Sunday, December 9, 2018

ဒီအချိန်ဆို လွမ်းတယ်။

ဒီအချိန်ဆိုလွမ်းတယ်။

ရှင်လူထွက်တဲ့နေ့၊ မင်္ဂလာဆောင်တဲ့နေ့၊ ထောင်ကထွက်တဲ့နေ့တွေကို မေ့ရခက်သည်ဟုဆို၏။

ရှင်လူထွက်တဲ့နေ့ကို မမှတ်မိတော့။ အိမ်ဆိုတဲ့ ထောင်ကျတဲ့ နေ့ကိုတော့ မှတ်မိသည်။ အပြေးကောင်းသူမို့ နရသိမ်ထောင်အထိ မရောက်ခဲ့လို့ ထောင်ကထွက်တဲ့နေ့တော့ မရှိခဲ့။ ထပ်တိုးလို့ ရလျှင်ဖြင့် ကောလိပ်တက်သည့်နေ့ ကိုပါ မေ့ရခက်သည့်နေ့များထဲမှာ နောက်တိုးအဖြစ် ထည့်လိုက်ချင်သည်။ အဲဒီအချိန်ရောက်တိုင်း လွမ်းသည်။

မောင်လူပေတို့ ဆယ်တန်းအောင်တော့ ဆယ့်ခြောက်နှစ်သာသာ။ ချာတိတ်အရွယ် အထကကျောင်းသား ဘဝကနေ ကောလိပ် တက်ရမည် ဆိုတော့ လန့်တော့ အလန့်သား။ ထိုစဉ်က ဒေသကောလိပ်ခေတ်မို့ ရွေးစရာ မေဂျာကလည်း သိပ်မရှိ။ ဘိုင်အိုကို ထိုင်ငိုလောက်အောင် ကြောက်သူမို့ ကိုယ်အားသန်ရာ သိပ္ပံသချာင်္ ဘာသာတွဲကိုသာ ရွေးခဲ့သည်။ ကျောင်းကတော့ ရွေးရန်မလို။ တောင်ငူက ဆယ်တန်းအောင်သူတိုင်း သွားရမည်မှာ ပဲခူးဒေသကောလိပ်။ ပိုက်ဆံတတ်နိုင်သူတို့ကတော့  ပုံစံ (၁၀)ပြောင်းကာ ရန်ကုန်ရွှေမြို့တော်ရှိ အာစီ ဝမ်း တူး သရီး (RC 1,2,3)တွေသွားတက်ကြ၏။ မောင်လူပေအတွက်ကတော့ ပဲခူးကောလိပ်မှတစ်ပါး အခြားမရှိပြီ။

ရထား ကားတို့ဖြင့် ပဲခူးကို မကြာခဏ ဖြတ်သွားဖူးသော်လည်း တစ်ခါမျှ ဝင်မလည်ဖူးသော တိုင်းမြို့တော်ရှိ ကောလိပ်ကျောင်းတော်မဟာဆိုတော့ ရင်တော့ ခုန်မိသည်။ ငယ်ငယ်က ဖတ်ဖူးတဲ့ ဆရာဇဝနရဲ့ ကောလိပ်ကျောင်းသား ဝတ္တုထဲကလို ဆေးလိပ်ခဲပြီး စာအုပ်တွေကိုင်ထားတဲ့ ကျောင်းသားအိုကြီးတွေက အသစ်ရောက်လာတဲ့ ကျောင်းသားသစ်တွေကို ချောက်တွန်းလေမလား။ "ကြေပါနော် ကိုသိန်းဖေ။ ကြေပါတယ် မအေးစိန်" တို့လို ဇာတ်လမ်းလေးတွေ ဖြစ်လာမလား ဘာညာနဲ့လည်း ရင်ခုန်ရတာ အမောသား။

တောင်ငူအိမ်မှ ထွက်တော်မူနန်းကခွာတော့ အငှား ဟိုင်းလတ်ကားနှင့် ဖြစ်သည်။ တောင်ငူသား သူငယ်ချင်းတစ်စုသည် တစ်ဆောင်တည်းငှားထားသဖြင့် တစ်ချိန်တည်းထွက်ခဲ့ကြသည်။ လေးလွင်၊ စံအောင်၊ မင်းဦး၊ မျိုးကြည်၊ လှဌေး၊ ရဲအောင်၊ ကျော်သူမြတ် နှင့် မောင်လူပေတို့ စီးလာတဲ့ အငှားကားလေး ပဲခူးဝင်တော့ နေတောင်စောင်းနေပြီ။ ၁၉၈၁ ရဲ့ ဒီဇင်ဘာလဆန်းဖြစ်၏။ ပဲခူးရဲ့  ဆောင်းက မအေး လှ။

