၁၉၈၈ မတ်လရဲ့ အပိုင်းအစများ
(၁)
တကယ်ဆို ကိုယ်က ပွဲကြည့်ပရိတ်သပ်ပါ။ အဲဒီပွဲကို စင်ပေါ်တက်ပြီး ကြည့်ခွင့်ရခဲ့တာ။
အပိုင်းအစတွေကို တစစီဆွဲထုတ်ပြီး ပြန်စီရသလိုပေါ့။ စင်ပေါ်မှာ မြင်ခဲ့တွေ့ခဲ့တာလေးတွေက စိတ်အစဉ်မှာ မှတ်မိတာလည်းရှိ၊ မေ့ကုန်ခဲ့တာလည်းရှိ။ နှစ်တွေကလည်း ကြာခဲ့ပြီကိုး။ ၃၁နှစ်တောင် ရှိခဲ့ပြီပဲ။
အဲဒီအချိန်က ကျောင်းပြီးသွားပြီ။ ကျောင်းပြီးခါစ ကျောင်းသားစိတ်မကုန်သေးတော့ အလုပ်ရှာမယ် အကြောင်းပြပြီး အနောက်ကြို့ကုန်းထဲက မမော်ကြီးအဆောင်မှာ ငှားနေဖြစ်တယ်။
သီဟဆောင် ရှေ့ကအဆောင်ပေါ့။ အဆောင်မှာ ခင်မောင်သန်း (E/P ၈၇)နဲ့ ဝဏ္ဏ ( Mech ၉၁) တို့လည်း နေတယ်။ ကျန်တဲ့သူတွေတော့ မမှတ်မိတော့ဘူး။
အပြင်ဆောင်မှာ ညအိပ်ရုံပါပဲ။ အချိန်ပြည့် ကျောင်းထဲပဲ ရောက်နေတာ။ ကင်တင်းမှာစားတယ်။ ကျောင်းမပြီးသေးတဲ့ သူငယ်ချင်းတွေအခန်း လျှောက်လည်တယ်။
၁၉၈၈ မတ်လ ၁၂ ရက်ညက အနောက်ကြို့ကုန်းထဲက စန္ဒာဝင်း လက်ဖက်ရည်ဆိုင်မှာ စက်မှုကျောင်းသားတွေ( ဆန်းဝင်း ဝင်းမြင့်(ပုလဲ), အရှည်ကြီး ဝင်းမြင့် (နွာထိုးကြီး),ဌေးဝင်း(နောင်ချို)စသည်) နဲ့ အနောက်ကြို့ကုန်းထဲက လူငယ်တွေ ကက်ဆက်ခွေ ဖွင့်ခိုင်းရင်း ရန်ဖြစ်ကြတယ်။ ရပ်ကွက်ထဲက လူငယ်တွေ ရိုက်လိုက်လို့ ကျောင်းသား ခေါင်းကွဲခဲ့တယ်။ ရဲသွားတိုင်တော့ ခဏ ဖမ်းပြတယ်။ နောက်နေ့ကြတော့ ပြန်လွှတ်လိုက်တယ်။
ကျောင်းသားတွေကို ရိုက်လိုက်တဲ့ ကောင်လေးရဲ့ အဖေက ကောင်စီလူကြီးတဲ့။ သူ့သားကို စခန်းက ပြန်ထုတ်သွားတော့ မောင်မင်းကြီးသားက လက်ဖက်ရည်ဆိုင် ပြန်ရောက်နေတယ်။
အဲဒါကို မကြေနပ်ကြတဲ့ ကျောင်းသားအချို့က မတ်လ ၁၃ ရက် ညဦးပိုင်းမှာ ကြို့ကုန်းအနောက်ရပ်ကွက် ကောင်စီရုံးကိုသွားဝိုင်းကြတယ်။ ကောင်စီရုံးက တခါးပိတ်လိုက်တယ်။ ရပ်ကွက်ထဲက လူမိုက်အချို့က ဓါးတွေနဲ့ ထွက်ခုတ်ကြတယ်။
ခဲတွေနဲ့ ပေါက်ကြတယ်။ ကျောင်းသားတွေထဲက နှစ်ယောက် လက်မှာ ဓါးထိတယ်။ ခဲတွေလည်းမှန်တော့ ခေါင်းတွေပေါက်ကြတယ်။ အဲဒီခဲတွေ ပြန်ကောက်ပြီး ကျောင်းသားတွေက ပြန်ပေါက်ကြတယ်။
