Monday, February 29, 2016

ဆရာကန်တော့ပွဲတဲ့


ရွှေနိုင်ငံ ရွှေစက်မှုကျောင်းတော်ရဲ့ ၁၉၈၇-၉၁ ကျောင်းဆင်းများရဲ့ ဆရာကန်တော့ပွဲကို ရွှေရတုအသက်ပတ်လည် သူငယ်ချင်းများနွှဲကြတော့မည်

ဆယ်ကျော်သက်က ကျွမ်းခဲ့ရသော ငယ်ကျွမ်းဆွေထဲမှာ ရွှေကျောင်းတော်ကြီးလည်း ပါသည်။ သူ့ထံပါးမှာ ခစားရင်း ငယ်ကကျွမ်းကို လွမ်းခဲ့ရသည်။ ကျောင်းသားတို့ တတ်အပ်သော အဌာရသ တစ်ဆယ့်ရှစ်ရပ်ကို တတ်မြောက်ခဲ့သည်။ ရင့်ကျက်သော လူကြီးဘဝသို့ ပြောင်းလည်းခဲ့သည်။

ပညာရေးစနစ်တွေ အပြောင်းမှာ ပဲခူးကောလိပ် ( အရင်က ဒေသကောလိပ်ပါပဲ။ ၁၉၈၃မှာ ပဲခူးကောလိပ်ဟု ပြန်ပြောင်းခဲ့။) မှ ဒုတိယတန်းအောင်ပြီးနောက် စက်မှု ရွှေကျောင်းကြီးသို့ တတိယတန်းမှ ဖြတ်တက်ခဲ့ရသောကြောင့် သူ့ရင်ခွင်မှာ လေးနှစ်သာ ခိုခဲ့ရပါသည်။

မောင်လူပေတို့ ဒေသကောလိပ် last batch သမားတွေက သနားဖို့လည်းကောင်းခဲ့သေးသည်။ ကိုယ့်နောက်က သူတွေက ကျောင်းကို တန်းဝင်ပြီး ဒုတိယတန်းတက်ချိန်မှာ ကိုယ်က တတိယတန်းက ဖြတ်တက်လာပြီး အင်ဂျင်နီယာ ဘာသာတွေ တစ်ခုမှ မသင်ရသေး။

ဒီတော့ မေဂျာပေါင်းစုံကို တစ်နှစ်ထဲမှာ ပေါင်းသင်ရသောကြောင့် အစွမ်းကုန် ကြိုးစားကြရသည်။
နောက်ဆုံးတော့ ထုံးစံအတိုင်း အိမ်ကို ငွေထပ်မှာကာ ကျူရှင်ဆရာဆီမှာ တိုးတက်ကြရတော့သည်။Mechanical drawing ကို နှစ်နှစ်စာ တခါထဲ သင်ကြရသည်။ နောက်နှစ်မှ ကျောင်းရောက်သူတွေက တန်းဝင်သူတွေက သင်ပြီးကြပြီတဲ့။ ကိုယ်တွေကတော့ အိမ်စာပုံတွေဆွဲနေရလို့ သန်းကောင်ကျော်ကို ညနက်သည် မထင်နိင်သေး။

သချာင်္ဂုဏ်ထူး သုံးနှစ်ဆက်တိုက် ရခဲ့ဖူး၍ အတော်ဟုတ်တဲ့ငါဟု ထင်တစ်လုံးဖြစ်နေချိန်မှာ Engineering advance calculus နဲ့တွေ့ရတော့ ထိုင်ငိုချင်စိတ်တောင် ပေါက်မိသေး၏။ အဲဒီစာအုပ်ကြီးကို ရေးခဲ့တဲ့ မဟာသချာင်္ပညာရှင်တွေကိုလည်း စိတ်တိုသည်။ ဒစ်ဖရင်ရှိတ်တို့ အင်ဒီဂရိတ်တို့ကတော့ ကျောင်းမှာ ထားခဲ့တာ ကြာပြီမို့ မေ့နေပြီ။

တတိယတန်း နယ်ကျောင်းသားတွေက ပုပ္ပါး၊ ဒူးယား၊ အုန်းတော စတဲ့ အဆောင်တွေမှာ နေရပြီး ကျောင်းသူတွေက သဇင်ဆောင်မှာ နေရာချပေးထားသည်။

မောင်လူပေက ဒူးယားထွက်။ ဒူးယားစီးကရက် နပ်မမှန်ခဲ့ပေမဲ့ ဒူးယားနှင့် ရေဆက်ဆုံခဲ့သည်။ ကျောင်းလာတက်ကြတဲ့ ကျောင်းသားခြင်း ခဏနှင့်ပင် အဖွဲ့ကြကုန်သည်။
ပထမဆုံး လာမိတ်ဖွဲ့သူက ထားဝယ်ကျော်ကျော်။ သူ့ရဲ့ ထားဝယ်သံဝဲဝဲလေးက နားထဲမှာ ဆန်းသလို မော်လမြိုင်ဝင်းထိန်ရဲ့ မွန်သံဝဲဝဲနဲ့ စကားပြောမြန်ပုံကလည်း ထူးနေသည်။

ကျောင်းကို တီစကွဲ တကိုင်ကိုင်နှင့် ကားတွယ်စီးတတ်ဖို့ကလည်း အလေ့အကျင့်လိုသည်။ ပြုတ်ကျလျှင်ဖြင့် မချောင်။ ဆလိုက် ရူးထိုးနည်းကလည်း အထူးအဆန်း။ မကြာခင် ကက်ဆီယို သိပ္ပံ ဂဏန်းပေါင်းစက်လေးတွေ ပေးပြန်တော့ ပေါင်နံစရာတွေ ပေါလာလေပြီ။

