Friday, October 30, 2015

RIT က ပါချုပ်တွေထဲက ကျောင်းသားတွေချစ်တဲ့သူ


ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းကြီးရဲ့မူလအမည် RIT ပါတဲ့ ဓါတ်ပုံကို အွန်လိုင်းပေါ်မှာ မနည်း ရှာယူရတယ်။ အာဏာရှင်တွေက သူပုန်ကျောင်းမို့ နာမည်ပြောင်းစေလိုက်တာ YIT, YTU ဖြစ်နေပြီလေ။ နာမည်တွေ ဘယ်လိုပြောင်းပေမဲ့ ကျွန်တော်တို့ ရင်ထဲမှာတော့ ထာဝရ RIT ပါပဲ။

ပါမောက္ခချုပ်တွေလည်း ခဏခဏ ပြောင်းတယ်။ ဦးရုံးမိုတို့ ဒေါက်တာအောင်ကြီးတို့ကို မမှီခဲ့။ ကျွန်တော်ကျောင်းရောက်တော့ ဦးခင်အောင်ကြည် ဖြစ်နေပြီ။ ၈၈ နောက်ပိုင်းရောက်တော့ ဦးအောင်သန်း၊ ဦးမောင်မောင်သန်း စသည်ဖြင့် ပါချုပ်တွေ ပြောင်းတယ်။

အခုအချိန် ကျောင်းသားဟောင်းတွေ ပြန်ဆုံတဲ့အခါ ပါချုပ်တွေထဲက ကျောင်းသားတွေအချစ်ဆုံးပါချုပ်ဟာ ဒေါက်တာအောင်ကြီး ဖြစ်နေတာ သတိထားမိပါတယ်။

ဆရာကြီးဦးခင်အောင်ကြည်ကတော့ လူကြီးတွေအကြိုက် လိုက်လုပ်ပေးတတ်သူ၊ ပညာရေးဝန်ကြီး ဗိုလ်မှူးကြီးကျော်ငြိမ်းက ဂေါက်ရိုက်ချင်တယ်ဆိုလို့ RIT ကျောင်းဝန်းထဲမှာ ဂေါက်ကွင်းငယ်တခု ဖေါ်ပေးခဲ့သူ၊ ဦးနေဝင်း ပြည်ပခရီးဆိုပြီး ဂျာမန်က လုသန်ဆာလေယဉ်ကြီးနဲ့ ဘယ်မှန်းမသိ ကြွချီတော်မူတိုင်း နောက်တော်ပါးကနေ ခစားလိုက်ပါရသူ၊ ၇၅ ကျပ်တန်အရေးအခင်း၊ ဖုန်းမော်အရေးအခင်းတွေမှာ ကျောင်းသားတွေဖက်က မရပ်တည်ပေးသူအဖြစ် အမှတ်ရကြတယ်။

ဦးမောင်မောင်သန်းကိုတော့ ကျောင်းရဲ့ လမ်းစဉ်လူငယ်အသင်းဥက္ကဌ။ ပညာရေးဝန်ကြီး ဗိုလ်မှူးကြီးကျော်ငြိမ်း ဂေါက်ရိုက်ချိန်မှာ ဘေးကွင်းက ဘောလုံးကန်နေတဲ့ကျောင်းသားတွေကြောင့် အနှောက်အယှက်ဖြစ်တယ်ဆိုကာ ဝန်ကြီးဂေါက်ရိုက်နေရင် ဘောလုံးမကန်ရလို့ ဘာမှမဆိုင်ပဲ တားမြစ်တတ်သူ။ ဝန်ကြီးနဲ့အဖေါ်ရအောင် ဂေါက်တံတချောင်းကိုင်ပြီး ဟန်ရေးပြပေးတတ်သူ။ ဝန်ကြီးကို အပျင်းတော်ပြေအောင် ဧည့်ခံပေးသူ။ အနေနဲ့ သတိရကြတယ်။ အဲဒီလို ကြိုးစားမှုတွေကြောင့်ပဲ ပါချုပ်ဖြစ် ညွှန်ချုပ်ဖြစ်ခဲ့ပုံ ပါပဲ။

ဒေါက်တာအောင်ကြီးကိုတော့ ကျောင်းသားတွေဖက်က ရပ်တည်ပေးတဲ့ ပါချုပ်တယောက်အနေနဲ့ သူ့ကို သိမှီခဲ့တဲ့ အကိုကြီးတွေ ဆရာတွေက တညီတညွတ်ထဲ ပြောပြတယ်။