အဲဒီ ရန်ပွဲကို မထင်မှတ်ပဲ ကြုံခဲ့ရတာ။
သူတို့တွေ မနေ့က ရန်ဖြစ်တာလည်းမသိ။ ဒီနေ့ ရန်ဖြစ်ကြတာလည်း မသိ။ ကျောင်းဆောင်ထဲမှာနေတဲ့ သူငယ်ချင်း ကျော်ကျော်ဝင်း ( Mining ၉၂) က သူ့အခန်းဖေါ် မောင်မောင်စိုး( Mech ၉၂) ရှမ်းပြည်ကအပြန် ပါလာတဲ့ ရွှေလိမ္မော်တွေ ဖွင့်ပွဲ ကျင်းပမယ်ဆိုတာနဲ့ သူတို့ အခန်းမှာ သုံးယောက်သား ပလောင်ထင်းနေကြတာရယ်ပါ။
ညနေစောင်းထဲက သောက်လိုက် ပေါက်လိုက်နဲ့ ဇိမ်ကြနေတာပေါ့။ ည ရှစ်နာရီလောက်ကြတော့ ကျောင်းသားတွေ ရန်ဖြစ်နေကြတယ်။ အဆောင်က လူတွေ ထွက်ကြဘာညာနဲ့ လာခေါ်သံတော့ ကြားမိသား။ ကိုယ်နဲ့မဆိုင်တော့ သတိမထားမိ။ လူကလည်း ရီဝေဝေမို့ သွားပါမိရင် အရင်ကွဲမှာလည်းသေချာတယ်လေ။
ည ၉နာရီလောက်မှာမှ နေတဲ့အဆောင် ပြန်မယ်ဆိုပြီး ဘီပီအိုင် လမ်းလေးအတိုင်း လျှောက်လာတော့မှ အဝိုင်းနားမရောက်ခင် ခုနပြောခဲ့တဲ့ ရန်ပွဲကို တွေ့တော့တာ။
ကျောင်းသား သုံးလေးဆယ်လောက်ပဲရှိမယ်။ သူတို့ကို နောက်ကနေ ဝါးလုံးနဲ့တားပေးထားတဲ့ သူလည်းရှိသေး။ မဆုတ်အောင်လို့တဲ့။ အဝိုင်း ဟိုဘက်ထိပ်မှာတော့ လူအုပ်က မဲနေတာပဲ။ ဓါးတွေလည်းပါတယ်။ ကျောင်းသားတွေကတော့ကိုယ့်ကို လာမှန်တဲ့ခဲလုံးကို ပြန်ကောက်ပစ်နေရတဲ့ အနေအထားပါ။ လူနှစ်ယောက်ကလည်း လက်မောင်းမှာ သွေးတွေရွှဲလို့ ။
ခဏနေတော့ ရပ်ကွက်ဖက်က နည်းနည်းရှဲသွားတယ်။ အဲတော့မှ ဓါးခုပ်ခံထားရတဲ့ လူနှစ်ယောက်ကို လမ်းထဲဝင်လာတဲ့ ဖယ်မလီယာကားလေး တစီး အကူအညီနဲ့ဆေးရုံပို့ကြတယ်။ ဆရာတယောက်တွေ့မိတယ်။ ဘယ်မေဂျာကလည်းတော့ မမှတ်မိတော့။
ကျွန်တော်တို့ကို ဓါးနဲ့ခုပ်တယ်မကြေဘူး။ ရပ်ကွက်ရုံးကို သွားဖျက်မယ်နဲ့ သွေးတွေဆူကြရော။ ဆရာဝင်ထိမ်းနေတဲ့ကြားမှာပဲ ဆူညံပူညံတွေ ပြန်ဖြစ်ကြပြန်တယ်။
ဒီလိုဖြစ်ကြတော့ ရပ်ကွက်ထဲက အုပ်စုတွေ ပြန်ထွက်လာပြီး ခဲမိုးရွာပြန်လေတယ်။
