ဤရာသီကား ဆယ်တန်းစာမေးပွဲရာသီပင်တည်း။
လေးဘာသာမျှ ဖြေဆိုပြီးကြပြီ။ နောက်ထပ်နှစ်ဘာသာဖြေပြီးလျှင် ဤရာသီခွင်မှ လွတ်ကြပေမည်။ သို့ပါသော်လည်း ဤကလေးများအတွက် စာမေးပွဲတစ္ဆေခြောက်လှန့်မှုကား တစ်ဘဝလုံးတိုင် ခံစားကြရပေတော့မည်။ ရွှေရတုမောင်လူပေသည်ပင် ဒီတစ္ဆေ၏ရန်မှ မလွတ်သေး။ တခါတရံ စာမေးပွဲဖြေသည့်အိပ်မက်တစ္ဆေမက်ဆဲ။ စာမေးပွဲကို အချိန်မှီမရောက်ပဲ လမ်းမှားနေဆဲ။ ဖြေဆိုရမည့်ဘာသာကို မကျက်မိဘဲ မှားပြီးစာကျက်မိသဖြင့် စာမေးပွဲမဖြေနိုင်ဆဲ။ စာမေးပွဲလည်း ခုချိန်ထိ မအောင်နိုင်မြဲ။
လူတစ်ယောက်၏စိတ်ကို ဒီမျှအထိ စွဲလမ်းခြောက်လှန့်စေနိုင်သောအရာကား ဘဝတွင် ရှိနိုင်ခဲလှသည်။ ကိုယ့်ဘဝတစ်ခုလုံးအတွက် သေရေးရှင်ရေး အရေးကြီးသော သည်စာမေးပွဲကြီးကို ကျောင်းသားတိုင်း မဖြစ်မနေဖြတ်ကျော်ရမည်ဖြစ်ရကား တတ်နိုင်သူက ပိုတတ်နိုင်အောင်၊ မတတ်နိုင်သူက တတ်နိုင်သမျှ လေ့လာအားထုတ် သင်ယူကြရ၊ ကျက်မှတ်ကြရမည်မှာ ဓမ္မတာ။
သို့ပါသော်လည်း ဒီဆယ်တန်းစာမေးပွဲကား ဓမ္မတာကိုကျော်လွန်သောအရာပင်တည်း။ သားသားမီးမီးတို့သာ ပင်ပန်းသည်မဟုတ်။ သူတို့၏ မိဘဆွေမျိုး၊ ညီအကိုမောင်နှမ၊ ဦးဦးဒေါ်ဒေါ်၊ ဖိုးဖိုးဖွားဖွားတို့လည်း မနေကြရရှာ။ လိုက်ကာပင်ပန်းကြ၏။
ကလေးဆယ်တန်းမှာအမှတ်ကောင်းဖို့ ကျောင်းကောင်းကောင်းမှာ အပ်ဖို့လိုသည်။ နာမည်ကျော်ကျောင်းတွေမှာ အပ်နိုင်ဖို့က သာ၍ခက်သည်။ ထို့ပါသောကြောင့် ပိုင်ရာဆိုင်ရာတွေကို လိုက်ကြရ၊ ဝင်ကြထွက်ကြရ၊ ပါတိတ်ဝမ်းဆက်ခေတ်၊ အပေါ်စက် အောက်စက်ခေတ်၊ ရွှေဆွဲကြိုးခေတ်၊ ခေတ်တွေနှင့်အလိုက် ဝင်တတ်ထွက်တတ်ရသည်။ ဗိုလ်ချုပ်ကြီးများခေတ်တွင် နံပါတ်ဝမ်း၊တူး၊သရီးကတော်တွေဝိတ်ရအောင် ကြံဖန်ကြရသည်။ ဤသို့ ခေတ်အဆက်ဆက်ဖြစ်ပေါ်ခဲ့ရသောအကျိုးကား ဆယ်တန်းစာမေးပွဲဟူသည့် အကြာင်းကြောင့်တည်း။