အဆောင်မှာလည်း အပေါင်းအဖေါ် တသင်းနဲ့ ဂဏန်းတွက်တတ်နေပြီ။ အဆောင်မှူးတို့ ဟောကျူတာတို့ မသိအောင်ပေါ့။ သိရင်တော့ အဆောင်ပြုတ်ကိန်းရှိသည်။

သမိုင်းကန်တင်းကလည်း စားစရာပေါလေတော့ စားရေးအတွက် မပူရ။ သမိုင်း ကန်တင်းရှိ မေဆွိတို့ဆိုင်( အဆိုတော် မင်းသမီးမေဆွိမဟုတ်ပါ။ သွားလေး သိပ်မလှသည့် ဆိုင်ရှင့်သမီး အထက်တန်းကျောင်းသူလေးကို နာမည်ပြောင် ပေးထားခြင်းဖြစ်။)မှ ပဲပြုတ်နှင့်ထမင်းပူလေးကို နှမ်းဆီရွှဲရွှဲလေးဖြင့် သုတ်ထားသောပဲထမင်းကို ကြက်သွန်ဖြူလေးနှင့် လွေးလိုက်လျှင် နတ်သုဒ္ဓာ အလား ထင်မှတ်မှားရမည်။

ပုပ္ပါးအဆောင်မှုး ဦးစိုးလွင်ရဲ့ ကန်သာယာဆိုင်က ထမင်းကြော်ဆိုလျှင်လည်း တရုတ်ဆိုင်တွေ ငိုခြင်းချရလောက်အောင် ကောင်းလေသည်။ သမိုင်းဝန်းကန်တင်းထဲက လက်ဖက်ရည်ဆိုင်ကလည်း ရသာမျိုးစုံကို မှာသူအကြိုက် ဖျော်ပေးနိုင်သည်။

သည်လိုနှင့် အဆောင်ထမင်းမကောင်းရင် ကန်တင်းပြေး၊ ထမင်းစားပြီး အချဉ်ပြေ ဂျိုးသိန်းခဲရင်း ပေါ့ကျတခွက်ကို ကိုထီးရဲ့ တစ်ယောက်ရှိတယ်နဲ့ ငြိမ့်။ သဇင်ဆောင်ရှေ့မှာ ကိုရဲလွင်ရဲ့ သဇင်ညနဲ့ ဂစ်တာငှားပြီး မတောက်တခေါက် အော်တတ်လာသည်။ ကီးမမှန်တဲ့ အသံပြာကို သဇင်သူတွေကတော့ ခြင်ထောင်ထဲကနေ ကြိမ်ဆဲနေမည် ထင်ပါသည်။

ရင်ခွင်ထဲမှေးမှိတ်ကာ နားထောင်စေချင် သံစဉ်ကြား တေးအရိပ်မှာ ချော့သိပ်နေမယ် ဘာညာနှင့် အော်လို့ကလည်း ကောင်း။ သဇင်သူတွေကတော့ သိရှာမည်မထင်။ ကိုယ်တွေကလည်း ခြုံတွေကြားက အော်ခဲ့တဲ့ ခြုံတိုးခြင်ကိုက်ခံ အဆိုကျော်တွေအဆင့်သာ ဖြစ်မြောက်ခဲ့သည်ပဲ။

ညံ့ခဲ့သည့် အကြောင်းတွေ ပြန်စဉ်းစားရင်း ရယ်စရာ အဖြစ်တွေလည်း ရှိခဲ့ပါသည်။
ကျောင်းကိုအသွား ဘတ်စကားပေါ် ပါလာတဲ့ ခရမ်းသုံးခွဘက်က ဒုတိယနှစ်ကျောင်းသူ သဇင်သူညိုချောလေးကိုတွေ့တော့ သူငယ်ချင်းက ဒီကောင်မလေးနာမည်က အမူထွေးလို့ ပြောတာကို တကယ်ထင်ခဲ့သည်။ တကယ်က နှုတ်ခမ်းမွှေးရေးရေးဖြင့် အမွေးထူမလေးမို့ အမူထွေးဟု သူကပြောတာ။

ကျောင်းမှာလည်း ရန်ကုန်သူအုပ်စုကို နာမည်ပြောင်တွေ ပေးကြသည်။ နဲနဲလေးဝတဲ့ သူလေးတွေကို ရွှေလုံး၊ ဘုတ်ဘုတ်။ အိန္ဒိယနွယ်ဖွားကို လက်ချမီး စသည်ဖြင့်။ သူတို့ အုပ်စုက မောင်လူပေကို သတ်ချင်အောင် မုန်းကြတော့သည်။

သဇင်သူလေးတွေလည်း နာမည်ပြောင်တတ်ခံရခြင်းမှ မလွတ်ခဲ့။ မျက်မှန်သမားကို လေးလုံး။ နှစ်ယောက်ဆိုတော့ မြို့နှင့်ခွဲခေါ်။ မိတ္ထီလာလေးလုံး၊တောင်ငူလေးလုံးစသည်။( ခုတော့ ကိုယ်ကိုတိုင် လေးလုံး ဖြစ်နေပါပြီ။) နဲနဲသေးညှက်သူကို ညှပ်စိ။ သူကြီးကြိုက်ခံရသူကို သူကြီးသမီး စသည်ဖြင့် စခဲ့နောက်ခဲ့ကြသော်လည်း စိတ်အကြာကြီး မဆိုးကြပဲ အခင်ဆုံး သူငယ်ချင်းတွေ ဖြစ်ကုန်ကြတော့သည်။

နောက်နှစ်ကြတော့ ကျောင်းဝန်းထဲရောက်။ ကုလားကားကြည့်ကောင်းနေ၍ မနက် ရှစ်နာရီ အတန်းဆို မတက်ဖြစ်တာ ခပ်များများ။ tutorial ဆိုလည်း ပျက်တချက် ရောက်တရက်။ ဆရာများရဲ့ ကျေးဇူးကြောင့်သာ တနှစ်တတန်း မှန်မှန် အောင်ခဲ့ရ၏။ တပည့်တွေကို ညှာညှာတာတာ စာစစ်ပေးခဲ့လို့ပေါ့။ အတန်းစဉ်မှာ ငါးတန်းကလည်း ခက်ခက်ကိုမှ လိုချင်သူများအတွက် ကွက်တိ။

