Sunday, December 9, 2018

ဘဝတကွေ့မှ ဆရာတော်များ

ဘဝတကွေ့မှ ဆရာတော်များ

မောင်လူပေက ဘုန်းကြီးအမျိုးပါ။ အမေ့ဖက်က တော်စပ်ရတဲ့ အဖိုးလေးနှစ်ပါးက ရွှေကျင်ဂုဏ်းမှာ ဆရာတော်ကြီးတွေအဆင့် ညီအကိုအရင်းတွေပေါ့။ အကိုကြီးက ဗာရာဏသီဆရာတော်လို့အမည်ထင်ရှားသလို ညီငယ်ဖြစ်သူကလည်းမေမြို့ဆရာတော်လို့ ထင်ရှားပါတယ်။

ဆရာတော်ကြီးတွေရဲ့မြေးမို့ အရေးပေးလည်း ခံခဲ့ရဖူးပါတယ်။  ဗာရာဏသီဆရာတော်ကြီးကို ချစ်ကြသလို သူ့မြေးကိုလည်း ချစ်ကြတယ်။ အမေက ဆရာတော်ကြီးရဲ့တူမတော်စပ်ပါတယ်။ အမေရဲ့အမေ(အမေကြီး)က အမေနဲ့အတူနေတာမို့ ဒီဆရာတော်ကြီးတွေ တောင်ငူကြွလာတိုင်း သူတို့အမတော်ကြီးဆီကို ရောက်အောင်လာလေ့ရှိပါတယ်။

ဆရာတော်ကြီးတွေကြွလာပြီဆိုရင် အမေကြီးက ခရီးဦးကြိုပြီးတာနဲ့ ငိုတာပါပဲ။ သူ့မောင်တွေကို လွမ်းတာရယ်၊ သူ့ရပ်သူ့ရွာကို လွမ်းတာရယ်ကြောင့်ပါ။ ဆရာတော်ကြီးတွေက သူတို့အမတော်ကြီးအငိုရပ်တဲ့အထိစောင့်၊ ပြီးရင် တရားသေချာဟောပြကြတယ်။

အမေတို့ရွာက မကွေးတိုင်း၊သရက်ခရိုင်၊ အောင်လံမြို့၊ ရွှေပန်းတောတိုက်နယ်၊ ဇိန့်ရွာ တဲ့။ ရိုးမတောင်ခြေအနီးက အလွန်ခေါင်လှတဲ့ရွာကလေးပါ။ အနီးမှာ ချင်းရွာကလေးတွေရှိတယ်။ အရင်အခါကဆိုရင် သွားရေးလာရေးအလွန်ခက်ပေါ့။ အနီးဆုံးဖြစ်တဲ့အောင်လံမြို့နဲ့ မိုင်နှစ်ဆယ်ပဲ ဝေးပေမဲ့ လေးငါးနာရီသွားကြရတယ်။ အခုခေတ်မှာတော့ ဆိုင်ကယ်တွေတန်ခိုးနဲ့ သွားလာရေး တိုးတက်လာပြီး အတော်စည်ကားနေပြီလို့သိရတယ်။

ဇိန့်ရွာဆိုတဲ့နာမည်က အဆန်းသား။ ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲ ပြီးတဲ့နောက်မှာ အင်္ဂလိပ်က မြေထဲ(အောင်လံ)အထိ သိမ်းပိုက်ခဲ့တယ်။ မူလမြို့ဝန်ကိုပဲ မြေထဲမြို့ဝန်ခန့်ပါတယ်။ ဒါပေမဲ့ မြန်မာဘုရင်ကိုသာ သစ္စာခံတဲ့မြေထဲမြို့ဝန်က သူ့ကျွန်မခံပြီဆိုတဲ့ စိတ်နဲ့ သူ့ရဲ့ဆွေမျိုးတစ်စုကိုအကုန်ခေါ်ပြီး မြေထဲနဲ့အဝေးဆုံးမှာရှိတဲ့ သူ့ရဲ့သစ္စာခံ ချင်းရွာလေးတွေနားမှာ ရွာတည်ခဲ့ရာက ဖြစ်တည်လာတဲ့ ရွာကလေးပေါ့။ ရွာအမည်ကိုလည်း အောင်မြေဆိုတဲ့နာမည်ဖြစ်အောင် ဇိန့်လို့ပေးခဲ့လေတယ်။ ပါဠိဘာသာနဲ့ ဇိန ဆိုတာ အေင်မြင်ခြင်းလို့ အဓိပ္ပါယ်ရှိပါတယ်။

ဒီလိုရွာကလေးမှာ ဗာရာဏသီနဲ့မေမြို့ဆိုတဲ့ ဆရာတော်နှစ်ပါးကို မွေးဖွားခဲ့တယ်။ ဆရာတော်တွေရဲ့မိဘနှစ်ပါးက ဦးစံတူးနဲ့ ဒေါ်ဆေး တဲ့။ ဗာရာဏသီဆရာတော်က မွေးချင်းဆယ်ယောက်မှာ သုံးယောက်မြောက်ဖြစ်ပြီး မေမြို့ဆရာတော်က အငယ်ဆုံးပါ။

မောင်လူပေရဲ့အမေကြီး(အဖွား) ပြောပြဖူးတာ မှတ်မိသလောက်ကတော့ ဆရာတော်တွေရဲ့မယ်တော်ကြီးဒေါ်ဆေးရဲ့ညီအမတွေက ဒေါ်ကွမ်း၊ ဒေါ်ထုံး လို့ ခေါ်ကြသတဲ့။သူတို့ကြိုက်လို့ စားကြတဲ့ ကွမ်းယာထဲထည့်ရတဲ့ အမည်တွေပေါ့။ ရှေးက မြန်မာ့ဓလေ့။ ဒေါ်ဆေးရဲ့သမီးတွေက မသင့်ယုံ၊ မမွှေးယုံ၊ မတွေးယုံ တဲ့။ အမေကြီးနာမည်က မချစ်ယုံ ပါ။ ညီအမတစ်တွေကို နာမည်တွေမှာ ယုံပါအောင် အမည်ပေးထားကြတယ်။

ဗာရာဏသီဆရာတော်ရဲ့ ငယ်အမည်က မောင်ကျော်ယုံ လို့ခေါ်တယ်။ (ရွှေကျင်သာသနာ နှစ် ၁၅၀ စာအုပ်ထဲမှာ သေးသေးတင်ကျန်ခဲ့လို့ မောင်ကျော်ယု ဖြစ်နေတယ်။ စာရိုက်တဲ့သူအမှား ဖြစ်မှာပါ။) မန္တလေးက မဟာဝိသုဒ္ဓါရုံကျောင်းသစ် စည်ရှင်ဆရာတော်ထံတပည့်ခံရင်း သာသနာတော်ထဲရောက်ခဲ့တယ်။ စံကင်းဆရာတော်ကြီးရဲ့ တပည့်လည်း ဖြစ်ခဲ့တယ်။ ပထမကျော်ဆိုတဲ့ ပထမဆု လေးခါရဖူးသလို သကျသီဟ ဓမ္မာစရိယတန်းမှာလည်း ဒုတိယရခဲ့တဲ့အထိ ပညာထူးချွန်သူမို့ အိန္ဒိယနိုင်ငံရှိ ဗာရာဏသီမြို့ကို ပါဠိ၊ သက္ကတ ဘာသာတွေသင်ကြားဖို့ စေလွှတ်ခဲ့ရာက ဗာရာဏသီဆရာတော်အဖြစ် အမည်တွင်ခဲ့တယ်။ သက္ကတဟိန္ဒီဘာသာ မဟာဝိဇ္ဖာဘွဲ့ကို ရယူလာခဲ့ပြီးမှ မြန်မာပြည်ကို ပြန်ကြွလာပါသတဲ့။

ဗာရာဏသီကို ကြွတော့ ဆရာတော်ရဲ့ ကျောင်းသားအဖြစ် လိုက်ပါသွားသူက အမေကြီးရဲ့သားကြီးမောင်စံသိမ်းပါ။ မောင်လူပေရဲ့ဦးကြီးပေါ့။ ဦးကြီးက အန္ဒိယမှာ လေးတန်းကနေ ခုနှစ်တန်းအထိ နေခဲ့ပါတယ်။ ဆရာတော်ကြီးက သူ့တူကို သူ့လိုပဲ သာသနာ့အမွေခံ ရဟန်းတစ်ပါးဖြစ်စေချင်ခဲ့တာတဲ့။ အမေကြီးကလည်း ရဟန်းမယ်တော်လုပ်မဟဲ့လို့ စိတ်ကူးခဲ့ဟန်တူပါရဲ့။  မြန်မာပြည်ပြန်ရောက်ပြီးမကြာခင် ဦးကြီးက ဗိုလ်သင်တန်းတက်ဖို့ တပ်ထဲဝင်သွားလို့ အမေကြီးမှာ အတော်စိတ်မကောင်းဖြစ်ရသတဲ့။ "မင်းဦးကြီးက လူသတ်ဖို့ ဝါသနာပါတဲ့အတွက် ရဟန်းတွေနဲ့နေရင်း စစ်ထဲလိုက်သွားတာ"လို့ သူ့မြေးဖြစ်တဲ့ မောင်လူပေကို အမေကြီးက ပြောပြဖူးတယ်။ ဘုန်းကြီးကျောင်းသားဘဝကနေ စစ်ဗိုလ်ဖြစ်ခဲ့တဲ့ ဦးကြီးကလည်း တပ်မတော်မှာ တပ်ရင်းမှူးဖြစ်တဲ့အထိ ပုတီးစိတ်လွန်းလို့ ရသေ့စံသိမ်းလို့ အမည်ပေးခံခဲ့ရသူပါ။