ဘယ်သူမှန်းမသိတဲ့ လူတယောက်က ခါးကြားထဲမှာ အသင့်ပါလာတဲ့ မီးတုတ်ကို ထုတ်ပြီး တယာက်ကို ပေးလိုက်တယ်။ မီးနဲ့ရှို့ကွာတဲ့။ အဲဒီလူက မီးခြစ်နဲ့ မီးတုတ်ကို ရှို့ ပြီးတော့ အနီးဆုံး ရပ်ကွက် သမဆိုင်ရဲ့ မှန်ပြတင်းကို ရိုက်ခွဲလိုက်ပြီး မီးတုတ်ကို ဆိုင်ထဲ ပစ်သွင်းလိုက်တော့တယ်။
အဲဒီ အချိန်မှာကိုယ့်ဖက်က ကူညီသူဟာ ကိုယ့်လူပဲမို့ ဘယ်သူလည်း စဉ်းစားချိန်တောင် မရလိုက်ဘူး။
အဲဒီမြင်ကွင်းတွေကို ဘီပီအိုင် အဝိုင်းရဲ့ တဖက်ခြမ်းက ဆေးခန်းလေးနားမှာ ရပ်ကြည့်နေမိတာ မီးလောင်မှပဲ သတိပြန်ဝင်လာတော့တယ်။
မီးလောင်တော့ ရပ်ကွက်ထဲက လူတွေ ပြန်ပြေးကုန်ကြပြီ။ ကျောင်းသားအုပ်စုလည်း ကျောင်းဝန်းဆီ ပြန်ဆုတ်သွားပြီ။ ရပ်ကွက်သမ ကုန်စုံဆိုင် မီးကလည်း ခဏအတွင်း အရှိန်ပြင်းစွာ တောက်လောင်ခဲ့ပြီ။
ကိုယ်နေတဲ့ အပြင်ဆောင်က မီးလောင်နေတဲ့ နေရာနဲ့ နီးနီးလေးမို့ ရရာဆွဲဖို့ ပြန်ခဲ့တယ်။ အဆောင်ပိုင်ရှင် မမော်ကြီးကတော့ မောင်လေးတို့ပဲ အဆောင်ကို ကြည့်ထားပေးပါဆိုပြီး သူ့ကလေးတွေ လက်ဆွဲပြီး ပြေးလေပြီ။ မီးပွားတွေ လွင့်လာလို့ ရေကန်ထဲက ရေတွေခပ်ပြီး ပက်နေရတယ်။
အဆောင်မှာ ဝဏ္ဏကို မတွေ့။ ခင်မောင်သန်းအခန်းမှာတော့ သူ့ သူငယ်ချင်း ရီသန့်ရှိတယ်။ အပြင်မှာတော့ ကမ္ဘာပျက်လို့ပါပဲ။ မီးကလည်း လောင်ကောင်းဆဲ။ လျှပ်စစ်မီးလည်း မလာတော့။
ရပ်ကွက်ကို ကျောင်းသားတွေ မီးနဲ့ရှို့တယ်ဆိုပြီး ရပ်ကွက်သားတွေ လမ်းပေါ်မှာ ဓါးကြိမ်းကြိမ်း နေကြလေရဲ့။ ကျောင်းသားတွေ့ရင် ခုတ်မယ်ဆိုပဲ။
ဘေးအိမ်က ဦးလေးကြီးက အားပေးရှာတယ်။ အပြင်မထွက်နဲ့ အဆောင်ထဲမှာပဲနေ သူတို့ အထဲဝင်ပြီး ရန်မလုပ်ပါဘူးတဲ့။ ရီသန့်ကလည်း အားပေးတယ်။ မင်းမှာ ရေပုလင်းရှိတယ်မဟုတ်လား၊ အထဲဝင်လာရင် ရေပုလင်းခွဲပြီး ပြန်ခုခံပေါ့တဲ့။ ခုခေတ်လို ပလပ်စတစ်ရေဘူးတွေနဲ့ဆို အခက်။
မီးလောင်နေတာ အတော်ကြာတယ်။ မီးသတ်ကားလည်းမလာ။ မီးက သမဆိုင်နားက အိမ်လေးငါးလုံးကို ပတ်လောင်ပြီး ငြိမ်းသွားတယ်။ ရပ်ကွက်ထဲကလူတွေ ဝိုင်းညှိမ်းလိုက်တာပါ။ မီးသတ်ဥသြအသံတော့ကြားတယ်။ မီးသတ်ကားမလာလို့ မီးသတ်ကိုလည်း မေတ္တာတွေပို့ကြပေါ့။
