟု မြန်မာပြည်သူပြည်သားအများအား တိုက်တွန်းရင်း နှုတ်ဆက်လိုက်ပါ၏။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

ချစ်တဲ့

မောင်လူပေ


 No automatic alt text available.