Friday, June 9, 2017

ငယ်ငယ်တုန်းက


ငယ်ငယ်တုန်းက

မောင်လူပေ ငယ်ငယ်က အမေကြီး(အဖွား) နဲ့နေရသဗျ။ ရွှေယုန်နဲ့ရွှေကျား၊ မထွေးလေးစတဲ့ ရိုးရာပုံပြင်တွေလည်း အမေကြီးက ပြောပြတတ်တယ်။ အမေက ကျောင်းမုန့်ဖိုးဆယ်ပြားပေးရင် အမေကြီးက ပြောတတ်တာရှိသေး။ " ငါတို့ငယ်ငယ်က နှစ်ပြားဖိုးဆို ထမင်းတစ်ပွဲရတယ်။ ခုခေတ်မှပဲ ကျောင်းမုန့်ဖိုးက ဆယ်ပြားတဲ့လား။" တဲ့။

အဲဒီလိုပြောရင် အမေကရယ်တယ်။ ကျွန်တော်က ကလေးအရွယ်မို့ စပ်စပ်စုစုနဲ့အဖွားတို့ငယ်စဉ်ကအကြောင်းတွေမေးမိတယ်။ စိတ်လိုလက်ရရှိတဲ့အခါ သူ့ငယ်ဘဝတွေ ပြောပြတတ်ရဲ့။ အဖွားတို့လယ်ကြီးထဲမှာ လယ်ကူလီကုလားတွေလာလုပ်ကြတာတွေ၊ တနှစ်စာအတွက် ဆန်(၁၅)တင်းနဲ့ငွေကျပ်သုံးဆယ်ပေးရတာတွေ၊ လယ်ကူလီကုလားတွေက လယ်ထဲမှာတဲထိုးနေကြပြီး ဟင်းမပါပဲ ငရုတ်သီးနဲ့ဆားပုံပြီး စားကြတာတွေ၊ လယ်သိမ်းရင်ကုလားပြည်ပြန်ပြီးလယ်လုပ်ချိန်မှ ပြန်လာကြတာတွေကို ပုံပြင်သဖွယ်ပြောပြတတ်ပါတယ်။ အိမ်တစ်ဝိုင်းဝယ်မှ တစ်ရာလောက်ကြတာလည်း ပါသေး။ သူ့စကားဆုံးရင် " တို့ခေတ်က ရွှေတစ်ကျပ်သားကို နှစ်ဆယ်(ကျပ်)ပဲရှိတာ။" နဲ့ အဆုံးသတ်တာပဲ။အစိုးရဝန်ထမ်းမှာအနိမ့်ဆုံးအဆင့် ပြာတာ( အခုခေတ် ရုံးအကူ)ရဲ့လခက တစ်လတစ်ဆယ်တဲ့။ နှစ်လစုရင် ရွှေတစ်ကျပ်သားရတယ်ပေါ့။

မောင်လူပေရဲ့မေမေကလည်း အဖွားနဲ့အပြိုင်ပဲ သူ့ငယ်ဘဝတွေပြောပြတတ်ပါတယ်။ ငွေတစ်မူးရှိရင် ထမင်းအဝစားရတဲ့အကြောင်း၊ ငွေတစ်ပဲဟာ အသုံးဝင်ကြောင်းတွေပေါ့။ ပဲခေတ် မူးခေတ်မမှီတဲ့ မောင်လူပေက အူကြောင်ကြောင်နဲ့ပါ။ လေးပြားတစ်ပဲ၊ နှစ်ပဲတစ်မူး၊ နှစ်မူးတစ်မတ်၊ ရှစ်မူးတစ်ကျပ်ခေတ်ကို အတော်ကြီးမှပဲ စာအုပ်ထဲမှာဖတ်ဖူးခဲ့ရတယ်။ " တို့ငယ်ငယ်က ရွှေတစ်ကျပ်သားကို နှစ်ရာပဲရှိတယ်။" လို့ အမေပြောပြတဲ့အခါ သချာင်္ဝါသနာပါတဲ့ မောင်လူပေက အဖွားတို့ခေတ်နဲ့ယှဉ်ရင် ဆယ်ဆတက်တာလို့ စဉ်းစားမိပါတယ်။ ပြာတာလခက တစ်လကို ရှစ်ဆယ့်ငါးကျပ်တဲ့၊ ပြာတာမိန်းမတောင် ရွှေဝတ်နိုင်သတဲ့။ အမေတို့ခေတ်မှာ အိမ်တစ်ဝိုင်းစာဟာ ထောင်ချီနေပါပြီ။ဒါပေမဲ့ ပြာတာအဆင့်လည်း စုဆောင်းတတ်ရင် ကိုယ်ပိုင်အိမ်ဝိုင်းလေးတော့ ဝယ်နိုင်ပါသေးတယ်။