ညသန်းကောင် ကျော်လောက်မှာ ကျောင်းဝန်းဆီက ဆူညံသံတွေ စကြားရပြီ။ မှောင်နဲ့မည်းမည်းမို့ ဘာတွေ ဖြစ်နေတယ်မသိ။ အပြင်လည်း မထွက်ရဲ။ အတော်ကြာ ဆူညံနေပြီး သေနပ်ပစ်သံတွေ ကြားရပါလေရော။
မီးသတ်ကားက ရေနဲ့ပက်တာမို့ ပျော်လို့ အော်ကြပါတယ်တဲ့။ ဒါကြောင့် ဆူညံနေတာကိုး။ ရေလည်းကုန်ရော မျက်ရည်ယိုဗုံးနဲ့ထုပြီး သေနပ်နဲ့ ပစ်တော့တာပေါ့။ အကုန်လုံး ဝရုန်းသုန်းကားနဲ့ ထွက်ပြေးကြရတယ်တဲ့။ ဖုန်းမော်က ထိပြီး သိပ်မကြာဘူး ဆုံးသွားတယ်။ စိုးနိုင်နဲ့ မြင့်ဦးတို့ကို ထိသွားလို့ ဆေးရုံပို့ လိုက်ရတယ်။ ဒါတွေက နောက်နေ့မှ သိရတာ။ အဲဒီညမှာတော့ ဘာမှမသိ။
သေနပ်သံတွေ ကြားပြီး ငြိမ်သွားတာမို့ အားလုံး အေးချမ်းသွားပြီပဲ ထင်ခဲ့တာ။ ညကတော့ အတော်နက်နေပြီ။ မနက်နှစ်နာရီလောက်တောင် ရှိပြီ။ ရေပုလင်းလည်း ခွဲပြီး ခုခံစရာမလိုတော့။ ဘေးအိမ်က ပေးထားတဲ့ ဖရောင်းတိုင်လေး မီးမှုတ်ပြီး အိပ်လိုက်ရတယ်။
(၂)
နောက်နေ့မနက် မတ်လ ၁၄ ရက်မှာတော့ အနောက်ကြို့ကုန်း တရပ်ကွက်လုံး တိတ်ဆိပ်လို့။ မနက်မိုးလင်းပေမဲ့ အပြင်လည်း မထွက်ရဲသေးလို့ အချိန်စောင့်ရသေးတယ်။ မနက် ဆယ်နာရီလောက်ထိ ဘာမှ မထူးတော့မှ ရီသန့်ကို အဖေါ်စပ်ပြီး လမ်းထိပ်က မုန့်ဟင်းခါးဆိုင်ကို မနက်စာစားဖို့ ချီတက်ခဲ့တယ်။
မီးလောင်ပြင်နဲ့ မလှမ်းမကမ်းမှာ မီးသတ်ကားက တုံးလုံးလဲလို့။ ဒီလောက်ကြီးတဲ့ မီးသတ်ကားကို သယ်လိုများ တုံးလုံးလှဲလိုက်တယ် မသိ။ အချိန်မှီ မရောက်လာတဲ့ မီးသတ်ကားကို ရပ်ကွက်က ဒေါကန်ပြီး ဖျက်ဆီး လိုက်တာပါပဲ။ မီးသတ်ကားက ကျောင်းရှေ့မှာ ကျောင်းသားတွေကို လူစုခွဲနေရလို့ ရောက်မလာနိုင်ခဲ့တာ။
အင်းစိန်လမ်းထိပ်ထိ လာမိမှ မုန့်ဟင်းခါးဆိုင် တွေ့တယ်။ ကျန်တဲ့ဆိုင်တွေက မထွက်ရဲသေးကြဘူး။ ဘီပီအိုင် မှတ်တိုင်ဘေးက စာအုပ်ဆိုင်ရှေ့မှာ ထွက်တဲ့ မုန့်ဟင်းခါးက ဆာဆာနဲ့မို့ ကောင်းလိုက်တာ။
ညက ရဲက ပစ်ခပ်လို့ ကျောင်းသားသေတယ်။ ကျောင်းသားတွေ ဒေါသထွက်နေတယ်တဲ့။ မှတ်တိုင်ဘေးက လူဝင်ပေါက်လေးမှာ ခုံတွေနဲ့ ပိတ်ကာထားတယ်။ အင်းစိန်လမ်းမကတော့ ညထဲက ပိတ်လိုက်တာမို့ အသွားအလာမရှိတော့။