Refrigeration and Air Conditioning project အတွက် ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်သို့လည်း အကြိမ်ကြိမ်ရောက်ရသေးသည်။ အဲဒီစာကြည့်တိုက်ကြီးကို စိတ်ကူးဖြင့် လေအေးပေးစက်တတ်ရမည်တဲ့။ project ပြီးမှ ရင်ထဲက အလုံးကြီး ကျရတဲ့အဖြစ်။

မှတ်မိတာတွေ ရေးနေရင် ကုန်မည်မထင်။ ခပ်ချာချာ တောသားမို့ မိန်းကလေးသူငယ်ချင်း သိပ်မရှိ။ ဂျပ်ဆင်ရယ် သစ်ပုတ်ပင်ရယ်နဲ့ ကားခတွေ ကုန်ခဲ့သော်လည်း ကံ့ကော်တောက စွယ်တော်ရိပ်လောက် ပျော်ဖွယ်မရှိဟု ထင်ခဲ့လေသည်။ စွယ်တော်မြေကား လွမ်းဖွယ်အတိ။

တခါကလည်း ဘယ်သူ စသည့် ဇာတ်လို့တော့မသိ။ book store မှာ ကလစ်ဓါးပေးနေသည်ဟု ပြောကြတော့ မေးတဲ့သူကလည်း စတိုးက ကုလားကြီးကို ကလစ်ဓါးရှိလား သွားမေးကြသည်။ ဒီလိုအမေးခံရတိုင်းလည်း တာဝန်ကျ ကုလားကြီးက မရှိပါဟုသာ ပြုံးပြုံုးကြီး ဖြေလေသည်။ သွားမေးမိတဲ့ မိန်းကလေးတွေလည်း အဓိပ္ပါယ် စဉ်းစားမိတော့မှ ရှက်ကြပြီး book store ရှေ့မှ ဖြတ်မလျှောက်ရဲကြတော့။

ဒီလို ပျော်ခဲ့ရတဲ့ အချိန်တွေကို တွေးမိတော့ မနေ့တနေ့ကလိုပင် ခံစားရဆဲ ဖြစ်နေပေသည်။
ရွှေရတုရဲ့ ရွှေနှစ်တွေထဲမှာ လွင့်မြောစီးနင်းခဲ့ကြသော သူငယ်ချင်းအပေါင်း ကျန်းမာကြပါစေ။ ဆရာများလည်း သက်ရှည်ကျန်းမာကြပါစေ။

ထုံးစံအတိုင်း မနောဖြင့်သာ တက်မည် ဖြစ်ပါကြောင်း။

ချစ်ခြင်းအားဖြင့်

မောင်လူပေ

( မနှစ်က ရေးခဲ့တဲ့ ဆောင်းပါးကို ပြန်လည် ဖြည့်စွက်ပြီး တင်ပြပါတယ်။)
 
 

အစိမ်းရောင်သိုဏ်းဂိုဏ်းကြီး

ငယ်တုန်းက သိုင်းစာအုပ်တွေ သိပ်ကြိုက်တာ။

ဘုန်းကြွယ်၊ ဝင်းကြွယ်၊ နေလင်းအောင်၊ မောင်နှင်းဆွေ အကုန် ဖတ်တာပဲ။

သိုင်းလောကသားတွေက သူတို့ဂိုဏ်းဝင်အချင်းချင်း ညီရင်းအကိုတွေလို အကိုကြီး ညီလေး စသည်ဖြင့် ခေါ်ကြရတယ်။ သွေးသောက်ညီအကိုတွေပေါ့။

ညီက အကူအညီလိုရင် အကိုကြီးကို အကူအညီတောင်း။ အကိုကြီးက အကူအညီလိုရင် ညီကိုတောင်း။

ဂိုဏ်းရဲ့ အကြီးတန်းအကိုကြီးလောက် ဖြစ်ဖို့ အဆင့်ဆင့် သင်ယူရတယ်။ သိုင်းကျမ်းကြီးတွေကို အားလုံးသင်ပြီးရင်တောင် လျှို့ဝှက် သိုင်းကျမ်းဆိုတာတွေ ရှိသေးတာမို့မလွယ်လှဘူး။ ပင်ကိုယ်တော်တွေကို ဆရာတွေက စိတ်ကြိုက်ဖြစ်မှ သင်ပေးကြတာ။ ဒါကြောင့် ဆရာ့စိတ်ကြိုက်ဖြစ်အောင် ဝတ်ကြီးဝတ်ငယ် ပြုစုရင်း နေကြရတယ်။ ဆရာနဲ့ ဆွေမျိုးတော်ရင်တော့ ပိုကောင်းတာပေါ့။

သိုင်းဂိုဏ်းကြီးမှာ ဂိုဏ်းချုပ်ကြီးက ပေးတဲ့အမိန့်ကို အဆင့်ဆင့် နာခံရတယ်။ ပြန်ပြောခွင့်မပေးဘူး။ အမိန့်မနာခံရင် သေမိန့်ပဲ။

သိုင်းဂိုဏ်းကြီးတွေက ရှောင်လင်၊ ဝူတန်း၊ ဝါဆန်း၊ သူတောင်းစား စသည် ကိုးခုလောက်ရှိလေတော့ သိုင်းလောကကို စိုးမိုးနိုင်ရေးအတွက် အစွမ်းကုန် တိုက်ခိုက်ကြ၊ ပညာပြိုင်ကြတယ်။

