Thursday, November 17, 2016

ဒေါ်နယ်ထရန့်


ကြိုက်ကြိုက်မကြိုက်ကြိုက် ဒေါ်နယ်ထရန့် သမ္မတအဖြစ်ရွေးကောက်ခံရပြီဆိုတာ အမှန်တရားပဲ။

ဒီမိုကရေစီအခြေခံကောင်းတဲ့နိုင်ငံပီပီ ရှုံးသူက နိုင်သူကို ချီးမွမ်းတယ်။ ဝမ်းသာကြောင်းစကားပါးတယ်။ နိုင်သူကလည်း ရှုံးသူကို ပြန်လည်ချီးမွမ်းတယ်။ နှုတ်ဆက်ထွက်ခွာတယ်။ မနက်ဖြန်က ခုမှစမှာ။

ဒေါ်နယ်ထရန့် အိမ်ဖြူတော်ရောက်ရင် ဘာဖြစ်လာမလဲ။ သူ့လက်ထဲမှာ နြူကလီးယားထိပ်ဖူးတပ် ဒုန်းကျည်တွေကို ထိမ်းချုပ်ပစ်လွှတ်နိုင်တဲ့ သေတ္တာနက်ရဲ့ လျို့ဝှက်နံပါတ်တွေရောက်သွားရင် စိတ်ချရပါ့မလား။ အားလုံးသိချင်နေကြတယ်။

ကျွန်တော်ကတော့ ရိုးရိုးပဲတွေးပါတယ်။ အခုအခြေအနေက လွှတ်တော်နှစ်ရပ်ပေါင်းရော၊ သမ္မတပါ ရီဗာဘလီကန်ပါတီက ဖြစ်သွားတဲ့အခြေအနေမို့ သူတို့လုပ်ချင်တာ လုပ်နိုင်တဲ့အခွင့်အရေးရသွားတဲ့အခြေအနေ၊ ဒါကြောင့် သူတို့မကြိုက်တဲ့ Obama care လို့ခေါ်တဲ့ အစိုးရကျန်းမာရေးအာမခံစနစ်ကို ဖျက်သိမ်းမယ်။ အခွန်စနစ်ကို သူဌေးအားလုံး ၁၅% ဆိုပြီးပြင်မယ်။ free trade agreement တွေကို ပြန်စီစစ်မယ်။ ဒါကပထမဆုံး လုပ်မဲ့အလုပ်တွေပေါ့။

တရားမဝင်နေထိုင်နေတဲ့ စပိန်နွယ်ဖွားတွေအပါအဝင် illegal immigrants တွေကိစ္စကတော့ လောလောဆယ် အရေးယူဖို့မလွယ်ဘူး။ ရာဇဝတ်မှုကျူးလွန်သူတွေကိုပဲ ဖမ်းဆီးနိုင်မယ်။ အောက်ခြေအလုပ်တွေက သူတို့ကို မှီခိုနေရတာ။ သူ့ရဲ့ Trump Tower တွေကို ဆောက်ပေးခဲ့တဲ့ အလုပ်သမားအများစုကလည်း ဒီလူတွေပဲ။ သူဌေးကြီးက သူ့အတွက် အသုံးဝင်တဲ့သူတွေကို အားလုံးပြန်ပို့ဖို့လက်တွေ့မဖြစ်နိုင်။ ဒါပေမဲ့ ဒီလူတွေ ခုလောက်ဆို မျက်ခုံးလှုပ်နေလောက်ပြီ။ ရေဂင်ခေတ်ကလို စက်ရုံတွေပိတ်ဖမ်းတာမျိုး ပြန်ဖြစ်မလာဘူးလို့ မပြောနိုင်။ ဂျပန်မှာလို ဘူတာထိပ်၊ ကားဂိတ်ကနေ လိုက်မဖမ်းဘူးလို့လည်း တထစ်ချ မပြောနိုင်။

မက္ကဆီကိုနယ်ခြားမှာ တံတိုင်းကာမယ်ဆိုတာ ဖြစ်နိုင်တယ်။ ငွေအား လူအား ရှိပြီးသား။ မက္ကဆီကိုဖက်ကတော့ ကုန်ကြငွေကို ပေးမှာမဟုတ်။ ပေးစရာလည်း ငွေမရှိ။ ထရန့်ကတော့ သူ့ဂတိအတိုင်း လုပ်မှာပဲ။ ခုလည်း သံစည်းရိုးက ရှိပြီးသားပါ။ အုတ်နဲ့အခိုင်အမာလုပ်ရင်လည်း မြေကျင်းတူးပြီး ဝင်မှာပဲ။ ငွေကုန်ပြီး အဖတ်မတင်မဲ့စီမံကိန်း ဖြစ်လာမယ်။ နယ်ခြားစောင့်ရဲတွေ ထပ်တိုးချဲ့မယ်။ ပိုဖမ်းမယ်။ ပြန်ပို့မယ်။ ပြန်ဝင်လာမယ်။ ဒီသံသရာက မက္ကဆီကိုနိုင်ငံ ဆင်းရဲတွင်းကမလွတ်သရွေ့ ပြီးမယ်မထင်။
 
  ဒေါ်နယ်ကြီးသမ္မတဖြစ်လာတဲ့အတွက် ကောင်းတဲ့ဖက်ကိုညွှန်ပြပါဆိုရင်တော့ ရုရှားနဲ့ဆက်ဆံရေး ကောင်းလာမယ်။ သူက ရုရှားကို မျက်စိကြနေသူ။ ကျဆုံးလုနီးနီးဖြစ်နေတဲ့ ရုရှားစီးပွားရေးဈေးကွက်မှာ အောက်ဈေးနဲ့ရမဲ့ပစ္စည်းတွေနဲ့အမြတ်ထွက်မှာ ကြိုမြင်ထားသူ။ ပူတင်ကလည်း သူနဲ့ပုံစံတူ အမျိုးသားရေးဝါဒီ ထရန့်ကို ကြိုက်ပြီးသားမို့ ပူတင်နဲ့အဆင်ပြေမှာအသေအချာ။ ရုရှားနဲ့တတိယကမ္ဘာစစ်ဖြစ်မှာ လောလောဆယ်မပူရတော့ဘူးပေါ့။

သူတို့နှစ်ဦးပေါင်းပြီး isis တွေကို ချေမှုန်းမယ်။ ဆီးရီးယားသမ္မတအာဆတ်ကိုဆန့်ကျင်နေတဲ့ ဆီးရီးယားက ဆွန်နီမွတ်စလင်သူပုန်တွေကို ရုရှားက isis နာမည်တတ်ပြီး တီးနေတာကြာပြီ။ သူ့အကျိုးစီးပွားတွေက ဆီးရီးယားမှာ တပုံတပင်မို့ အာဆတ်ကို ရုရှားက အပြုတ်ခံမှာမဟုတ်။ အမေရိကားက ကန့်လန့်လုပ်နေလို့ သူပုန်တွေကို တိုက်လို့ မပြတ်တာ။ အီရပ်နဲ့ဆီးရီးယားက အစွန်းရောက် ဆွန်နီသူပုန်တွေအတွက် သတင်းဆိုးပဲ။