နာမည်ကြီးကျောင်းဝင်သည်ဆိုသည်နှင့်လည်း ပြီးသည်မဟုတ်။ အတန်းပိုင်ဆရာတွေထံ ဝင်ထွက်ကြရပြန်၏။ ဆယ်တန်းကို ကျောင်းမှာတက်သည့်ကလေးရှိသလို ဝိုင်းမှာတက်နေသည့်ကလေးလည်းရှိသည်။ နာမည်ကျော်ဝိုင်းတွေမှာ သိန်းသုံးလေးဆယ်ပေးပြီးတက်နေသောကလေးက ကျောင်းမလာနိုင်။ ထိုအခါ အတန်းပိုင်ဆရာမတွေဆရာတွေကို ကျောင်းခေါ်ချိန်ပြည့်ရေးအတွက် ဝင်ထွက်ရပြန်၏။ ကျောင်းမှာတက်သောကလေးဆိုလျှင် ကျူရှင်တွေပြေးပေရော့။ ဂိုက်ဖိုးကလည်း မသက်သာ။ ဘာသာစုံအတွက် ဂိုက်မျိုးစုံ ငှား။ တတ်နိုင်လျှင်တတ်နိုင်သလောက် ကုန်ပေရော့။ အိမ်ရှိလူအများ မအားကြရတော့။
သူငယ်ချင်းတွေကို မေးကြည့်သည်။ ဆယ်တန်းစာမေးပွဲအတွက် သုံးငွေစာရင်း ဆာဗေးကောက်သည်။ ပျမ်းမျှ သိန်းသုံးဆယ်မှသိန်းရာချီတိုင် သုံးကြသော ဟူသတတ်။ ကျောင်းသားထောင်ချီ ကုန်ငွေသိန်းပေါင်းသောင်းချီ။ အတော်ကုန်သော စာမေးပွဲ။
ဒါတောင် အမေတွေအတွက် သွေးကျဆေးဖိုး၊ ခေါင်းမူးပျောက်ဆေးဖိုးတွေမပါသေး။ ကလေးစာမေးပွဲအတွက် သူတို့တွေက ကလေးတွေထက် ဆယ်ဆလောက် ပူကြရကား သွေးတိုးမဖြစ်ဖူးသူတောင် ဒီရာသီဆို သွေးတိုးဖြစ်ပြီမှတ်။ သားသားမီးမီးတို့မအိပ်လျှင် သူတို့မအိပ်ရ။ စားဖို့သောက်ဖို့ အိမ်ရှင်မတာဝန်အပြင် ကျောင်းပေါက်ဝမှာ ငုတ်တုတ်စောင့်ရသည့် ကျောင်းစောင့်တာဝန်ပါ ပိုလာသေးသည်။ ဘေးရန်ကင်းရေးအတွက် ဗေဒင်ဆရာဆီပြေးကြရသည့်၊ နေ့သင့်နာမ်သင့် ယတြာတွေချေပေးသည့်၊ နာမည်ကြီး ဘိုးတော် ဘွားတော်တွေဆီပြေးပြီး ကန်တော့ပွဲထိုးရသည့် တာဝန်အဆစ်ပါ ပါသေးတော့။
ဆယ်တန်းစာမေးပွဲကား ခြောက်ဘာသာမျှသာ ဖြေကြရ၍ တော်တော့၏။ ဘာသာနှစ်ဆယ်လောက်သာ ဖြေရမည်ဆိုပါက ကလေးများဘာမျှ မဖြစ်သော်လည်း ထိုထို အမေအပေါင်းအား ဆေးရုံပို့ရမည့်ကိန်းရှိသည်။ ကော်ဇောနီမခင်းပေးရုံတမယ် အနားမှာနေ၍ VIP treatment ပေးကြကုန်သော၊ အချို အငန် အပူ အအေး လိုချင်သမျှ လိုတရစေရေး အဖက်ဖက်မှ ဖြည့်ဆည်းပေးကြကုန်သော မာတာပီတုအပေါင်းတို့ပါတကား။
