အောင်ဘာလေ
အောင်ဘာလေ
" ကိုယ်တို့လက်မှတ်ပြလို့ တစ်သိန်းရတဲ့နေ့မှာ
သံဃာတော် အပါးငါးရာ ဆွမ်းလောင်းမယ်တခါ
မရှိနွမ်းပါးသော လူတွေကိုဖိတ်ကာ စားကြပါ သောက်ကြပါ ထင်သလောက်ပ လှူမှာ၊ ပထနာပြုလို့ သာဓုသာဓု ..."
ငယ်ငယ်က ကြားဖူးတဲ့ အောင်ဘာလေထီအကြောင်း ခေတ်ဟောင်းတေးလေးတပုဒ်ကိုအမှတ်ရတယ်။ အဲဒီခေတ်ကတော့ တစ်သိန်းဆုက အကြီးဆုံး။ ရွှေတစ်ကျပ်သားနှစ်ရာကျော်ခေတ်က ငွေတစ်သိန်းဆိုတော့လည်း သိန်းထီများပေါက်ခဲ့ရင်ဆိုပြီး လူတွေက တွေးကြတာမဆန်း။
အောင်ဘာလေထီတဲ့။ ရွှေမန်းသဘင်က အောင်ပါစေ၊ ထီက အောင်ဘာလေ။အောင်အတိတ်
အောင်နမိတ်ပေါ့။ အတိတ်တို့နမိတ်တို့ကို အလွန်ယုံကြည်ကြတဲ့လူမျိုးတွေ။
အဲဒီခေတ်ကနေ မောင်လူပေတို့ လူပျိုပေါက်ခေတ်အထိ သိန်းထီဟာ
ခေတ်စားပန်းပန်လျှက်ပါပဲ။ တောင်ငူမြို့ဈေးကြီးရှေ့ ကုန်သည်ကြီးလမ်းက
'ဝိုင်ချင်တီးထီဆိုင်' ဆိုတာ မြို့မျက်နှာဖုံးထီဆိုင်ကြီးပေါ့။
ထီထွက်ရန် ( ) ရက်သာ လိုပါတော့သည်လို့ ဆိုင်းပုဒ်တတ်လိုက်တာနဲ့ ထီတွေ
ဝိုင်းထိုးကြတာ လက်မလယ်။ အတိတ် ဆိုတဲ့နေရာမှာ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒလေးရေးပြီး စိတ်ကူးယဉ်ကြပေါ့။
ဗေဒင်ဟောစာတန်းလေးဖတ်၊ ဘယ်နေ့သားသမီးက ဘယ်နံပါတ်တွေပါအောင်ထိုးဆိုတာမှတ်၊ ထီဆိုင်ရောက်ရင် ကိုယ်လိုချင်တဲ့ ဘာအစ ဘာအဆုံးလေး ရွေးရတာကလည်း အရသာတစ်မျိုး။
အဲဒီခေတ်က ထီဆိုင်တွေ မှိုလိုမပေါက်သေး။ နောက်တော့ 'ကံတိုး'ထီဆိုင် ပေါ်လာတယ်။ သူလည်းအတော်ရောင်းရတဲ့ထီဆိုင်ကြီးပေါ့။ ( မောင်လူပေရဲ့ သူငယ်ချင်းတစ်ယောက်တောင် ထီဆိုင်မှာထိုင်တဲ့ ပိုင်ရှင်သမီးလေးကိုတွေ့ချင်လို့ ထီသွားသွားထိုးရင်း ဖူးစာဆုံခဲ့တာ။ ခုတော့ သမီးလေးတွေနဲ့ သာယာနေကြတယ်။ ထီဖူးစာပေါ့လေ။)
ခုခေတ်လို စီးပွားရေးလုပ်ငန်းရှင်ကြီးတွေက ထီလုပ်ငန်းကို လက်ဝါးကြီးအုပ်ထားတာမျိုး၊ ထီလက်ပွေ့သည်၊ ထီလှည်း စတာတွေလည်း မရှိသေး။
" နှစ်ကျပ်ဖိုးနဲ့ သိန်းထီထိုး၊ တော်ကြာ သူများဦးသွားမှာစိုး အို... အကျိုးနည်းရသေး..."
