Sunday, December 9, 2018

ဒီအချိန်ဆို လွမ်းတယ်(၂)

ဒီအချိန်ဆိုလွမ်းတယ်(၂)

ဒီဇင်ဘာသည် လွမ်းတတ်သူတို့အတွက် လွမ်းဖို့အကောင်းဆုံးလဟုခေါ်ပါက မှားအံ့မထင်။ မြူနှင်းတွေဆိုင်းနေတဲ့ နံနက်ခင်းအေးအေးလေးက အလိုလိုလွမ်းစေသည်ထင့်။ ငယ်စဉ်ကတော့ သစ်ရွက်လှုပ်ရင်တောင် လွမ်းတတ်သည်။ လွမ်းစရာ ဒီအချိန်မှာ ပဲခူးဒေသကောလိပ်ကိုခွာ၍ အမိတက္ကသိုလ်ဖြစ်သော စက်မှုကျောင်းမဟာကို ရောက်ခဲ့သည်ပဲ။

မောင်လူပေတို့ စက်မှုကျောင်းတော်ကြီးသည် ထိုအချိန်က တစ်နိုင်ငံလုံးအတွက် တစ်ကျောင်းတည်းသာရှိသော ကျောင်းကြီးဖြစ်ခဲ့သည်။ ရုရှားနိုင်ငံ၏အကူအညီဖြင့်တည်ဆောက်ခဲ့သော သည်ကျောင်းကြီး၏ ခန့်ညားမှုကလည်း သြချစရာ။ ဆင်ဝင်တိုင်လုံးကြီးတွေတွေ့ရသည်နှင့် ရင်ခုန်ချင်မိစေမှာအမှန်။ ဗိသုကာလက်ရာထူးသည့်ကျောင်းတစ်ကျောင်းဖြစ်ပါ၏။

ထိုစဉ်က ဒေသကောလိပ်မှ ကောလိပ်ကျောင်းသားတို့အတွက် ဆေးနှင့်စက်မှုသည်  အိပ်မက်ဖြစ်၏။ ဒေသကောလိပ်တွင် သိပ္ပံသချာင်္ဘာသာတွဲယူခဲ့သူတိုင်း၏ စိတ်ကူးသည် စက်မှုကျောင်းဝင်ရေးဖြစ်၏။ စိတ်ကူးတွေ အကောင်အထည်ပေါ်တော့မည်မို့ ပျော်စရာ။ ဝင်သည့်မေဂျာကလည်း စက်မှုမေဂျာမို့ လူကြိုက်အများဆုံးဖြစ်သော မေဂျာသို့ ဝင်ခွင့်ရခဲ့ပြီ။ သို့သော်လည်း မောင်လူပေက စက်အကြောင်းကို နကန်းတစ်လုံးမျှသိသူမဟုတ်။ စက်ဆိုလျှင် ခဲတန်ချွန်စက်ပင် မပြင်တတ်။ ဒီလိုတော်သူမို့ ကိုယ့်ဟာကိုယ် စိတ်တော့ အပူသား။

မဟာရန်ကုန်ရွှေမြို့တော်ကြီးက ထုံးစံအတိုင်းပင် ဆူညံပူညံရှိလှ၏။ ကားတွေက တဝီဝီ၊ လူတွေက သုတ်သုတ်ပြာပြာ၊ ဘတ်စကားတွေက ငါးပိသိပ် ငါးချဉ်သိပ်၊ ဒီမြို့တော်ကြီးဆိုတာ တစ်နှစ်တစ်ကြိမ်မျှသာ အဖွားအုပ်ဂူကန်တော့ဖို့ ရောက်ဖူးသည့်မြို့တော်။ အခုတော့ လေးနှစ်တာ ကွန်းခိုရပေတော့မည်။