ကလေးအပေါင်းကလည်း မခေကြ။ ဆယ်တန်းမှာ ဘာသာစုံဂုဏ်ထူးထွက်သူတွေ ရာချီ၊ ငါးဘာသာဂုဏ်ထူးရှင်တွေထောင်ချီ။ တစ်ဘာသာ၊နှစ်ဘာသာဂုဏ်ထူးရှင်များခမျာ မျက်နှာမလှ။ တက္ကသိုလ်ဝင်ခွင့်အမှတ်တွေကလည်း ကြောက်မက်ဖွယ်။ ရန်ကုန်နည်းပညာတက္ကသိုလ်ဝင်ခွင့်အနိမ့်ဆုံးအမှတ် ငါးရာတစ်ဆယ်ကျော်၊ ရန်ကုန်ဆေးတက္ကသိုလ်များ ဝင်ခွင့်အမှတ် ငါးရာကျော်။ ဘာသာစုံ ဂုဏ်ထူးထွက်သူပင် ထိုကျောင်းများဝင်ခွင့်ရဖို့ မသေချာဟူ၏။
တကယ်ကတော့ ဘဝကို ဒီစာမေးပွဲကြီးက အဆုံးအဖြတ်လုံးဝပေးခဲ့သည်တော့မဟုတ်။ သာမန်ဘွဲ့လေးယူပြီး စီးပွားရေးလုပ်ရင်း ကြီးပွားချမ်းသာနေသူတွေလည်း ဒုနဲ့ဒေး၊ တချို့ဆို ဒီစာမေးပွဲတောင်မအောင်ခဲ့ကြ။ ဘဝစာမေးပွဲကို အောင်မြင်ဖို့အတွက် ခြေလှမ်းတစ်ခုမျှသာ။
ပညာရွှေအိုးကို လူမခိုးရေးအတွက် ရွှေအိုးရောင်းကာ ဝယ်ကြရသည့်ခေတ်တွင် လူဖြစ်ကြသော မြို့ကြီးများတွင်နေထိုင်ပြီး တတ်နိုင်ကြသော မိဘများ၏ကလေးများအတွက် အပင်ပန်းခံကြသည်ကို ရည်ညွှန်းပါသည်။ မိဘမတတ်နိုင်သဖြင့် ဂိုက်တွေ ကျူရှင်တွေမရှိသော်လည်း ထူးချွန်စွာအောင်မြင်ပြီး ဆေး၊စက်မှုစသော ကျောင်းအပေါင်းကို ဝင်ခွင့်ရကြသူများလည်း ရှိသည်။ ဂုဏ်ယူရပါသည်။
ထိုကဲ့သို့သော စာမေးပွဲရာသီတစ်ခုကို လွန်ခဲ့သောနှစ်သုံးဆယ်ကျော်ခန့်၊ အတိအကျဆိုရသော် ၁၉၈၁ခုနှစ် မတ်လက မောင်လူပေခေါ် ခပ်ကြောင်ကြောင် ကောင်လေးတစ်ဦးလည်း ဖြတ်သန်းခဲ့ဖူးပါ၏။ နာမည်ကြီးလှသော ဒဂုံ(၁)၊ တီတီစီတို့မှ မဟုတ်ရပါ။ တောင်ငူဟု အမည်ရသော မထင်မရှားမြို့ငယ်လေး၏ အထက(၁)ခေါ် ကျောင်းကလေးမှ ဖြတ်သန်းခဲ့ပါသည်။ ဂိုက်တွေ၊ ဝိုင်းတွေ ခေတ်မစားသေးသော်လည်း ပြင်ပကျူရှင်တော့ ရှိနေပြီ။ ကျောင်းမှဆရာများက ကျောင်းသားတွေကို ကျူရှင်ပြန်သင်ကြသူ သိပ်မရှိ။ ကျောင်းမှာပဲ စေတနာအပြည့်နဲ့ သင်ပေးကြသည်။ ကျောင်းမှာမလိုက်နိုင်သည့် ဘာသာအချို့သာ ပြင်ပကျူရှင်ယူခဲ့ရသည်။ တစ်ဘာသာမှတစ်လတစ်ဆယ်ခေတ်။ မပေးနိုင်လျှင်လည်း အတင်းမတောင်း။