အထူးသဖြင့် သူတို့ ပြောကြတာက အာဏာသိမ်း တော်လှန်ရေးကောင်စီကနေ မဆလပါတီဆိုတဲ့နာမည်သစ်နဲ့ တပ်ကအာဏာပြောင်းကာစအချိန် ကျောင်းမှာဖြစ်ခဲ့တဲ့ အဖြစ်အပျက်တခုကိုပါပဲ။ တိတိကျကျ ပြောရရင် ၁၉၇၆ခု ဇွန်လ ၆ ရက်နေ့ပါတဲ့။

အဲဒီအချိန်က ပညာရေးဝန်ကြီး ဒေါက်တာခင်မောင်ဝင်းနဲ့ နိုင်ငံတော်ကောင်စီဝင် တပ်မှူးကြီးအချို့ အစောင့်ကားတွေအများကြီးနဲ့ ကျောင်းကိုရောက်လာပြီး ကျောင်းသားတွေရဲ့အကြံဉာဏ်ကို လာရောက်လက်ခံတယ်ဆိုတဲ့ပွဲ ကျင်းပကြသတဲ့။

သူတို့စီစဉ်မှုက လှတယ်။ အစိုးရက တိုင်းပြည်တိုးတက်ရေးအတွက် ပညာတတ်ကျောင်းသားတွေရဲ့ အကြံပြုချက်တွေ လာနားထောင်တယ်လို့ နာမည်ပေးထားပေးမဲ့ အားလုံးစည်းဝါးရိုက်ပြီးသား
ကျောင်းက လမ်းစဉ်လူငယ်အဖွဲ့ဝင်တွေကို အကြံပြုချက်စာရွက်ဆိုတာတွေ ကြိုပေးထားတယ်။ လူကြီးတွေက အကြံပြုကြပါဆိုရင် စာရွက်ထဲကအတိုင်း ၏သည်၍ မလွဲအောင် ဖတ်ပြရုံပါပဲ။

အဲဒါကို ကြိုသိနေတဲ့ ကျောင်းသားတွေက လူကြီးတွေက အကြံပြုကြပါလည်းဆိုရော လမ်းစဉ်ဘူငယ်တွေ မထရသေးခင် တယောက်ပြီးတယောက် ဝင်ပြီး မနားတမ်း အကြံပြုကြပါတော့တယ်။

ကျောင်းသားတယောက်က တိုင်းပြည်တိုးတက်ရေးအတွက် ကျောင်းသားတွေက ခြွေတာတဲ့အနေနဲ့ ထမင်းတနပ်လျှော့စားပေးပါ့မယ်။ လူကြီးတို့လည်း ကားတစီးပဲ စီးကြပါ။ အခုလာကြတာက လူနည်းနည်း ကားတွေ အများကြီးမို့ နိုင်ငံတော်ပိုက်ဆံတွေ ကုန်လှပါတယ်လို့ အကြံပြုသတဲ့။

နောက်တယောက်ကလည်း တိုင်းပြည်အမြန်တိုးတက်ချင်ရင် လွယ်လွယ်လေးပါ။ ခင်ဗျားတို့တဖွဲ့လုံး ဆင်းပေးလိုက်။ လူမှန်နေရာမှန်တွေ တက်လာရင် ချက်ခြင်းတိုးတက်မှာပါလို့ အကြံပြုသတဲ့။

အဲဒီလို တယောက်တပေါက် ဝင်ပြီး မနားတန်း အကြံပြုကြလို့ စီစဉ်ထားတဲ့ လမ်းစဉ်လူငယ်တွေ တလုံးမှ မပြောလိုက်ရတော့ဘူး။

ကျောင်းလမ်းမပေါ်မှာလည်း လူကြီးတွေစီးလာတဲ့ကားတန်းကြီးအစီအရီရပ်ထားတာကို မျက်စိနောက်ကြတဲ့ ကျောင်းသားအချို့က ရရာ သစ်ရွက်တွေ ပန်းတွေခူး ပန်းခွေတွေလုပ်ပြီး ကားတိုင်းကို ပန်းခွေတွေ သွားချပေးထားကြပြီး သစ်ရွက်ချောက်တွေပါ ကြဲပေးလိုက်သေးဆိုပဲ။