ရန်ကုန်ကျောင်းသားဘဝစတင်ဖို့ ရန်ကုန်သားဖခင်ကိုယ်တိုင် လိုက်ပို့ခဲ့သည်။တောင်ငူမှ စီးလာတဲ့ ရိုးမအရှေ့ခေါ် ဟီးနိုးလူစီးကားက ပြည်လမ်းရှိ အင်းလျှားကန်ဘေးမှာ ချပေးခဲ့တော့ သားအဖနှစ်ဦးက အငှားယာဉ်ဖြစ်သည့် ဘီသုံးရာ့ခြောက်ဆယ် (B 360)မာဇတာ(Mazda )ကားငယ် ဖွတ်ချက်ဖွတ်ချက်နှင့် ခရီးဆက်ကြရ၏။စက်မှုကျောင်းမဟာသို့ မဟုတ်သေး။  တတိယနှစ်ကျောင်းသားများနေထိုင်ရမည့် အဆောင်သို့သာ။ သမိုင်းဝင်းဟုခေါ်တွင်သော အာစီတူး(RC 2) နှင့် မနီးမဝေးရှိ အဆောင်ဝင်းကြီးကား ကြီးမားစွ။

ဒီအဆောင်များကလည်း သမိုင်းဝင်သည်။ ကျွန်းဆွယ်ပွဲဟု ခေါ်သည့် အရှေ့တောင်အာရှအားကစားပွဲအတွက် တည်းခိုဆောင်အဖြစ် တည်ဆောက်ခဲ့သည်ဆို၏။ နောက်မှ ကျောင်းသားများအတွက် အဆောင်တွေဖြစ်လာသည်။ အမည်တွေကလည်း စီးကရက်နာမည်တွေ ခပ်များများ။စက်မှုကျောင်းသား ယောက်ျားဆောင်များက  ဒူးယား၊ ပုပ္ပါး၊ စဥ့်ကူ ဟူ၏။ မိန်းကလေးများအတွက်အဆောင်က သဇင်ဆောင်။ သဇင်၏ဘေးမှာ သရဖီ၊ ခတ္တာ၊ အင်ကြင်းစသော စီးပွားရေးတက္ကသိုလ်မှ မိန်းကလေးဆောင်များလည်းရှိသည်။ ခပေါင်း၊အုန်းတောဟူသည့် စီးပွားရေးတက္ကသိုလ်မှ ယောက်ျားဆောင်လည်း ရှိသည်။

မောင်လူပေရောက်လာသည်က ဒူးယားဆောင်။ ဒူးယားကြိုက်သူမို့ ဒီအဆောင်ကိုကြိုက်သည်။ ဒူးယားက ဈေးကြီးသလို အဆီခံပါတော့ သောက်လို့ပိုကောင်းသည်။ခပေါင်းက အဆီခံမပါသောကြောင့် ဈေးပေါသည်လေ။ စီးကရက်နှင့်ယှဉ်ကာ ဒီလိုတွေးခဲ့သေး၏။ ဘာမှတော့မဆိုင်။ ဒူးယားဆောင်က ခပေါင်းနှင့်ပုပ္ပါးအကြားမှာရှိသည်။

နောက်တစ်နေ့မှာ ဘတ်စကားစီး၍ စက်မှုကျောင်းသို့ချီတက်ကြသည်။ အဆောင်မှ ကျောင်းသို့ ဘတ်စကားခ ပြားသုံးဆယ်ပေးရသည်ထင့်။(ကားခက မေ့တေ့တေ့တောင် ဖြစ်နေပြီ။ ) ကျောင်းကြီးသို့ ပထမဆုံးအကြိမ်ရောက်ဖူးခြင်းပင်။ ဓါတ်ပုံထဲမှာသာ တွေ့ဖူးခဲ့သည်။ တစ်ခါမျှ မရောက်ဖူးခဲ့။ ရောက်မဲ့ရောက်တော့ လေးနှစ်တာ တက်ရမည်တဲ့။