ရီသန့်ကတော့ အမျိုးတွေရှိတဲ့ဆီ ပြန်မယ်တဲ့။ ကိုယ်ကတော့ အပြင်ဆောင်မှာ မနေရဲတော့လို့ ကျောင်းထဲဝင်နေဖို့ လမ်းဖြတ်ကူးလိုက်တယ်။
ကျောင်းထဲဝင်တဲ့ ဆင်းရဲသားပေါက်ကို ခုံတွေနဲ့ ပိတ်ထားပေမဲ့ ငုံ့ဝင်လို့ရတယ်။ ခုံတွေမှာလည်း ကျောင်းသားများရဲ့ တောင်းဆိုချက်ဆိုပြီး ဆရာဦးသီဟလတ် လက်မှတ်နဲ့ စာကပ်ထားတယ်။ ကျောင်းသားကို ပစ်သတ်ခဲ့မှုကို တောင်းပန်ရန်တို့ နိုင်ငံကို ကြေညာပေးရန်တို့ စုံစမ်းစစ်ဆေးပေးရန် စသည်ဖြင့် အချက် ခြောက်ခုလောက်ပါတယ်။ အခြေအနေကတော့ အတော် တင်းမာနေပြီ။
ခုံအောက်က ငုံ့ဝင်လိုက်တော့ အနားကို လူတယောက်ကပ်လာတယ်။ သူ့လက်ထဲမှာလည်း ခဲလုံးနဲ့။ မလုပ်နဲ့ မလုပ်နဲ့ ဒီကောင်လည်း ကျောင်းသားပဲလို့ တားလိုက်သံကြားမှ ခဲလုံးနဲ့လူ လှည့်ထွက်သွားတယ်။ကိုယ့်ကို သိတဲ့ ကျောင်းသားက တားတာ မြန်ပေလို့။
အဲဒီအချိန်က ကောလာဟာလတွေ ပျံ့နေချိန်။ ရပ်ကွက်ထဲမှာက ကျောင်းသားတွေ မီးနဲ့ လာရှို့ဦးမယ်လို့ထင်နေ၊ ကျောင်းသားတွေက ရပ်ကွက်ထဲကသူတွေ ကျောင်းထဲဝင်လာပြီးရန်ရှာမယ် ထင်နေကြတဲ့ အချိန်မို့ ကင်းချထားရတာပါ။
ပင်မဆောင်အောက်မှာတော့ ဖုန်းမော် သေခဲ့ရတဲ့ သွေးကွက်ကို အုတ်ခဲတွေနဲ့ ကြယ်ပုံ ဖေါ်ထားတယ်။ ကျောင်းသားတွေကတော့ ဘာဆက်ဖြစ်မယ်မသိလို့ ထင်ကြေးတွေ အမျိုးမျိုးပေးနေပြရဲ့။ မနေ့ညက အတူရှိခဲ့တဲ့ မောင်မောင်စိုးတို့ ကျော်ကျော်ထွန်းတို့ အခန်းကိုပဲ သွားနေဖြစ်တယ်။ ဝဏ္ဏက ညထဲက ကျောင်းဝန်းထဲမှာ ရှီနေခဲ့တာပါတဲ့။
မျက်ရည်ယိုဗုံးအရှိန်နဲ့ ပြေးလိုက်တာ ဂျီဟောရှေ့ ရောက်သွားတဲ့ အကြောင်းတွေ ပြောပြတယ်။ ကျော်ကျောထွန်းတို့ကလည်း သူတို့နဲ့ပဲ အတူနေဖို့ ခေါ်တယ်။
ညနေပိုင်းကြတော့ ပင်မဆောင်နဲ့ လူနေဆောင်တွေကြားက မြေကွက်လပ်မှာ လူစုကြတယ်။