ဗာရာဏသီဆရာတော်ကြီးကို ပြည်မြို့သို့ ပင့်ဆောင်ကိုးကွယ်ခဲ့သူကတော့ ရန်ကုန်ကဒေါ်သိန်းတင်လမ်းအမည်ပိုင်ရှင်ဖြစ်တဲ့ သခင်မကြီးနဝင်းဒေါ်သိန်းတင်ဖြစ်တယ်။ ပြည်မြို့က မဟာဝိသုဒ္ဓါရုံတိုက်သစ်ကျောင်းအမကြီးပေါ့။ ဒီကျောင်းကြီးမှာ မောင်လူပေ ရှင်ပြုခဲ့ရတယ်။ ငါ့မြေးကို ငါ့ကျောင်းမှာရှင်ပြုရမယ်လို့ ဆရာတော်ကြီးက မှာလို့ တောင်ငူကနေ တကူးတက သွားရှင်ပြုရတာလို့ အမေတို့ကပြန်ပြောပြဖူးတယ်။ ရှင်ပြုပွဲကို ကျောင်းအမကြီးဒေါ်သိန်းတင်လည်း တက်ရောက်လာတယ်။ ဆရာတော့မြေးက ခပ်သွက်သွက်မို့ ချစ်သွားပုံလည်းရတယ်။

တောင်ငူမြို့ကြီးရပ်က မဟာဝိသုဒ္ဓါရုံကျောင်းသစ်နဲ့ မြို့ထောင့်ကျောင်းတို့မှာ တလှည့်စီကျင်းပတဲ့ မြို့နယ်လုံးဆိုင်ရာ ရွှေကျင်စာပြန်ပွဲရောက်ရင် ဆရာတော်ကြီးတွေ တောင်ငူကိုကြွလာလေ့ရှိတယ်။ နှစ်စဉ်အမြဲကြွတဲ့ဆရာတော်ကြီးတွေထဲမှာ မန္တလေးကပိုက်ကျုံးဆရာတော်ကြီးလည်း ပါတယ်။ ရွှေကျင်ဂုဏ်းရဲ့ ဒုတိယသာသနာပိုင်၊ နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇ မဟာရဋ္ဌဂုရု ဆရာတော်ကြီးပါ။ သူကလည်း မောင်လူပေကိုချစ်လို့ ဗာရာဏသီမြေးလို့ ခေါ်လေ့ရှိတယ်။ ဒီဆရာတော်ကြီးတွေဟာ အလွန်ကို ရိုးသားသလို နိုင်ငံရေးနဲ့လည်းကင်းအောင် နေတတ်ကြတဲ့ဆရာတော်ကြီးတွေမို့ အလွန်ကြည်ညိုစရာကောင်းပါတယ်။

တပ်မတော်စစ်ခေါင်းဆောင်ကြီးတွေက သူတို့အာဏာတည်မြဲရေးအတွက် ဘုန်းတော်ကြီးတွေကို ချီးမြှောက်ပေးပြီး ချဉ်းကပ်တဲ့အစဉ်အလာရှိတယ်။ စစ်တပ်အာဏာသိမ်းပြီးမကြာခင် မန္တလေးမဟာမုနိဘုရားကြီးအရေးအခင်းဖြစ်တော့ တိပိဋကဆရာတော်အပါအဝင် ဆရာတော်တွေအတော်များများ အဖမ်းခံရပြီးနောက်မှာ ဆရာတော်ကြီးတွေကို မန်းလေးနန်းတွင်းထဲပင့်ပြီး လစဉ်လိုလို သြဝါဒခံပွဲတွေ ကျင်းပခဲ့တယ်။ ရွှေကျင်ဂုဏ်းရဲ့ အကြီးအမှူး၊ နိုင်ငံတော်သြဝါဒါစရိယဆရာတော်တစ်ပါးမို့ ပိုက်ကျုံးဆရာတော်ကိုလည်း အမြဲပင့်သတဲ့။ ဆရာတော်က တစ်ခါမှ မကြွဖူးတဲ့။ ဘယ်လိုပင့်ပင့် မကြွတော့မှ နောက်ပိုင်းမှာ မပင့်တော့ဘူးလို့ ဆရာတော်ကြီးကမိန့်ဖူးတယ်။

 " ဘုန်းကြီးတွေ သြဝါဒပေးတယ်ဆိုတာ နာခံတဲ့သူမှ ပေးရတာ၊ ဒီကောင်တွေက ဘယ်လိုသြဝါဒပေးပေး နာခံမဲ့သူတွေမဟုတ်ဘူး။ တိပိဋ္ဋကတောင် ထောင်ထဲထည့်ထားတာ။ သူတို့လုပ်ချင်ရာလုပ်ကြမှာပဲ။ တို့ပေးတဲ့သြဝါဒကိုမနာခံရင် ပေးတဲ့ဘုန်းကြီးလည်း မကောင်းဘူး။ သူတို့လည်းငရဲရတယ်။ ဒါကြောင့် မကြွတာ။" လို့ ဆရာတော်ကြီးအမိန့်ရှိတာ မှတ်သားဖူးခဲ့ပါတယ်။ ပြည်သူကို ဘာသာရေးနဲ့စည်းရုံးဖို့ကြိုးစားတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့လှည့်ကွက်ကို ကြိုမြင်တဲ့ဆရာတော်ကြီးပါပဲ။

ဗာရာဏသီဆရာတော်ကြီးကလည်း ပိုက်ကျုံးဆရာတော်ကြီးလိုပဲ ရွှေကျင်ဂုဏ်းရဲ့ ဒုတိယသာသနာပိုင်၊ နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု ဆရာတော်ကြီးပါ။ ဗာရာဏသီဆရာတော်ကို အဘိဓဇ မဟာရဋ္ဌဂုရုဘွဲ့ပေးတဲ့နှစ်မှာ ဆရာတော်ကြီးတစ်ပါးတည်းသာ ဒီဘွဲ့ရသူဖြစ်လို့ ဆုပေးပွဲတက်လာတဲ့ စစ်ခေါင်းဆောင်ကြီးတွေကို သြဝါဒပေးဖို့ ဖြစ်လာတယ်။ အဘိဓဇမဟာ
ဋ္ဌဂုရုဘွဲ့ရတဲ့ဆရာတော်က သြဝါဒပေး
တာ အစဉ်အလာပါ။ ဒီအစဉ်အလာကို ဗာရာဏသီဆရာတော်ကြီးက မလိုက်နာခဲ့ဘူး။ ကမ္ဘာအေးလှိုင်ဂူမှာ ကျင်းပတဲ့ ဆုပေးပွဲမှာ သြဝါဒကထာကို ကိုယ်စားဆိုပြီး အခြားဆရာတော်တစ်ပါးကိုသာ ဖတ်ကြားစေခဲ့တယ်။ ဗာရာဏသီဆရာတော်ကြီးက ထိုင်ရာကမထခဲ့။ ပိုက်ကျုံးဆရာတော်ထုံးနှလုံးမူပြီး 'ဆုံးမလို့မရမဲ့သူတွေမို့ ဘယ်လိုဆုပေးပြီး ချီးမြှောက်သော်လည်း ဆုံးမသြဝါဒမပေးဘူး' လို့ ဆန္ဒထုတ်ဖေါ်ခဲ့တဲ့ သဘောပါပဲ။

ဗာရာဏသီဆရာတော်ကြီးရဲ့ညီတော်ဖြစ်တဲ့ မေမြို့ဆရာတော်ကြီးလည်း ထိုနည်းလည်းကောင်းပါ။ နိုင်ငံတော်က အဂ္ဂမဟာပဏ္ဍိတဘွဲ့ချီးမြှင့်တဲ့အခမ်းအနားကို မတက်ရောက်ခဲ့ဘူး။ ဒါကြောင့် မန်းလေးတိုင်းမှူးဗိုလ်ချုပ်ထွန်းကြည်က ကျောင်းအထိလာပြီး ဆက်ကပ်ရတယ်။ " ဒီဗိုလ်ချုပ်တွေက ငါတို့ဘုန်းကြီးတွေကို အသုံးချနေတာ။ ကျောင်းလာပြီး တီဗီတွေလှူတယ်။ ဘုန်းကြီးနဲ့ဘီးလိုပဲ တီဗီဆိုတာမအပ်စပ်ဘူး။ ဒါကြောင့် မလိုအပ်ဘူးလို့ပြောလိုက်တယ်။" လို့ မိန့်ဖူးတဲ့ဆရာတော်က ဘွဲ့သွားမယူရခြင်းအကြောင်းကို မောင်လူပေကိုပြောပြတာကတော့ " ဟိုရှေးခေတ်က အဂ္ဂမဟာဏ္ဍိတဘွဲ့ဆိုတာ နှစ်စဉ်တိုင်းမှာ တကယ်တော်တဲ့ဆရာတော်ကြီးတစ်ပါးနှစ်ပါးကိုပဲ ထိုက်တန်လို့ ချီးမြှင့်တာ။ အခုဟာက သူတို့နဲ့ပတ်သက်ရင် အကုန်ရနေတဲ့ခေတ်။ ဒကာတွေက သူတို့ဘုန်းကြီးကို ဘွဲ့ရစေချင်လို့ လာဘ်ပေးပြီးဘွဲ့ ရတာကတမျိုး။ ဒီလို အုတ်ရောရော ကျောက်ရောရော ဘွဲ့တွေပေးနေတဲ့ခေတ်မှာ ငါ့လာပြီးပေးတော့ ဒီလိုပဲလို့ အထင်ခံရလိမ့်မယ်။ ငါကတောင်းတာမဟုတ်ပဲ သူတို့ဟာသူတို့ပေးတာ။ ဒါကြောင့် သူတို့ဆီမှာ ဆုသွားမယူနိုင်ဘူး။ ပေးချင်ရင် ငါ့ကျောင်းလာပြီးပေးလို့ ပြောလိုက်တယ်။" တဲ့။

ဒီလို ပြတ်သားရဲရင့်လှတဲ့ ဆရာတော်ကြီးတွေ မြန်မာပြည်ရဲ့ သာသနာမှာ ရှိခဲ့ပါကြောင်း မှတ်တမ်းတင်ရင်းနဲ့ ဘဝနတ်ထံပျံလွန်ခဲ့ကြပြီဖြစ်တဲ့ဆရာတော်ကြီးများကို လက်ဆယ်ဖျာထိပ်မှာမိုးလို့ ရှိခိုးကန်တော့အပ်ပါတယ်။

သာသနာတော်သန့်ရှင်းတည်တံ့ ပြန့်ပွားရေးအတွက် ရည်စူးလျှက်ပါ။

ချစ်တဲ့

မောင်လူပေ

( ဓါတ်ပုံများက ရွှေကျင်နိကာယ နှစ်(၁၅၀)ပြည့် သာသနာ့မော်ကွန်းစာအုပ်ထဲကပါ။)