မွတ်စလင်ကမ္ဘာက မညီညွတ်။ ဆွန်နီနဲ့ရှီယားက ကမ္ဘာ့ရန်သူတွေ။ အမေရိကန်က ဆွန်နီတွေရဲ့မဟာမိတ်။ ဆော်ဒီခေါင်းဆောင်တဲ့ ဆွန်နီတွေဖက်က အမြဲရပ်တည်ခဲ့တယ်။ မကြာမီက ရှီယားမွတ်စလင်တွေရဲ့ခေါင်းဆောင် အီရန်ကို အမေရိကန်က ဒေါ်လာဘီလီယံပေါင်း ၁၄၀လောက် နြူကလီးယားသဘောတူချက်နဲ့ ပြန်ပေးလိုက်တဲ့ကိစ္စကို ဆော်ဒီက လုံးဝမကြေနပ်။ ဒါကြောင့် အရှေ့အလယ်ပိုင်းနဲ့ မိတ်ပျက်လုဆဲဆဲဖြစ်နေတယ်။ အခု ထရန့်တက်လာတော့ အရင်အတိုင်း ဆော်ဒီဦးဆောင်တဲ့ ဆွန်နီတွေဖက်က ပြန်ရပ်တည်လိမ့်မယ်။ အီရန်အတွက် သတင်းဆိုး။

တရုတ်ဘီလျှံနာသူဌေးကြီးတွေက ကြိုဆိုနေကြပြီ။ ဘီလျှံနာတွေ တိုင်ပင်စီးပွားရှာကြတော့ နှစ်ဖက်လုံးအိုကေပေါ့။ တရုတ်နဲ့အမေရိကန်ဆိုတာ နိုင်ငံရေးအရ ရန်ဖြစ်ပြနေကြပေမဲ့ စီးပွားရေးမှာ လင်မယားပဲ။ တရုတ်ရဲ့အဓိကဈေးကွက်က အမေရိကန်။ စီးပွားရေးအရ အရင်လိုပဲ ချစ်ပြ။ နိုင်ငံရေးအရ ဝေဖန်ပြ။ ဒီအတိုင်းသွားမှာပဲ။ တရုတ်က ကုန်စည်တွေကို အခွန်တွေတိုးကောက်မယ်လို့ ပြောထားပေမဲ့ လက်တွေ့ဖြစ်နိုင်မလားတော့ မသေချာသေး။

နေတိုးအဖွဲ့တို့ ဂျပန်နဲ့ကိုးရီးယားတို့ကလည်း ကာကွယ်ရေးစားရိတ်တွေ တိုးပေးပါ့မယ်လို့ အာမခံပြီးသားမို့ ထူးမယ်မထင်။

အာရှနိုင်ငံတွေနဲ့ဆက်ဆံရေးကတော့ အိုဘားမားလို တက်ကြွမယ်မထင်။ ထရန့်က ကမ္ဘာ့ခေါင်းဆောင်မလုပ်ချင်ဘူးလို့ ပြောပြီးသား။ အမေရိကန်ကိုအရင်လိုသိပ်မှီခိုဖို့မလွယ်တော့။ မြန်မာပြည်ကတော့ မှီခိုမှုမရှိခဲ့တာမို့ မထူးလှပါ။

အမေရိကန်နြူကလီးယားခလုပ်ဆိုတာလည်း သူနှိပ်ချင်တိုင်း နှိပ်မရပါ။ စစ်ကြေညာဖို့တောင် လွှတ်တော်နှစ်ရပ်လုံးရဲ့ ထောက်ခံချက်လိုတယ်။ ခလုပ်နှိပ်ဖို့ အဝေးကြီးပါ။ ဘီလျှံနာကြီးက စစ်တိုက်ဖို့ထက် စီးပွားရှာဖို့ပဲ စိတ်ဝင်စားမှာပါ။

ပြည်နယ်အလိုက် သူ့ဥပဒေနဲ့သူ ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်နယ်အစိုးရတွေကိုလည်း ထရန့်အနေနဲ့ သြဇာပေးလို့မရ။ ဖက်ဒရယ်အစိုးရက ခန့်ထားသူတွေမဟုတ်ကြ။ စီးပွားရေးကျဆင်းနေတဲ့ပြည်နယ်တွေက အလုပ်အကိုင် အခွင့်အရေးတွေ ပြန်ရလာအောင် လုပ်ပေးမယ်။ ဒီလောက်ပါပဲ။ ကယ်လီဖိုးနီးယားလို အချမ်းသာဆုံးပြည်နယ်ကြီးကတော့ သူ့မူ သူ့လူနဲ့ဆက်ချီတက်နေမှာပဲ။

အချုပ်အားဖြင့်ပြောရရင်တော့ ကမ္ဘာကြီးအတွက် ကြီးမားတဲ့ သက်ရောက်မှုဖြစ်လာမယ် မထင်ပါဘူးဗျာ။ မဲဆွယ်ချိန်က လူတွေစိတ်ဝင်စားအောင် ပြောခဲ့တ်ာလို့ပဲ ယူဆပါကြောင်း။
 
 

Sunday, November 6, 2016

"ပြောကြည့်လိုက်လေ ရင်ထဲပေါ့သွားအောင်ပေါ့။"

"ပြောကြည့်လိုက်လေ ရင်ထဲပေါ့သွားအောင်ပေါ့။"

ညီလာခံကြီးအပြီးတွေးမိတာလေးပါ။ မပြောရလို့ တင်းကျပ်နေတဲ့ရင်တွေကို စင်ပေါ်တက်ပြီး ဖွင့်ပြခွင့်တော့ ရခဲ့ပြီ။ အနည်းနဲ့အများတော့ ရင်ထဲမှာ ပေါ့သွားကြမှာပဲ။