ဆရာတွေထဲက ကျောင်းအုပ်ဆရာကြီးဦးခင်အောင်ကြည်နဲ့ လမ်းစဉ်လူငယ်က ဆရာဦးမောင်မောင်သန်း (ချည်မျှင်) တို့ လာကြတယ်။ ကျောင်းသားတွေက ဖုန်းမော်အလောင်း ပြန်ရရေးကိစ္စ၊ စိုးနိုင်နဲ့ မြင့်ဦးတို့ လည်း သေသလား ရှင်သလားမသိရတဲ့ ကိစ္စ၊ သူတို့နောက် လိုက်သွားတဲ့ ကျောင်းသားတွေလည်း ပြန်ရောက်မလာတဲ့ ကိစ္စတွေ မေးကြတယ်။ ဆရာကြီးက အပြင်မထွက်နဲ့ဆိုလို့ အပြင်မထွက်ခဲ့ပေမဲ့ သူတို့က ကျောင်းထဲထိ ဝင်ပစ်သွားတာကို ဘယ်လို ရှင်းပေးမှာလည်း ဆိုတာကို မေးကြတယ်။
ဟိုဆရာတွေလည်း ငုတ်တုပ်မေ့ပြီး ဘာမှ မဖြေနိုင်ကြဘူး။ နောက်ဆုံးတော့ ဆရာကြီးမှာ နှလုံးရောဂါရှိပါတယ်ဆိုပြီး တုန်တုန်ရည်ရည်နဲ့ ကျောင်းအုပ်ကြီး ဦးခင်အောင်ကြည် ရှောင်ပြေးရတော့တယ်။ ဦးမောင်မောင်သန်းတို့လည်း လစ်ရော။
ဦးခင်အောင်ကြည်ဆိုတာ ဦးနေဝင်း ပြည်ပခရီးထွက်ရင်ပါနေကြ ဆရာကြီးပါ။ ဦးမောင်မောင်သန်းတို့ဆိုလည်း လမ်းစဉ်လူငယ်ဥက္ကဌ။ ပညာရေးဝန်ကြီး ဗမကကျော်ငြိမ်းက ကျောင်းဝန်းထဲမှာ မဆီမဆိုင် ဂေါက်ရိုက်မယ်ဆိုလို့ ကွင်းတွေ အမြန်ဖေါ်သူကိုယ်တိုင်ဝင်ရိုက်နဲ့ အနားပြာဆရာတွေပါ။ ဒီကိစ္စမှာတော့ သူတို့လည်း ဘာမှ မတတ်နိုင်ကြတော့ မသိပါဘူးနဲ့ ခေါင်းရှောင်ကြရပါတယ်။
ညရှစ်နာရီ မြန်မာ့ရုပ်မြင်သံကြားတီဗီ သတင်းကြည့်ဖို့ တီဗီခန်းထဲစုကြတယ်။ တောင်းဆိုထားတဲ့အကိုင်း သတင်းမှန်လွှင့်ပေးမလား၊ တောင်းပန်ချက် ထုတ်ပြန်လေမလားနဲ့ မျှော်ကြတယ်။ တီဗီသတင်းမှာတော့ မဆလအရေးပေါ်ပါတီညီလာခံ အကြောင်းပဲပါတယ်။ စက်မှုကျောင်းကိစ္စ မပါခဲ့။
ရေဒီယိုက ဘီဘီစီ မြန်မာပိုင်း သတင်းမှာတော့ အာအိုင်တီကျောင်းသားတွေနဲ့ ရပ်ကွက်ထဲက လူတွေ ရန်ဖြစ်လို့ ဓါးထိုးမိပြီး ကျောင်းသားတဦးသေဆုံးကြောင်း သတင်းမှားကြီး ပါလာတယ်။ သူတို့ ပစ်လို့ သေတာကို ရန်ဖြစ်လို့သေတယ်လို့ ဖြစ်သွားတယ်။ ဘီဘီစီတောင် သတင်းမှားတယ်ဆိုပြီး ပေါက်ကွဲကြတယ်။
တနေကုန် အင်းစိန်လမ်းကို ပိတ်ထားတဲ့အပြင် ညရောက်တော့ လုံထိမ်းတွေက လက်တကမ်းအကွာ တဦးစီနေရာယူပြီး ကျောင်းဝန်းကြီးကို ပတ်ထားလေရဲ့။ ကျောက်ရုပ်တွေလို ရပ်နေတဲ့ လုံထိမ်းတွေဆီသွားပြီး နေဝင်းခွေးတွေလို့ သွားဆဲကြတယ်။