စလုံးနဲ့မလေး

စကာင်္ပူနဲ့မလေးရှားတို့ ရေပိုင်နက်၊ လေပိုင်နက် အငြင်းပွားနေကြတယ်။ အပြန်အလှန် ကန့်ကွက်နေကြတယ်။

အရင်ထဲက ဖြေရှင်းမရတဲ့ ကိစ္စကြီးကို မဟာသီဟာက ပြန်ဖွလိုက်ပုံရတယ်။ မလေးရှားက စကာင်္ပူကို ပေးသုံးထားတဲ့ ဂျိုဟိုးတောင်ဖက်လေပိုင်နက်ကို ပြန်တောင်းတယ်။ မလေးရှားတောင်ဖက်က ဂျိုဟိုးဆိပ်ကမ်းပိုင်နက်ကို တိုးချဲ့တယ်ကြေညာတော့  ရေပိုင်နက်က စကာင်္ပူနိုင်ငံနားထိ ကပ်လာရော။  သူ့ရေပိုင်နက်ထဲကို မလေးရှားပိုင်သဘောင်္တွေ ခဏခဏ ဝင်လာတယ်လို့  ကန့်ကွက်တယ်။ စကာင်္ပူရေတပ်နဲ့ ကမ်းခြေစောင့်တပ်ကို တပ်လှန့်ထားရတယ်။

မလေးရှားနဲ့စကာင်္ပူရဲ့ ကျောင်းတော်ကရန်စက မသေးလှ။ မလေးရှားမှာ တရုတ်လူမျိုးဟာ ဒုတိယတန်းစားသာ ဖြစ်သလို စကာင်္ပူမှာလည်း မလေးလူမျိုးဟာ ဒုတိယတန်းစားပဲ။ စကာင်္ပူမှာ ၁၉၆၄ လောက်က မလေးနဲ့တရုတ် ရိုက်ပွဲဖြစ်ရာက (၂၂)ယောက်ထိ သေခဲ့ကြလို့ နောက်ထပ်သွေးချောင်းစီးမှာကို ကာကွယ်ဖို့ မလေးရှားနိုင်ငံပြည်နယ်စာရင်းကနေ စကာင်္ပူကို ထုတ်လိုက်ရာက လွတ်လပ်ရေးရသွားတဲ့ သမိုင်းကြောင်းကလည်း ကြားသေးတာမဟုတ်။

ဒီပြသနာ ကြာရှည်ရင်တော့ မလေးရှားမှာရှိတဲ့ စကာင်္ပူရင်းနှီးမြှုတ်နှံမှုတွေပြန်ရုတ်လေမလားပဲ။ မြန်မာက ဒီအခွင့်အရေးသုံးနိုင်ရင် အခြေအနေတစ်ခုအထိ အကျိုးများနိုင်တယ်။

စစ်တော့ ဖြစ်စရာမမြင်။ စကာင်္ပူက ဒါတွေကြိုမြင်လို့ အမေရိကန်ရေတပ်ကို သူ့လေတပ်စခန်းတွေ ပေးသုံးထားတာ။ အန်ကယ်ဆန်က မလက္ကာရေလက်ကြားမှာ စောင့်နေတော့ အီးပေါက်တောင်ကြားရတယ်။ မလေးရှားက ဒီလောက်ထိတော့ မိုက်ရဲမယ်မထင်။

ထင်မြင်တာလေး ရေးကြည့်တာပါ။ စကာင်္ပူက သူငယ်ချင်းတွေလည်း အေးချမ်းသာယာကြပါစေ။

ဒီအချိန်ဆို လွမ်းတယ်(၂)

ဒီအချိန်ဆိုလွမ်းတယ်(၂)

ဒီဇင်ဘာသည် လွမ်းတတ်သူတို့အတွက် လွမ်းဖို့အကောင်းဆုံးလဟုခေါ်ပါက မှားအံ့မထင်။ မြူနှင်းတွေဆိုင်းနေတဲ့ နံနက်ခင်းအေးအေးလေးက အလိုလိုလွမ်းစေသည်ထင့်။ ငယ်စဉ်ကတော့ သစ်ရွက်လှုပ်ရင်တောင် လွမ်းတတ်သည်။ လွမ်းစရာ ဒီအချိန်မှာ ပဲခူးဒေသကောလိပ်ကိုခွာ၍ အမိတက္ကသိုလ်ဖြစ်သော စက်မှုကျောင်းမဟာကို ရောက်ခဲ့သည်ပဲ။

မောင်လူပေတို့ စက်မှုကျောင်းတော်ကြီးသည် ထိုအချိန်က တစ်နိုင်ငံလုံးအတွက် တစ်ကျောင်းတည်းသာရှိသော ကျောင်းကြီးဖြစ်ခဲ့သည်။ ရုရှားနိုင်ငံ၏အကူအညီဖြင့်တည်ဆောက်ခဲ့သော သည်ကျောင်းကြီး၏ ခန့်ညားမှုကလည်း သြချစရာ။ ဆင်ဝင်တိုင်လုံးကြီးတွေတွေ့ရသည်နှင့် ရင်ခုန်ချင်မိစေမှာအမှန်။ ဗိသုကာလက်ရာထူးသည့်ကျောင်းတစ်ကျောင်းဖြစ်ပါ၏။

ထိုစဉ်က ဒေသကောလိပ်မှ ကောလိပ်ကျောင်းသားတို့အတွက် ဆေးနှင့်စက်မှုသည်  အိပ်မက်ဖြစ်၏။ ဒေသကောလိပ်တွင် သိပ္ပံသချာင်္ဘာသာတွဲယူခဲ့သူတိုင်း၏ စိတ်ကူးသည် စက်မှုကျောင်းဝင်ရေးဖြစ်၏။ စိတ်ကူးတွေ အကောင်အထည်ပေါ်တော့မည်မို့ ပျော်စရာ။ ဝင်သည့်မေဂျာကလည်း စက်မှုမေဂျာမို့ လူကြိုက်အများဆုံးဖြစ်သော မေဂျာသို့ ဝင်ခွင့်ရခဲ့ပြီ။ သို့သော်လည်း မောင်လူပေက စက်အကြောင်းကို နကန်းတစ်လုံးမျှသိသူမဟုတ်။ စက်ဆိုလျှင် ခဲတန်ချွန်စက်ပင် မပြင်တတ်။ ဒီလိုတော်သူမို့ ကိုယ့်ဟာကိုယ် စိတ်တော့ အပူသား။

မဟာရန်ကုန်ရွှေမြို့တော်ကြီးက ထုံးစံအတိုင်းပင် ဆူညံပူညံရှိလှ၏။ ကားတွေက တဝီဝီ၊ လူတွေက သုတ်သုတ်ပြာပြာ၊ ဘတ်စကားတွေက ငါးပိသိပ် ငါးချဉ်သိပ်၊ ဒီမြို့တော်ကြီးဆိုတာ တစ်နှစ်တစ်ကြိမ်မျှသာ အဖွားအုပ်ဂူကန်တော့ဖို့ ရောက်ဖူးသည့်မြို့တော်။ အခုတော့ လေးနှစ်တာ ကွန်းခိုရပေတော့မည်။

ရန်ကုန်ကျောင်းသားဘဝစတင်ဖို့ ရန်ကုန်သားဖခင်ကိုယ်တိုင် လိုက်ပို့ခဲ့သည်။တောင်ငူမှ စီးလာတဲ့ ရိုးမအရှေ့ခေါ် ဟီးနိုးလူစီးကားက ပြည်လမ်းရှိ အင်းလျှားကန်ဘေးမှာ ချပေးခဲ့တော့ သားအဖနှစ်ဦးက အငှားယာဉ်ဖြစ်သည့် ဘီသုံးရာ့ခြောက်ဆယ် (B 360)မာဇတာ(Mazda )ကားငယ် ဖွတ်ချက်ဖွတ်ချက်နှင့် ခရီးဆက်ကြရ၏။စက်မှုကျောင်းမဟာသို့ မဟုတ်သေး။  တတိယနှစ်ကျောင်းသားများနေထိုင်ရမည့် အဆောင်သို့သာ။ သမိုင်းဝင်းဟုခေါ်တွင်သော အာစီတူး(RC 2) နှင့် မနီးမဝေးရှိ အဆောင်ဝင်းကြီးကား ကြီးမားစွ။

ဒီအဆောင်များကလည်း သမိုင်းဝင်သည်။ ကျွန်းဆွယ်ပွဲဟု ခေါ်သည့် အရှေ့တောင်အာရှအားကစားပွဲအတွက် တည်းခိုဆောင်အဖြစ် တည်ဆောက်ခဲ့သည်ဆို၏။ နောက်မှ ကျောင်းသားများအတွက် အဆောင်တွေဖြစ်လာသည်။ အမည်တွေကလည်း စီးကရက်နာမည်တွေ ခပ်များများ။စက်မှုကျောင်းသား ယောက်ျားဆောင်များက  ဒူးယား၊ ပုပ္ပါး၊ စဥ့်ကူ ဟူ၏။ မိန်းကလေးများအတွက်အဆောင်က သဇင်ဆောင်။ သဇင်၏ဘေးမှာ သရဖီ၊ ခတ္တာ၊ အင်ကြင်းစသော စီးပွားရေးတက္ကသိုလ်မှ မိန်းကလေးဆောင်များလည်းရှိသည်။ ခပေါင်း၊အုန်းတောဟူသည့် စီးပွားရေးတက္ကသိုလ်မှ ယောက်ျားဆောင်လည်း ရှိသည်။

မောင်လူပေရောက်လာသည်က ဒူးယားဆောင်။ ဒူးယားကြိုက်သူမို့ ဒီအဆောင်ကိုကြိုက်သည်။ ဒူးယားက ဈေးကြီးသလို အဆီခံပါတော့ သောက်လို့ပိုကောင်းသည်။ခပေါင်းက အဆီခံမပါသောကြောင့် ဈေးပေါသည်လေ။ စီးကရက်နှင့်ယှဉ်ကာ ဒီလိုတွေးခဲ့သေး၏။ ဘာမှတော့မဆိုင်။ ဒူးယားဆောင်က ခပေါင်းနှင့်ပုပ္ပါးအကြားမှာရှိသည်။