အပေါ်က အခန်းမှာ ကျောင်းသားတွေကို မထိန်းနိုင်လို့ ပွဲရပ်ပြီး ဆင်းပြေးလာတဲ့ တပ်မှူးတွေနဲ့ ပညာရေးဝန်ကြီးလည်း ကားပေါ်တက်မယ်လုပ်တော့ ပန်းခွေတွေဖယ်ရ၊ သစ်ရွက်တွေရှင်းရနဲ့ အတော်အရှက်ကွဲကြပါရောပေါ့။ ကျောင်းလမ်းမအပြည့် ဘေးဝဲယာမှာလည်း ရပ်ကြည့်အားပေးရင်း တဝါးဝါးနဲ့ ပွဲကြနေပါသေးသတဲ့။ အစောင့်တွေကလည်း ကျောင်းသားတွေကို မနိုင်လို့ စိတ်ကြိုက် လုပ်ခွင့် ပေးလိုက်ရတာပါတဲ့။

ဖြစ်စဉ်တခုလုံးကို ဒေါက်တာအောင်ကြီး မတားမြစ်ခဲ့ဘူး။ ကျောင်းသားတွေနဲ့အတူ ရပ်တည်ခဲ့တယ်။ အဲဒီလိုဖြစ်အောင် ခေါင်းဆောင်ခဲ့တဲ့ ကျောင်းသားတွေကို အရေးယူပြီး ကျောင်းထုတ်ဖို့တွေ လုပ်တော့လည်း သူပဲမားမားမတ်မတ် ရပ်တည်ကာကွယ်ပေးခဲ့လို့ ဘယ်သူမှ အရေးယူ မခံခဲ့ရပါဘူးတဲ့လေ။ အဲဒီအကြောင်းတွေကြောင့်ပဲ ဆရာကြီး ဒေါက်တာအောင်ကြီးတယောက် ပါချုပ်ရာထူးမှာ အကြာကြီးမနေရပဲ ဦးခင်အောင်ကြည် တက်လာပါတော့တယ်။

ဒါကြောင့်လည်း ဒေါက်တာအောင်ကြီးကို သူ့ခေတ်က ကျောင်းသားတွေ အရမ်းချစ်ခင်ခဲ့ပုံ ရတယ်။ သူ့အကြောင်းကို သူ့အား သိမှီလိုက်တဲ့ ကျောင်းသားတွေက ပြန်ရေးကြရင် သိပ်ကောင်းမယ်။ ( ဆရာဦးတင်မြင့်လို စာရေးကောင်းတဲ့ သူ့တပည့်ကျောင်းသားတွေက သူ့အကြောင်းတွေပြန်ရေးစေချင်လိုက်တာ။ ဖတ်ချင်လို့။ )

ဆရာကြီးက ကျန်းမာစွာနဲ့ သက်ရှိထင်ရှား ရှိနေဆဲပါ။နားလေးနေတာကလွဲရင် ဖြတ်လတ်တက်ကြွနေတာပဲ။ ကျောင်းကနေ ၁၉၅၅မှာ ဘွဲ့ရခဲ့သူပါ။ RIT reunion L.A ပွဲလာတက်ရင်း အခုတော့ ဆန်ဖရန် ရောက်နေတယ်။ ကျွန်တော်တို့ မြောက်ပိုင်းကယ်ဘီဖိုးနီးယား အာအိုင်တီကျောင်းသားဟောင်းများအဖွဲ့နဲ့ တနင်္ဂနွေနေ့မှာ တွေ့ကြမယ်။

ဆရာတပည့် မဖြစ်ခဲ့ဘူးပေမဲ့၊ ဆရာ့ကို မမှီခဲ့ပေမဲ့ ဆရာ့ဂုဏ်သတင်းတွေကို ကြားဖူးသမျှ ဖေါက်သည်ချလိုက်ပါတယ်။ မှားနေတာ တွေ့ရင်လည်း ပြင်ပေးနိုင်ပါကြောင်း။ ။

(ဘယ်ဆရာတွေကိုမှ သာစေနာစေဆိုတဲ့ စိတ်နဲ့ ရေးတာမဟုတ်ပါ။ စာသမားတဦးအနေနဲ့ အမှန်တရားဖက်က ရပ်တည်ရင်း ရေးပါတယ်။)

မိတ်ဆွေ သူငယ်ချင်းအပေါင်း ကျန်းမာ ချမ်းသာကြပါစေ။

ကျွန်တော် မောင်လူပေ ပါ။

ချစ်ခြင်းအားဖြင့်

မောင်လူပေ
 
 
 
 
 
 
 

No comments:

Post a Comment