ရှောင်လင်က အဝါရောင် ဝတ်စုံ၊ ဝူတန်းရသေ့တွေက မီးခိုးရောင် ဝတ်စုံ၊ ဝါဆန်းက အဖြူရောင်၊ သူတောင်းစားတွေက ဖြတ်ညှပ်ကပ် စသည်ဖြင့် ဝတ်စုံကိုကြည့်ရင် ဘယ်ဂိုဏ်းက ဆိုတာ သိနိုင်တယ်။

သိုင်းလောကသားတွေကို သာမန်ပြည်သူတွေက ကြောက်ရတယ်။ သူတို့တွေလို သိုင်းပညာ မတတ်၊ လက်နက်လည်းမရှိဆိုတော့ မြင်တာနဲ့ အရိုအသေပြုရတယ်။ တောင်းတာပေးရတယ်။ သိုင်းလောကသားတွေဟာ ကိုယ့်နယ်မှာ ကိုယ်ဘုရင်ပဲ။

ဒါကြောင့်လည်း သိုင်းလောကကြီးကို စိုးမိုးနိုင်ဖို့ အချင်းချင်း ပညာပြိုင်ကြတဲ့အခါ ဂိုဏ်းသားတွေက ညီညွတ်စွာ ခုခံကြတယ်။ ဂိုဏ်းချုပ်ကြီးက သေဆိုသေ ရှင်ဆိုရှင်။ ကိုယ်စိုးမိုးထားတဲ့နယ်ကို အစွမ်းကုန် ကာကွယ်ဖို့အတွက် တယောက်မတ်တတ်ရပ်ရင် အားလုံးရပ်ပြီးသားပဲ။

ဒီလို ဂိုဏ်းကြီးတစ်ဂိုဏ်း မြန်မာပြည်မှာ ရှိတာ ကြာလှပေါ့။ သူတို့က အစိမ်းရောင် ဝတ်ကြတယ်။



 

တို့ မြန်မာပြည်


မနေ့ကဆောင်း ဒီနေ့နွေ
အဲဒါ မြန်မာပြည် (ပြေ)။

နေရာတိုင်းမှာ ပထမ
နောက်က ပြန်ရေမှ။

နေ့တိုင်းကြားရ သတင်းတွေ
ကောင်းတာ နည်းလှပေ။

ဒါပေမဲ့လေ နေ့တိုင်းပဲ
စောင့်ကာ ဖတ်ရမြဲ။

မီးပျက် ရေမလာ သတင်းဟာ
အဟောင်းနွမ်းကြီးပါ။

ဒါပေမဲ့လေ မရိုးနိုင်သေး
ယနေ့တိုင် မှန်လို့လေး။

မျှော်ရတာလည်း မောလှတယ်
ဒီမို ကရေစီရယ်။

တပ်ချုပ်ကြီးက သဘောတူမှ
သမ္မတဖြစ်မှာဗျ။

တူလိုက်ပါတော့ တပ်ချုပ်ရယ်
ကြာလှပါပြီကွယ်။

တပ်နဲ့ပြည်သူ ကြည်ဖြူကြ
ဒေါ်စု သမ္မတ။

( မဖြစ်နိုင်မှန်းသိပါရက်နဲ့ သူ့ကိုပင်၊ သမ္မတကြီးအဖြစ်နဲ့ ကိုယ်က မြင်ချင်။ )
 
 
 

Thursday, February 18, 2016

တရုတ်ပြည်သူ့ သမ္မတမြန်မာနိုင်ငံ တဲ့။

အိမ်သာနက်ထဲက တွေ့တဲ့ ၂၀၁၅ရဲ့ ရှစ်တန်းပထဝီမေးခွန်း။

"တရုတ်ပြည်သူ့သမ္မတမြန်မာနိုင်ငံ " တဲ့။

မေးခွန်းထုတ်တဲ့ဆရာက မှားရေးတာလား။ မစစ်မဆေးပဲ စာစီ စာရိုက်လုပ်လိုက်တာလား။ မှားသလိုနဲ့ တမင်ပဲ အမှန်ကို ဖေါ်ပြလိုက်တာလား တော့မသိ။

(ပုံပိုင်ရှင်ကို ခရက်ဒစ်ပေးပါတယ်။)


 

Friday, February 12, 2016

အဘမွေးနေ့ 

အဘရေ။ ၁၀၁ တောင် ရှိပြီတဲ့လား။ အတော် အသက်ရှည်တဲ့အဘ။ ခုထိ နုပျိုနေဆဲ။

ဟက်ပီဘတ်ဒေး လုပ်ပေးနေကြတာလည်း တနိုင်ငံလုံး။

ခဏခဏ လုပ်ကြံခံရပြီး ဘယ်တော့မှ မသေတဲ့ အဘ။

လွတ်လပ်ရေးအတွက် စွန့်ပြီးမစားသွားရတဲ့အဘ။ အဘပေးတဲ့အမွေနဲ့ မစွန့်ပဲစားနေကြတဲ့ ဝမ်းမနာသားတွေကိုမြင်ရင် ငါနဲ့ကိုင်တုတ်လေမလား။

အဘရုပ်ပုံတွေဖြုတ်ချခံရ၊ နာမည်ပါဆင်ဆာဖြတ်ခံခဲ့ရတဲ့ ဆယ်စုနှစ်နှစ်စုအကြောင်းကို ပြန်ပြောပြရင် ဘာကိုမှ မမက်ခဲ့တဲ့ အဘမို့ အပြုံးမပျက် တုန့်ပြန်လေမလား။