တပ်က တင်ပြတာတွေကတော့ ဖန်တရာကျေကြားနေကြစကားလုံးတွေပါ။ကိုယ်စားလှယ်တာဝန်ယူရတဲ့ ဗမကများလည်း တာဝန်ပေးလို့ တက်ဖတ်ပြသွားရတဲ့ပုံပါပဲ။ သူတို့တွေက သားအကြီးကောင်နဲ့တူသဗျ။ အဖေမရှိလို့ အဖေနေရာဝင်ယူရာက အခွင့်ထူးခံဖြစ်တဲ့ သားကြီးမျိုးပေါ့။ ရှိသမျှကို လက်ဝါးကြီးအုပ်ချင်လာတယ်။ ညီငယ်တွေကို မခွဲပေးချင်တော့ဘူး။ သူ့သဘောအတိုင်း စည်းကမ်းတွေထုတ်တယ်။ ဒီစည်းကမ်းတွေကို လိုက်နာကြ။ မလိုက်နာသူ သူ့ရန်သူပဲ။ ဒီသဘောအတိုင်း ဆက်ရပ်တည်တယ်။ ဒါကြောင့် ပေးတာယူ၊ ကျွေးတာစား၊ ပြန်မပြောနဲ့ ဝါဒဖြစ်တဲ့ ' စည်းကမ်းပြည့်ဝသော ဖက်ဒရယ်' ကြီးနဲ့ ချီတက်ကြမယ်။ ထုံးစံအတိုင်းပဲသွားမယ်။ 

တိုင်းရင်းသားတွေတင်ပြကြတာတွေကို ရိုးရိုးပဲခံစားကြည့်တော့ အရင်ကတောင်းဆိုခဲ့သလိုပဲ သာတူညီမျှမှုလိုချင်တယ်။ စစ်မှန်တဲ့ဖက်ဒရယ်ဆိုတာကိုလိုချင်တယ်။ ကရင်တကျပ်၊ ဗမာတကျပ် ဆိုတာ စောဘဦးကြီးတို့ စတောင်းဆိုခဲ့တာ။ ဗိုလ်ချုပ်တို့ပင်လုံလည်း ဒါပဲတောင်းဆိုခဲ့တယ်။ ခုလည်း ဒီအတိုင်းပဲတောင်းတယ်။ သူတို့က အကိုကြီးဖိနှိပ်တာမခံနိုင်လို့ ရန်ရှာနေကြတဲ့ ညီငယ်တွေနဲ့တူပြန်ရော။ ညီငယ်တွေထဲမှာ သွေးထိုးပေးနိုင်ခဲ့တဲ့အတွက် ညီငယ်အနည်းစုက အကိုကြီးဖက်မှာရပ်တယ်။ အများစုကတော့ အကိုကြီးကို ဆန့်ကျင်တယ်။

ညီတွေအချင်းချင်း သွေးကွဲအောင် ခွဲခြားဆက်ဆံခဲ့တဲ့အတွက်လည်း အကိုကြီးက အိမ်ရဲ့ဦးစီးအဖြစ်အခုထိ အခွင့်ထူးခံ ဖြစ်နေဆဲ။ ငါမရှိရင် မဖြစ်ပါဘူးကွာဆိုတဲ့ အချိုးနဲ့ ခပ်တင်းတင်းပဲ။
အကိုကြီးရဲ့ စီမံမှုကြောင့်အဝေးရောက်နေတဲ့ အမေက အခု အိမ်ပေါ်ပြန်ရောက်လာပြီ။ မချစ်သော်လည်း အမေ့အရှိန်အဝါကြောင့် အကိုကြီးက အလေးထားပြရပြီ။ ညီအကိုတွေ သွေးကွဲနေတာ ပြန်တည့်အောင် အကုန်ခေါ်လိုက်ပြီ။ ဘာမကြေနပ်တာရှိလဲ။ ပွင့်ပွင့်လင်းလင်း ပြောကြလို့ ခွင့်ပေးလို့ ရင်ဖွင့်ပွဲလေး လုပ်ခွင့်ရသလိုမျိုး။

နောက်ပိုင်းဇာတ်လမ်းကတော့ ပိတ်ကားပေါ်မှာ ရှုကြပါတော့။
အမေရှိတုန်းမှာ ပြသနာတွေပြေလည်အောင် အလျှော့အတင်းလုပ်ကြပြီး အကိုကြီးနဲ့ ညီငယ်တွေ ချစ်ကြည်ရေးပြန်ရလေမလား။ အမေလည်းဂရုမစိုက်ဘူးကွာ ဆိုပြီး ဆက်လက်မိုက်ကြလေမလားပေါ့။ မိသားစုဝင်တွေကတော့ မျှော်လင့်ချက်တွေရင်မှာပိုက်ကြီး စောင့်နေကြပါကြောင်း အကိုကြီးနဲ့ညီငယ်များ သိစေရန် ရင်ဖွင့်လိုက်ပါတယ်ဗျာ။

မြန်မာမှန် ပုဂံကိုချစ်


မြန်မာမှန် ပုဂံကိုချစ်သတဲ့။ မောင်လူပေက နည်းနည်းပိုမည်။ ပုဂံတင်မကပဲ ဇလုံရော ခွက်ရော ဇွန်းရော ချစ်သည်။ ပိုသည်မဆိုပါနှင့်။ ပုဂံကဝယ်ထားသော ယွန်းခွက်တွေ ယွန်းဇွန်းတွေ၊ ယွန်းလင်ပန်းတွေ အိမ်မှာတပုံတပင်။

ငလျှင်ကြောင့် ပျက်စီးသွားသောရှေးဟောင်းစေတီပုထိုးများအတွက်လည်း စိတ်မကောင်း။ ယူနက်စကိုကြီးနဲ့ ပူးတွဲဆောင်ရွက်မည်ဆိုသည့်အတွက်တော့ အတန် စိတ်အေးရသား။ အန်တီစုကလည်း ညွှန်ကြားထားသတဲ့။ သမ္မတကြီး ပုဆိုးမပြီး ပုဂံဘုရားကြားမှာ ခြေဗလာဖြင့် လိုက်လံစစ်ဆေးနေပုံများလည်း တွေ့ရသည်။

ပုဂံရောက်တိုင်း ပုဂံသားတို့နှင့် မိတ်ဆွေဖွဲ့ကာ စကားတမည်ပြောကြတိုင်း ကြားခဲ့ရသည့်စကားတခုကို ပြန်လည် အမှတ်ရ၏။ ပုဂံက အပျိုရည်ပျက်ခဲ့တာ ကြာပါပြီတဲ့။ ခေတ်အဆက်ဆက် ပုဂံကို ဖျက်ခဲ့ကြတာ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းတွင် သွင်းလို့မရနိုင်တော့သည်အထိပေါ့။ ဘုရားတဆူခြင်း ကိုသာ ဒီစာရင်းဝင်ရန် စီမံနေကြရပါသတဲ့။