ညနက်လာတော့ အခန်းတွေမှာ ၆ခန်းကို ကြီးကြပ်သူတဦးစီထားပြီး နာမည်ကောက်တယ်။ ကိုယ့်ကျောင်းသားပါသွားရင် သိအောင်လို့ပါ။ သန်းကောင်ယံ မှာ ကင်တင်းအရှေ့ အစည်းအဝေး ခေါ်ပြန်တယ်။ ကင်တင်းအဆင်း ထိပ်က စင်မြင့်ပေါ့။ ဖုန်းမော် သူငယ်ချင်းက ဦးဆောင်တယ်။ အားလုံး စုစည်းကြဖို့ တဦးတည်း ဘယ်မှ မသွားဖို့ ကိုယ့်လူကို မှတ်ကြဖို့ ပြောနေရင် လုံထိမ်းတွေ ကျောင်းထဲဝင်ဖို့ လုပ်နေတယ်ဆိုတဲ့ သတင်းကြောင့် လူစူခွဲလိုက်ကြရတယ်။ အဲဒီညမှာတော့ မျက်နှာတွေကို လက်ကိုင်ပုဝါစီးပြီး တက်တဲ့လူများတယ်။ ဘယ်သူက အစိုးရစပိုင်ဆိုတာ မသိကြဘူးလေ။
(၃)
လက်ပံတန်းမှာ ကျောင်းသားလေးတွေကို ထောင်သားတွေ ပုံစံထိုင်သလို ထိုင်ခိုင်းထားတာ မြင်ရတော့ လွန်ခဲ့တဲ့ ၁၉၈၈ မတ်လ (၁၅) ရက်ကို ပြန်သတိရမိတယ်။
အဲဒီနေ့ မနက်ခင်းက သာယာနေတာ။ တရက်ကျော် ပိတ်ထားတဲ့ အင်းစိန်လမ်းကြီးကို ပြန်ဖွင့်လိုက်တယ်။ လိုင်းကားတွေ ရောက်လာပြီး အင်းစိန်ကို လှည်းတန်းကိုနဲ့ အော်နေကြတော့ စိတ်ထဲမှာ နည်းနည်းတောင် ကြောင်သွားတယ်။ လုံထိမ်းတွေလည်း ပျောက်သွားတာမို့ပါ။ သူတို့က လမ်းပေါ်မှာ တညလုံး စောင့်နေခဲ့တာလေ။
ကျောင်းသားတွေကတော့ နေ့လည်ပိုင်းမှာ ဖုန်းမော်ကျဆုံးခဲ့တဲ့ ကြယ်အမှတ်အသားမှာ ပန်းခွေချတယ်။ အလေးပြုတယ်။
အဝတ်အစားလဲချင်တာနဲ့ ကျောင်းအုတ်တံတိုင်းကို ကျော်ပြီး ထွက်လာခဲ့တယ်။ အင်းစိန်လမ်းကိုဖြတ် ဘီပီအိုင်လမ်းအတိုင်း အနောက်ကြို့ကုန်းထဲ ပြန်လာတယ်။ အဆောင်မှာ ဘယ်သူမှ မရှိကြဘူး။ ရေမိုးချိုး အဝတ်လဲပြီး ကျောင်းဝန်းထဲ ပြန်လာခဲ့တယ်။
အင်းစိန်လမ်းက အသွားအလာမရှိတော့ဘူး။ ပြန်ပိတ်လိုက်ပြီ။ မုန်တိုင်းမကြမှီ ငြိမ်သက်နေသလိုပဲ။ မကြာခင် လုံထိန်းကားတွေ ပြန်ရောက်လာတယ်။ ကျောင်းကို ဝိုင်းတယ်။ နောက်တော့ စစ်ကားတွေ ထပ်ရောက်လာပြီး စစ်သားတွေက ထပ်ဝိုင်းပါတော့တယ်။
အခြေအနေ မကောင်းတာ သေချာပြီ။ အညာက သူငယ်ချင်းက လက်တို့လာတယ်။ လစ်ကြစို့တဲ့။ တယောက်က သတင်းပေးတယ်။ ယောဂီကျောင်းလမ်းဖက်ကို မဝိုင်းသေးဘူး။ ဖေါက်ထွက်မယ်တဲ့။ အဲဒီ ဖက်ကို ပြေးကြတော့ လုံထိမ်းတွေ လမ်းထဲ ပြေးဝင်လာတာ တွေ့ရတယ်။ ဒါနဲ့ပဲ ဂျီဟောဆောင်နောက်ဖက်ကို ပတ်ပြေးရ ပြန်တယ်။