တသက်လုံးမှ ဝတ်စုံသုံးစုံပဲ ရှိခဲ့တဲ့အဘ။ တက္ကသိုလ်ကျောင်းကို ခုံဖိနပ်စီးပြီး တက်ခဲ့တဲ့အဘ။ ရုပ်ရှင်ကို ငါးမူးတန်းကပဲ ကြည့်ခဲ့တဲ့အဘ။ အစိုးရက ပေးထားတဲ့ကားကိုတောင် ရုံးတက်ရုံးဆင်းပဲ စီးခဲ့တဲ့အဘ။ သက်တော်စောင့်မထားပဲ လွတ်လပ်စွာ နေခဲ့တဲ့အဘ။
မြန်မာပြည်သားတွေ ရင်ထဲမှာ ဘယ်တော့မှ မသေတဲ့ အဘဗိုလ်ချုပ်။

ထာဝရ ရှင်သန်နေမှပါ။


 

ပြည်ထောင်စုနေ့ 

ညီနောင်တစု တည်ထောင်မှုပြုခဲ့တဲ့ (၆၉) ကြိမ်မြောက် ပြည်ထောင်စုနေ့အား လှိုက်လှဲစွာ ကြိုဆိုအပ်ပါသည်။

ပြည်ထောင်စုသားအားလုံး အေးချမ်းသာယာစွာဖြင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် ဒုတိယပင်လုံညီလာခံကြီးကိုလည်း မကြာခင် အကောင်အထည်ဖေါ်နိုင်မည်ဟု ရိုးသားစွာ ယုံကြည် မျှော်လင့်ပါသည်။

ပြည်ထောင်စုနေ့မှာ မြန်မာပြည်သား မိတ်ဆွေ သူငယ်ချင်းအပေါင်း ကျန်းမာ ချမ်းသာကြပါစေ။


 

အင်ယာ လစာ

ကျော်တို့ ရွှေပြည်ကြီးမှာ အင်/ယာတွေ ငြင်းခုံနေကြတာဖတ်ပြီး ကျော်ကိုယ်တိုင်လည်း အင်/ယာပေမို့ ဂူဂဲကြီးပေါ်တက်ပြီး ကိုယ့်လုပ်ငန်း စက်မှုအတွက် ရှာကြည့်တယ်။ စက်မှုအင်ယာက ပျမ်းမျှ တနှစ်ဝင်ငွေ ၈သောင်း၃ထောင်ပါတဲ့။ တလ ၇ထောင်လောက်ပေါ့။

သာမန်လိုင်းက သင်းဘောသီးစက်ချုပ်လစာနဲ့ နီးစပ်တယ်။ လိုင်းကောင်းရင် သောင်းကျော်ပေမို့ လိုင်းကောင်းက စက်ချုပ်နဲ့တော့ မယှဉ်နိုင်သေး။

စက်မှုနဲ့ မြို့ပြ ပေးတဲ့လစာ သိပ်မကွာ။ အတူတူနီးပါး။

အလုပ်ဖြစ်မဲ့မူဘောင် မချနိုင်သေးပဲ ဖမ်းမယ်ချည်းအော်နေရင် ဘရိန်းတွေဒရိန်းနေကြတာ ရပ်မယ်မထင်။



 

Monday, February 8, 2016

မျောက်နှစ်သစ်ကို ကြိုဆိုကြစို့ 

တရုတ်ရိုးရာအရ ဒီနှစ်သစ်ဟာ မျောက်နှစ်ဖြစ်ပါသတဲ့။

တရုတ်ရိုးရာအရ နှစ်တွေကို အကောင်တွေနဲ့ ခွဲခြားထားပြီး အကောင် ၁၂ ကောင်ရှိပါတယ်။ ဒါကြောင့် ကိုယ်မွေးနှစ်ရဲ့အကောင်နှစ်ကို ပြန်ရောက်တိုင်း အသက် ၁၂ နှစ်ကြီးသွားပြီလို့ ပြောလို့ရတယ်။

မနှစ်က ဆိတ်နှစ်ဟာ ဒီနေ့တနင်္ဂနွေမှာ ကုန်ဆုံးပြီး တနလာင်္နေ့မှာ မျောက်နှစ်သစ်ကို ရောက်မယ်။

တရုတ်ရိုးရာဗေဒင်ပညာဟာ ၂ရာစုလောက်ထဲက တည်ရှိနေခဲ့တာပါတဲ့။ အကောင်တွေနဲ့ ခွဲထားတာကတော့ မှတ်လို့လွယ်အောင် တည်ထွင်ခဲ့ပုံပါပဲ။

တရုတ်ရိုးရာဗေဒင်မှာ အဓိက ဂြိုလ်ငါးလုံးရှိတယ်။ အဲဒီကနေ ဓါတ်သဘောတွေ သက်ရောက်တယ်။ ရေ၊ မီး၊ သစ်သား၊ မြေ၊ သံ ဆိုတဲ့ဓါတ်တွေပါ။ အဲဒီဟာတွေအပြင် ယင်နဲ့ယန်ဆိုတဲ့ အားနှစ်မျိုးလည်းရှိသေးရဲ့။ အပျော့နဲ့အမာလို့ သာမန်ခေါ်လို့ရမယ်ထင်ရဲ့။ အဲဒီသဘောတရားအားတွေကို ညီမျှအောင် အသုံးချတတ်မှ အောင်မြင်မယ်လို့ ဆိုတယ်။ ဖန်းရွှေ ကို လေ့လာတဲ့သူတွေ ပိုသိပါလိမ့်မယ်။ ကျွန်တော်က သဘောလောက်ပဲ သိတဲ့သူပါ။

အဲဒီအကောင်တွေမှာလည်း တည့်တဲ့အကောင်နဲ့ မတည့်တဲ့အကောင်ရယ်လို့ ခွဲသေးတယ်။ မြန်မာတွေ နေ့နံတည့်မတည့်နဲ့ ခပ်ဆင်ဆင်။ ဇယားလေးကို ဗဟုသုတ ထည့်ပေးလိုက်တယ်။

Rat
(Best Match-Ox, Dragon, Monkey)
Match-Dog, Pig, Rat, Goat, Tiger, Snake (No Match. Horse, Rabbit, Rooster)