မြန်မာ့အသံ ရုပ်ရှင်တေးဂဏ္ဍကလည်း ကိုကျော်ဟိန်းအသံလေးလေးကြီးနဲ့ ဒီသီချင်းက မကြာခဏ လွှင့်တတ်သေးရဲ့။
အများစုဆင်းရဲကြတဲ့နိုင်ငံမို့ ထီလုပ်ငန်းအလုပ်ဖြစ်တာမဆန်း။ မစားရက်မသောက်ရက်နဲ့စုထားတဲ့ငွေလေးနှစ်ကျပ်နဲ့ထီထိုးပြီး စိတ်ကူးယဉ်ရတဲ့အရသာကလည်း ဘာနဲ့မှမလဲနိုင်။
ထီလက်မှတ်ကလည်း တစ်စောင်နှစ်ကျပ်ထက်ပိုမရောင်းကြပါ။ ရှစ်ဆယ်ခုနှစ်နောက်ပိုင်းလောက်မှာမှ ထီဖွင့်ခါနီးရင် တစ်စောင် နှစ်ကျပ်တစ်မတ်နဲ့ရောင်းလာကြတာ။
ထီဆိုင်တွေက ဈေးတင်ရောင်းချင်လို့တော့မဟုတ်။ ထီလက်မှတ်ဝယ်ခွင့်ရှိသူတွေက ထုတ်ပြီး အမြတ်နဲ့ပြန်ရောင်းတာကို ဝယ်ရောင်းကြရတဲ့ထီဆိုင်လေးတွေလည်း တဖြေးဖြေးများလာတယ်။
ထီထိုးတဲ့သူအများစုက ဆင်းရဲသားလူတန်းစားဆိုပေမဲ့ လူပေါင်းစုံအလွှာစုံ ရဟန်းသီလရှင်ပါမကျန် ထိုးကြတာကြည့်ရင် တိုင်းပြည်ရဲ့စီးပွားရေးအခြေအနေကို မှန်းနိုင်တယ်။
ထီထွက်ပြီဆိုရင် ထီပေါက်စဉ်ဝယ်နိုင်သူကဝယ်။ မဝယ်နိုင်သူက ကိုယ်ထိုးထားတဲ့ဆိုင်ရှေ့ပြေးပြီး ကံထူးရှင်စာရင်းကြေညာချက်မှာ ကိုယ်ပါမပါ သွားကြည့်ရတာလည်း ရင်ခုန်စရာ။
ခုခေတ်တော့ အားလုံးတိုးတက်တဲ့ခေတ်မှာ ထီလက်မှတ်ခတွေလည်း နှစ်ကျပ်ကနေ
ငါးရာဖြစ်ခဲ့ပြီ။ ထီဆုကြီးကလည်း တစ်သိန်းဆုဘဝကနေ သိန်းတစ်သောင်းဆု
ဘဝပြောင်းခဲ့ပြီ။
ထီဖွင့်ရက်မှာ လူတွေစိတ်ကူးယဉ်ကြတာကတော့
အရင်အတိုင်း။ ထီထိုးရင်း ဖုန်းနံပါတ်ပေးခဲ့လေတော့ လဆန်းတစ်ရက်နေ့များ
ဖုန်းလာရင် ထီဆိုင်ကဖုန်းခေါ်လေသလားလို့ ရင်ခုန်ရတာလည်းအမော။
လက်ထက်တော်ကလေးလို့ ခေါ်ကြတဲ့ သီပေါဘုရင်ခေတ်မှာတော့ စုဖုရားလတ်က
အသုံးကြမ်းတာမို့ ဘုရင့်ဘဏ္ဍာတွေ အတော်လျှော့လာလို့ ထီတွေဖွင့်ပေးပြီး
ဝင်ငွေတော်ရှာခဲ့ရသတဲ့။ ပြည်သူပြည်သားအများစုကြီးလည်း မွဲပါရောတဲ့။
မောင်လူပေတို့ ခေတ္တနေထိုင်တဲ့ ကယ်လီဖိုးနီးယားပြည်နယ်မှာလည်း ထီမျိုးစုံ ရှိသဗျ။ မြန်မာထီလို ထီဆိုင်ကြီးတွေတော့မရှိ။ ကုန်စုံဆိုင်တွေ၊ ဓါတ်ဆီဆိုင်တွေမှာထိုးနိုင်တယ်။
ထီပေါက်စဉ်လည်းမရောင်း။ ထီတိုက်ဖို့ စက်ကလေးပဲရှိတယ်။ ဝယ်ထားတဲ့ထီလက်မှတ်က