ကျောင်းသားသစ်မို့ အူကြောင်ကြောင်။ ဘယ်နားမှာ ဘာရှိသည်လည်းမသိ။ ကျောင်းသားရေးရာဘယ်နားမှာရှိလဲမေးတာကို မိန်းကလေးနားနေခန်းသို့ ညွှန်သူလည်းရှိသည်။ မိန်းကလေးတွေဝိုင်းဟားမခံရတာကံကောင်း။ သြဘာလမ်းမှ ဖြတ်လျှောက်မိသဖြင့် လက်ခုတ်လက်ဝါးတီးကာ အားပေးခံရသူလည်းရှိ၏။ အိမ်သာမေးသူကျောင်းသားကို ကျောင်းသူအိမ်သာသို့ ညွှန်ပြသူလည်းမရှား။ မောင်လူပေကတော့ ဘေလ်ဒင်ဝမ်း( Building one) တစ်ခုနှင့်ပင် မျက်စိလည်လှပြီ။ ဘေလ်ဒင်တူး သရီး(Building two, three) စသည်ဖြင့် အများကြီးရှိသေး၏။ အချိန်ဇယားရတော့လည်း မျက်စိလည်စရာ။ အချိန်တစ်ခုစီက တစ်နေရာစီ။ ဒေသကောလိပ်မှာကတော့ အတန်းထဲထိုင်နေရုံပဲ။ ဆရာတွေလာသင်ကြသည်။ အချိန်ဇယားကလည်း ငါးရက်မှာ အားချိန်မရှိ။ သင်ကြားရမည်က ဆယ်ဘာသာတဲ့။ ထိုင်တောင်ငိုချင်လောက်ပါ၏။

အင်ဂျင်နီယာကျောင်းသားများအတွက် မရှိမဖြစ်ပစ္စည်းများ ဝယ်ရသေးသည်။ တီစကွဲ( T Square) ခေါ်သစ်သားချောင်းတစ်ချောင်း၊ ဆလိုက်ရူး( Slide Rule) ခေါ် ထိုးလိုက်ဆွဲလိုက်လုပ်ရသည့် ဂဏန်းစုံရေးထိုးထားသော ကော်ချောင်းတစ်ချောင်း၊ ပုံဆွဲကရိယာ တန်ဆာပလာမျိုးစုံ၊ ပုံဆွဲစက္ကူ စသည်ဖြင့် အမျိုးပေါင်းစုံကို ဘွတ်စတိုး(Books Store) ခေါ် စာအုပ်ဆိုင်တွင် သွားဝယ်ကြရသည်။

ဝယ်လာသည့်ပစ္စည်းတွေကို တစ်ယောက်နှင့်တစ်ယောက်ပြကြတော့ ဘယ်သူကစ, လိုက်သည်မသိ။ "ဘွတ်စတိုးမှာ ကလစ်ဓါးလည်းရောင်းနေတယ်၊ ပုံဆွဲခဲတံချွန်လို့ အရမ်းကောင်းတယ်" ဟု ကြားသိရ၏။ ကိုယ်တွေဝယ်လာတဲ့အထဲမှာ ကလစ်ဓါးမပါခဲ့။ သည်တော့ ဘွတ်စတိုးထံ ချီတက်ကြရပြန်သည်။ ဘွတ်စတိုး၏ အရောင်းစာရေးတာဝန်ခံက ကုလားကြီးဖြစ်သည်။ ကုလားကြီးကို 'ကလစ်ဒါး' ရှိလားဟု မေးရပြန်၏။ ကိုယ်တွေသာမကပဲ မိန်းကလေးအုပ်စုတွေလည်း လာမေးကြသည်။ ကုလားကြီးကို ကလစ်ဒါး ရှိလား လာမေးကြသူ အတော်များပါ၏။ ကုလားကြီးကတော့ ကလစ်ဒါး မရှိပါဟုသာ ဖြေဆိုပါ၏။ ( 'ကလစ်ဒါး'ကို ပြောင်းပြန်ဖတ်ကြည့်ပါ။ 'ကလား-စ်' ဖြစ်ပါသည်။ ) ဒီလိုအနောက်သန်လှသော စက်မှုကျောင်းမဟာဖြစ်ပါ၏။ မိန်းကလေးတွေတော့မသိ။ ကလစ်ဒါးရှိလားဟု မေးမိသူ မောင်လူပေမှာတော့ မျက်နှာပူလှသဖြင့် ဘွတ်စတိုးသို့ အတန်ကြာအောင် မရောက်ဖြစ်တော့။

