Sunday, November 6, 2016

အချိန်ထဲကလူသား


အချိန်ထဲကလူသား

မနေ့က သမီးကပြောတယ်။ ဒီနှစ်ကိုးတန်းတက်မဲ့ကလေးတွေက Nine Eleven လို့ခေါ်ကြတဲ့ World Trade Center ကိုလေယာဉ်တိုက်မှုဖြစ်ချိန်မှာ မမွေးသေးဘူး တဲ့။ သူတို့တွေက Nine Eleven ဖြစ်စဉ်ကို သေချာသိကြမှာမဟုတ်ဘူးတဲ့။

အမေရိကန်သမိုင်းမှာ အဆိုးဝါးဆုံးနဲ့ လူအသေအပျောက်အများဆုံး အကြမ်းဖက်ခံရမှုဖြစ်စဉ်က စက်တင်ဘာ (၁၁) ရက်နေ့မှာ ဖြစ်ခဲ့တာမို့ Nine Eleven လို့ပဲ ဒီက လူတွေ မှတ်ထားပါတယ်။ ၂၀၀၁ ခုနှစ်မှာ ဖြစ်ခဲ့တာမို့ အခုဆို (၁၅)နှစ်တောင်ကြာခဲ့ပြီပေါ့။ ဒီဖြစ်စဉ်ပြီးမှ မွေးကြတဲ့ကလေးတွေတောင် ကိုးတန်းတွေရောက်ကုန်ပြီ။

ကျွန်တော်တို့နိုင်ငံရဲ့ ရှစ်လေးလုံးဖြစ်စဉ်က ၁၉၈၈ မှာဖြစ်ခဲ့တာမို့ အဲဒီဖြစ်စဉ်ပြီးမှ မွေးခဲ့ကြသူတွေတောင် (၂၈) နှစ်ထဲရောက်နေကြပြီ။ တချို့ဆို အိမ်ထောင်တွေကြလို့ ကလေးတွဲလောင်း ဖြစ်နေပြီ။ ကိုယ်တိုင်တောင်မမှီခဲ့တဲ့ ဖြစ်စဉ်တခုမို့ သူတို့သားသမီးတွေကို ရှင်းပြဖို့အတော်ခက်ပေလိမ့်မယ်။ ဒီအရေးအခင်းမှာစီးမြောခဲ့တဲ့ လူတယောက်အနေနဲ့ ပြောရရင်တော့ ဒီမိုကရေစီအရေးအတွက် ဘာမျှော်ကိုးချက်မှမထားပဲ ပါဝင်ခဲ့ကြတဲ့ ပြည်သူအများစုကြီးထဲမှာ သဲတပွင့်အဖြစ်ပါဝင်ခဲ့ရတာကိုပဲ ဂုဏ်ယူမဆုံးဖြစ်နေဆဲ။ ဒီမိုကရေစီတော်လှန်ရေးရဲ့အစကနေ ယနေ့အချိန်ထိ ယုံကြည်ချက်ကို စွဲကိုင်ရင်း အသက်ပေးခဲ့ကြသူတွေကိုလည်း အလေးပြုမဆုံးရှိနေဆဲ။ လူငယ်တွေကိုလည်း ရှစ်လေးလုံးရဲ့အနှစ်သာရတွေကို လက်ဆင့်ကမ်းပေးချင်နေဆဲပါ။ ဒါကတော့ ကိုယ့်အမြင်ပေါ့။

တလောက ဒီဖြစ်စဉ်အကြောင်း သိမှီခဲ့သူတွေက သူတို့မှတ်မိသလောက်ပြန်ရေးကြတာ ဖတ်ရတယ်။ သူတို့ဖြတ်သန်းခဲ့တဲ့အရွယ်မှာ မှတ်မိသလောက်ရေးတာမို့ အနည်းအများတော့ အမှားကင်းမှာမဟုတ်။ ပြန်ရေးကြတာကိုပဲ ကြိုဆိုပါတယ်။ အမြင်တွေလည်းမတူကြ။ အဲဒီအချိန်မှာ ပါတီကောင်စီတွေနဲ့ပတ်သက်သူတွေက မကောင်းမြင်ကြလိမ့်မယ်။ ကြောက်တတ်သူတွေက မင်းမဲ့စရိုက်လို့ မြင်ကြမယ်။ နိုင်ငံရေးစိတ်ဓါတ်နိုးကြားခဲ့သူတွေက ဒီမိုတိုက်ပွဲရဲ့အစလို့ မြင်ကြမယ်။ အခြေခံမတူလို့ အမြင်မတူကြတာ သဘာဝမို့ ဘာမှ မပြောလိုပါ။ နဝတ နအဖ ခေတ်က ဝါဒဖြန့်စာတွေဖတ်ပြီးကြီးခဲ့တဲ့လူငယ်တချို့ဆိုရင်တော့ တပ်မတော်ကို ကယ်တင်ရှင်အဖြစ် မြင်နိုင်သေးတယ်။