ဘားကုတ်ကို စကင်ဖတ်လိုက်ရင် အဖြေသိမယ်။ ' ဝမ်းနည်းပါတယ်။ သင် ထီမပေါက်ပါ'
စာတန်းလေးပေါ်လာရင်တော့ ထိုးသမျှ ပလုံပေါ့လေ။ အားနေသူများကတော့
အွန်လိုင်းတက်ပြီး ထီပေါက်စဉ်တက်ဖတ်၊ ထီတိုက်ရင်း ရင်ခုန်ခွင့်ရကြမှာပေါ့။
ပြည်နယ်အစိုးရက ထီရောင်းရငွေကို အစိုးရကျောင်းတွေအတွက်ပြန်သုံးတယ်။
ထီက တစ်ပတ်ကိုနှစ်ကြိမ်ဖွင့်တယ်။ ပေါက်သူမရှိရင် နောက်အပတ်မှာ ဆုငွေထပ်ပေါင်းလို့တိုးသွားတယ်။ ဒါကြောင့်လည်း တချို့က ဆုငွေများလာတဲ့အထိစောင့်ကြသူလည်း ရှိရဲ့။
တလောကဆိုရင် ပြည်နယ်တွေအများစုပေါင်းထားတဲ့
Power Ball ဆိုတဲ့နှစ်ကျပ်တန်ထီက ပေါက်သူမရှိနဲ့ကြာသွားလို့
ဆုငွေတွေတိုးရင် ဒေါ်လာသန်းတစ်ထောင်ထိ ဖြစ်ခဲ့တယ်။ ပေါက်သူက သုံးယောက်မို့
မျှယူလိုက်ကြတယ်။
ထီဆုငွေပေးနည်းကလည်း အမျိုးမျိုးပါ။ ဆုကြီးပေါက်လို့ ငွေသားချက်ခြင်းထုတ်ရင်တော့
ပေါက်သမျှရဲ့ ၆၀ရာနှုန်းကိုပဲ ပေးသဗျ။ ဆုငွေအပြည့်ရဖို့ကတော့ ၂၆နှစ်
အလီလီခွဲယူတဲ့။ ပထမပိုင်းနှစ်တွေမှာ နည်းနည်းပေးပြီး နောက်ပိုင်းမှ
များများရမဲ့ ၂၆နှစ်စီမံကိန်းကို သိပ်မရွေးကြပါဘူး။ ဘယ်လောက်ရရ
ငွေသားပဲထုတ်ကြလေရဲ့။
ဆုကြီးထီလက်မှတ်ကို ရောင်းပေးနိုင်တဲ့ဆိုင်ကိုလည်း
ဆုငွေရဲ့ ၀.၅% လောက် ဆုကြေးပေးပါတယ်။ ဒီလိုဆိုင်မျိုးကတော့ ဆုကြေးလည်းရ၊
လူတွေကလည်း ကံကောင်းတဲ့ဆိုင်မို့ လာထိုးကြလို့ ရောင်းအားတက်ပေါ့။
ရောင်းရငွေရဲ့ ရာခိုင်နှုန်းတချို့ကို အချိုးကြ ရတဲ့ ထီရောင်းရငွေကလည်း
ထီရောင်းကောင်းပြီဆို မနည်းလှပါ။
ထီဖွင့်ရက်ည
ရှစ်နာရီနီးပြီဆိုရင် တီဗီချန်နယ်တစ်ခုက ဖွင့်ပွဲကိုပြတယ်။
မြန်မာပြည်မှာလို ညွှန်မှူးမိန့်ခွန်း၊ ဝန်ထမ်းတွေစစ်ဆေး၊ လူတွေရှေ့မှာ
ကလေးတွေက ဂေါ်လီလုံးတွေနှိုက်တာမျိုးမဟုတ်။ ထီဖွင့်မဲ့သူက တစ်ယောက်ထဲ။ သူ့ရှေ့မှာ ပင်ပေါင်ဘောလုံးလေးတွေထည့်ထားတဲ့ခွက်နှစ်ခုရှိတယ်။
ပင်ပေါင်လုံးလေးတွေမှာ တစ်၊နှစ်၊သုံး၊လေး စသည်ဖြင့် ရေးထားပြီး
ပထမခွက်ထဲမှာ ထီအမျိုးအစားအလိုက် ရှေ့နံပါတ်ငါးလုံးအတွက်
ပင်ပေါင်လုံးတွေရှိပါတယ်။