Ox
(Best Match-Rat, Rooster, Snake) Match- Pig, Tiger, Ox, Dragon,
Rabbit, Dog, Monkey (No Match. Goat, Horse)

Tiger
(Best Match-Pig, Horse, Dog) Match-Rooster, Goat,Tiger,
Rabbit, Ox, Dragon, Rat (No Match. Monkey, Snake)

Rabbit
(Best Match-Dog, Pig, Goat) Match- Monkey, Snake, Tiger, Ox,
Horse, Rabbit, Dragon (No Match. Rooster, Rat)

Dragon
(Best Match-Rooster, Monkey, Rat)
Match-Horse, Pig, Snake,
Rabbit, Tiger, Dragon, Ox (No Match. Dog, Goat )

Snake
(Best Match-Monkey, Rooster, Ox )
Match-Rabbit, Dog, Horse,
Dragon, Snake, Rat, Goat (No Match. Pig, Tiger)

Horse
(Best Match-Goat, Dog, Tiger) Match-Dragon, Rabbit,
Snake,Pig, Monkey, Horse,
Rooster (No Match. Rat, Ox)

Goat
(Best Match-Horse, Rabbit, Pig )
Match- Snake, Monkey, Goat,
Rooster, Rat, Tiger (No Match. Ox, Dragon, Dog)

Monkey
(Best Match-Snake, Dragon, Rat )
Match- Goat, Monkey, Ox,
Horse, Rooster, Dog,
Rabbit (No Match. Tiger, Pig)

Rooster
(Best Match-Dragon, Ox, Snake) Match- Tiger, Pig, Rooster,
Goat, Dog, Monkey,
Horse (No Match. Rabbit, Rat)

Dog
(Best Match-Rabbit, Horse, Tiger) Match-Rat, Snake, Dog,
Rooster, Monkey,
Ox, Pig (No Match. Dragon, Goat)

Pig
(Best Match- Tiger, Rabbit, Goat). Match-Ox,Rat, Pig, Horse,
Rooster, Dragon, Dog.
(No Match. Snake,Monkey)

ဒီဇယားအရ မျောက်နဲ့အကောင်းဆုံးအတွဲက မြွေ၊ နဂါး၊ ကြွက် တို့ဖြစ်ပါတယ်။ အကောင်းဆုံးမဟုတ်ပေမဲ့ တွဲလို့ရတဲ့ အကောင်တွေကတော့ ဆိတ်၊ မျောက်၊ နွား၊ မြင်း၊ ကြက်ဖ၊ ခွေး ယုန် တို့ ဖြစ်ပါသတဲ့။ တွဲလို့ မသင့်တော်တာကတော့ ကျားနဲ့ ဝက်လို့ ဆိုတယ်။ မြွေကို မျောက်နဲ့ မသင့်တော်ဘူးလို့ ယူဆတဲ့အဆိုတခုလည်း ရှိတယ်။

ဒီနှစ်မျောက်နှစ်မှာ ယန်အားကောင်းမယ်။ ပြောင်းလည်းနိုင်မှုကို ကိုယ်စားပြုတယ်။ အသိနဲ့ယှဉ်နဲ့ပြောင်းလည်းမှုကို လုပ်နိုင်ရင် အကျိုးရှိမယ်တဲ့။ မြန်မာပြည်နဲ့တော့ အံကိုက်ပဲ။

ချစ်သူတွေအတွက်ကတော့ တွဲလို့မသင့်တော်တာကို တွဲမိရင် ခဏခဏ တကျက်ကျက် ရန်ဖြစ်တတ်လို့ ရန်ဖြစ်ပြန်ချစ် ပေါ့လေ။ တွဲလို့ သင့်တော်တာ တွဲမိရင်တော့ အစစ အဆင်ပြေမယ်လို့ ယုံကြတယ်။

ဗဟုသုတအနေနဲ့ တင်ပြတာပါ။ စိတ်ဝင်စားရင် ဇယားဖတ်ကြည့်ပြီး ကိုယ်နဲ့သင့်တော်သူကို ရှာနိုင်ပါတယ်။

ကျွန်တော်ကတော့ အရာရာကို အကောင်းမြင်တတ်သူမို့ ကောင်းခြင်းအဖြာဖြာနဲ့ ပြည့်စုံတဲ့ တရုတ်ရိုးရာ မင်္ဂလာနှစ်သစ်မှာ သူငယ်ချင်း မိတ်ဆွေအပေါင်း အစစအဆင်ပြေပြီး စီးပွားတိုးတက် ကျန်းမာချမ်းသာကြပါစေကြောင်း တောင်းဆုပြုလိုက်ပါတယ်။

ချစ်ခြင်းအားဖြင့်

မောင်လူပေ


 

၅၉စ ကို ဆိုင်းငံ့ရေး

၅၉စ ကို ခေတ္တဆိုင်းငံ့ရေးကိစ္စကို တပ်က ထောက်ခံလိုက်ရင် တပ်အပေါ်မှာ ပြည်သူတွေရဲ့အမြင် ကြည်လင်လာမယ်။

တပ်နဲ့ပြည်သူ သွေးကွဲနေတာ ကြာခဲ့ပြီ။ ဒီအခွင့်အရေးကိုအမိအရ အသုံးချသင့်တယ်။

ဒေါ်စုကို သမ္မတဖြစ်စေချင်တဲ့ ပြည်သူရဲ့အလိုကို ဖြည့်ပေးလိုက်ရုံနဲ့ ပြည်သူ့တပ်မတော် ပြန်ဖြစ်မယ်။

ဒေါ်စုကိုသမ္မတလုပ်ခွင့်ပေးလိုက်ပေမဲ့ အရေးကြီးတဲ့ ကာကွယ်ရေး ပြည်ထဲရေး နယ်လုံစတဲ့ လက်နက်ကိုင်အဖွဲ့တွေက တပ်ချုပ်လက်ထဲမှာပဲမို့ ဘာမှ ပူစရာမလို။