ပါလာသည့်အထုတ်တွေက အများကြီးမဟုတ်။ ဦးလေးတွေ ကောလိပ်တက်တုန်းက သုံးခဲ့တဲ့ သံသေတ္တာဟောင်းကို ဆေးပြန်သုတ်ပြီးပေးလိုက်တဲ့ သေတ္တာတစ်လုံး၊ သားရေအိပ်ရာလိပ်ဟောင်းတစ်ခု၊ စားစရာအနည်းငယ်နဲ့ တိုလီမိုလီထည့်ထားတဲ့ ကြိမ်ခြင်းတောင်းတစ်ခု၊ သင်ဖျူးဖျာဟောင်းတစ်ချပ်၊ ဒါပဲပါသည်။

နေရမည့်အဆောင်က ရွှေမောဓောဘုရားလမ်းနှင့် ၃၂လမ်းထောင့်ရှိ စိုးမိုးဦးဓါတ်ပုံတိုက်၏အနောက်ရှိ ၃၂လမ်းကို မျက်နှာမူထားသော သစ်သားဆောင်ဟောင်းလေး။ ဟောပုံစံမို့ အခန်းမရှိ။ ကြိုက်တဲ့နေရာလေး ရွေး၊ ဖုန်ခါပြီး နေရုံပင်။ ကုတင်တစ်လုံး၊ စားပွဲကုလားထိုင် ခပ်သေးသေးတစ်စုံပါသည်။ တောင်ငူသားတွေနေသောအဆောင်မို့ တောင်ငူဆောင်ဟု အလွယ်ပင် နာမည်ပေးလိုက်သည်။

ပဲခူးမြေသို့
ရောက်ရောက်ခြင်းပင် တက်ရမည့် ကောလိပ်ကျောင်းသို့ သွားကြည့်ကြသည်။ ကောလိပ်ကျောင်းက ထင်ထားသလို မသားနားလှ။ ပဲခူးအ.ထ.က(၁)ကျောင်းကို ဒေသကောလိပ်ဖွင့်ထားခြင်းဖြစ်သည်။ အထက်တန်းကျောင်းဟောင်းကြီးမို့ အထက်တန်းကျောင်းပုံစံပင်။ ခုံတွေမှာလည်း အ.ထ.က(၁)ဟု ရေးထိုးထားသည်။ အ.ထ.က မှာ ပြန်တက်ရမည့် အနေအထား။

ထိုအ.ထ.က တဖြစ်လည်း ဒေသကောလိပ်အမည်ရသော ကောလိပ်ကျောင်းတော် မဟာတွင် နှစ်နှစ်တာ တက်ရောက် သင်ကြားခဲ့ရသည်။ ရောက်စက ငယ်သူမို့ အိမ်ကို သတိရသေးသော်လည်း သူငယ်ချင်းသစ်များတိုးလာတော့ ကြာကြာ သတိမရတော့ပြီ။ စိတ်ကူးထဲမှာ ထင်ထားသလို ကျောင်းသားအိုကြီးတွေလည်းမရှိ။ နောက်ပြောင်သူလည်းမတွေ့။ ရှေ့ပြောင်သူလည်းမရှိ။ စာကြိုးစားနေကြသည့် လူတွေနှင့်သာ ခပ်များများ။ ထိုအချိန်က အဓိကမေဂျာမခွဲသေးသဖြင့် ကျောင်းသားတို့အတွက် ဆေးတို့ စက်မှုတို့က ထိပ်ဆုံးမျှော်မှန်းချက်။ ဒါတွေမှ မဝင်လျှင် သွား(ဆေး)၊ တိရိစ္ဆာန်(ဆေး)၊ သစ်တော၊ ဘူမိ၊ အီကို၊ အိုင်စီ၊ စသည်ဖြင့် မျှော်မှန်းချက် ကိုယ်စီဖြင့် စာတွေကျက်ခဲ့ရတဲ့ ကောလိပ်ကျောင်းသားဘဝမို့ စာအုပ်ထဲက ကောလိပ်ကျောင်းသားတော့ မဟုတ်ခဲ့။ ခပ်ပေပေကျောင်းသားလည်း မရှိသလောက်။

