Sunday, November 6, 2016

မြန်မာမှန် ပုဂံကိုချစ်


မြန်မာမှန် ပုဂံကိုချစ်သတဲ့။ မောင်လူပေက နည်းနည်းပိုမည်။ ပုဂံတင်မကပဲ ဇလုံရော ခွက်ရော ဇွန်းရော ချစ်သည်။ ပိုသည်မဆိုပါနှင့်။ ပုဂံကဝယ်ထားသော ယွန်းခွက်တွေ ယွန်းဇွန်းတွေ၊ ယွန်းလင်ပန်းတွေ အိမ်မှာတပုံတပင်။

ငလျှင်ကြောင့် ပျက်စီးသွားသောရှေးဟောင်းစေတီပုထိုးများအတွက်လည်း စိတ်မကောင်း။ ယူနက်စကိုကြီးနဲ့ ပူးတွဲဆောင်ရွက်မည်ဆိုသည့်အတွက်တော့ အတန် စိတ်အေးရသား။ အန်တီစုကလည်း ညွှန်ကြားထားသတဲ့။ သမ္မတကြီး ပုဆိုးမပြီး ပုဂံဘုရားကြားမှာ ခြေဗလာဖြင့် လိုက်လံစစ်ဆေးနေပုံများလည်း တွေ့ရသည်။

ပုဂံရောက်တိုင်း ပုဂံသားတို့နှင့် မိတ်ဆွေဖွဲ့ကာ စကားတမည်ပြောကြတိုင်း ကြားခဲ့ရသည့်စကားတခုကို ပြန်လည် အမှတ်ရ၏။ ပုဂံက အပျိုရည်ပျက်ခဲ့တာ ကြာပါပြီတဲ့။ ခေတ်အဆက်ဆက် ပုဂံကို ဖျက်ခဲ့ကြတာ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းတွင် သွင်းလို့မရနိုင်တော့သည်အထိပေါ့။ ဘုရားတဆူခြင်း ကိုသာ ဒီစာရင်းဝင်ရန် စီမံနေကြရပါသတဲ့။

နေဝင်ချိန်ကို ရွှေဆံတော်ပေါ်က စောင့်မျှော်ကြည့်တော့ အပျိုရည်ပျက်တဲ့ပုဂံဆိုတာ တယ်မှန်ပါလားဟု ခံစားရသည်။ ခေတ်သစ်လက်ရာရွှေထီးတွေတပြောင်ပြောင် ရွှေရောင်ဝင်းနေသည့် စေတီတချို့က ရှေးဟောင်းဘုရားပုထိုးများကြားမှာ ဆွမ်းဆံထဲကြက်ချေးရောသလို ပြောင်လက်လက်။ နန်းမြို့မျှော်စင်အသစ်ကြီးက ထိုးထိုးထောင်ထောင်။ ပုဂံပြတိုက်ကြီးရဲ့ သစ်လွင်တဲ့စုလစ်မွန်းချွန်တွေက အမိုးသစ်ကြီးနဲ့ အပြိုင် မိုးထိုးမယောင်။ ကင်မရာရိုက်ကွင်းထဲကို ဒီလက်ရာတွေရောက်မလာအောင် အတော်ကြိုးစားခဲ့ရ၏။

ပုဂံပြတိုက်ကြီးကိုရောက်တော့လည်း မောင်စပ်စုမို့ ပြတိုက်တာဝန်ရှိသူနှင့် မိတ်ဖွဲ့စပ်စုခဲ့သည်။ ပြတိုက်ကြီးကား အိမ်အိုဟောင်းကြီးနှင့်တူလေစွ။ ကြမ်းခင်းပါကေးတွေကြွ၊ ဆေးတွေကွာ၊ အနံ့အသက်ကလည်းမကောင်း။ အဲကွန်းတွေက မလည်ပတ်တော့။ မေးကြည့်တော့ ထရန်စဖေါ်မာမနိုင်လို့ ပိတ်ထားပါသတဲ့။ ထရန်စဖေါ်မာကိုလဲလိုက်ပါလားလို့ ပြောတော့ ဘတ်ဂျက်မရှိပါတဲ့။ လာကြည့်သူလည်း လေးငါးယောက်ထက်ပိုမည်မထင်။ ပြတိုက်ကြီးကို ဟီးထအောင်တည်ဆောက်ခဲ့ပြီး ပြုပြင်စားရိတ်မရှိဘူးဆိုတော့ ဘာပြောရမည်လည်း မသိတော့။ ပုဂံခေတ်ထဲက ဆန်စပါးစိုက်မရခဲ့တဲ့မြေကို ရေသွင်းစိုက်ဖို့ကြိုးစားခဲ့တဲ့ ဝန်ကြီးတယောက်အကြောင်း၊ မြစ်ရေတင်စီမံကိန်းတွေ အလုပ်မဖြစ်လို့ ရပ်တန့်လိုက်ရတဲ့အကြောင်းတွေပြောဖြစ်ခဲ့သည်။