နေဝင်ချိန်ကို ရွှေဆံတော်ပေါ်က စောင့်မျှော်ကြည့်တော့ အပျိုရည်ပျက်တဲ့ပုဂံဆိုတာ တယ်မှန်ပါလားဟု ခံစားရသည်။ ခေတ်သစ်လက်ရာရွှေထီးတွေတပြောင်ပြောင် ရွှေရောင်ဝင်းနေသည့် စေတီတချို့က ရှေးဟောင်းဘုရားပုထိုးများကြားမှာ ဆွမ်းဆံထဲကြက်ချေးရောသလို ပြောင်လက်လက်။ နန်းမြို့မျှော်စင်အသစ်ကြီးက ထိုးထိုးထောင်ထောင်။ ပုဂံပြတိုက်ကြီးရဲ့ သစ်လွင်တဲ့စုလစ်မွန်းချွန်တွေက အမိုးသစ်ကြီးနဲ့ အပြိုင် မိုးထိုးမယောင်။ ကင်မရာရိုက်ကွင်းထဲကို ဒီလက်ရာတွေရောက်မလာအောင် အတော်ကြိုးစားခဲ့ရ၏။

ပုဂံပြတိုက်ကြီးကိုရောက်တော့လည်း မောင်စပ်စုမို့ ပြတိုက်တာဝန်ရှိသူနှင့် မိတ်ဖွဲ့စပ်စုခဲ့သည်။ ပြတိုက်ကြီးကား အိမ်အိုဟောင်းကြီးနှင့်တူလေစွ။ ကြမ်းခင်းပါကေးတွေကြွ၊ ဆေးတွေကွာ၊ အနံ့အသက်ကလည်းမကောင်း။ အဲကွန်းတွေက မလည်ပတ်တော့။ မေးကြည့်တော့ ထရန်စဖေါ်မာမနိုင်လို့ ပိတ်ထားပါသတဲ့။ ထရန်စဖေါ်မာကိုလဲလိုက်ပါလားလို့ ပြောတော့ ဘတ်ဂျက်မရှိပါတဲ့။ လာကြည့်သူလည်း လေးငါးယောက်ထက်ပိုမည်မထင်။ ပြတိုက်ကြီးကို ဟီးထအောင်တည်ဆောက်ခဲ့ပြီး ပြုပြင်စားရိတ်မရှိဘူးဆိုတော့ ဘာပြောရမည်လည်း မသိတော့။ ပုဂံခေတ်ထဲက ဆန်စပါးစိုက်မရခဲ့တဲ့မြေကို ရေသွင်းစိုက်ဖို့ကြိုးစားခဲ့တဲ့ ဝန်ကြီးတယောက်အကြောင်း၊ မြစ်ရေတင်စီမံကိန်းတွေ အလုပ်မဖြစ်လို့ ရပ်တန့်လိုက်ရတဲ့အကြောင်းတွေပြောဖြစ်ခဲ့သည်။

ပုဂံမြေကား မိုးခေါင်ရေရှားမို့ ဖုန်းဆိုးမြေသာသာ။ ယာလုပ်ငန်းကလည်း မိုးမရလျှင်မအောင်မြင်။ ထန်းပင်ထန်းတော လွမ်းမောစရာကလွဲလျှင် ဘာစီးပွားရေးမှမရှိ။ လာလည်မဲ့ဧည့်သည်မျှော်ရင်း ပုဂံသားတွေမြို့သစ်မှာ ဒုက္ခမျိုးစုံနှင့် လုံးခြာလည်လျှက်။ ရှေးဟောင်းယဉ်ကျေးမှုဇုံဖေါ်ဆောင်မည်ဆို၍ ဘုရားကြားကနေထွက်ပေးလိုက်ကြရသောပုဂံသားများ၏ ရင်ထဲမှာလည်း မကြေနပ်ချက်ပေါင်းများစွာ။ သူတို့ထွက်ပေးလိုက်ရသောမြေထဲမှာ ဟော်တယ်ကြီးတွေ၊ စားသောက်ဆိုင်ကြီးတွေအလျှိုအလျှို ပေါ်လာမှတော့ ကြေနပ်နိုင်ပါ့မလား။ လူနေခွင့်မရှိတဲ့ ရှေးဟောင်းဇုံထဲက ဟော်တယ်တွေ ၊ လူတွေအကြောင်း သောင်းပြောင်းထွေလာတွေကလည်း ပုဂံရာဇဝင်လို ပြောမကုန်နိုင်။

ပုဂံကိုတည်ဆောက်ခဲ့ကြသည်။ ဖျက်မှန်းမသိ ပြင်ရင်းဖျက်ခဲ့ကြသည်။ နံရံဆေးရေးတွေအပေါ်မှာဆေးသုတ်၊ အပေါစားပန်းရံဆရာရဲ့မညီမညာဘိလပ်မြေလက်ရာများ၊ ရွှေထီးမတင်ခဲ့တဲ့ခေတ်ရဲ့ လက်ရာတွေမှာ ရွှေထီးတွေတဝင်းဝင်း၊ ရွှေရောင်တပြောင်ပြောင်၊ ရှေးဟောင်းဇုံထဲက ခေတ်လက်ရာပြတိုက်ကြီးနဲ့မျှော်စင်။ ဒါတွေကြောင့်လည်း ဆရာကြီးဒေါက်တာသန်းထွန်းက" ခေတ်အဆက်ဆက်ကတည်ဆောက်ခဲ့တာမို့ ပုဂံကိုဘယ်သူတည်ခဲ့တယ်လို့ အတိအကျမပြောနိုင်ဘူး။ ဘယ်သူဖျက်ဆီးခဲ့တယ်ဆိုတာတော့ ပြောနိုင်တယ်။ " ဟူ၍ နာနာကြည်းကြည်း ပြောခဲ့ခြင်းဖြစ်မည်။ " အပျိုရည်ပျက်ရုံမျှမက မုဒိန်းအကြိမ်ကြိမ်အကျင့်ခံခဲ့ရတဲ့ပုဂံမြေပါ။ " ဟူသော ပုဂံသားတွေရဲ့ ရင်ထဲကအသံကို ထပ်တူနားလည်ခံစားခဲ့ရသည်။

ဒီတခေါက်တော့ တတ်သိပညာရှင်များဦးဆောင်ကာ ယူနက်စကိုရဲ့ကူညီမှုဖြင့် ပုဂံကို ပြန်လည်တည်ဆောက်ဖို့ ကြိုးပမ်းကြမည် ဆိုပါသဖြင့် "သာဓုပါဗျာ" ဟူ၍ ပြောရုံမှတပါး အခြားစကားလုံး ရှာမတွေ့တော့ပါကြောင်း။