ဆယ်ကျော်သက်အရွယ် အပျော်ဆုံးအချိန်မို့ စာတွေနှင့် နဘမ်းလုံးရင်း ပျော်ခဲ့တဲ့အချိန်တွေရှိခဲ့ပါသည်။ ငယ်သူမို့ အရာရာက ပျော်စရာ။ တွေ့သမျှကျောင်းသူတွေ အကုန်လှကြသည်။ မဂျာစုံသွားသည်။ ငမ်းသည်။ ပျော်သည်။ သူငယ်ချင်းအသစ်တွေက နယ်စုံ၊ မေဂျာစုံ။ မိဘပေးသမျှနှင့် လောက်အောင် သုံးရင်း  အကြွေးတွေ ပတ်လည်ရိုက်သည့်အခါလည်းရှိသည်။ အနယ်နယ်က သူငယ်ချင်းများကလည်း ကိုယ်တွေနှင့်မခြားလှ။

ထိုစဉ်အခါက ကင်းတွေ၊ ကွင်းတွေမရွေးကြ။ ခွင့်မပြုတာလည်း ဖြစ်နိုင်သည်။ သချာင်္ကွင်း၊ ဘိုင်အိုကွင်းစသည်ဖြင့် တရားဝင်မရှိ။
ဖြူးသူ၊ ကညွတ်ကွင်းသူလေးတွေ ချောသည်ဟု နာမည်ရသည်။ တောင်ငူတို့ ပဲခူးတို့က မြို့ကြီး၍ ကျောင်းသူများသော်လည်း အလှပဂေးစာရင်း မဝင်ကြ။ တောင်ငူ၊ ပဲခူးမှ ရှိသမျှ လှတပတ လေးတွေ ပုံစံ (၁၀) နှင့် ရန်ကုန်ပြောင်းကြလို့လည်း ဖြစ်နိုင်သည်။ ( ဤစာဖတ်ပြီး ထိုအချိန်က ပဲခူးဒေသကောလိပ်တွင် တက်ခဲ့ကြသည့် တောင်ငူနှင့် ပဲခူးဇာတိ ပျိုမဒီဟောင်းများ ဒေါသထွက်ပါက ခွင့်လွှတ်ကြပါကုန်။) အပျိုချောများ၏ အဆောင်ဟုနာမည်ရသော သနပ်ပင်လမ်းပေါ်မှ အပြင်အဆောင်တစ်ခုကိုတော့ ကျောင်းသားတွေ အသွားများသည်။ သချာင်္ကျူရှင်သွားတိုင်း ထိုအဆောင်ရှေ့မှ ဖြတ်ရသဖြင့် သိရခြင်းဖြစ်၏။ မောင်လူပေက ခပ်ညံ့ညံ့မို့ မိန်းကလေးဆောင်ကို သွားလည်ရကောင်းမှန်းပင် မသိခဲ့။

သတ္တိကမကောင်း၊ လူညံ့မို့ ပဲခူးမြေမှာ နှစ်နှစ်တာ နေခဲ့ရသော်လည်း ကြေပါတယ်၊မအေးစိန် လို့ ပြောချင်ပါသောလည်း မည်သည့်မအေးစိန်နဲ့မှ မတွေ့။ မအေးစိန်တို့တွေလည်း တက္ကသိုလ်ကောင်းကောင်းဝင်ရေးအတွက် အသည်းအသန် ကြိုးစားနေရသည်မို့ ကိုသိန်းဖေ အညံ့စားလေးကို သတိပြုမိဟန်မရှိရှာကြ။ ကျောင်းပြီးလျှင် ကျူရှင်လည်း ပြေး၊အိမ်စာလုပ်၊  စာကျက်ကြနှင့် ဘာဘာညာညာ စဉ်းစားချိန် ရှိကြပုံမရ။ ခင်စရာကောင်းသော မိန်းကလေး သူငယ်ချင်းများ တချို့နှင့်တော့ သိကြွမ်းခဲ့ရသည်။ သဘောကောင်း မနောဖြူသော သူငယ်ချင်းများ ဖြစ်ကြ၏။ ဖေ့ဘုတ်ကြီး ကျေးဇူးတော်ကြောင့် ပြန်လည်အဆက်အသွယ် ရကြတော့လည်း အရင်ကအတိုင်း ခင်ဆဲပင်။ သဘောဖြူတဲ့ကျောင်းသူလေးတွေဘဝမှ အန်တီလေးတွေဘဝသို့ ရောက်ခဲ့ကြပြီဖြစ်သော ငယ်သူငယ်ချင်း ပဲခူးကောလိပ်ကျောင်းသူဟောင်းများကို အမှတ်တရရှိပါကြောင်း ဒီနေရာမှ မှတ်တမ်းတင်အပ်ပါသည်။