ပုဂံမြေကား မိုးခေါင်ရေရှားမို့ ဖုန်းဆိုးမြေသာသာ။ ယာလုပ်ငန်းကလည်း မိုးမရလျှင်မအောင်မြင်။ ထန်းပင်ထန်းတော လွမ်းမောစရာကလွဲလျှင် ဘာစီးပွားရေးမှမရှိ။ လာလည်မဲ့ဧည့်သည်မျှော်ရင်း ပုဂံသားတွေမြို့သစ်မှာ ဒုက္ခမျိုးစုံနှင့် လုံးခြာလည်လျှက်။ ရှေးဟောင်းယဉ်ကျေးမှုဇုံဖေါ်ဆောင်မည်ဆို၍ ဘုရားကြားကနေထွက်ပေးလိုက်ကြရသောပုဂံသားများ၏ ရင်ထဲမှာလည်း မကြေနပ်ချက်ပေါင်းများစွာ။ သူတို့ထွက်ပေးလိုက်ရသောမြေထဲမှာ ဟော်တယ်ကြီးတွေ၊ စားသောက်ဆိုင်ကြီးတွေအလျှိုအလျှို ပေါ်လာမှတော့ ကြေနပ်နိုင်ပါ့မလား။ လူနေခွင့်မရှိတဲ့ ရှေးဟောင်းဇုံထဲက ဟော်တယ်တွေ ၊ လူတွေအကြောင်း သောင်းပြောင်းထွေလာတွေကလည်း ပုဂံရာဇဝင်လို ပြောမကုန်နိုင်။

ပုဂံကိုတည်ဆောက်ခဲ့ကြသည်။ ဖျက်မှန်းမသိ ပြင်ရင်းဖျက်ခဲ့ကြသည်။ နံရံဆေးရေးတွေအပေါ်မှာဆေးသုတ်၊ အပေါစားပန်းရံဆရာရဲ့မညီမညာဘိလပ်မြေလက်ရာများ၊ ရွှေထီးမတင်ခဲ့တဲ့ခေတ်ရဲ့ လက်ရာတွေမှာ ရွှေထီးတွေတဝင်းဝင်း၊ ရွှေရောင်တပြောင်ပြောင်၊ ရှေးဟောင်းဇုံထဲက ခေတ်လက်ရာပြတိုက်ကြီးနဲ့မျှော်စင်။ ဒါတွေကြောင့်လည်း ဆရာကြီးဒေါက်တာသန်းထွန်းက" ခေတ်အဆက်ဆက်ကတည်ဆောက်ခဲ့တာမို့ ပုဂံကိုဘယ်သူတည်ခဲ့တယ်လို့ အတိအကျမပြောနိုင်ဘူး။ ဘယ်သူဖျက်ဆီးခဲ့တယ်ဆိုတာတော့ ပြောနိုင်တယ်။ " ဟူ၍ နာနာကြည်းကြည်း ပြောခဲ့ခြင်းဖြစ်မည်။ " အပျိုရည်ပျက်ရုံမျှမက မုဒိန်းအကြိမ်ကြိမ်အကျင့်ခံခဲ့ရတဲ့ပုဂံမြေပါ။ " ဟူသော ပုဂံသားတွေရဲ့ ရင်ထဲကအသံကို ထပ်တူနားလည်ခံစားခဲ့ရသည်။

ဒီတခေါက်တော့ တတ်သိပညာရှင်များဦးဆောင်ကာ ယူနက်စကိုရဲ့ကူညီမှုဖြင့် ပုဂံကို ပြန်လည်တည်ဆောက်ဖို့ ကြိုးပမ်းကြမည် ဆိုပါသဖြင့် "သာဓုပါဗျာ" ဟူ၍ ပြောရုံမှတပါး အခြားစကားလုံး ရှာမတွေ့တော့ပါကြောင်း။

ချစ်ခြင်းအားဖြင့်

မောင်လူပေ

No comments:

Post a Comment