ချစ်ခြင်းအားဖြင့်

မောင်လူပေ

ဧရာမနဂါးကြီးနဲ့ခွတ်ဒေါင်းတို့တွေ့ဆုံပွဲလေးပေါ့


ဧရာမနဂါးကြီးနဲ့ခွတ်ဒေါင်းတို့တွေ့ဆုံပွဲလေးပေါ့။

မြန်မာပြည်တည်ငြိမ်ရေးကို သူတို့လိုလားတယ်။ ရင်းနှီးမြှုတ်နှံထားတာ ဒေါ်လာ ဘီလီယံပေါင်းသုံးဆယ်ကျော်။ အိန္ဒိယသမုဒ္ဒရာကြီးရဲ့ ထွက်ပေါက်အဖြစ်လည်း သုံးချင်တယ်။ ကူမင်းကျောက်ဖြူရထားလမ်း ကားလမ်းပြီးရင် နေ့တဝက်နဲ့ ရောက်နိုင်ပြီ။ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကြီးပြီးသွားရင် မလက္ကာရေလက်ကြားကို မေ့ထားလိုက်ယုံပဲ။ တောင်တရုတ်ပင်လယ်က အိမ်ရှေ့ပေါက်ကိုအပိတ်ခံရလည်း မှုဖို့မလိုတော့။

အာဖရိကနဲ့တိုးချဲ့ထားတဲ့စီးပွားရေးကြောင့် ကုန်စည်တွေ လှိမ့်ဝင်လာတော့မယ်။ တိုးပို့ရတော့မယ်။ ကျောက်ဖြူကပို့ရင် လမ်းတဝက် သက်သာနေပြီ။ မြန်မာနဲ့အိန္ဒိယလား နားထား။ သူတို့ရဲ့အပုံတရာပုံတပုံတောင် ကုန်သွယ်မှုမရှိ။ ရှေ့မှာ လက်ဦးမှုယူပြီးသား။

အမေရိကန်၊ ဂျပန်၊ ဥရောပတွေက ခုမှ ဝင်ဖို့လေ့လာတုန်း။ သူက အစောကြီးထဲက ဖျာခင်းထားတာ။ မှီလာစရာမရှိသေး။

အနေမတတ်ရင် နောက်ကြောကနေ အန်ကယ်ဆမ်က တံခါးခေါက်လာမှာကြိုသိလို့ အန်ကယ်ဆမ်မလာခင် ကြိုရောက်နှင့်ထားတာ ။ ပြီးရော။

မြန်မာဟာ တရုတ်အတွက်အလွန်အရေးကြီးသလို တရုတ်ဟာ အိမ်နီးချင်းနိုင်ငံကြီးမို့ မြန်မာအတွက်လည်း အလွန်အရေးကြီးပါတယ်။ ဘယ်သူကမှ မိတ်ဖက်ကနေ မိတ်ပျက်ခံကြမယ်မဟုတ်။

ကြိုဆိုပါတယ်။

မြစ်ဆုံဆည်အကြောင်းရေးသားနေကြ


မြစ်ဆုံဆည်အကြောင်းရေးသားနေကြတာတွေဖတ်ရင်း ဆောက်သင့်တယ် မဆောက်သင့်ဘူး အငြင်းမပွားခင် အမေရိကားက Hoover Dam လို့ လူသိများတဲ့ဆည်ကြီးတခုအကြောင်း ပြောချင်ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်ထဲအထိ ဖြတ်စီးနေတဲ့ ကော်လော်ရာဒိုမြစ်ကြီးဆိုတာ အာရီးဇိုးနား ၊ နီဗားဒါးစတဲ့ပြည်နယ်တွေကိုဖြတ်စီးလာတဲ့မြစ်ရှည်ကြီးပေါ့။ ဒီမြစ်ကြီးကြောင့် ရေကြီးမှုတွေခဏခဏဖြစ်ကြတယ်။ စိုက်ပျိုးထားသမျှ ဆုံးရှုံးတယ်။ နွေကြတော့ ဒီမြစ်က ရေနည်းလို့ သွားမရပြန်ဘူး။ ဒီဒုက္ခတွေ ကင်းဝေးရေးအတွက် ဆည်တခုတည်ဆောက်ဖို့ ကြိုးစားကြရာက ပေါ်လာခဲ့တဲ့ ဧရာမဆည်ကြီးပါ။

အမေရိကားမှာ စီးပွားပျက်ကပ်ကြီးဖြစ်နေချိန်မှာ ဒီစီမံကိန်းကြီးကြောင့်လည်း လူအများအလုပ်ရခဲ့ကြတယ်။ ၁၉၃၁ ကနေ ၁၉၃၆ ထိ ငါးနှစ်ကြာအောင်တည်ဆောက်ခဲ့ရတဲ့ ဒီဆည်ကြီးဟာ အဲဒီအချိန်က အကြီးဆုံးဆည်ကြီးတခု ဖြစ်ခဲ့ပါတယ်။

ဆယ်အမြင့်ပေ ၁၂၀၀ကျော်၊ အကျယ် ပေ၁၂၀၀ကျော်၊ အောက်ခြေထု ပေ၆၀၀ ကျော် ရှိတဲ့ ဒီဆည်ကြီးဟာ ရေသန်းပေါင်း ၃.၂၅ကုဗကိုက် ထိ သိုလှောင်နိုင်ပြီး တစက္ကန့်ကို ကုဗပေလေးသိန်းထိ ရေလွှတ်အားပေးနိုင်တယ်။ ရေလှောင်ကန်ကြီးထဲမှာ ရေကုဗပေပေါင်း ၂၈.၅ သန်းထိ သိုလှောင်အားရှိတယ်။ ရေအားလျှပ်စစ်တာဘိုင်တွေကနေ မဂ္ဂါဝပ် နှစ်ထောင်ကျော်ထိ ထုတ်ယူနေပြီး အနီးက ပြည်နယ်တွေကို လျှပ်စစ်အား ပေးနေပါတယ်။

နှစ်စဉ်ဖြစ်နေကြ ရေကြီးမှုတွေကို ကာကွယ်နိုင်ယုံမကပဲ နွေအချိန် ရေနည်းရင် ရေလွှတ်ပေးနိုင်လို့ ဒီမြစ်ကြီးကို အကျိုးရှိစွာသုံးနိုင်ခဲ့တယ်။ အခုဆို ဒီဆည်ကြီးရဲ့အသက်ဟာ နှစ်ရှစ်ဆယ်တောင် ရှိခဲ့ပါပြီ။ အဖိုးကြီးဘဝပေါ့။ ဒါပေမဲ့ တာဝန်ကြေဆဲ ဆည်ကြီးတခုဖြစ်နေဆဲ။ အနီးက လပ်စ်ဗေးဂပ်မြို့နဲ့လည်း မိုင်သုံးဆယ်ပဲဝေးတာမို့ ကမ္ဘာလှည့်ခရီးသွားတွေရဲ့ လည်ပတ်စရာနေရာအဖြစ်နဲ့ ဝင်ငွေတွေ ရနေဆဲပါ။