မှတ်ဉာဏ်အားနည်းသူမို့ တွက်စာပဲအားကိုးရသည်။ ပထဝီ၊ဘောဂ၊သမိုင်း အမုန်းဆုံး။ ရှေ့ကကျက်၊နောက်ကမေ့။ သည်လိုကျော်ဖြတ်ရင်းလည်း အကြောက်တရားအပြည့်။ အောင်စာရင်းထွက်သည်အထိ ယုံကြည်မှုမရှိ။ ကံကောင်းထောက်မ၍သာ ဘုရားစူးဂုဏ်ထူးတစ်ဘာသာ။ အမှတ်ပေါင်းက လေးရာမပြည့်။ ဘာသာစုံဂုဏ်ထူးတွေ အမှတ်ပေါင်းငါးရာကျော်တွေ အဝေးကြီးမှာ။ ဒီခေတ်သာဆို အခက်။ ဉာဏ်ကောင်းသူတွေထဲမပါရုံမက အပျင်းပါထူပြီး ကျောင်းစာကလွဲရင် အားလုံးစိတ်ဝင်စားသူ မောင်လူပေ။ ခုလို အချိန်ထိ အိပ်မက်ထဲမှာ စာမေးပွဲမဖြေနိုင် ဖြစ်နေဆဲ။ ဆယ်တန်းစာမေးပွဲကို အကြိမ်ကြိမ်ဖြေဆိုရင်း အရှုံးပေးလိုက်ကြရသူတွေဆိုရင်တော့ ဒီစာမေးပွဲကြီးကို စိတ်နာနေကြမှာ အသေအချာ။
အခုခေတ္တနေထိုင်ရာ အမေရိကားပညာရေးက ဒီဆယ်တန်းဟူသော တောင်ကြီးမရှိ။ ကျော်စရာမလို။ သတ်မှတ်ရာဘာသာများ၏ယူနစ်ပြည့်လျှင်ရပြီ။ လုပ်အားပေးယူနစ်နာရီပြည့်လျှင်ရပြီ။ အထက်တန်းအောင်ပါသည်။ ကောလိပ်ကောင်းက လက်ခံဖို့ကတော့ တစ်မျိုးပေါ့။ ဒေသကောလိပ်တက်ပြီးမှ ကောလိပ်ကျောင်းကောင်းကောင်းကို ပြောင်းကြသူတွေလည်းရှိသည်။ သူတို့မှာ ကံထူးသူများဖြစ်၍ မောင်လူပေလို စာမေးပွဲကြောက်စိတ်ကြောင့် မက်ရသော စာမေးပွဲအိပ်မက်တွေ ခဏခဏ မမက်ကြပါ။
မောင်လူပေတို့ မွေးရပ်မြေ ရွှေပြည်ကြီးမှာလည်း ပညာရေးစနစ်တွေ ပြောင်းလည်းနေပြီတဲ့။ ဆယ့်နှစ်တန်းထိ တိုးမယ်တဲ့။ သတင်းတွေကြား၏။ အမြန်ပြောင်းလည်းနိုင်ကြပါစေ။ ဆယ်တန်းစာမေးပွဲစနစ်ကြီးကို ကြောက်လန့်ရသောရန်မှ အမြန်ကင်းဝေးကြပါစေ။
ယခုနှစ်ဆယ်တန်းဖြေဆိုနေကြသော သားတွေ သမီးတွေလည်း ဂုဏ်ထူးတွေအများကြီးနဲ့အောင်မြင်ပြီး နိုင်ငံအတွက်အားထားရမဲ့ သားကောင်းရတနာတွေ ဖြစ်ကြပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။