နောက်တစ်နေ့မှာ ဘတ်စကားစီး၍ စက်မှုကျောင်းသို့ချီတက်ကြသည်။ အဆောင်မှ ကျောင်းသို့ ဘတ်စကားခ ပြားသုံးဆယ်ပေးရသည်ထင့်။(ကားခက မေ့တေ့တေ့တောင် ဖြစ်နေပြီ။ ) ကျောင်းကြီးသို့ ပထမဆုံးအကြိမ်ရောက်ဖူးခြင်းပင်။ ဓါတ်ပုံထဲမှာသာ တွေ့ဖူးခဲ့သည်။ တစ်ခါမျှ မရောက်ဖူးခဲ့။ ရောက်မဲ့ရောက်တော့ လေးနှစ်တာ တက်ရမည်တဲ့။

ကျောင်းသားသစ်မို့ အူကြောင်ကြောင်။ ဘယ်နားမှာ ဘာရှိသည်လည်းမသိ။ ကျောင်းသားရေးရာဘယ်နားမှာရှိလဲမေးတာကို မိန်းကလေးနားနေခန်းသို့ ညွှန်သူလည်းရှိသည်။ မိန်းကလေးတွေဝိုင်းဟားမခံရတာကံကောင်း။ သြဘာလမ်းမှ ဖြတ်လျှောက်မိသဖြင့် လက်ခုတ်လက်ဝါးတီးကာ အားပေးခံရသူလည်းရှိ၏။ အိမ်သာမေးသူကျောင်းသားကို ကျောင်းသူအိမ်သာသို့ ညွှန်ပြသူလည်းမရှား။ မောင်လူပေကတော့ ဘေလ်ဒင်ဝမ်း( Building one) တစ်ခုနှင့်ပင် မျက်စိလည်လှပြီ။ ဘေလ်ဒင်တူး သရီး(Building two, three) စသည်ဖြင့် အများကြီးရှိသေး၏။ အချိန်ဇယားရတော့လည်း မျက်စိလည်စရာ။ အချိန်တစ်ခုစီက တစ်နေရာစီ။ ဒေသကောလိပ်မှာကတော့ အတန်းထဲထိုင်နေရုံပဲ။ ဆရာတွေလာသင်ကြသည်။ အချိန်ဇယားကလည်း ငါးရက်မှာ အားချိန်မရှိ။ သင်ကြားရမည်က ဆယ်ဘာသာတဲ့။ ထိုင်တောင်ငိုချင်လောက်ပါ၏။

အင်ဂျင်နီယာကျောင်းသားများအတွက် မရှိမဖြစ်ပစ္စည်းများ ဝယ်ရသေးသည်။ တီစကွဲ( T Square) ခေါ်သစ်သားချောင်းတစ်ချောင်း၊ ဆလိုက်ရူး( Slide Rule) ခေါ် ထိုးလိုက်ဆွဲလိုက်လုပ်ရသည့် ဂဏန်းစုံရေးထိုးထားသော ကော်ချောင်းတစ်ချောင်း၊ ပုံဆွဲကရိယာ တန်ဆာပလာမျိုးစုံ၊ ပုံဆွဲစက္ကူ စသည်ဖြင့် အမျိုးပေါင်းစုံကို ဘွတ်စတိုး(Books Store) ခေါ် စာအုပ်ဆိုင်တွင် သွားဝယ်ကြရသည်။

ဝယ်လာသည့်ပစ္စည်းတွေကို တစ်ယောက်နှင့်တစ်ယောက်ပြကြတော့ ဘယ်သူကစ, လိုက်သည်မသိ။ "ဘွတ်စတိုးမှာ ကလစ်ဓါးလည်းရောင်းနေတယ်၊ ပုံဆွဲခဲတံချွန်လို့ အရမ်းကောင်းတယ်" ဟု ကြားသိရ၏။ ကိုယ်တွေဝယ်လာတဲ့အထဲမှာ ကလစ်ဓါးမပါခဲ့။ သည်တော့ ဘွတ်စတိုးထံ ချီတက်ကြရပြန်သည်။ ဘွတ်စတိုး၏ အရောင်းစာရေးတာဝန်ခံက ကုလားကြီးဖြစ်သည်။ ကုလားကြီးကို 'ကလစ်ဒါး' ရှိလားဟု မေးရပြန်၏။ ကိုယ်တွေသာမကပဲ မိန်းကလေးအုပ်စုတွေလည်း လာမေးကြသည်။ ကုလားကြီးကို ကလစ်ဒါး ရှိလား လာမေးကြသူ အတော်များပါ၏။ ကုလားကြီးကတော့ ကလစ်ဒါး မရှိပါဟုသာ ဖြေဆိုပါ၏။ ( 'ကလစ်ဒါး'ကို ပြောင်းပြန်ဖတ်ကြည့်ပါ။ 'ကလား-စ်' ဖြစ်ပါသည်။ ) ဒီလိုအနောက်သန်လှသော စက်မှုကျောင်းမဟာဖြစ်ပါ၏။ မိန်းကလေးတွေတော့မသိ။ ကလစ်ဒါးရှိလားဟု မေးမိသူ မောင်လူပေမှာတော့ မျက်နှာပူလှသဖြင့် ဘွတ်စတိုးသို့ အတန်ကြာအောင် မရောက်ဖြစ်တော့။

သမိုင်းဝင်းကျောင်းဆောင်ထဲမှ တီစကွဲကြီး တကားကားဖြင့် စက်မှုကျောင်းရောက်သည်ထိ ဘတ်စကားတိုးစီးကြရသည်မှာ မောင်လူပေတို့ကျောင်းသားတွေသာမက ကျောင်းသူတွေလည်းပါသည်။ လူတွေပြည့်နေသောကားတွင်းရောက်အောင် သစ်သားချောင်းကြီးနှင့်တိုးရသည်မှာ အလေ့အကျင့်လိုသည်။ ယောက်ျားလေးတွေဆိုလျှင် ၄၅ဟိုင်းလက်ကားလေးတွေကို သစ်သားချောင်းကြီးကိုင်ကာ တွယ်စီးတတ်ရသေးသည်။ သဇင်သူလေးတွေကား စာတွေများလှသဖြင့် အလှပြင်ချိန်မရရှာကြ။ သနပ်ခါးဘဲကြားဖြင့်သာ ကားတိုးစီးရသူများပါသည်။ ကျောင်းသားများကလည်း ကျောင်းသူကလေးများကို နာမည်ပေးတတ်ကြ၏။ ဆံပင်ထူထူ၊ရှည်ရှည်လေးကို အမူထွေးတဲ့။ အမွေးထူလေးပေါ့။ နှုတ်ခမ်းမွှေးရေးရေးနှင့် ကျောင်းသူလေးက ဝင်းဦးဟူ၏။ ကံ့ကော်တောမျိုးအောင် ဆံပင်လေးနှင့်ဆိုလျှင် မျိုးအောင်ဖြစ်ရ၏။ ချစ်စရာပြည့်ပြည့်လေးတွေဆိုလျှင် ရွှေလုံး၊ ဘုတ်ဘုတ်။ အိန္ဒိယသွေးပါသူလေးကတော့ လက်ချမီးဖြစ်ရရှာသည်။

စက်မှုကျောင်းသားတိုင်းမသင်မနေရဘာသာများတွင် ပန်းပဲ( Blacksmith) က နာမည်ကျော်။ သံတုံးကိုမီးဖုတ်ပြီး နပ်(Nut)ပုံ ခြောက်ထောင့်ထုကြရ၏။ မိန်းကလေးတွေမှာ သနားစရာ။ မောင်လူပေပင်လျှင် ဆယ်ပေါင်တူကို မနိုင်။ သံတုံးကိုမီးဖုတ်လိုက်၊ ထုလိုက်ပျက်လိုက်။ သည်တော့ ပန်းပဲဆရာဦးချစ်(ကွယ်လွန်)က ဘယ်လိုပြပြ နပ်ပုံဆိုးပန်းဆိုးနပ်သာ ထွက်လာရသည်။ ပန်းပဲဌာနမှ အကူလုပ်သားလေးကို ဗလတောင့်တောင့်မို့ မောင်တင့်တယ်ဟု နာမည်လေးပေးထားကြသည်။ မောင်တင့်တယ်ကို တစ်ကျပ်ပေးပြီး ထုခိုင်းမှပဲ နပ်လှလှတစ်ခု ရကြလေသည်။ ပန်းပဲမောင်တင့်တယ်ကား တကောင်းမှသည် ပုဂံ၊ ပုဂံမှသည် အိမ်ဦးခန်း၊ အိမ်ဦးခန်းမှသည် စက်မှုကျောင်းထိ ရောက်ခဲ့လေ၏။ နာမည်ပေးတော်လှသော စက်မှုကျောင်းသားများကို ဂုဏ်ပြုပါသည်။

ပန်းပဲဘာသာကို မောင်တင့်တယ်ကယ်၍ အဆင်ပြေခဲ့သော်လည်း ကျန်သောဘာသာများက မလွယ်လှ။ ဝပ်ရှော့(Workshop) ဘာသာဆိုလျှင် အတော်မလွယ်။ သင်ကြားပေးသည့်ဆရာဦးတင်မောင်ဦး(ကွယ်လွန်)က သဘောကောင်းသော်လည်း စိတ်တိုတတ်၏။ သူ့ကို စာမမေးရဲလေတော့ သမိုင်းလမ်းဆုံရှိ ကျူရှင်သို့သာ ပြေးရလေသည်။ သချာင်္ကလည်း တစ်နှင့်နှစ်ဟူ၍ နှစ်ဘာသာပါ၏။ အင်ဂျင်နီယာသချာင်္က ခက်လှသည်။ သချာင်္ဂုဏ်ထူးရဖူးသူပင် ချွေးပြန်ရ၏။

စက်မှုပုံဆွဲဘာသာကိုလည်း တတိယနှစ်မှာ အပြတ်သင်ရသည်။ ပထမနှစ်မှ ဝင်လာခဲ့သူများကတော့ သင်ပြီးခဲ့ကြပြီ။ ကိုယ်တွေက တတိယနှစ်မှ ဖြတ်ဝင်လာသည်မို့ ယခုမှသင်ကြရခြင်းဖြစ်၏။ အိမ်စာဆွဲရန် ပုံများကလည်း မနည်းလှ။ စက်တွေကို ဒေါင်လိုက်ဖြတ်သည်။ အလျှားလိုက်ဖြတ်သည်။ အပေါ်မှ ကြည့်သည်။ ဘေးမှကြည့်သည်။ အောက်မှကြည့်သည်။ တကယ်မြင်ရသော စက်တွေတော့မဟုတ်။ စာအုပ်ထဲမှပုံတွေကို စိတ်ကူးဖြင့်သာ မြင်ကြည့်ရခြင်းဖြစ်၏။ ဖြတ်ကြည့်ရခြင်းဖြစ်၏။