မောင်လူပေကလည်း သမီးလေးပေသမီးကို ကိုယ့်ငယ်ဘဝတွေ ပြောပြပါတယ်။ ငယ်ငယ်က မြန်မာပြည်မှာလုပ်သည်( Made in Burma ) ဗိုလ်အုန်းသီးစက်ဘီးနဲ့ရှိုးထုတ်ခဲ့ဖူးကြောင်း၊ ဓါတ်ခဲနဲ့ပြေးတဲ့ ရထားနဲ့ဆော့ဖူးကြောင်းဘာညာပေါ့လေ။ ငယ်စဉ်က ကျောင်းမုန့်ဖိုးဆယ်ပြားရပြီး ကြီးလာတော့ မုန့်ဖိုးငါးမူးရကြောင်း၊ တက္ကသိုလ်တက်တော့ လမ်းဘေးဆိုင်မှာတစ်ပွဲနှစ်ကျပ်နဲ့ထမင်းစားလို့ရကြောင်း၊ လက်ဖက်ရည်တစ်ခွက် တစ်ကျပ်ပဲရှိကြောင်း တွေလည်းပါရဲ့။ ပါပါးတို့ငယ်ငယ်က ရွှေတစ်ကျပ်သားနှစ်ထောင်ကျော်လို့တော့မပြောပြဖြစ်ပါ။အမေတို့ခေတ်ကရွှေဈေးနဲ့ယှဉ်ရင် ဆယ်ဆတက်တာပါပဲ။ အိမ်တစ်ဝိုင်းစာကတော့ သောင်းချီပေါ့လေ။ ပြာတာလခက တရက်မှ သုံးကျပ်ဆယ့်ငါးပြား၊ တစ်လတစ်ရာနီးပါး၊ လခ မတက်လာလို့အိမ်တို့ ရွှေတို့ဝယ်ဖို့ ဝေးလာပြီပေါ့။

ခုခေတ်မှာမွေးတဲ့ကလေးတွေဆိုရင်တော့ သူတို့ရဲ့သားသမီးတွေလက်ထက်ကြရင် ဒီလိုပြောပြမယ်ထင်ပါတယ်။

" မေမေတို့ငယ်ငယ်က တစ်ဒေါ်လာကိုထောင့်သုံးရာ၊ ထမင်းတစ်ခါစားလေးငါးထောင်၊ ကျောင်းမုန့်ဖိုးငါးရာ၊ လက်ဖက်ရည်တစ်ခွက်ငါးရာ၊ ရွှေတစ်ကျပ်သားကိုးသိန်း၊ အိမ်တစ်ဝိုင်းစာ သိန်းထောင်ချီမို့ ပြာတာလခ တစ်လတစ်သိန်းနဲ့ အိမ်ဝိုင်းဆိုတာ ကျူးကျော်မှာတောင်မဝယ်နိုင်ဘူး။ ရွှေဆိုတာ ဝေးပေါ့။ " လို့။

No comments:

Post a Comment