ဂျီဟောနောက်က အုတ်ရိုးကြီးမှာ ကျော်တက်လို့ရတဲ့ နေရာရှိတယ်။ အရှေ့ကြို့ကုန်းမှာ လက်ဖက်ရည်ဆိုင်ထိုင်ရင် အဲဒီက ထွက်နေကြလမ်း။ အဲဒီ အုတ်ရိုးကို ကျော်ခွပြီး အရှေ့ ကြို့ကုန်းထဲ ဝင်ပြေးရတယ်။ လုံထိမ်းတွေ မရောက်လာသေးဘူး။ သူတို့က ရပ်ကွက်ကိုပတ်လာနေရလို့ မရောက်နိုင်သေးတာ။ ကိုယ်တွေက နယ်ခံဆိုတော့ ဖြတ်လမ်းက ပြေးလာခဲ့တာကိုး။
ကိုယ့်လို အပြေးမြန်တဲ့ လူနည်းနည်းက ဖေါက်ထွက်နိုင်ခဲ့ကြပေမဲ့ အများစုက အဆောင်မှာ ပိတ်မိပြီး ကျန်ခဲ့တာပါ။ အပြင်ကနေ ကျောင်းသားတွေ အေးအေးဆေးဆေး အဖမ်းခံဖို့ လော်နဲ့ အော်တယ်။ လက်နက်မရှိတဲ့ ကျောင်းသားတွေရဲ့ အဆောင်တွေနားကို သူပုန်စခန်းကြီး သိမ်းသလို တတန်းစီ တက်ပြီး အဆင့်ဆင့် ဝိုင်းပတ်ကာလိုက်တယ်။ လုံထိန်းတထပ် စစ်သားတွေက တထပ်။
ကျောင်းသားတွေကို လက်တွေ ခေါင်းပေါ်မှာ ယှက်ထားပြီး ထွက်လာခိုင်းတယ်။
ပင်မဆောင်အောက်မှာ ထောင်သားတွေ ပုံစံထိုင်သလို (လက်ပံတန်းက ကျောင်းသားတွေကို ထိုင်ခိုင်းထားသလို) ထိုင်ခိုင်းတယ်။ အေ ဘီ စီ ဒီ အီးဆောင် နဲ့ အပြင်ဆောင် ဆိုပြီး ခွဲ ထားတယ်။ ပြီးမှ မင်းထ မင်းထ နဲ့ သူတို့မသင်္ကာတဲ့သူတွေကိုရွေးထုတ်ပြီး ဖမ်းလိုက်တာ ခြောက်ဆယ်ကျော်လောက် ပါသွားတယ်။ ကျန်သူတွေကို နှစ်ယောက်စီ စီခိုင်းတယ်။ ဓါတ်ပုံရိုက်တယ်။ ဗီဒီယို ရိုက်တယ်။ ပြီးမှ တီအီးကားကြီးတွေပေါ်တင်ခေါ်သွားပြီး အင်းစိန် စခန်းမှာ အချက်အလက်တွေတောင်း။ ညတွင်းချင်း ရထားပေါ် ကားပေါ်တင်ပြီး နေရပ်ကို ပြန်ပို့လိုက်ပါတော့တယ်။
အဲဒါကတော့ ၁၉၈၈ မတ်လ ၁၅ ရက် အာအိုင်တီကျောင်းသားတွေကို ဝင်ဖမ်းတဲ့ ဖြစ်စဉ် အမှန်တရားတွေပါပဲ။
(၁၉၈၈ မတ်လ ၁၃ရက်နေ့ညက အဖြစ်အပျက်တချို့ကို မှတ်မိသမျှ ရေးကြည့်တာပါ။ သာမန် ရန်ပွဲကနေ မဆလ ပြုတ်သွားတဲ့အထိ ဖြစ်ခဲ့တဲ့ ဒီ နေ့ရဲ့ နှစ်ပတ်လည် အတွက်
No comments:
Post a Comment