သည်လိုစာတွေကိုနပန်းလုံးရင်း ကျူတိုရီရယ်ပြေးတက်ရင်း မရောက်မဖြစ်ရောက်ရသည်က အာစီတူး။ အဆောင်နှင့်ကပ်နေတော့ သွားဖို့လွယ်သလို အပျိုချောတွေပေါလေတော့ ခဏခဏရောက်ဖြစ်သည်။ အဆောင်ရှေ့ရှိသမိုင်းဝင်းကန်တင်းကလည်း အမြဲရောက်ရသည့်နေရာ။ အဆောင်မှာ ထမင်းစားမကောင်းသောကြောင့် ပုပ္ပါးအဆောင်မှူး ဦးစိုးလွင်ပိုင်သည့် ကန်သာယာဆိုင်သို့ ပိုက်ဆံရွှင်သည့်အခါ ရောက်သည်။ ဘိုင်ပြတ်ခါနီးလျှင်တော့ မေဆွိတို့ဆိုင်မှ ပဲထမင်းနှင့် ပြီးရသည်။ မေဆွိဆိုသည်မှာကား အဆိုတော်မင်းသမီးမဟုတ်ပါ။ ရှေ့သွားလေးမဆိုစလောက် မောက်ရရှာသူ ဆယ်တန်းကျောင်းသူလေးကို ကျောင်းသားများက ချစ်စနိုးခေါ်သည့်အမည်ဖြစ်၏။ ဆိုင်ရှင်၏ သမီးအကြီးဆုံးမို့ သူ့ခမျာ မနားရရှာ။ဆိုင်မှာကူနေရသည်။ မေဆွိသုတ်သော ပဲထမင်းကို ကြက်သွန်ဖြူဝါးရင်း နတ်သုဒ္ဒါလို စားရတာလည်း မြိန်လှ၏။ ပိုက်ဆံမပါလျှင် အကြွေးစားလို့လည်းရသေးသည်။ ရသာစုံဖျော်ပေးတတ်သော လက်ဖက်ရည်ဆိုင်လေးက မေဆွိတို့ဘေးမှာမို့ လက်ဖက်ရည်ချိုဆိမ့်တစ်ခွက်မှာပြီး ဒူးယားခဲလို့လည်း  ရပါသေး၏။

သည်လိုနှင့်ပင် တတိယနှစ်ကို  အသဲအသန်ကြိုးစားဖြေဆိုရင်း အောင်မြင်ခဲ့ရသော မောင်လူပေဖြစ်ပါ၏။ သူများတွေလို ဆူပါဘရိမ်းလည်းမဟုတ်၊ စာတော်သူလည်းမဟုတ်၊ ခပ်ညံ့ညံ့ သာမန်မောင်လူပေ၏ စက်မှုကျောင်း၏ အမှတ်တရများကား ရေးလို့ကုန်ဖွယ်မရှိ။ သူငယ်ချင်းများကိုအမှတ်ရလို့ ရေးလိုက်တဲ့ စက်မှုကျောင်းသို့ စရောက်ခြင်းအမှတ်တရ အလွမ်းစာကို ဒီမျှဖြင့်သာ ရပ်ခွင့်ပြုပါဟု မိတ်ဆွေသူငယ်ချင်းများအား တောင်းပန်ပါသည်။

ချစ်တဲ့

မောင်လူပေ

ဒီအချိန်ဆို လွမ်းတယ်။

ဒီအချိန်ဆိုလွမ်းတယ်။

ရှင်လူထွက်တဲ့နေ့၊ မင်္ဂလာဆောင်တဲ့နေ့၊ ထောင်ကထွက်တဲ့နေ့တွေကို မေ့ရခက်သည်ဟုဆို၏။

ရှင်လူထွက်တဲ့နေ့ကို မမှတ်မိတော့။ အိမ်ဆိုတဲ့ ထောင်ကျတဲ့ နေ့ကိုတော့ မှတ်မိသည်။ အပြေးကောင်းသူမို့ နရသိမ်ထောင်အထိ မရောက်ခဲ့လို့ ထောင်ကထွက်တဲ့နေ့တော့ မရှိခဲ့။ ထပ်တိုးလို့ ရလျှင်ဖြင့် ကောလိပ်တက်သည့်နေ့ ကိုပါ မေ့ရခက်သည့်နေ့များထဲမှာ နောက်တိုးအဖြစ် ထည့်လိုက်ချင်သည်။ အဲဒီအချိန်ရောက်တိုင်း လွမ်းသည်။

မောင်လူပေတို့ ဆယ်တန်းအောင်တော့ ဆယ့်ခြောက်နှစ်သာသာ။ ချာတိတ်အရွယ် အထကကျောင်းသား ဘဝကနေ ကောလိပ် တက်ရမည် ဆိုတော့ လန့်တော့ အလန့်သား။ ထိုစဉ်က ဒေသကောလိပ်ခေတ်မို့ ရွေးစရာ မေဂျာကလည်း သိပ်မရှိ။ ဘိုင်အိုကို ထိုင်ငိုလောက်အောင် ကြောက်သူမို့ ကိုယ်အားသန်ရာ သိပ္ပံသချာင်္ ဘာသာတွဲကိုသာ ရွေးခဲ့သည်။ ကျောင်းကတော့ ရွေးရန်မလို။ တောင်ငူက ဆယ်တန်းအောင်သူတိုင်း သွားရမည်မှာ ပဲခူးဒေသကောလိပ်။ ပိုက်ဆံတတ်နိုင်သူတို့ကတော့  ပုံစံ (၁၀)ပြောင်းကာ ရန်ကုန်ရွှေမြို့တော်ရှိ အာစီ ဝမ်း တူး သရီး (RC 1,2,3)တွေသွားတက်ကြ၏။ မောင်လူပေအတွက်ကတော့ ပဲခူးကောလိပ်မှတစ်ပါး အခြားမရှိပြီ။

ရထား ကားတို့ဖြင့် ပဲခူးကို မကြာခဏ ဖြတ်သွားဖူးသော်လည်း တစ်ခါမျှ ဝင်မလည်ဖူးသော တိုင်းမြို့တော်ရှိ ကောလိပ်ကျောင်းတော်မဟာဆိုတော့ ရင်တော့ ခုန်မိသည်။ ငယ်ငယ်က ဖတ်ဖူးတဲ့ ဆရာဇဝနရဲ့ ကောလိပ်ကျောင်းသား ဝတ္တုထဲကလို ဆေးလိပ်ခဲပြီး စာအုပ်တွေကိုင်ထားတဲ့ ကျောင်းသားအိုကြီးတွေက အသစ်ရောက်လာတဲ့ ကျောင်းသားသစ်တွေကို ချောက်တွန်းလေမလား။ "ကြေပါနော် ကိုသိန်းဖေ။ ကြေပါတယ် မအေးစိန်" တို့လို ဇာတ်လမ်းလေးတွေ ဖြစ်လာမလား ဘာညာနဲ့လည်း ရင်ခုန်ရတာ အမောသား။

တောင်ငူအိမ်မှ ထွက်တော်မူနန်းကခွာတော့ အငှား ဟိုင်းလတ်ကားနှင့် ဖြစ်သည်။ တောင်ငူသား သူငယ်ချင်းတစ်စုသည် တစ်ဆောင်တည်းငှားထားသဖြင့် တစ်ချိန်တည်းထွက်ခဲ့ကြသည်။ လေးလွင်၊ စံအောင်၊ မင်းဦး၊ မျိုးကြည်၊ လှဌေး၊ ရဲအောင်၊ ကျော်သူမြတ် နှင့် မောင်လူပေတို့ စီးလာတဲ့ အငှားကားလေး ပဲခူးဝင်တော့ နေတောင်စောင်းနေပြီ။ ၁၉၈၁ ရဲ့ ဒီဇင်ဘာလဆန်းဖြစ်၏။ ပဲခူးရဲ့  ဆောင်းက မအေး လှ။

ပါလာသည့်အထုတ်တွေက အများကြီးမဟုတ်။ ဦးလေးတွေ ကောလိပ်တက်တုန်းက သုံးခဲ့တဲ့ သံသေတ္တာဟောင်းကို ဆေးပြန်သုတ်ပြီးပေးလိုက်တဲ့ သေတ္တာတစ်လုံး၊ သားရေအိပ်ရာလိပ်ဟောင်းတစ်ခု၊ စားစရာအနည်းငယ်နဲ့ တိုလီမိုလီထည့်ထားတဲ့ ကြိမ်ခြင်းတောင်းတစ်ခု၊ သင်ဖျူးဖျာဟောင်းတစ်ချပ်၊ ဒါပဲပါသည်။

နေရမည့်အဆောင်က ရွှေမောဓောဘုရားလမ်းနှင့် ၃၂လမ်းထောင့်ရှိ စိုးမိုးဦးဓါတ်ပုံတိုက်၏အနောက်ရှိ ၃၂လမ်းကို မျက်နှာမူထားသော သစ်သားဆောင်ဟောင်းလေး။ ဟောပုံစံမို့ အခန်းမရှိ။ ကြိုက်တဲ့နေရာလေး ရွေး၊ ဖုန်ခါပြီး နေရုံပင်။ ကုတင်တစ်လုံး၊ စားပွဲကုလားထိုင် ခပ်သေးသေးတစ်စုံပါသည်။ တောင်ငူသားတွေနေသောအဆောင်မို့ တောင်ငူဆောင်ဟု အလွယ်ပင် နာမည်ပေးလိုက်သည်။

ပဲခူးမြေသို့
ရောက်ရောက်ခြင်းပင် တက်ရမည့် ကောလိပ်ကျောင်းသို့ သွားကြည့်ကြသည်။ ကောလိပ်ကျောင်းက ထင်ထားသလို မသားနားလှ။ ပဲခူးအ.ထ.က(၁)ကျောင်းကို ဒေသကောလိပ်ဖွင့်ထားခြင်းဖြစ်သည်။ အထက်တန်းကျောင်းဟောင်းကြီးမို့ အထက်တန်းကျောင်းပုံစံပင်။ ခုံတွေမှာလည်း အ.ထ.က(၁)ဟု ရေးထိုးထားသည်။ အ.ထ.က မှာ ပြန်တက်ရမည့် အနေအထား။