ကောလိပ်ကျောင်းမှာ ထိုင်စရာ လက်ဖက်ရည်ဆိုင် နှစ်ဆိုင်ပဲရှိသည်။ ကန်တင်းတိတိကျကျမရှိ၊ လက်ဖက်ရည်ဆိုင်သာ ကန်တင်းပင်။ အဆိုတော် ကိုင်ဇာက "ဒီအချိန်မှာကန်တင်းသွားထိုင်လည်း တစ်ယောက်ထည်းမို့ ရင်မှာသိပ်လွမ်းတယ်၊ ရာဇူးကမမရေ၊ ရာဇူးကမမ" ဟု သီချင်းဆိုတော့ ကန်တင်းဆိုတာ ဘာလဲလို့ သူငယ်ချင်းတွေကို မေးရသည်အထိ တုံးခဲ့ဖူးတာလည်း အမှတ်တရ။ ထိုအချိန်က ကိုင်ဇာ၊ဖိုးချိုခေတ်။ လက်ဖက်ရည်ဆိုင်မှာတချိန်လုံး ဖိုးချိုသီချင်းသာဖွင့်တတ်သည်။ နောက်တော့
စိုးလွင်လွင် သီချင်းတွေ ခေတ်စားလာသည်။

ဒေသကောလိပ်များကို ရီဂျင်နယ်ဟုခေါ်ကြသဖြင့်ကောလိပ်ကျောင်းသားသည် ရီဂျင်နယ်ကျောင်းသားဖြစ်၏။ အာစီတက်သည်ဟုလည်း ပြောကြသည်။ ဦးသန့်အရေးအခင်းကြောင့် တက္ကသိုလ်တန်းမတက်ရသည့် ဒေသကောလိပ်အစီအစဉ်ကို ဖေါ်ဆောင်ခဲ့သည်မှာ မောင်လူပေတို့နှစ်အထိပါ။ နောက်နှစ်ဖြစ်သော ၁၉၈၂မှာတော့ ဒေသကောလိပ်စနစ်ကိုဖျက်သိမ်းလိုက်ကြပါ၏။

ပဲခူးက မိုးတွင်းဆိုလျှင် ရေကြီးတတ်သည်။ ကျောင်းလည်း ပိတ်ရသည်။ သည်လိုဆိုလျှင် ဇိုင်းဂနိုင်းဖက်မှာ ရေကြီးနေတာကို သွားကြည့်ကြသည်။ ပဲခူးမြစ်ကိုကျော်သည်နှင့် ရေပင်လယ်။ ခေါင်းဆေးကျွန်းလောက်အထိ ရေမြုတ်ကြ၏။ ခုခေတ်တိုင်လည်း ရေကြီးနေဆဲနေရာများဖြစ်သည်။