ကျွန်တော်တို့ဆီက မိုးတွင်းတိုင်းရေကြီးနေတဲ့ ဧရာမြစ်ကြီးအတွက်လည်း ဒီလိုဆည်ကြီးတခုရှိရင် မကောင်းပေဘူးလား။ ရေကြီးတာတွေ ကာကွယ်နိုင်မယ်။ စိုက်ခင်းတွေ လယ်ကွင်းတွေ ဒုက္ခမတွေတော့ဘူး။ နွေအခါ ရေလွှတ်ပေးရင် ဧရာမြစ်ကြီးတိမ်ကောမဲ့အရေးကတောင် ကာကွယ်နိုင်လိမ့်မယ်။

အခုမြစ်ဆုံဆည်ကြီးကို ဆက်ဆောက်ဖို့ လော်ဘီလုပ်နေတာမဟုတ်။ တရုတ်ကြီးအတွက်လျှပ်စစ်ထုတ်ဖို့ဆောက်ခဲ့တာမို့ သဘောမတူခဲ့တာ အစအထဲကပါ။

မြန်မာအင်/ယာတွေဆွဲထားတဲ့ မြစ်ဆုံဘက်စုံစီမံကိန်းဆိုတာရှိပြီးသားလို့ကြားဖူးတယ်။ ဒီဟာကြီးကို ဒေသခံတွေချပြ။ ကိုယ်တိုင်မလုပ်နိုင်ရင် နိုင်ငံခြားက ပညာရှင်တွေငှားပြီးတည်ဆောက်ကြရင် မြန်မာပြည်အတွက် ရာနှုန်းတရာပြည့် အကျိုးရှိမဲ့ ဆည်ကြီးတခု ဖြစ်လာမှာပဲ။ ကြာချငိသလောက်ကြာပါစေ။ ဇွဲနဲ့တည်ဆောက်ကြရင် ဖြစ်လာမှာပါ။ ကမ္ဘာ့အဆင့်မှီ ငလျှင်ဒါဏ်ခံ မြန်မာပိုင် ဧရာဆည်ကြီးကို မြင်ချင်စမ်းပါဘိဗျာ။

အချိန်ထဲကလူသား


အချိန်ထဲကလူသား

မနေ့က သမီးကပြောတယ်။ ဒီနှစ်ကိုးတန်းတက်မဲ့ကလေးတွေက Nine Eleven လို့ခေါ်ကြတဲ့ World Trade Center ကိုလေယာဉ်တိုက်မှုဖြစ်ချိန်မှာ မမွေးသေးဘူး တဲ့။ သူတို့တွေက Nine Eleven ဖြစ်စဉ်ကို သေချာသိကြမှာမဟုတ်ဘူးတဲ့။

အမေရိကန်သမိုင်းမှာ အဆိုးဝါးဆုံးနဲ့ လူအသေအပျောက်အများဆုံး အကြမ်းဖက်ခံရမှုဖြစ်စဉ်က စက်တင်ဘာ (၁၁) ရက်နေ့မှာ ဖြစ်ခဲ့တာမို့ Nine Eleven လို့ပဲ ဒီက လူတွေ မှတ်ထားပါတယ်။ ၂၀၀၁ ခုနှစ်မှာ ဖြစ်ခဲ့တာမို့ အခုဆို (၁၅)နှစ်တောင်ကြာခဲ့ပြီပေါ့။ ဒီဖြစ်စဉ်ပြီးမှ မွေးကြတဲ့ကလေးတွေတောင် ကိုးတန်းတွေရောက်ကုန်ပြီ။

ကျွန်တော်တို့နိုင်ငံရဲ့ ရှစ်လေးလုံးဖြစ်စဉ်က ၁၉၈၈ မှာဖြစ်ခဲ့တာမို့ အဲဒီဖြစ်စဉ်ပြီးမှ မွေးခဲ့ကြသူတွေတောင် (၂၈) နှစ်ထဲရောက်နေကြပြီ။ တချို့ဆို အိမ်ထောင်တွေကြလို့ ကလေးတွဲလောင်း ဖြစ်နေပြီ။ ကိုယ်တိုင်တောင်မမှီခဲ့တဲ့ ဖြစ်စဉ်တခုမို့ သူတို့သားသမီးတွေကို ရှင်းပြဖို့အတော်ခက်ပေလိမ့်မယ်။ ဒီအရေးအခင်းမှာစီးမြောခဲ့တဲ့ လူတယောက်အနေနဲ့ ပြောရရင်တော့ ဒီမိုကရေစီအရေးအတွက် ဘာမျှော်ကိုးချက်မှမထားပဲ ပါဝင်ခဲ့ကြတဲ့ ပြည်သူအများစုကြီးထဲမှာ သဲတပွင့်အဖြစ်ပါဝင်ခဲ့ရတာကိုပဲ ဂုဏ်ယူမဆုံးဖြစ်နေဆဲ။ ဒီမိုကရေစီတော်လှန်ရေးရဲ့အစကနေ ယနေ့အချိန်ထိ ယုံကြည်ချက်ကို စွဲကိုင်ရင်း အသက်ပေးခဲ့ကြသူတွေကိုလည်း အလေးပြုမဆုံးရှိနေဆဲ။ လူငယ်တွေကိုလည်း ရှစ်လေးလုံးရဲ့အနှစ်သာရတွေကို လက်ဆင့်ကမ်းပေးချင်နေဆဲပါ။ ဒါကတော့ ကိုယ့်အမြင်ပေါ့။

တလောက ဒီဖြစ်စဉ်အကြောင်း သိမှီခဲ့သူတွေက သူတို့မှတ်မိသလောက်ပြန်ရေးကြတာ ဖတ်ရတယ်။ သူတို့ဖြတ်သန်းခဲ့တဲ့အရွယ်မှာ မှတ်မိသလောက်ရေးတာမို့ အနည်းအများတော့ အမှားကင်းမှာမဟုတ်။ ပြန်ရေးကြတာကိုပဲ ကြိုဆိုပါတယ်။ အမြင်တွေလည်းမတူကြ။ အဲဒီအချိန်မှာ ပါတီကောင်စီတွေနဲ့ပတ်သက်သူတွေက မကောင်းမြင်ကြလိမ့်မယ်။ ကြောက်တတ်သူတွေက မင်းမဲ့စရိုက်လို့ မြင်ကြမယ်။ နိုင်ငံရေးစိတ်ဓါတ်နိုးကြားခဲ့သူတွေက ဒီမိုတိုက်ပွဲရဲ့အစလို့ မြင်ကြမယ်။ အခြေခံမတူလို့ အမြင်မတူကြတာ သဘာဝမို့ ဘာမှ မပြောလိုပါ။ နဝတ နအဖ ခေတ်က ဝါဒဖြန့်စာတွေဖတ်ပြီးကြီးခဲ့တဲ့လူငယ်တချို့ဆိုရင်တော့ တပ်မတော်ကို ကယ်တင်ရှင်အဖြစ် မြင်နိုင်သေးတယ်။