ထိုအ.ထ.က တဖြစ်လည်း ဒေသကောလိပ်အမည်ရသော ကောလိပ်ကျောင်းတော် မဟာတွင် နှစ်နှစ်တာ တက်ရောက် သင်ကြားခဲ့ရသည်။ ရောက်စက ငယ်သူမို့ အိမ်ကို သတိရသေးသော်လည်း သူငယ်ချင်းသစ်များတိုးလာတော့ ကြာကြာ သတိမရတော့ပြီ။ စိတ်ကူးထဲမှာ ထင်ထားသလို ကျောင်းသားအိုကြီးတွေလည်းမရှိ။ နောက်ပြောင်သူလည်းမတွေ့။ ရှေ့ပြောင်သူလည်းမရှိ။ စာကြိုးစားနေကြသည့် လူတွေနှင့်သာ ခပ်များများ။ ထိုအချိန်က အဓိကမေဂျာမခွဲသေးသဖြင့် ကျောင်းသားတို့အတွက် ဆေးတို့ စက်မှုတို့က ထိပ်ဆုံးမျှော်မှန်းချက်။ ဒါတွေမှ မဝင်လျှင် သွား(ဆေး)၊ တိရိစ္ဆာန်(ဆေး)၊ သစ်တော၊ ဘူမိ၊ အီကို၊ အိုင်စီ၊ စသည်ဖြင့် မျှော်မှန်းချက် ကိုယ်စီဖြင့် စာတွေကျက်ခဲ့ရတဲ့ ကောလိပ်ကျောင်းသားဘဝမို့ စာအုပ်ထဲက ကောလိပ်ကျောင်းသားတော့ မဟုတ်ခဲ့။ ခပ်ပေပေကျောင်းသားလည်း မရှိသလောက်။

ဆယ်ကျော်သက်အရွယ် အပျော်ဆုံးအချိန်မို့ စာတွေနှင့် နဘမ်းလုံးရင်း ပျော်ခဲ့တဲ့အချိန်တွေရှိခဲ့ပါသည်။ ငယ်သူမို့ အရာရာက ပျော်စရာ။ တွေ့သမျှကျောင်းသူတွေ အကုန်လှကြသည်။ မဂျာစုံသွားသည်။ ငမ်းသည်။ ပျော်သည်။ သူငယ်ချင်းအသစ်တွေက နယ်စုံ၊ မေဂျာစုံ။ မိဘပေးသမျှနှင့် လောက်အောင် သုံးရင်း  အကြွေးတွေ ပတ်လည်ရိုက်သည့်အခါလည်းရှိသည်။ အနယ်နယ်က သူငယ်ချင်းများကလည်း ကိုယ်တွေနှင့်မခြားလှ။

ထိုစဉ်အခါက ကင်းတွေ၊ ကွင်းတွေမရွေးကြ။ ခွင့်မပြုတာလည်း ဖြစ်နိုင်သည်။ သချာင်္ကွင်း၊ ဘိုင်အိုကွင်းစသည်ဖြင့် တရားဝင်မရှိ။
ဖြူးသူ၊ ကညွတ်ကွင်းသူလေးတွေ ချောသည်ဟု နာမည်ရသည်။ တောင်ငူတို့ ပဲခူးတို့က မြို့ကြီး၍ ကျောင်းသူများသော်လည်း အလှပဂေးစာရင်း မဝင်ကြ။ တောင်ငူ၊ ပဲခူးမှ ရှိသမျှ လှတပတ လေးတွေ ပုံစံ (၁၀) နှင့် ရန်ကုန်ပြောင်းကြလို့လည်း ဖြစ်နိုင်သည်။ ( ဤစာဖတ်ပြီး ထိုအချိန်က ပဲခူးဒေသကောလိပ်တွင် တက်ခဲ့ကြသည့် တောင်ငူနှင့် ပဲခူးဇာတိ ပျိုမဒီဟောင်းများ ဒေါသထွက်ပါက ခွင့်လွှတ်ကြပါကုန်။) အပျိုချောများ၏ အဆောင်ဟုနာမည်ရသော သနပ်ပင်လမ်းပေါ်မှ အပြင်အဆောင်တစ်ခုကိုတော့ ကျောင်းသားတွေ အသွားများသည်။ သချာင်္ကျူရှင်သွားတိုင်း ထိုအဆောင်ရှေ့မှ ဖြတ်ရသဖြင့် သိရခြင်းဖြစ်၏။ မောင်လူပေက ခပ်ညံ့ညံ့မို့ မိန်းကလေးဆောင်ကို သွားလည်ရကောင်းမှန်းပင် မသိခဲ့။

သတ္တိကမကောင်း၊ လူညံ့မို့ ပဲခူးမြေမှာ နှစ်နှစ်တာ နေခဲ့ရသော်လည်း ကြေပါတယ်၊မအေးစိန် လို့ ပြောချင်ပါသောလည်း မည်သည့်မအေးစိန်နဲ့မှ မတွေ့။ မအေးစိန်တို့တွေလည်း တက္ကသိုလ်ကောင်းကောင်းဝင်ရေးအတွက် အသည်းအသန် ကြိုးစားနေရသည်မို့ ကိုသိန်းဖေ အညံ့စားလေးကို သတိပြုမိဟန်မရှိရှာကြ။ ကျောင်းပြီးလျှင် ကျူရှင်လည်း ပြေး၊အိမ်စာလုပ်၊  စာကျက်ကြနှင့် ဘာဘာညာညာ စဉ်းစားချိန် ရှိကြပုံမရ။ ခင်စရာကောင်းသော မိန်းကလေး သူငယ်ချင်းများ တချို့နှင့်တော့ သိကြွမ်းခဲ့ရသည်။ သဘောကောင်း မနောဖြူသော သူငယ်ချင်းများ ဖြစ်ကြ၏။ ဖေ့ဘုတ်ကြီး ကျေးဇူးတော်ကြောင့် ပြန်လည်အဆက်အသွယ် ရကြတော့လည်း အရင်ကအတိုင်း ခင်ဆဲပင်။ သဘောဖြူတဲ့ကျောင်းသူလေးတွေဘဝမှ အန်တီလေးတွေဘဝသို့ ရောက်ခဲ့ကြပြီဖြစ်သော ငယ်သူငယ်ချင်း ပဲခူးကောလိပ်ကျောင်းသူဟောင်းများကို အမှတ်တရရှိပါကြောင်း ဒီနေရာမှ မှတ်တမ်းတင်အပ်ပါသည်။

ကောလိပ်ကျောင်းမှာ ထိုင်စရာ လက်ဖက်ရည်ဆိုင် နှစ်ဆိုင်ပဲရှိသည်။ ကန်တင်းတိတိကျကျမရှိ၊ လက်ဖက်ရည်ဆိုင်သာ ကန်တင်းပင်။ အဆိုတော် ကိုင်ဇာက "ဒီအချိန်မှာကန်တင်းသွားထိုင်လည်း တစ်ယောက်ထည်းမို့ ရင်မှာသိပ်လွမ်းတယ်၊ ရာဇူးကမမရေ၊ ရာဇူးကမမ" ဟု သီချင်းဆိုတော့ ကန်တင်းဆိုတာ ဘာလဲလို့ သူငယ်ချင်းတွေကို မေးရသည်အထိ တုံးခဲ့ဖူးတာလည်း အမှတ်တရ။ ထိုအချိန်က ကိုင်ဇာ၊ဖိုးချိုခေတ်။ လက်ဖက်ရည်ဆိုင်မှာတချိန်လုံး ဖိုးချိုသီချင်းသာဖွင့်တတ်သည်။ နောက်တော့
စိုးလွင်လွင် သီချင်းတွေ ခေတ်စားလာသည်။

ဒေသကောလိပ်များကို ရီဂျင်နယ်ဟုခေါ်ကြသဖြင့်ကောလိပ်ကျောင်းသားသည် ရီဂျင်နယ်ကျောင်းသားဖြစ်၏။ အာစီတက်သည်ဟုလည်း ပြောကြသည်။ ဦးသန့်အရေးအခင်းကြောင့် တက္ကသိုလ်တန်းမတက်ရသည့် ဒေသကောလိပ်အစီအစဉ်ကို ဖေါ်ဆောင်ခဲ့သည်မှာ မောင်လူပေတို့နှစ်အထိပါ။ နောက်နှစ်ဖြစ်သော ၁၉၈၂မှာတော့ ဒေသကောလိပ်စနစ်ကိုဖျက်သိမ်းလိုက်ကြပါ၏။

ပဲခူးက မိုးတွင်းဆိုလျှင် ရေကြီးတတ်သည်။ ကျောင်းလည်း ပိတ်ရသည်။ သည်လိုဆိုလျှင် ဇိုင်းဂနိုင်းဖက်မှာ ရေကြီးနေတာကို သွားကြည့်ကြသည်။ ပဲခူးမြစ်ကိုကျော်သည်နှင့် ရေပင်လယ်။ ခေါင်းဆေးကျွန်းလောက်အထိ ရေမြုတ်ကြ၏။ ခုခေတ်တိုင်လည်း ရေကြီးနေဆဲနေရာများဖြစ်သည်။

ပဲခူးက လိပ်ပြာကန်ဇာတ်လမ်းတွေ ဝတ္ထုထဲမှာ ဖတ်ဖူးတော့ ရေကန်အကြီးကြီးဟု ထင်မိသော်လည်း ခပ်သေးသေးမျှသာ။ တောင်ငူ ကန်တော်ကြီးလို ရေကန်ကြီးမဟုတ်။  ဟင်္သာကုန်းက ဟသာင်္မှောင်နှံထပ်နေသောပုံအရလည်း ပဲခူးသူက လင်ကိုနိုင်သည်ဟု ဆိုတတ်ကြ၏။ အမှန်ဟုတ်မဟုတ်ကတော့ ပဲခူးသူနှင့် အကြောင်းပါသူတွေသာ သိပေမည်။ အပေးအယူ မျှလျှင်တော့ ဘယ်သူမျှ မနိုင်လောက်။ ရေကြီးချိန် ခြေချစရာ တစ်ကိုယ်စာပေမို့ ချစ်တဲ့ ဟင်္သာမကို ကျောပေါ်တင်ထားတဲ့ ပဲခူးသားတို့ရဲ့ အချစ်ကြီးပုံကြတော့ မြင်ပုံမရကြ။ မောင်လူပေကတော့ ချစ်တတ်သော ပဲခူးသားတို့ကို လေးစားပါသည်။