သမ္မတလုပ်ခွင့်မရခဲ့ရင် ရုပ်ပြသမ္မတကို ဘယ်နိုင်ငံကမှ အရေးထားမှာမဟုတ်လို့ နိုင်ငံရဲ့သိက္ခာပါ ကျဆင်းစေလိမ့်မယ်။ ဒေါ်စုရဲ့ နိုင်ငံရေးသိက္ခာဟာ ပြည်တွင်းထက် ပြည်ပမှာ အလွန်သြဇာကြီးလှပါတယ်။ သူ့ကို သမ္မတ ဖြစ်ခွင့်ပေးမှသာ နိုင်ငံတကာရဲ့အလယ်မှာ မြန်မာဟာ မျက်နှာပမ်းလှပါလိမ့်မယ်။ သူ့မျက်နှာနဲ့မှ အဆင်းရဲဆုံးနိုင်ငံအဆင့်က ရုန်းထွက်နိုင်ရေးအတွက် အကူအညီတွေ အများကြီး ဝင်လာမှာ။

နာဂစ်ခြေဥကြီးထဲမှာ ၅၉စကို ဒေါ်စုသမ္မတမဖြစ်ရေးအတွက် ထည့်ခဲ့တာ ကလေးရောခွေးပါသိတဲ့ ကိစ္စပါ။

ပြည်သူတွေမကြိုက်တဲ့ အဲဒီခြေဥကြီးကို တပ်က အသက်နဲ့လဲပြီး ကာကွယ်နေမယ်ဆိုရင်တော့ တပ်ရဲ့ပုံရိပ်ဟာ အဘတွေဆိုးပေးခဲ့တဲ့ မဲညစ်ညစ်အရောင်ထဲက ရုန်းထွက်ဖို့ ခက်ပါလိမ့်မယ်။

တပ်နဲ့ပြည်သူ ကြည်ဖြူဖို့အရေး ၅၉စ ကို ဆိုင်းငံ့ဖို့မှတပါး အခြားမရှိပါ ခင်ဗျား။



 

သမ္မတဒေါ်စု ဖြစ်မှာလား

မနေ့က CCTV America မှာ မြန်မာပြည်ရဲ့ လွှတ်တော်သစ်နဲ့ နိုင်ငံရေးတိုးတက်မှုတွေအကြောင်း talk show လေးကြည့်ရတယ်။ တရုတ်နိုင်ငံရေးပရော်ဖက်ဆာနှစ်ဦးရယ်။ ကုလားနိုင်ငံရေးပရော်ဖက်ဆာတဦးရယ်ပါတယ်။ တင်ဆက်သူက မေးတယ်။ သူတို့က ဖြေတယ်။

အားလုံးသိကြတဲ့အတိုင်း CCTV က တရုတ်အစိုးရရဲ့ အာဘော်လို့ ပြောလို့ရတာမို့ စောင့်ကြည့်ဖြစ်ပါတယ်။

မြန်မာပြည်ရဲ့အပေါ် တရုတ်ရဲ့သဘောထားက ရှင်းပါတယ်။ နိုင်ငံရေးတည်ငြိမ်မှုကို မျှော်လင့်တယ်။ တရုတ်ကုမ္ပဏီတွေနဲ့အရင်အစိုးရတို့ စာချုပ်ထားတဲ့ လုပ်ငန်းတွေကို ပြန်လုပ်ချင်တယ်။ ဒေါ်စုနဲ့လည်း ပြေလည်ချင်တယ် ဒါပါပဲ။

မြစ်ဆုံပရောဂျက်ကို အပြီးရပ်ဆိုင်းမယ်လို့ မမျှော်လင့်ထားဘူး။ ဒေသခံတွေရဲ့ဘဝတွေ တိုးတက်ရေးနဲ့ သဘာဝပတ်ဝန်းကျင်ထိမ်းသိန်းမှုကို ပိုဆောင်ရွက်မယ်လို့ဆိုတယ်။

ကချင်၊ ကိုးကန့်၊ ဝ စတဲ့ လူနည်းစု တိုင်းရင်းသားအရေးမှာ တရုတ်အနေနဲ့ အဓိကနေရာက ကစားမှာမဟုတ်ဘူးတဲ့။ တရုတ်၊ ကုလား၊ မြန်မာ နိုင်ငံတွေရဲ့တည်ငြိမ်ရေးနဲ့ အချုပ်အချာအာဏာ တည်မြဲရေးအတွက် ပူးပေါင်းကြရမယ်လို့ဆိုတယ်။ ပြည်နယ်ခွဲထွက်ရေးကို လုံးဝ မထောက်ခံပါဘူးတဲ့။

မြန်မာပြည်ဟာ အမေရိကန်နောက်ကို အပြီးပါသွားမယ်လို့ မယုံကြည်ဘူး။ ဒေါ်စုက တရုတ်နဲ့အမေရိကန်ကြားမှာ ဘက်မလိုက်ပဲ နေသွားမယ်လို့ ယုံကြည်တယ်လို့ ပြောတယ်။

ဒေါ်စုကို တောင်အာဖရိကခေါင်းဆောင် နယ်ဆင် မန်ဒရဲလားနဲ့ နိုင်းယှဉ်ပြီးလည်း ပြောသွားတယ်။ နှစ်ငါးဆယ်ကျော် တပ်ရဲ့ လွဲမှားတဲ့ အုပ်ချုပ်မှုတွေကြောင့် မြန်မာဟာ အဆင်းရဲဆုံးနိုင်ငံဖြစ်သွားတာလို့လည်း ပြောသွားတယ်။