အမြင်ခြင်းမတူကြတာတွေကို လက်ခံပြီး ဘုံဖြစ်အောင်ဆွေးနွေးအဖြေရှာတာ ဒီမိုကရေစီရဲ့အနှစ်သာရ။ မတူတာတွေပေါင်းပြီး ခွန်အားတခုကို တည်ဆောက်ရတဲ့သဘော။ မတူတဲ့အမြင်တွေရှိမှာသဘာဝ။ ကိုယ်ဖြတ်သန်းခဲ့ရတဲ့အချိန်ကာလတခုနဲ့ ပတ်ဝန်းကျင်က ကိုယ့်ရဲ့အမြင်ကို ဖြစ်ပေါ်စေခဲ့တာလေ။

ဒီအရေးအခင်းကြီးအပြီးမှာ ဗမက(ငြိမ်း) ဖြစ်တဲ့ ဦးကြီးက ဆန္ဒပြတဲ့သူတွေကို အရူးတွေလို့ဝေဖန်ခဲ့လို့ သူ့တူတော်မောင် အသက်နှစ်ဆယ်ကျော်ကျောင်းသားနဲ့ အပြန်အလှန် စကားများခဲ့သေးတယ်။ သူ့အိမ်ပေါ်မှာခဏတည်းနေရာက စိတ်ဆိုးပြီး အိမ်ပြောင်းခဲ့ဖူးတယ်။ အခုပြန်တွေးတော့ သူလည်းသူ့အမြင်၊ ကိုယ်လည်းကိုယ့်အမြင် မတူကြတာကို ညှိဖို့ မကြိုးစားခဲ့မိတဲ့အပြစ်လို့ပဲ မြင်မိတယ်။

ဒီရှစ်လေးလုံးအရေးတော်ပုံကြီးထဲကနေ အန်တီစုကို မွေးဖွားပေးနိုင်ခဲ့သလို မဆလကိုဖြုတ်ချနိုင်ခဲ့တယ်။ အာဏာရှင်စနစ်ကိုတော့ မတော်လှန်နိုင်ခဲ့ဘူး။ ခေါင်းဆောင်ကောင်းတွေလည်းအများအပြားပေါ်ထွက်ခဲ့တယ်။ ပွဲလန့်တုန်းဖျာဝင်ခင်းတဲ့ ကိုယ်ကျိုးရှာသမားတွေလည်း ထွက်ပေါ်ခဲ့တာပဲ။ ဒီလူတွေက ဒီမိုသမားဘဝကနေ စစ်အာဏာရှင်တွေရဲ့ဒေါက်တိုင်တွေဘဝကို အခွင့်အရေးတွေအတွက် အရှင်လတ်လတ် ဘဝပြောင်းသွားကြလေရဲ့။

သက်ရှိလူသားတွေရဲ့ အကောင်းအကျိုး အကောင်းအဆိုးတွေကို အဆုံးအဖြတ်ပေးမဲ့တရားသူကြီးကတော့အချိန်ပါပဲ။ အချိန်တွေထဲမှာဖြတ်သန်းရင်း ကိုယ့်သမိုင်းကိုယ်ရေးနေကြလေရဲ့။ အမှန်တရားဖက်က ရပ်တည်ခဲ့သူတွေ၊ လုပ်စားခွင်ထဲမှာ ကြီးပွားခဲ့သူတွေ၊ ဘဝနဲ့ရင်းပြီး ပေးဆပ်ခဲ့ရသူတွေ၊ ဘယ်သူကဘာဆိုတာ အချိန်က ဆုံးဖြတ်ပါလိမ့်မယ်။ အချိန်ထဲက လူသားတွေကို အချိန်က ဆုံးဖြတ်ပေးတဲ့ဆုံးဖြတ်ချက်တွေကို ကြေနပ်စွာခံယူကြပါစို့လား။

ချစ်ခြင်းအားဖြင့်

မောင်လူပေ

No comments:

Post a Comment