အမြင်ခြင်းမတူကြတာတွေကို လက်ခံပြီး ဘုံဖြစ်အောင်ဆွေးနွေးအဖြေရှာတာ ဒီမိုကရေစီရဲ့အနှစ်သာရ။ မတူတာတွေပေါင်းပြီး ခွန်အားတခုကို တည်ဆောက်ရတဲ့သဘော။ မတူတဲ့အမြင်တွေရှိမှာသဘာဝ။ ကိုယ်ဖြတ်သန်းခဲ့ရတဲ့အချိန်ကာလတခုနဲ့ ပတ်ဝန်းကျင်က ကိုယ့်ရဲ့အမြင်ကို ဖြစ်ပေါ်စေခဲ့တာလေ။

ဒီအရေးအခင်းကြီးအပြီးမှာ ဗမက(ငြိမ်း) ဖြစ်တဲ့ ဦးကြီးက ဆန္ဒပြတဲ့သူတွေကို အရူးတွေလို့ဝေဖန်ခဲ့လို့ သူ့တူတော်မောင် အသက်နှစ်ဆယ်ကျော်ကျောင်းသားနဲ့ အပြန်အလှန် စကားများခဲ့သေးတယ်။ သူ့အိမ်ပေါ်မှာခဏတည်းနေရာက စိတ်ဆိုးပြီး အိမ်ပြောင်းခဲ့ဖူးတယ်။ အခုပြန်တွေးတော့ သူလည်းသူ့အမြင်၊ ကိုယ်လည်းကိုယ့်အမြင် မတူကြတာကို ညှိဖို့ မကြိုးစားခဲ့မိတဲ့အပြစ်လို့ပဲ မြင်မိတယ်။

ဒီရှစ်လေးလုံးအရေးတော်ပုံကြီးထဲကနေ အန်တီစုကို မွေးဖွားပေးနိုင်ခဲ့သလို မဆလကိုဖြုတ်ချနိုင်ခဲ့တယ်။ အာဏာရှင်စနစ်ကိုတော့ မတော်လှန်နိုင်ခဲ့ဘူး။ ခေါင်းဆောင်ကောင်းတွေလည်းအများအပြားပေါ်ထွက်ခဲ့တယ်။ ပွဲလန့်တုန်းဖျာဝင်ခင်းတဲ့ ကိုယ်ကျိုးရှာသမားတွေလည်း ထွက်ပေါ်ခဲ့တာပဲ။ ဒီလူတွေက ဒီမိုသမားဘဝကနေ စစ်အာဏာရှင်တွေရဲ့ဒေါက်တိုင်တွေဘဝကို အခွင့်အရေးတွေအတွက် အရှင်လတ်လတ် ဘဝပြောင်းသွားကြလေရဲ့။

သက်ရှိလူသားတွေရဲ့ အကောင်းအကျိုး အကောင်းအဆိုးတွေကို အဆုံးအဖြတ်ပေးမဲ့တရားသူကြီးကတော့အချိန်ပါပဲ။ အချိန်တွေထဲမှာဖြတ်သန်းရင်း ကိုယ့်သမိုင်းကိုယ်ရေးနေကြလေရဲ့။ အမှန်တရားဖက်က ရပ်တည်ခဲ့သူတွေ၊ လုပ်စားခွင်ထဲမှာ ကြီးပွားခဲ့သူတွေ၊ ဘဝနဲ့ရင်းပြီး ပေးဆပ်ခဲ့ရသူတွေ၊ ဘယ်သူကဘာဆိုတာ အချိန်က ဆုံးဖြတ်ပါလိမ့်မယ်။ အချိန်ထဲက လူသားတွေကို အချိန်က ဆုံးဖြတ်ပေးတဲ့ဆုံးဖြတ်ချက်တွေကို ကြေနပ်စွာခံယူကြပါစို့လား။

ချစ်ခြင်းအားဖြင့်

မောင်လူပေ

အန်တီစုရဲ့ တရုတ်ခရီးစဉ်

ဒီနေ့ အန်တီစုရဲ့ တရုတ်ခရီးစဉ်စပြီ။ နိုင်ငံတော်အကြီးအကဲအနေနဲ့တရားဝင်ခရီးဖြစ်ပြီး ငါးရက်ကြာမယ်တဲ့။

ဆွေမျိုးပေါက်ဖေါ်ချစ်ကြည်ရေးဆိုတဲ့ နာမည်လှလှလေးအောက်မှာ စီးပွားရေးအကျိုးစီးပွားတွေအတွက် ဗမာပြည်ကို တပည့်မွေးပြီး အိပ်ထဲထည့်ခဲ့တဲ့ တရုတ်ပြည်။ စစ်အစိုးရရဲ့တရုတ်ကြောက်မူဝါဒကို နင်းပြီး ပြည်သူတွေကို မျက်ကွယ်ပြုကာ ရသမျှကိုဈေးပေါပေါနဲ့ထုတ်ယူခွင့်ရခဲ့တဲ့ တရုတ်ပြည်။ ဗမာ့စစ်အစိုးရ သက်ဆိုးရှည်ဖို့ ဗီတိုကြီးတပြပြနဲ့ လာသမျှ ကုလသမဂ္ဂရဲ့ဆုံးဖြတ်ချက်တွေကို ပယ်ချပေးခဲ့တဲ့တရုတ်ပြည်။ အန်တီစုကို အနောက်မျှော်မဲ့သူလို့သတ်မှတ်ပြီး သူတပါးအိမ်တွင်းရေးမို့ ဝင်မစွက်ပါဆိုတဲ့စကားလှလှလေးသုံးကာ ဗမာစစ်အစိုးရရဲ့ အန်တီအပေါ်မတရားလုပ်မှုအပေါင်းကို မသိချင်ယောင်ဆောင် ပေးခဲ့တဲ့တရုတ်ပြည်။ အဲဒီပြည်ကြီးက ၂၀၁၂ မှာ အန်တီစုကို ကောဇောနီခင်းပြီးကြိုခဲ့ဘူးတယ်။ သိပ်ချစ်လို့တော့မဟုတ်။ တချိန်မှာ ဒီမိန်းမ အာဏာရလာနိုင်တယ်ဆိုတာ ကြိုသိခဲ့လို့ပဲ။