မြန်မာပြည်သူပြည်သားအပေါင်း ကျန်းမာချမ်းသာကြပါစေ။
ချစ်ခြင်းအားဖြင့်
မောင်လူပေ
(ပုံမှာ တညောင်မှ စံနည်းပြ၏ကလေးများ။)
Monday, March 12, 2018
Friday, March 2, 2018
မတ်လ(၂)ရက်
မတ်လ(၂)ရက်နေ့ရောက်ပြန်ပေါ့။
ဒီနေ့ဟာ မြန်မာပြည်အတွက် အမှောင်ကျဖို့ စတင်ခြေလှမ်းခဲ့တဲ့ရက်။ အာဏာကို ငမ်းငမ်းတက်နေပြီဖြစ်တဲ့ ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်တဲ့ စစ်အစိုးရက ဒီမိုကရေစီနည်းအရ ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့တဲ့နေ့။
၁၉၅၈ခုနှစ်ကနေ ၁၉၆၀အထိ အိမ်စောင့်အစိုးရဆိုပြီး အာဏာကိုစားသုံးခဲ့ဖူးတော့ အရသာကောင်းမှန်းသိသွားတဲ့ ဗိုလ်ချုပ်ကြီးက သူ့ဟာသူအာဏာမက်တာကို ကာကွယ်တဲ့အနေနဲ့ တိုင်းပြည်ကြီး ချောက်ထဲကြဖို့ လက်တစ်လုံးအလို ဆိုတဲ့ ဝါဒဖြန့်ချက်နဲ့ အားလုံးကောင်းနေတဲ့တိုင်းပြည်ကို တကယ်ချောက်ထဲကြအောင် ဆွဲချခဲ့တယ်။
အခြေခံကောင်းတွေရပြီး တိုးတက်နေတဲ့ စီးပွားရေးအခြေခံတွေရိုက်ချိုး၊ ပြည်သူပိုင်တွေသိမ်းနဲ့ မြန်မာ့နည်းမြန်မာ့ဟန်ဆိုရှယ်လစ်လိုက်တာ (၂၆)နှစ်အကြာမှာတော့ တကယ့်ကိုချောက်ထဲမှာ ပြည်သူတွေဟာ ဒုက္ခပင်လယ်ဝေခဲ့တယ်။ မောင်လူပေတို့အသက်အရွယ်တွေနဲ့ အသက်(၆၀)တန်းတွေဆိုရင် မဆလခေတ်ရဲ့အမွေ မှောင်ခိုခေတ်ရဲ့ ခါးသီးလှတဲ့ဘဝတွေမျိုးစုံကို ဖြတ်သန်းခဲ့ရသူတွေချည်းပဲ။ သမဝါယမဆိုင်ကပေးတဲ့ ဆန်ကြမ်းနဲ့ ချည်ကြမ်းလုံချည်တောင် မထုတ်နိုင်လို့ စာအုပ်ပေါင်စားခဲ့ရတဲ့ဘဝမျိုးစုံကိုလည်း ဖြတ်သန်းရင်းနဲ့ တွေ့ဖူးခဲ့ကြမှာပါ။
မြန်မာပြည်ကို ချောက်ထဲဆွဲချဖို့ အာဏာသိမ်းခဲ့တဲ့ တပ်ချုပ်ကြီးက အဲဒီနေ့ကို နေ့ထူးနေ့မြတ်အဖြစ် အမှတ်တရ သတ်မှတ်ခဲ့သေးရဲ့။ တောင်သူလယ်သမားနေ့ ဆိုပဲ။