သမိုင်းဝင်းကျောင်းဆောင်ထဲမှ တီစကွဲကြီး တကားကားဖြင့် စက်မှုကျောင်းရောက်သည်ထိ ဘတ်စကားတိုးစီးကြရသည်မှာ မောင်လူပေတို့ကျောင်းသားတွေသာမက ကျောင်းသူတွေလည်းပါသည်။ လူတွေပြည့်နေသောကားတွင်းရောက်အောင် သစ်သားချောင်းကြီးနှင့်တိုးရသည်မှာ အလေ့အကျင့်လိုသည်။ ယောက်ျားလေးတွေဆိုလျှင် ၄၅ဟိုင်းလက်ကားလေးတွေကို သစ်သားချောင်းကြီးကိုင်ကာ တွယ်စီးတတ်ရသေးသည်။ သဇင်သူလေးတွေကား စာတွေများလှသဖြင့် အလှပြင်ချိန်မရရှာကြ။ သနပ်ခါးဘဲကြားဖြင့်သာ ကားတိုးစီးရသူများပါသည်။ ကျောင်းသားများကလည်း ကျောင်းသူကလေးများကို နာမည်ပေးတတ်ကြ၏။ ဆံပင်ထူထူ၊ရှည်ရှည်လေးကို အမူထွေးတဲ့။ အမွေးထူလေးပေါ့။ နှုတ်ခမ်းမွှေးရေးရေးနှင့် ကျောင်းသူလေးက ဝင်းဦးဟူ၏။ ကံ့ကော်တောမျိုးအောင် ဆံပင်လေးနှင့်ဆိုလျှင် မျိုးအောင်ဖြစ်ရ၏။ ချစ်စရာပြည့်ပြည့်လေးတွေဆိုလျှင် ရွှေလုံး၊ ဘုတ်ဘုတ်။ အိန္ဒိယသွေးပါသူလေးကတော့ လက်ချမီးဖြစ်ရရှာသည်။

စက်မှုကျောင်းသားတိုင်းမသင်မနေရဘာသာများတွင် ပန်းပဲ( Blacksmith) က နာမည်ကျော်။ သံတုံးကိုမီးဖုတ်ပြီး နပ်(Nut)ပုံ ခြောက်ထောင့်ထုကြရ၏။ မိန်းကလေးတွေမှာ သနားစရာ။ မောင်လူပေပင်လျှင် ဆယ်ပေါင်တူကို မနိုင်။ သံတုံးကိုမီးဖုတ်လိုက်၊ ထုလိုက်ပျက်လိုက်။ သည်တော့ ပန်းပဲဆရာဦးချစ်(ကွယ်လွန်)က ဘယ်လိုပြပြ နပ်ပုံဆိုးပန်းဆိုးနပ်သာ ထွက်လာရသည်။ ပန်းပဲဌာနမှ အကူလုပ်သားလေးကို ဗလတောင့်တောင့်မို့ မောင်တင့်တယ်ဟု နာမည်လေးပေးထားကြသည်။ မောင်တင့်တယ်ကို တစ်ကျပ်ပေးပြီး ထုခိုင်းမှပဲ နပ်လှလှတစ်ခု ရကြလေသည်။ ပန်းပဲမောင်တင့်တယ်ကား တကောင်းမှသည် ပုဂံ၊ ပုဂံမှသည် အိမ်ဦးခန်း၊ အိမ်ဦးခန်းမှသည် စက်မှုကျောင်းထိ ရောက်ခဲ့လေ၏။ နာမည်ပေးတော်လှသော စက်မှုကျောင်းသားများကို ဂုဏ်ပြုပါသည်။

ပန်းပဲဘာသာကို မောင်တင့်တယ်ကယ်၍ အဆင်ပြေခဲ့သော်လည်း ကျန်သောဘာသာများက မလွယ်လှ။ ဝပ်ရှော့(Workshop) ဘာသာဆိုလျှင် အတော်မလွယ်။ သင်ကြားပေးသည့်ဆရာဦးတင်မောင်ဦး(ကွယ်လွန်)က သဘောကောင်းသော်လည်း စိတ်တိုတတ်၏။ သူ့ကို စာမမေးရဲလေတော့ သမိုင်းလမ်းဆုံရှိ ကျူရှင်သို့သာ ပြေးရလေသည်။ သချာင်္ကလည်း တစ်နှင့်နှစ်ဟူ၍ နှစ်ဘာသာပါ၏။ အင်ဂျင်နီယာသချာင်္က ခက်လှသည်။ သချာင်္ဂုဏ်ထူးရဖူးသူပင် ချွေးပြန်ရ၏။

