ညီလာခံကြီးအပြီးတွေးမိတာလေးပါ။ မပြောရလို့ တင်းကျပ်နေတဲ့ရင်တွေကို စင်ပေါ်တက်ပြီး ဖွင့်ပြခွင့်တော့ ရခဲ့ပြီ။ အနည်းနဲ့အများတော့ ရင်ထဲမှာ ပေါ့သွားကြမှာပဲ။
တပ်က တင်ပြတာတွေကတော့ ဖန်တရာကျေကြားနေကြစကားလုံးတွေပါ။ကိုယ်စားလှယ်တာဝန်ယူရတဲ့ ဗမကများလည်း တာဝန်ပေးလို့ တက်ဖတ်ပြသွားရတဲ့ပုံပါပဲ။ သူတို့တွေက သားအကြီးကောင်နဲ့တူသဗျ။ အဖေမရှိလို့ အဖေနေရာဝင်ယူရာက အခွင့်ထူးခံဖြစ်တဲ့ သားကြီးမျိုးပေါ့။ ရှိသမျှကို လက်ဝါးကြီးအုပ်ချင်လာတယ်။ ညီငယ်တွေကို မခွဲပေးချင်တော့ဘူး။ သူ့သဘောအတိုင်း စည်းကမ်းတွေထုတ်တယ်။ ဒီစည်းကမ်းတွေကို လိုက်နာကြ။ မလိုက်နာသူ သူ့ရန်သူပဲ။ ဒီသဘောအတိုင်း ဆက်ရပ်တည်တယ်။ ဒါကြောင့် ပေးတာယူ၊ ကျွေးတာစား၊ ပြန်မပြောနဲ့ ဝါဒဖြစ်တဲ့ ' စည်းကမ်းပြည့်ဝသော ဖက်ဒရယ်' ကြီးနဲ့ ချီတက်ကြမယ်။ ထုံးစံအတိုင်းပဲသွားမယ်။
တိုင်းရင်းသားတွေတင်ပြကြတာတွေကို ရိုးရိုးပဲခံစားကြည့်တော့
အရင်ကတောင်းဆိုခဲ့သလိုပဲ သာတူညီမျှမှုလိုချင်တယ်။
စစ်မှန်တဲ့ဖက်ဒရယ်ဆိုတာကိုလိုချင်တယ်။ ကရင်တကျပ်၊ ဗမာတကျပ် ဆိုတာ
စောဘဦးကြီးတို့ စတောင်းဆိုခဲ့တာ။ ဗိုလ်ချုပ်တို့ပင်လုံလည်း
ဒါပဲတောင်းဆိုခဲ့တယ်။ ခုလည်း ဒီအတိုင်းပဲတောင်းတယ်။ သူတို့က
အကိုကြီးဖိနှိပ်တာမခံနိုင်လို့ ရန်ရှာနေကြတဲ့ ညီငယ်တွေနဲ့တူပြန်ရော။
ညီငယ်တွေထဲမှာ သွေးထိုးပေးနိုင်ခဲ့တဲ့အတွက် ညီငယ်အနည်းစုက
အကိုကြီးဖက်မှာရပ်တယ်။ အများစုကတော့ အကိုကြီးကို ဆန့်ကျင်တယ်။
ညီတွေအချင်းချင်း သွေးကွဲအောင် ခွဲခြားဆက်ဆံခဲ့တဲ့အတွက်လည်း အကိုကြီးက အိမ်ရဲ့ဦးစီးအဖြစ်အခုထိ အခွင့်ထူးခံ ဖြစ်နေဆဲ။ ငါမရှိရင် မဖြစ်ပါဘူးကွာဆိုတဲ့ အချိုးနဲ့ ခပ်တင်းတင်းပဲ။
အကိုကြီးရဲ့ စီမံမှုကြောင့်အဝေးရောက်နေတဲ့ အမေက အခု အိမ်ပေါ်ပြန်ရောက်လာပြီ။ မချစ်သော်လည်း အမေ့အရှိန်အဝါကြောင့် အကိုကြီးက အလေးထားပြရပြီ။ ညီအကိုတွေ သွေးကွဲနေတာ ပြန်တည့်အောင် အကုန်ခေါ်လိုက်ပြီ။ ဘာမကြေနပ်တာရှိလဲ။ ပွင့်ပွင့်လင်းလင်း ပြောကြလို့ ခွင့်ပေးလို့ ရင်ဖွင့်ပွဲလေး လုပ်ခွင့်ရသလိုမျိုး။
နောက်ပိုင်းဇာတ်လမ်းကတော့ ပိတ်ကားပေါ်မှာ ရှုကြပါတော့။
အမေရှိတုန်းမှာ ပြသနာတွေပြေလည်အောင် အလျှော့အတင်းလုပ်ကြပြီး အကိုကြီးနဲ့ ညီငယ်တွေ ချစ်ကြည်ရေးပြန်ရလေမလား။ အမေလည်းဂရုမစိုက်ဘူးကွာ ဆိုပြီး ဆက်လက်မိုက်ကြလေမလားပေါ့။ မိသားစုဝင်တွေကတော့ မျှော်လင့်ချက်တွေရင်မှာပိုက်ကြီး စောင့်နေကြပါကြောင်း အကိုကြီးနဲ့ညီငယ်များ သိစေရန် ရင်ဖွင့်လိုက်ပါတယ်ဗျာ။

No comments:
Post a Comment