ပင်ပေါင်ဘောလုံးလေးတွေက လေနဲ့မှုတ်ထားလို့လည်နေကြတယ်။ ပထမခွက်ထဲက အပေါက်ဖွင့်လိုက်ရင် ပင်ပေါင်လုံးလေးတွေ ငါးလုံးကျလာတယ်။ ဒုတိယခွက်ရဲ့အပေါက်ဖွင့်ရင် ပင်ပေါင်လုံးတစ်လုံးကျလာတယ်။
ဒီဒုတိယခွက်ထဲက ပင်ပေါင်လုံးကို မယ်ဂါ(mega) လို့ခေါ်တယ်။မယ်ဂါနံပါတ်က
အဓိက။ ဒီနံပါတ်တစ်ခုထဲတူရင်တောင် တစ်ကျပ်ရမယ်။ မယ်ဂါနံပါတ်မတူရင်တော့
ရှေ့နံပါတ်သုံးလုံးတူမှ ကိုးကျပ်တစ်ဆယ်လောက်ရပါတယ်။
မယ်ဂါနံပါတ်တစ်လုံးတူရင် တစ်ကျပ်။ မယ်ဂါနံပါတ်နဲ့ ရှေ့တစ်လုံးတူရင်နှစ်ကျပ်။မယ်ဂါနဲ့ရှေ့နှစ်လုံးတူရင်
ကိုးကျပ်။ ရှေ့သုံးလုံးတူရင် တစ်ဆယ် စသည်နဲ့ ဆုငွေပေးတယ်။
နံပါတ်အားလုံးတူသူက ဆုကြီးပိုင်ရှင်။ နံပါတ်တူနေသူများရင် ခွဲယူကြ။
ဘယ်သူမှမပေါက်ရင် ဆုငွေကနောက်အပတ်ထဲထည့်ပေါင်း။
ဒီလိုထီမျိုးတွေအပြင် နေ့တိုင်းထွက်တဲ့ ထီမျိုးစုံ၊ ငွေမှင်ခြစ်ရတဲ့ ထီကပ်ပြားတွေကိုကစားဖို့ဆိုရင်တော့
၁၈နှစ်ပြည့်ဖို့လိုပါမယ်။ ' တာဝန်ယူမှုနဲ့ကစားပါ' လို့ ထီ ကြော်ငြာမှာ
ထည့်ပေးလေ့ရှိပြီး အမေရိကန်ရဲ့ ဆင်းရဲသူတွေက ဝင်ငွေရဲ့ ၉% ကို
ထီထိုးဖို့အတွက် ပြန်သုံးတယ်လို့ စစ်တန်းဖတ်ဖူးပါရဲ့။ မြန်မာပြည်မှာတော့
ထီနဲ့ပတ်သက်တဲ့စစ်တန်း ကောက်ထားတာမရှိသေးလို့ အချက်အလက်တွေ မသိရ။
ဘာပဲပြေပြော ထီဆိုတာလည်း လောင်းကစားတမျိုးပါပဲ။ ပြည်သူတွေက ထီကိုအရူးအမူးဖြစ်နေကြပြီဆိုရင်တော့ ဒီတိုင်းပြည်ရဲ့စီးပွားရေးဟာ အလွန်နိမ့်ကြနေပြီဆိုပြီး ခန့်မှန်းနိုင်ပါတယ်။ အစိုးရကိုယ်တိုင်ဦးစီးတဲ့ လောင်းကစားလုပ်ငန်းတစ်ခုဖြစ်တာမို့
တရားဝင်လောင်းကစား။ နှစ်လုံး၊ သုံးလုံး၊ ဘောလုံး စတဲ့ လောင်းကစားတွေကလည်း
တရားဝင်သဖွယ်မို့ အလွယ်ရနိုင်တဲ့အခြေအနေ။ ဒီလောင်းကစားတွေကို
အပျော်ထိုးရာကနေ ဘဝပျက်အောင်ထိုးတဲ့အဆင့်ထိ မရောက်ကြပါစေနှင့်လို့
ဆုတောင်းလိုက်ပါတယ်။
မြန်မာပြည်က မိတ်ဆွေသူငယ်ချင်းများလည်း ထီဝါသနာပါလို့ဖြစ်စေ၊ ကံစမ်းချင်လို့ဖြစ်စေ ထီထိုးထားကြရင်တော့ သိန်းတစ်သောင်းဆုကြီးတွေနဲ့ တိုးကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
ကျန်းမာချမ်းသာကြပါစေ။
ကျွန်တော်မောင်လူပေပါ။
ချစ်ခြင်းအားဖြင့်
မောင်လူပေ
No comments:
Post a Comment