အခုလည်း အန်တီစုကို ကောဇောနီနဲ့ကြိုကြပေဦးမယ်။ အာဏာရအစိုးရရဲ့ ခေါင်းဆောင်ပေကိုး။ မကြာခင်က လာသွားတဲ့ CCP က ဝန်ကြီးတပါးကလည်း နောက်ကွယ်ကလက်မည်းကြီးလို့ လူတွေသိထားတဲ့ စာဖတ်နေသူကြီးနဲ့ တွေ့သွားလေရဲ့။ သူ့တပည့်တွေနိမ့်ပါးနေတာကို မမေ့ထားပါဘူးဆိုတဲ့သဘော။ အလွန်လည်လှတဲ့ စီးပွားရေးသမားကြီးမို့ ဘယ်အကောင်တက်တက် ဒေါင်းမှာပဲဆိုတဲ့ ဖဲသမားစကားဟာ သူတို့အတွက် ဒက်ထိပေါ့။

တရုတ်ကြီးအတွက် ခုအချိန်က အခက်တွေများနေချိန်။ တရုတ်စီးပွားရေးနှေးကွေးနေတယ်။ ဗမာပြည်ဖြတ်တဲ့ ပိုးလမ်းမကြီး ပြန်ဆောက်ချင်တယ်။ တောင်တရုတ်ပင်လယ်ကိစ္စနဲ့ ဖိလစ်ပိုင်၊ ဂျပန်၊ ထိုင်ဝမ်တို့နဲ့ ပြသနာတက်နေတယ်။ တရုတ်ဖက်မှာရပ်တည်ပေးနေကြ ဗမာပြည်ကလည်း အာဆီယံမှာ ကြားနေဘဝပြောင်းလိုက်လို့ သူ့ဖက်မှာ လာအိုနဲ့ကမ္ဘောဒီးယားလောက်ပဲ ရှိတော့တယ်။ ဗမာပြည်ကို အနောက်နဲ့နီးစပ်သွားမှာ စိုးရိမ်နေတယ်။ ဗမာပြည်သူတွေရဲ့ဆန့်ကျင်မှုတွေ ကြုံတွေ့နေရတယ်။

တဂူထဲမှာခြင်္သေ့နှစ်ကောင်အောင်းနေရတဲ့ ဗမာပြည်ဆိုပေမဲ့ ဘယ်သူက တကယ့်ခြင်္သေ့ဆိုတာသိတဲ့ တပ်ချုပ်ခြင်္သေ့ကြီးက အသာလျှိုပေးထား (အန်တီရဲ့ စည်းလုံးရေးစွမ်းရည်) ချိန်။ အန်တီစုရဲ့ ပါးနပ်လိမ္မာတဲ့ သံတမန်ရေးဆက်ဆံတတ်မှု။ ဒါတွေကြောင့် မလာခင်ထဲက မြစ်ဆုံကို ရှေ့တန်းမတင်ပါဘူးလို့ တရုတ်ဖက်က ကြေညာရတဲ့အထိ။ တရုတ်နိုင်ငံ ခရီးစဉ်က ထူးခြားမှုတွေအပြည့်။

အန်တီရဲ့အပြန်ခရီးကတော့ ပန်းခင်းသောလမ်းတခုဖြစ်မှာ အသေအချာ။

မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည်

မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည်တဲ့။ ဟုတ်ကဲ့။ သွားလေသူအဘတွေရဲ့အမျှော်အမြင်ကြီးမားမှုနဲ့ လွန်ခဲ့သော နှစ်နှစ်ဆယ်ခန့်ထဲက စခဲ့တာပါ။ ဂီတ၊ ရုပ်ရှင်အဖွဲ့တွေကလည်း တီဗွီဖန်သားပြင်မှာ အုပ်စုလိုက်တွေ သီဆိုပြကြ။ ရေးတဲ့တေးရေးတွေရော ဆိုတဲ့သူတွေရော အဲဒီအချိန်ကရွှေထက်တန်ဖိုးရှိတဲ့ ဟန်းဖုန်းပါမစ်တွေရကြသတဲ့။ ငွေတော့လွှမ်းတာသေချာတယ်။ သိန်းသုံးလေးဆယ် တန်ပေတာကိုး။

အားကစားကတော့ ခုထိ ဘာကိုလွှမ်းနေပြီလည်းမသိန်ုင်သေး။ ကမ္ဘာ့အိုလံပစ်ပွဲကြီးရဲ့ ရလာဒ်တွေ ဒီနေ့ဝင်ကြည့်တော့ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ထိုင်းက ရွှေငွေကြေး ၂/၁/၁ နဲ့ ဦးဆောင်နေတယ်။ 
အကိုကာလသားများအကြိုက် ငုရင်လေးရဲ့နိုင်ငံ ဗီယက်နမ်က ရွှေ ၁ ၊ ငွေ ၁ ပါတဲ့။ မြန်မာတွေပျော်တဲ့ခြင်္သေ့နိုင်ငံလေး စင်ကြားပူကလည်း ရွှေ ၁ ။ အင်ဒိုနီးရှားကြီးက ငွေ ၂ ။ မလေးရှားက ငွေ ၁ ၊ ဖိလစ်ပိုင်က ငွေ ၁ စသည်ဖြင့် အသီးသီး ဆွတ်ခူးရရှိထားပါတယ်။ 

ကမ္ဘာကိုလွှမ်းရမည်ဆိုတဲ့ မြန်မာအားကစားအဖွဲ့ကတော့ ဘဲဥမကွဲသေးရှာပါ။ မြှားပစ်က သမီးငယ်လေးကတော့ အဆင့်၁၆ ရပါသတဲ့။ နောက်ဆုံး ရှစ်ဦးထဲထိ မပါခဲ့ရှာ။ ရေကူးမောင်လေးကလည်း လူရှစ်ဆယ်မှာ အဆင့် ၇၀ ပါတဲ့။ ပြေးခုန်ပစ်ကတော့ မပြိုင်ကြရသေး။

မြန်မာပြည်အားကစားလောကမှာ လူအားပေးမှုအရဆုံးဘောလုံးကတော့ ခြေစစ်ပွဲမအောင်ခဲ့လို့ ဒီပွဲကို မရောက်လာခဲ့။ ပွဲရှုံးရင် တွေ့ကရာနဲ့ပေါက်၊ ခုံတွေဖျက်ဆီးနဲ့ လုပ်တတ်ကြတဲ့ ပရိတ်သတ်တချို့ကြောင့်လည်း လျှော်ရပေါင်းမနည်းလှတော့။

ပွဲတွေအပိတ်ခံရ၊ လျှော်ရတာထက် မြန်မာတွေရိုင်းလိုက်တာလို့ ကမ္ဘာ့အမြင်မှာ လွှမ်းသွားတာတော့ အသေအချာ။

အဘတို့ရဲ့ မြန်မာ့အားကစား ကမ္ဘာလွှမ်းရမည်ဆောင်ပုဒ်ကတော့ အပြောနဲ့အလုပ်မညီလေသလား။ စီမံကွပ်ကဲမှုတွေ ပံ့ပိုးမှုတွေ ညံ့လေသလား။ လားပေါင်းများစွာ။