အန်တီစုရဲ့ တရုတ်ခရီးစဉ်
ဒီနေ့ အန်တီစုရဲ့ တရုတ်ခရီးစဉ်စပြီ။ နိုင်ငံတော်အကြီးအကဲအနေနဲ့တရားဝင်ခရီးဖြစ်ပြီး ငါးရက်ကြာမယ်တဲ့။
ဆွေမျိုးပေါက်ဖေါ်ချစ်ကြည်ရေးဆိုတဲ့ နာမည်လှလှလေးအောက်မှာ စီးပွားရေးအကျိုးစီးပွားတွေအတွက် ဗမာပြည်ကို တပည့်မွေးပြီး အိပ်ထဲထည့်ခဲ့တဲ့ တရုတ်ပြည်။ စစ်အစိုးရရဲ့တရုတ်ကြောက်မူဝါဒကို နင်းပြီး ပြည်သူတွေကို မျက်ကွယ်ပြုကာ ရသမျှကိုဈေးပေါပေါနဲ့ထုတ်ယူခွင့်ရခဲ့တဲ့ တရုတ်ပြည်။ ဗမာ့စစ်အစိုးရ သက်ဆိုးရှည်ဖို့ ဗီတိုကြီးတပြပြနဲ့ လာသမျှ ကုလသမဂ္ဂရဲ့ဆုံးဖြတ်ချက်တွေကို ပယ်ချပေးခဲ့တဲ့တရုတ်ပြည်။ အန်တီစုကို အနောက်မျှော်မဲ့သူလို့သတ်မှတ်ပြီး သူတပါးအိမ်တွင်းရေးမို့ ဝင်မစွက်ပါဆိုတဲ့စကားလှလှလေးသုံးကာ ဗမာစစ်အစိုးရရဲ့ အန်တီအပေါ်မတရားလုပ်မှုအပေါင်းကို မသိချင်ယောင်ဆောင် ပေးခဲ့တဲ့တရုတ်ပြည်။ အဲဒီပြည်ကြီးက ၂၀၁၂ မှာ အန်တီစုကို ကောဇောနီခင်းပြီးကြိုခဲ့ဘူးတယ်။ သိပ်ချစ်လို့တော့မဟုတ်။ တချိန်မှာ ဒီမိန်းမ အာဏာရလာနိုင်တယ်ဆိုတာ ကြိုသိခဲ့လို့ပဲ။
အခုလည်း အန်တီစုကို ကောဇောနီနဲ့ကြိုကြပေဦးမယ်။
အာဏာရအစိုးရရဲ့ ခေါင်းဆောင်ပေကိုး။ မကြာခင်က လာသွားတဲ့ CCP က
ဝန်ကြီးတပါးကလည်း နောက်ကွယ်ကလက်မည်းကြီးလို့ လူတွေသိထားတဲ့
စာဖတ်နေသူကြီးနဲ့ တွေ့သွားလေရဲ့။ သူ့တပည့်တွေနိမ့်ပါးနေတာကို
မမေ့ထားပါဘူးဆိုတဲ့သဘော။ အလွန်လည်လှတဲ့ စီးပွားရေးသမားကြီးမို့
ဘယ်အကောင်တက်တက် ဒေါင်းမှာပဲဆိုတဲ့ ဖဲသမားစကားဟာ သူတို့အတွက် ဒက်ထိပေါ့။
တရုတ်ကြီးအတွက် ခုအချိန်က အခက်တွေများနေချိန်။ တရုတ်စီးပွားရေးနှေးကွေးနေတယ်။
ဗမာပြည်ဖြတ်တဲ့ ပိုးလမ်းမကြီး ပြန်ဆောက်ချင်တယ်။ တောင်တရုတ်ပင်လယ်ကိစ္စနဲ့
ဖိလစ်ပိုင်၊ ဂျပန်၊ ထိုင်ဝမ်တို့နဲ့ ပြသနာတက်နေတယ်။
တရုတ်ဖက်မှာရပ်တည်ပေးနေကြ ဗမာပြည်ကလည်း အာဆီယံမှာ ကြားနေဘဝပြောင်းလိုက်လို့
သူ့ဖက်မှာ လာအိုနဲ့ကမ္ဘောဒီးယားလောက်ပဲ ရှိတော့တယ်။ ဗမာပြည်ကို အနောက်နဲ့နီးစပ်သွားမှာ စိုးရိမ်နေတယ်။ ဗမာပြည်သူတွေရဲ့ဆန့်ကျင်မှုတွေ ကြုံတွေ့နေရတယ်။
တဂူထဲမှာခြင်္သေ့နှစ်ကောင်အောင်းနေရတဲ့
ဗမာပြည်ဆိုပေမဲ့ ဘယ်သူက တကယ့်ခြင်္သေ့ဆိုတာသိတဲ့ တပ်ချုပ်ခြင်္သေ့ကြီးက
အသာလျှိုပေးထား (အန်တီရဲ့ စည်းလုံးရေးစွမ်းရည်) ချိန်။ အန်တီစုရဲ့
ပါးနပ်လိမ္မာတဲ့ သံတမန်ရေးဆက်ဆံတတ်မှု။ ဒါတွေကြောင့် မလာခင်ထဲက မြစ်ဆုံကို
ရှေ့တန်းမတင်ပါဘူးလို့ တရုတ်ဖက်က ကြေညာရတဲ့အထိ။ တရုတ်နိုင်ငံ ခရီးစဉ်က
ထူးခြားမှုတွေအပြည့်။
အန်တီရဲ့အပြန်ခရီးကတော့ ပန်းခင်းသောလမ်းတခုဖြစ်မှာ အသေအချာ။
No comments:
Post a Comment