ပဲခူးက လိပ်ပြာကန်ဇာတ်လမ်းတွေ ဝတ္ထုထဲမှာ ဖတ်ဖူးတော့ ရေကန်အကြီးကြီးဟု ထင်မိသော်လည်း ခပ်သေးသေးမျှသာ။ တောင်ငူ ကန်တော်ကြီးလို ရေကန်ကြီးမဟုတ်။  ဟင်္သာကုန်းက ဟသာင်္မှောင်နှံထပ်နေသောပုံအရလည်း ပဲခူးသူက လင်ကိုနိုင်သည်ဟု ဆိုတတ်ကြ၏။ အမှန်ဟုတ်မဟုတ်ကတော့ ပဲခူးသူနှင့် အကြောင်းပါသူတွေသာ သိပေမည်။ အပေးအယူ မျှလျှင်တော့ ဘယ်သူမျှ မနိုင်လောက်။ ရေကြီးချိန် ခြေချစရာ တစ်ကိုယ်စာပေမို့ ချစ်တဲ့ ဟင်္သာမကို ကျောပေါ်တင်ထားတဲ့ ပဲခူးသားတို့ရဲ့ အချစ်ကြီးပုံကြတော့ မြင်ပုံမရကြ။ မောင်လူပေကတော့ ချစ်တတ်သော ပဲခူးသားတို့ကို လေးစားပါသည်။

ထိုအချိန်က
ကောလိပ်ကျောင်းသစ်ကြီးမှာ စာကလေးကွင်းနေရာသစ်တွင် ဆောက်လက်စမို့ အပြီးမသတ်သေးတော့ လုပ်အားပေး သွားကြရသည်။ စာကလေးကွင်း ကောလိပ်သစ်ကြီးမှာ မျှော့တွယ်ခံ ရွှံ့ပေခံရင်း သစ်ပင်တွေလည်း စိုက်ခဲ့ကြသည်။ ခုလောက်ဆိုလျှင်ဖြင့် ထိုအပင်ငယ်များ လူလားမြောက်ကာ ကျောင်းတော်မဟာကို အရိပ်ကောင်းတွေ ပေးနေရောပေါ့။ အတွဲတွေလည်း ထိုင်ချင်လျှင် ထိုင်နေကြလိမ့်မည်။ စိုက်ပျိုးခဲ့ကြတဲ့ သူတွေကတော့ တစ်နေရာစီမှာ ကံစီမံရာ ရောက်နေကြသည်။ တချို့လည်း မရှိကြတော့ပြီ။

ကျောင်းက ထုတ်တဲ့ ရိုးမစာစောင်တို့ နှစ်လည် မဂ္ဂဇင်းတို့တွင်လည်း လက်သွေးခဲ့သေး၏။ ရိုးမစာစောင်တွင်ကဗျာလေးတွေ ရေးခဲ့ဖူးသလို နှစ်လည်စာစောင်တွင်လည်း ဝတ္ထုစာမူတစ်ခု အရွေးခံရဖူးသည်။  စာမူရှင်များ ဂုဏ်ပြုပွဲတို့ သချာင်္ဂုဏ်ထူးရသူများ ဂုဏ်ပြုပွဲတို့ လွမ်းစရာတွေက တွေးလေ အမှတ်ရလာလေပင်။

အသေအခြာ ပြန်တွက်ကြည့်တော့ (၃၆)နှစ်တောင် ရှိခဲ့လေပြီ။ ဘဝရဲ့ အတောက်ပဆုံးအရွယ်ရဲ့ နှစ်နှစ်တာကို ပဲခူးမှာ ကုန်ဆုံးခဲ့သည်ပဲ။ ပဲခူးသားတစ်ပိုင်း ဖြစ်ခဲ့လေတော့ ရွှေသာလျှောင်းနဲ့ မဟာစေတီ သွားရင်း အနောက်တောရှိ အကျွတ်အလွတ် ဘုရားထိ သွားခဲ့ရတာ ပျော်စရာ။ အနောက်တောသွားရင်း ရန်ကုန်က ဘုရားဖူးကားတွေ တွေ့ရင် ကိုယ်သိတဲ့သူပါလေမလားနဲ့ ရှာခဲ့ရတာလည်း မမေ့နိုင်။ အော်... ငယ်ဘဝရဲ့ ကောလိပ်ကျောင်းသားဘဝကို ဒီအချိန်ရောက်ရင် လွမ်းမိပါ၏။

(ကောလိပ်ကျောင်းသား အူတူတူ ဘဝလေးကို သူငယ်ချင်းတွေအား အမှတ်ရတဲ့ အနေနဲ့ ရေးလိုက်ပါတယ်။ အရင်က ရေးဖူးတဲ့အက်ဆေးလေးတစ်ပုဒ်နဲ့ ဆင်တူနေပါလိမ့်မယ်။)

ချစ်ခြင်းအားဖြင့်

မောင်လူပေ

No comments:

Post a Comment