ဒေါ်စုကို မြန်မာပြည်သူအများစုက ထောက်ခံတာကို သူတို့လက်ခံတယ်။ ၅၉စ လို ဥပဒေနဲ့ ဒေါ်စု သမ္မတမဖြစ်အောင် တားဆီးထားတာဟာ မဖြစ်သင့်ဘူး။ ပြည်သူအများစုရဲ့ဆန္ဒကို တပ်က မျက်ကွယ်မပြုသင့်ဘူး။ ဒေါ်စု သမ္မတဖြစ်ရေးအတွက် တပ်က လိုလိုလားလား ကူညီသင့်တယ်။ ဒါဟာ ပကဓိအခြေအနေမှန်ပဲ။ ဆင်းရဲတွင်းက ရုန်းထွက်ရေးအတွက် သူမကို အသုံးချသင့်ပါတယ်တဲ့။

တရုတ်ကတော့ သမ္မတဒေါ်စုကို မီးစိမ်းပြလိုက်ပြီလို့ ထင်ပါကြောင်း။


 

ဟုတ်ကဲ့

ဟုတ်ကဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့ပါ။

မောင်လူပေတို့တတွေက ဒီစကားလုံးနဲ့ ကြီးလာခဲ့ကြသူတွေ။ လူကြီးသူမတို့ ဆရာသမားတို့ကို ရိုသေသမှုနဲ့ ဘာပြောပြော ဟုတ်ကဲ့ခဲ့ကြတာပါပဲ။

လုပ်ငန်းခွင်ထဲရောက်တော့ ပိုဆိုးသေးရဲ့။ အထက်ကအမိန့်ဆိုတဲ့ အာဏာအောက်မှာ ဟုတ်ဟုတ်မဟုတ်ဟုတ် ဟုတ်ကဲ့တာ အကောင်းဆုံးဆိုပြီး ခေါက်ရိုးကျိုးသွားရော။

ဒီလိုနဲ့ ဟုတ်ကဲ့ ယဉ်ကျေးမှုအောက်မှာ စီးမြောခဲ့ကြရင်း မဟုတ်ဘူးဆိုတာတောင် မပြောတတ်ကြတော့ဘူး။ အထက်အရာရှိဆိုတဲ့ မိုးကျရွှေကိုယ်တွေ ပြောသမျှကို ပညာရှင်ဆိုတဲ့သူတွေက မှတ်စုစာအုပ်လေးတွေ ရှေ့ချပြီး ပြောသမျှ လိုက်မှတ်။ အဟမ်းအဟမ်းတို့ ဟွတ်ဟွတ်တို့ ပါမချန်တော့။

ပညာရှင်တွေက လိုအပ်သည်များကို တင်ပြရမဲ့အစား လူကြီးဆိုသူတွေက လိုအပ်သည်များ မှာကြားနေတာကို ပညာရှင်ဆိုသူတွေက ခေါင်းလေးညိမ့်ပြီး ဟုတ်ကဲ့ခဲ့ကြလို့ တိုင်းပြည်ရဲ့ အခြေအနေတွေ ဘာဖြစ်ခဲ့တယ်ဆိုတာ ပြောဖို့မလို။

အခုတော့ ပြည်သူ့ကိုယ်စားလှယ်တွေ ကြီးစိုးတဲ့ လွှတ်တော်တွေ ပေါ်လာခဲ့ပြီ။ မကြာခင် အစိုးရအဖွဲ့ဝင်စာရင်းတွေ သိရတော့မယ်။ အစိုးရအသစ်တရပ် ဖြစ်လာတော့မယ်။

အဲဒီအစိုးရသစ်ရဲ့ လက်ထက်မှာတော့ ဟုတ်ဘူးလို့ ပြောရဲသူတွေ ပေါ်လာကောင်းပါရဲ့။

ဆရာအော်ပီကျယ်ရဲ့ ကာတွန်းလေးကြည့်ပြီး ဖြစ်ပေါ်လာတဲ့အတွေးလေးတွေကို ချစ်တဲ့ မိတ်ဆွေသူငယ်ချင်းများနဲ့ မျှဝေတဲ့သဘောပါ။

ကျန်းမာချမ်းသာကြပါစေ။

ချစ်ခြင်းအားဖြင့်

မောင်လူပေ

( စကားမစပ် ကိုယ်ရည်သွေးလိုက်ဦးမယ်။

မောင်လူပေကတော့ သင်ပုန်းကြီးတောင် မကြေခဲ့သူမို့ ခပ်ညံ့ညံ့။

သူငယ်တန်းသင်ပုန်းကြီးထဲက ဝ နှစ်လုံးပူးကို ဝပူးလို့မခေါ်ပဲ ဘာလို့ ထဆင်ထူးလို့ ခေါ်တာလဲ။

ကကြီးပြီးရင် ဘာလို့ ကလေးမလာတာလဲ။

ကကို ပက်လက်လှန်ထားတဲ့ ကပက်လက်ကို ယပက်လက်လို့ ခေါ်တာ မှားတယ်။

ဂငယ် ဃကြီး၊ နငယ် ဏကြီး ခေါ်ပြီး လငယ် ဠကြီး ခေါ်သင့်ပေမဲ့ လလို့ပဲခေါ်တာ မှားနေတယ်။

ဂငယ်ပက်လက်ကို ဂငယ်ပက်လက်မခေါ်ပဲ ပစောက်ခေါ်တာလည်း မှားတယ်။

ဂငယ်နှစ်လုံးပူးကို ဂပူးခေါ်သင့်တာမို့ ကကြီးမခေါ်သင့်ပါ။

စသည်ဖြင့် ဆရာမကို ကွန်ပလိမ်းတွေ တက်ခဲ့တာမို့ ခဏခဏ ခေါင်းခေါက်ခံရတဲ့သူ။

မဟာပညာရှိလေး နင်သာ ပညာရေးဌာနရောက်ရင် မြန်မာစာတွေ ပျက်ရချည်ရဲ့လို့ ချီးမြှင့်မြောက်စားခံရသူ။ )