ဘုန်းကြွယ်၊ ဝင်းကြွယ်၊ နေလင်းအောင်၊ မောင်နှင်းဆွေ အကုန် ဖတ်တာပဲ။
သိုင်းလောကသားတွေက သူတို့ဂိုဏ်းဝင်အချင်းချင်း
ညီက အကူအညီလိုရင် အကိုကြီးကို အကူအညီတောင်း။ အကိုကြီးက အကူအညီလိုရင် ညီကိုတောင်း။
ဂိုဏ်းရဲ့ အကြီးတန်းအကိုကြီးလောက် ဖြစ်ဖို့ အဆင့်ဆင့် သင်ယူရတယ်။ သိုင်းကျမ်းကြီးတွေကို အားလုံးသင်ပြီးရင်တောင် လျှို့ဝှက် သိုင်းကျမ်းဆိုတာတွေ ရှိသေးတာမို့မလွယ်လှဘူး။ ပင်ကိုယ်တော်တွေကို ဆရာတွေက စိတ်ကြိုက်ဖြစ်မှ သင်ပေးကြတာ။ ဒါကြောင့် ဆရာ့စိတ်ကြိုက်ဖြစ်အောင် ဝတ်ကြီးဝတ်ငယ် ပြုစုရင်း နေကြရတယ်။ ဆရာနဲ့ ဆွေမျိုးတော်ရင်တော့ ပိုကောင်းတာပေါ့။
သိုင်းဂိုဏ်းကြီးမှာ ဂိုဏ်းချုပ်ကြီးက ပေးတဲ့အမိန့်ကို အဆင့်ဆင့် နာခံရတယ်။ ပြန်ပြောခွင့်မပေးဘူး။ အမိန့်မနာခံရင် သေမိန့်ပဲ။
သိုင်းဂိုဏ်းကြီးတွေက ရှောင်လင်၊ ဝူတန်း၊ ဝါဆန်း၊ သူတောင်းစား စသည် ကိုးခုလောက်ရှိလေတော့ သိုင်းလောကကို စိုးမိုးနိုင်ရေးအတွက် အစွမ်းကုန် တိုက်ခိုက်ကြ၊ ပညာပြိုင်ကြတယ်။
ရှောင်လင်က အဝါရောင် ဝတ်စုံ၊ ဝူတန်းရသေ့တွေက မီးခိုးရောင် ဝတ်စုံ၊ ဝါဆန်းက အဖြူရောင်၊ သူတောင်းစားတွေက ဖြတ်ညှပ်ကပ် စသည်ဖြင့် ဝတ်စုံကိုကြည့်ရင် ဘယ်ဂိုဏ်းက ဆိုတာ သိနိုင်တယ်။
သိုင်းလောကသားတွေကို သာမန်ပြည်သူတွေက ကြောက်ရတယ်။ သူတို့တွေလို သိုင်းပညာ မတတ်၊ လက်နက်လည်းမရှိဆိုတော့ မြင်တာနဲ့ အရိုအသေပြုရတယ်။ တောင်းတာပေးရတယ်။ သိုင်းလောကသားတွေဟာ ကိုယ့်နယ်မှာ ကိုယ်ဘုရင်ပဲ။
ဒါကြောင့်လည်း သိုင်းလောကကြီးကို စိုးမိုးနိုင်ဖို့ အချင်းချင်း ပညာပြိုင်ကြတဲ့အခါ ဂိုဏ်းသားတွေက ညီညွတ်စွာ ခုခံကြတယ်။ ဂိုဏ်းချုပ်ကြီးက သေဆိုသေ ရှင်ဆိုရှင်။ ကိုယ်စိုးမိုးထားတဲ့နယ်ကို အစွမ်းကုန် ကာကွယ်ဖို့အတွက် တယောက်မတ်တတ်ရပ်ရင် အားလုံးရပ်ပြီးသားပဲ။
ဒီလို ဂိုဏ်းကြီးတစ်ဂိုဏ်း မြန်မာပြည်မှာ ရှိတာ ကြာလှပေါ့။ သူတို့က အစိမ်းရောင် ဝတ်ကြတယ်။

No comments:
Post a Comment