Thursday, March 28, 2019

အမေရိကန်က တက္ကသိုလ်ကောင်းကောင်းတက်ရဖို့ လိမ်ကြသူများ

နာမည်ကြီးတက္ကသိုလ်တွေဝင်ဖို့ နည်းလမ်းမျိုးစုံနဲ့ လိမ်လည်ကြိုးစားကြတဲ့ မိဘတွေ အဖမ်းခံရလေပြီ။

အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ နာမည်ကြီးတက္ကသိုလ်ကြီးတွေဖြစ်တဲ့ Stanford, Yale, Georgetown, USC, UCLA, Boston University စသည်တို့ကို တက်ရောက်နိုင်ရေးအတွက် SAT လိုဝင်ခွင့်စာမေးပွဲစစ်မဲ့ဆရာတွေနဲ့ကပ်၊ အမှတ်တွေများအောင်ပြန်ပြင်၊ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင်တွေကို လာဘ်ထိုး၊ အားကစားထူးချွန်သူလိုဟန်ဆောင်၊ စာရွက်တွေအတုလုပ်၊ အားကစားနည်းပြတွေကို လာဘ်ထိုးနဲ့ နည်းမျိုးစုံကြိုးစားခဲ့ကြတဲ့ ဟောလိဝုဒ်မင်းသမီးနှစ်ဦးအပါအဝင်  စီးပွားရေးလုပ်ငန်းရှင် ချမ်းသာသူမိဘတွေ အယောက်(၃၀)ကျော်ဟာ FBI အဖွဲ့ကြီးရဲ့ အရေးယူခံလိုက်ရတယ်။

သူတို့တွေဟာ Non profits အဖွဲ့ဖြစ်တဲ့ The Key Foundation ကိုတည်ထောင်သူ William Rick Singer ကို ဒေါ်လာ (၂၅)သန်းကျော်ပေးခဲ့ကြပြီး ကျောင်းဝင်ခွင့်ရရေးအတွက် လာဘ်ထိုး၊ လိမ်လည်၊ ရမှတ်ပြင်နဲ့ နည်းမျိုးစုံ ကြိုးစားခဲ့ကြသတဲ့။ FBI ကဖမ်းဆီးအရေးယူထားသူ အယောက်(၅၀)အထိရှိပြီး မိဘတွေက(၃၃)ယောက်၊ (၉)ယောက်က အားကစားနည်းပြတွေဖြစ်ပြီး ကျန်သူတွေကတော့ တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့ဝင်အချို့နဲ့ သူတို့ကို အဓိကဆက်သွယ်ခဲ့သူတွေလို့ဆိုတယ်။

တရားဥပဒေစိုးမိုးတဲ့နိုင်ငံမှာ မတရားလုပ်ရင် မတရားခံရမယ်ဆိုတဲ့နမူနာပါ။ သားသမီးကို ချစ်လွန်းလို့ ကူညီတယ်ပဲဆိုဆို လိမ်ညာ၊ လာဘ်ပေးတဲ့အပြစ်ကြောင့် ဥပဒေကပေးတဲ့အပြစ်ဒဏ်ကိုတော့ ခံယူကြရမှာပဲ။

မြန်မာပြည်မှာလည်း တက္ကသိုလ်အချို့မှာ ဒီလိုမျိုးတွေအရင်က မကြာခဏကြားဖူးပါတယ်။ အများအားဖြင့် အစိုးရထိပ်ပိုင်းက နံပါတ်ဝမ်း၊ တူး၊ သရီး စသူတွေရဲ့ သားသမီးတွေအတွက်ဆိုရင် ပြောစရာတောင်မလိုပဲ ပါမောက္ခကြီးတွေက လိုက်ပါဆောင်ရွက်ပေးကြတယ်။ မျက်မာန်ရှ မခံရဲကြဘူး။ ထောက်ချုပ်၊ တွင်း(၁)ကြီးခေတ်ကဆို သူ့သမီးက ကွန်ပြူတာတက္ကသိုလ်မှာ နှစ်စဉ်ထိပ်က နံပါတ်တစ်ပဲ။ သူ့သမီးကလည်းမခိုင်း၊ တွင်း(၁)ကြီးကလည်းမခိုင်းပေမဲ့ ပါချုပ်ကိုယ်တိုင်က ဗောင်းတော်ငြိမ့် စိတ်တော်သိ လိုက်လုပ်ပေးရတယ်။ ဘယ်သူမှလည်း အထွန့်မတက်ရဲခဲ့ကြဘူး။

မြန်မာပြည်ရဲ့ဆယ်တန်းစာမေးပွဲကတော့ ဒီလို အကျင့်ပျက်မှုတွေမဖြစ်အောင် အထပ်ထပ်စိစစ်၊ တင်းကျပ်ထားတာမို့ အများအားဖြင့် အဂတိကင်းတယ်လို့ ထင်ရှားကျော်ကြားပါတယ်။ နှစ်စဉ်လိုလို တစ်ဘာသာလောက် မေးခွန်းပေါက်တတ်တာကလွဲရင် ဘာသံမှမထွက်။ အမှတ်လည်း လိုက်လို့ရတယ်မကြားမိ။ ဂုဏ်ယူစရာပါ။ ဆယ်တန်းကလေးတွေ အောင်မြင်မှုဟာ သန့်ရှင်းစွာအောင်မြင်မှုပါ။

ဆယ်တန်းစာမေးပွဲအပြီးမှာ ကျောင်းသားလေးတွေ ပျော်ရွှင်ချမ်းမြေ့ပါစေ။

No comments:

Post a Comment