စက်မှုပုံဆွဲဘာသာကိုလည်း တတိယနှစ်မှာ အပြတ်သင်ရသည်။ ပထမနှစ်မှ ဝင်လာခဲ့သူများကတော့ သင်ပြီးခဲ့ကြပြီ။ ကိုယ်တွေက တတိယနှစ်မှ ဖြတ်ဝင်လာသည်မို့ ယခုမှသင်ကြရခြင်းဖြစ်၏။ အိမ်စာဆွဲရန် ပုံများကလည်း မနည်းလှ။ စက်တွေကို ဒေါင်လိုက်ဖြတ်သည်။ အလျှားလိုက်ဖြတ်သည်။ အပေါ်မှ ကြည့်သည်။ ဘေးမှကြည့်သည်။ အောက်မှကြည့်သည်။ တကယ်မြင်ရသော စက်တွေတော့မဟုတ်။ စာအုပ်ထဲမှပုံတွေကို စိတ်ကူးဖြင့်သာ မြင်ကြည့်ရခြင်းဖြစ်၏။ ဖြတ်ကြည့်ရခြင်းဖြစ်၏။

သည်လိုစာတွေကိုနပန်းလုံးရင်း ကျူတိုရီရယ်ပြေးတက်ရင်း မရောက်မဖြစ်ရောက်ရသည်က အာစီတူး။ အဆောင်နှင့်ကပ်နေတော့ သွားဖို့လွယ်သလို အပျိုချောတွေပေါလေတော့ ခဏခဏရောက်ဖြစ်သည်။ အဆောင်ရှေ့ရှိသမိုင်းဝင်းကန်တင်းကလည်း အမြဲရောက်ရသည့်နေရာ။ အဆောင်မှာ ထမင်းစားမကောင်းသောကြောင့် ပုပ္ပါးအဆောင်မှူး ဦးစိုးလွင်ပိုင်သည့် ကန်သာယာဆိုင်သို့ ပိုက်ဆံရွှင်သည့်အခါ ရောက်သည်။ ဘိုင်ပြတ်ခါနီးလျှင်တော့ မေဆွိတို့ဆိုင်မှ ပဲထမင်းနှင့် ပြီးရသည်။ မေဆွိဆိုသည်မှာကား အဆိုတော်မင်းသမီးမဟုတ်ပါ။ ရှေ့သွားလေးမဆိုစလောက် မောက်ရရှာသူ ဆယ်တန်းကျောင်းသူလေးကို ကျောင်းသားများက ချစ်စနိုးခေါ်သည့်အမည်ဖြစ်၏။ ဆိုင်ရှင်၏ သမီးအကြီးဆုံးမို့ သူ့ခမျာ မနားရရှာ။ဆိုင်မှာကူနေရသည်။ မေဆွိသုတ်သော ပဲထမင်းကို ကြက်သွန်ဖြူဝါးရင်း နတ်သုဒ္ဒါလို စားရတာလည်း မြိန်လှ၏။ ပိုက်ဆံမပါလျှင် အကြွေးစားလို့လည်းရသေးသည်။ ရသာစုံဖျော်ပေးတတ်သော လက်ဖက်ရည်ဆိုင်လေးက မေဆွိတို့ဘေးမှာမို့ လက်ဖက်ရည်ချိုဆိမ့်တစ်ခွက်မှာပြီး ဒူးယားခဲလို့လည်း  ရပါသေး၏။

သည်လိုနှင့်ပင် တတိယနှစ်ကို  အသဲအသန်ကြိုးစားဖြေဆိုရင်း အောင်မြင်ခဲ့ရသော မောင်လူပေဖြစ်ပါ၏။ သူများတွေလို ဆူပါဘရိမ်းလည်းမဟုတ်၊ စာတော်သူလည်းမဟုတ်၊ ခပ်ညံ့ညံ့ သာမန်မောင်လူပေ၏ စက်မှုကျောင်း၏ အမှတ်တရများကား ရေးလို့ကုန်ဖွယ်မရှိ။ သူငယ်ချင်းများကိုအမှတ်ရလို့ ရေးလိုက်တဲ့ စက်မှုကျောင်းသို့ စရောက်ခြင်းအမှတ်တရ အလွမ်းစာကို ဒီမျှဖြင့်သာ ရပ်ခွင့်ပြုပါဟု မိတ်ဆွေသူငယ်ချင်းများအား တောင်းပန်ပါသည်။

ချစ်တဲ့

မောင်လူပေ

No comments:

Post a Comment