ထိုအချိန်က
ကောလိပ်ကျောင်းသစ်ကြီးမှာ စာကလေးကွင်းနေရာသစ်တွင် ဆောက်လက်စမို့ အပြီးမသတ်သေးတော့ လုပ်အားပေး သွားကြရသည်။ စာကလေးကွင်း ကောလိပ်သစ်ကြီးမှာ မျှော့တွယ်ခံ ရွှံ့ပေခံရင်း သစ်ပင်တွေလည်း စိုက်ခဲ့ကြသည်။ ခုလောက်ဆိုလျှင်ဖြင့် ထိုအပင်ငယ်များ လူလားမြောက်ကာ ကျောင်းတော်မဟာကို အရိပ်ကောင်းတွေ ပေးနေရောပေါ့။ အတွဲတွေလည်း ထိုင်ချင်လျှင် ထိုင်နေကြလိမ့်မည်။ စိုက်ပျိုးခဲ့ကြတဲ့ သူတွေကတော့ တစ်နေရာစီမှာ ကံစီမံရာ ရောက်နေကြသည်။ တချို့လည်း မရှိကြတော့ပြီ။

ကျောင်းက ထုတ်တဲ့ ရိုးမစာစောင်တို့ နှစ်လည် မဂ္ဂဇင်းတို့တွင်လည်း လက်သွေးခဲ့သေး၏။ ရိုးမစာစောင်တွင်ကဗျာလေးတွေ ရေးခဲ့ဖူးသလို နှစ်လည်စာစောင်တွင်လည်း ဝတ္ထုစာမူတစ်ခု အရွေးခံရဖူးသည်။  စာမူရှင်များ ဂုဏ်ပြုပွဲတို့ သချာင်္ဂုဏ်ထူးရသူများ ဂုဏ်ပြုပွဲတို့ လွမ်းစရာတွေက တွေးလေ အမှတ်ရလာလေပင်။

အသေအခြာ ပြန်တွက်ကြည့်တော့ (၃၆)နှစ်တောင် ရှိခဲ့လေပြီ။ ဘဝရဲ့ အတောက်ပဆုံးအရွယ်ရဲ့ နှစ်နှစ်တာကို ပဲခူးမှာ ကုန်ဆုံးခဲ့သည်ပဲ။ ပဲခူးသားတစ်ပိုင်း ဖြစ်ခဲ့လေတော့ ရွှေသာလျှောင်းနဲ့ မဟာစေတီ သွားရင်း အနောက်တောရှိ အကျွတ်အလွတ် ဘုရားထိ သွားခဲ့ရတာ ပျော်စရာ။ အနောက်တောသွားရင်း ရန်ကုန်က ဘုရားဖူးကားတွေ တွေ့ရင် ကိုယ်သိတဲ့သူပါလေမလားနဲ့ ရှာခဲ့ရတာလည်း မမေ့နိုင်။ အော်... ငယ်ဘဝရဲ့ ကောလိပ်ကျောင်းသားဘဝကို ဒီအချိန်ရောက်ရင် လွမ်းမိပါ၏။

(ကောလိပ်ကျောင်းသား အူတူတူ ဘဝလေးကို သူငယ်ချင်းတွေအား အမှတ်ရတဲ့ အနေနဲ့ ရေးလိုက်ပါတယ်။ အရင်က ရေးဖူးတဲ့အက်ဆေးလေးတစ်ပုဒ်နဲ့ ဆင်တူနေပါလိမ့်မယ်။)

ချစ်ခြင်းအားဖြင့်

မောင်လူပေ

Saturday, December 1, 2018

အမျိုးသားနေ့ အမျိုးသားရေး

အမျိုးသားနေ့ အမျိုးသားရေး

အမျိုးသားအောင်ပွဲနေ့သို့ရောက်ပြန်ပြီ။ ဒီနှစ်က၂၀၁၈မို့ (၉၈)နှစ်ရှိပေါ့။ မြန်မာအွန်လိုင်းဖြစ်သော ဖေ့ဘုတ်တခွင်မှာတော့ အမျိုးသားနေ့အကြောင်းသိပ်မဖတ်ရ။ မြန်မာ့အမျိုးသားနေ့သည် သာမန်ရုံးပိတ်ရက်တစ်ခုအဖြစ် ရောက်ရှိပြီး အမေ့ခံနေရပုံပါရှိ၏။

အမျိုးသားနေ့ဆိုတာ ဘာလဲ၊ ဘယ်လိုဖြစ်လာတာလဲ၊ ဘယ်သူတွေဦးဆောင်ခဲ့လဲဆိုတာ ကြာလျှင်မေ့သွားမှာစိုးမိပါ၏။

မြန်မာတွေ စည်းကမ်းဖောက်လို့ ထီးနန်းပျောက်ပြီး အင်္ဂလိပ်လက်အောက်ရောက်ခဲ့သည်မှစခဲ့သော ကိုလိုနီခေတ်တွင် အင်္ဂလိပ်အစိုးရ၏ အုပ်ချုပ်ရေးယန္တယားလည်ပတ်ဖို့ အတွက် ရန်ကုန်ကောလိပ်နှင့်ဂျပ်ဆင်ကောလိပ်တို့ ဖွင့်ကာ မြန်မာတို့ကို အဆင့်မြင့်ပညာသင်ပေးသည်။ ၁၉၂၀ ကာလအထိ အိန္ဒိယနိုင်ငံရှိ ကလကတ္တားတက္ကသိုလ်လက်အောက်ခံကျောင်းများ အဆင့်သာ ဖြစ်၏။ မြန်မာပြည်တွင် တက္ကသိုလ်မရှိ။

ဝိုင်အမ်ဘီအေအသင်းကြီးက မြန်မာပြည်အတွက် သီးခြားတက္ကသိုလ်ရရေး လှုံ့ဆော်ရာမှ  ရန်ကုန်ယူနီဗာစီတီအက်ဥပဒေ(Rangoon University Act) ကိုရေးဆွဲပြီး ၁၉၂၀ မတ်လတွင် အတည်ပြုသည်။ ထိုဥပဒေတွင် မြန်မာပြည်အတွက် တစ်ခုတည်းသောတက္ကသိုလ်ဖြစ်ရမည်၊ ယူနီဗာစီတီအောက်တွင်လည်း ကောလိပ်တစ်ကျောင်းသာရှိရမည်၊ ရန်ကုန်တွင်ဖြစ်ရမည်၊ ကျောင်းအိပ်ကျောင်းစားဖြစ်ရမည် ဟူ၍ ပါရှိသည်။

မတရားလှသောထိုဥပဒေများအပြင် တစ်နှစ်စာ ငွေခြောက်ရာကျပ်၊ တစ်လငွေကျပ်ငါးဆယ်ခန့်လည်း ကျောင်းစားရိတ် လိုအပ်ပေဦးမည်။ ထိုအချိန်က စာရေးကြီးတစ်ဦးလစာမှာ သုံးဆယ်သာရပြီး သာမန်လက်လုပ်လက်စားတစ်ဦးသည် တစ်နေ့တစ်မတ်လောက်သာရသည့်အချိန်အခါ။ ရာထူးကြီးသော မင်းစိုးရာစာအဆင့်ပင်လျှင် အမြင့်ဆုံး (၇၅)ကျပ်လောက်ရသည့်အချိန်မို့ လူချမ်းသာများအတွက် သီးခြားရေးဆွဲထားသော ဥပဒေမှန်း သိသာလှသဖြင့် ပြည်သူများက ကန့်ကွက်ကြသည်။

ပြန်လည်ပြင်ဆင်ပေးရန်အတွက် အများကန့်ကွက်နေသည်ကိုဂရုမစိုက်ပဲ ၁၉၂၀ သြဂတ်လတွင် ဘုရင်ခံကရက်ဒေါက်(Sir Reginald Craddock) က ဥပဒေကိုအတည်ပြုပြီး ယူနီဗာစီတီဥပဒေနှင့်အညီ ၁၉၂၀ ဒီဇင်ဘာတစ်ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်အဖြစ် ရန်ကုန်ကောလိပ်အား အဆင့်မြှင့်ကြောင်း ကြေညာခဲ့၏။

၁၉၂၀ ဒီဇင်ဘာ(၃)ရက်နေ့ ( တန်ဆောင်မုန်းလဆုတ်(၈)ရက်၊ သီပေါမင်းပါတော်မူနေ့) တွင် ကောလိပ်ကျောင်းသား(၁၁)ဦးသည် ရွှေတိဂုံစေတီအနောက်တောင်(စနေဒေါင့်)ဖက်တွင် လျှို့ဝှက်တွေ့ဆုံခဲ့ကြပြီး ကောလိပ်ကျောင်းသားများသပိတ်မှောက်ရန် ဆုံးဖြတ်က အမြုတေသပိတ်ကော်မတီကိုဖွဲ့စည်းခဲ့ကြသည်။

ထိုကောလိပ်ကျောင်းသားကြီးများမှာ
(၁)ကိုဘဦး
(၂)ကိုဘရှင်
(၃)ကိုညီပိတ်
(၄)ကိုဖိုးကွန်း
(၅)ကိုအေး
(၆)ကိုလှတင်
(၇)ကိုဖေသိန်း
(၈)ကိုထွန်းဝင်း
(၉)ကိုဘရှင်
(၁၀)ကိုဘခင်
(၁၁)ကိုအောင်ဒင်  တို့ ဖြစ်ကြပါ၏။

ကောလိပ်ကျောင်းသား(၄၀၀)ခန့်သည် နောက်တစ်နေ့ ဒီဇင်ဘာ(၄)ရက်၌ ဗဟန်းရှိ ဦးအရိယကျောင်းတွင် သပိတ်အတွက် အစည်းအဝေးပြုလုပ်သည်။ သပိတ်မှောက်ဖို့အများသဘောတူခဲ့ကြသည်။

နောက်တစ်နေ့ဖြစ်သော ၁၉၂၀ ဒီဇင်ဘာလ(၅)ရက် (မြန်မာသက္ကရာဇ် ၁၂၈၂ခု၊ တန်ဆောင်မုန်းလပြည့်ကျော်ဆယ်ရက်) နေ့တွင် ကျောင်းသားအများထပ်မံစုဝေးကာ ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ကြောင်း တရားဝင်ကြေညာခဲ့ကြသည်။ ဗဟန်းရှိ ဦးအရိယကျောင်း သပိတ်စခန်းသို့ အထက်တန်းကျောင်းသားများကလည်း ထောက်ခံချီတက်ခဲ့သည်။ မြို့လူထုကလည်း ကျောင်းသားသပိတ်ကို ထောက်ပံ့ကူညီခဲ့သည်။

ထိုနေ့မှာပင် နောက်ထပ်ကျောင်းသား (၁၅)ဦး ထပ်မံပါဝင်သော ယူနီဗာစီတီသပိတ်မှောက်ကောင်စီ ခေါ် (၂၆)ဦးအဖွဲ့ ဖြစ်လာခဲ့ကြသည်။ ထပ်၍ ပါဝင်လာသော ကျောင်းသားများမှာ

(၁၂)ကိုလှစိန်
(၁၃)ကိုဘတင်
(၁၄)ကိုမြ(သခင်မြ)
(၁၅)ကိုမြင့်
(၁၆)ကိုဖိုကျား( အမျိုးသားပညာဝန်)
(၁၇)ကိုစိုးဝင်း
(၁၈)ကိုဖိုးလတ်
(၁၉)ကိုထွန်းဖေ
(၂၀)ကိုဘဟန်
(၂၁)ကိုလူဖေဝင်း
(၂၂)ကိုဘကျော်
(၂၃)ကိုမောင်ကို
(၂၄)အီးမောင်စိန်
(၂၅)အမ်စီဆင်း
(၂၆)မစ္စတာဘို့(စ်) တို့ ဖြစ်ကြပါ၏။

ကျောင်းပြန်မတက်လျှင် သပိတ်မှောက်ကျောင်းသားများကို ကျောင်းထုတ်မည်ဟူ၍ ကျောင်းအာဏာပိုင်အဖွဲ့က ကြေညာသည်။ ကျောင်းသားများကလည်း ကျောင်းသားစာရင်းမှ အပြီးထုတ်ပယ်နိုင်ကြောင်း တုန့်ပြန်သည်။ ဂျီစီဘီအေအသင်းချုပ်ကြီးကလည်း အစိုးရကျောင်းများသို့ ပြန်မတက်ရန် နိုးဆော်ကာ တစ်နိုင်ငံလုံးမှာ အမြုတေအမျိုးသားကျောင်းများပေါ်လာခဲ့ကြသည်။ အမျိုးသားကောလိပ်ကြီးကိုလည်း စေတနာ့ဝန်ထမ်းပါမောက္ခဆရာကြီးများဖြစ်သည့်

(၁)ဆရာလွန်း( သခင်ကိုယ်တော်မှိုင်း)
(၂)ဆရာတော်ဦးညာဏ
(၃)မစ္စတာရောင်း(မဟာဝိဇ္ဖာ-ဝါရှင်တန်)
(၄)မစ္စတာချင်ဒမ်ဘရာ( ဘာမင်ဟန်ကောလိပ်)
(၅)မစ္စတာဘနာဂျီ(မဟာဝိဇ္ဖာ-လန်ဒန်)
(၆)ဒီးဒုတ်ဦးဘချို  စသည်တို့နှင့် တည်ထောင်နိုင်ခဲ့သည်။

မန်းလေးမြို့အပါအဝင် မြန်မာနိုင်ငံအနှံ့တွင် အမျိုးသားကျောင်းခေါ် နေရှင်နယ်ကျောင်းများပေါ်ပေါက်ခဲ့ပြီး ထိုကျောင်းများမှ မြန်မာပညာတတ်အများအပြားမွေးထုတ်ပေးနိုင်ခဲ့ကြသည်။ မန်းလေးမြို့၏ အမျိုးသားကျောင်းကြီးကို ဦးဆောင်ခဲ့သည်မှာ ဆရာကြီးဦးရာဇတ်ဖြစ်ပါ၏။

နေရှင်နယ်ကျောင်းဟူသည့် အမျိုးသားကျောင်းများ တစ်ပြည်လုံးပေါ်ပေါက်ခဲ့သည့် မူလပထမဖြစ်သော ကျောင်းသားသပိတ်ကြီး၊ ကျောင်းသားများသာမက ပြည်သူအပေါင်းအား အမျိုးသားရေးအသိအမြင် ပွင့်လမ်းစေခဲ့သော ကျောင်းသားသပိတ်ကြီး ဖြစ်ခဲ့သည့်အတွက် ဂျီစီဘီအေအစည်းအဝေးကြီးက ကျောင်းသားများ စတင် သပိတ်တိုက်ပွဲဝင်ခဲ့သော တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့အား " မြန်မာ့အမျိုးသားအောင်ပွဲနေ့" အဖြစ် သတ်မှတ်ခဲ့ကြသည်။ အမျိုးသားစိတ်ဓါတ်ဖြင့် အင်္ဂလိပ်နေ့စွဲအစား မြန်မာနေ့စွဲကို ယူခဲ့ကြခြင်းဖြစ်ပါ၏။

အမျိုးသားရေးစိတ်ဓါတ်များ၊ ဝံသာနုစိတ်ဓါတ်များဖြင့် ဖွဲ့စည်းခဲ့သော ဂျီစီဘီအေအသင်းချုပ်ကြီးသည် နောင်အခါ၌ ငါးထောင်စားရာထူးဟုခေါ်သည့် (၉၁)ဌာနအုပ်ချုပ်ရေးရာထူးများနှင့် မြှူဆွယ်မှုကို မတွန်းလှန်နိုင်ပဲ ကွဲခဲ့ကြလေသည်။

((၉၁)ဌာနအုပ်ချုပ်ရေးဟူသည် အရေးပါသည့် ပြည်ထဲရေး၊ လုံခြုံရေး၊ ဘဏ္ဍာရေးစသည့် ဝန်ကြီးဌာနများကို အင်္ဂလိပ်လက်အောက်မှာထားရှိပြီး အရေးမပါလှသောဌာနအချို့ကို ပေးအပ်ခြင်းဖြစ်ရာယခုခေတ် ၂၀၀၈ ခြေဥကြီးနှင့် အုပ်ချုပ်နေရသော ဒီမိုအစိုးရနှင့်လည်း ဆင်တူလှ၏။)

အမျိုးသားကျောင်းများသည်လည်း နောင်သုံးနှစ်ခန့်ကြာသောအခါ အစိုးရအထောက်အပံ့ယူသောကျောင်းများသာ ဆက်လက်လည်ပတ်နိုင်ပြီး ကျန်သော ကျောင်းများမှာ ပိတ်သိမ်းခဲ့ကြရ၏။ ထိုအဖြစ်အစုံကို ဆရာကြီးသခင်ကိုယ်တော်မှိုင်းက "ဘွိုင်ကောက်ဋီကာ" လေးချိုးကြီးဖြင့် မှတ်တမ်းရေးခဲ့ပါသည်။

သည်သမိုင်းဖြစ်ရပ်များထဲမှ အဓိကဇာတ်ကောင်များတွင် မြန်မာပြည်မှာမွေးဖွားကြသော ဘာသာ၊ လူမျိုးပေါင်းစုံ ပါဝင်ခဲ့ကြသည်ကို တွေ့ရ၏။  ကုလား၊တရုတ်မခွဲခဲ့ကြ။ ရဟန်း ရှင်လူ ပြည်သူအပေါင်း သွေးစည်းစွာဖြင့် အမျိုးသားရေးအတွက် လက်တွဲခဲ့ကြသည်။ အကူအညီပေးခဲ့ကြသော ဆရာ၊ မိဘပြည်သူများလည်း ဘာသာလူမျိုးပေါင်းစုံ ဖြစ်သည်။ မြန်မာပြည်မှာမွေး၍ မြန်မာပြည်ကိုချစ်ကြသော မြန်မာပြည်သား မှန်သမျှသည် အမျိုးသားစိတ်ဓါတ်၏ အောက်မှာ ပေါင်းစည်းခဲ့ခြင်းပင်။ ဤသည်မှာ အမျိုးသားရေးစိတ်ဓါတ်အမှန် ဖြစ်ပါသည်။ အမျိုးသားရေးဟူသည် မြန်မာ၊ တရုတ်၊ ကုလားမရှိ။ မြန်မာပြည်ကိုချစ်ကြသော မြန်မာပြည်ဖွားမှန်သမျှ မည်သူမဆိုနှင့် သက်ဆိုင်သည်။ အမျိုးသားစိတ်ဓါတ်နှင့် အမျိုးသားရေးသည် ခွဲခြား၍မရ။ ထိုအမျိုးသားရေးဝါဒကို Nationalism ဟုခေါ်ပါ၏။

သို့ပါသောကြောင့် ယနေ့တွင်ကြရောက်သော (၉၈)နှစ်မြောက်အမျိုးသားနေ့မှစ၍ နောင်နှစ်ပေါင်းများစွာတိုင်အောင် စစ်မှန်သော အမျိုးသားရေးစိတ်ဓါတ်များဖြင့် အမိမြန်မာပြည်၏ အမျိုးသားနေ့ကိုဆင်နွှဲနိုင်ကြပါစေ၊ ဘာသာလူမျိုးမကွဲ ချစ်ကြည်ပေါင်းသင်းနိုင်ကြပါစေဟု ဆုမွန်ခြွေအပ်ပါသည်။ အမိမြန်မာပြည်ကြီး တည်ငြိမ်အေးချမ်း တိုးတက်ပါစေ။

(၂၀၂၀ တွင်ကြရောက်မည့် နှစ်တစ်ရာပြည့် အမျိုးသားနေ့နှင့် ရန်ကုန်တက္ကသိုလ်ရာပြည့်ပွဲများအား မျှော်မှန်းလျှက်။)

ချစ်တဲ့

မောင်လူပေ

(ကိုးကား  - တို့ဗမာ အစည်းအရုံးသမိုင်း ပထမတွဲ၊ အမျိုးသားနေ့၏ သမိုင်းစာတန်း-ကိုအောင်)