ခပေါင်း၊ဒူးယား၊အုန်းတောနဲ့ တောင်သူလယ်သမားနှီးနှောဖလယ်ပွဲတွေလုပ်ပြီး လယ်သမားတွေကို ဦးကြီးတွေအဖြစ် ရှေ့တန်းတင် စည်းရုံးခဲ့လေတော့ အစတော့ လယ်သမားတွေလည်းပျော်လို့။ နောက်မှပဲကြောချမှ ဓားမြမှန်းသိကြတော့တယ်။ တာဝန်ကြေစပါးမသွင်းနိုင်လို့ ဒီဦးကြီးတွေကို မျိုးစုံဒုက္ခပေးလိုက်တာ လယ်သမားတွေမှာ ကိုလိုနီခေတ်က ငဘထက်ဆိုးတဲ့ ဘဝတွေဖြစ်။
ဒုက္ခပင်လယ်ဝေအောင် နှိတ်စက်ဖို့အတွက် အာဏာသိမ်းခဲ့တဲ့ နေ့ထူးနေ့မြတ်ကြီးကို တောင်သူလယ်သမားနေ့အဖြစ် သတ်မှတ်ထားတာကတော့ အမြင်မတော် ဆင်တော်နဲ့ခလောက်။ တောင်သူလယ်သမားတွေနဲ့ ပတ်သက်နေတဲ့ ဆရာစံရဲ့မွေးနေ့၊ ဒါမှမဟုတ်လည်း ဆရာစံကိုကြိုးမိန့်ပေးပြီး ကွက်မျက်တဲ့နေ့ စသည်ဖြင့် လယ်သမားခေါင်းဆောင်တစ်ဦးကို ဂုဏ်ပြုသတ်မှတ်ရမဲ့အစား စစ်အာဏာသိမ်းတဲ့နေ့ကြီးကို တောင်သူလယ်သမားနေ့လို့ သတ်မှတ်ခဲ့တာကတော့ အတော်လွဲချော်မှုကြီးပါ။
အရင်မဆလခေတ်က မပြင်ခဲ့တာထားဦး။ သူတို့ခြေရာနင်းပြီး အာဏာထပ်သိမ်းတက်လာတဲ့ နောက်ပိုင်းစစ်ဗိုလ်ချုပ်တွေလက်ထက်မှာလည်း ဒီနေ့ကြီးက မပြောင်းလဲ။ အခုခေတ်ရဲ့ ပြည်သူ့အစိုးရဆိုတဲ့ ကိုလိုနီခေတ်က(၉၁)ဌာနအုပ်ချုပ်ရေးအစိုးရနဲ့ ထပ်တူနီးပါးတူညီနေသော သုံးမတ်အစိုးရခေတ်မှာလည်း မပြောင်းရဲ။
စစ်တပ်အာဏာသိမ်းတဲ့နေ့ကို တောင်သူလယ်သမားနေ့သတ်မှတ်ထားတာကို တောင်သူလယ်သမားတွေကလည်း မကြိုက်ကြ။ သူတို့နဲ့ သက်ဆိုင်တဲ့ နေ့တစ်နေ့ဆိုပေမဲ့ ဘယ်သူမှ လှိုက်လှိုက်လှဲလှဲမရှိကြ၊ မကြိုဆိုကြ။ ထုံးစံအတိုင်းပဲ သာမန်ရုံးပိတ်ရက်တစ်ခု၊ သတင်းစာထဲမှာ ဦးကြီးများကို သမ္မတရဲ့ နှုတ်ခွန်းဆက်စာ ဘာညာဆိုတဲ့ အာပလာတွေနဲ့ ပြီးသွားမဲ့ နေ့တစ်နေ့။ ဘာအနှစ်သာရမှမရှိပဲ ပြီးသွားမဲ့နေ့။ ရုံးပိတ်ရက်မို့ အလုပ်မလုပ်လို့ ပြည်သူ့စွမ်းအားတွေ တစ်ရက်လျှော့ရတဲ့ နေ့တစ်နေ့အဖြစ်ပဲ ကုန်ဆုံးဦးမှာ အသေအခြာ။
တောင်သူလယ်သမားနေ့ကို အနှစ်သာရရှိရှိ ဖြစ်ချင်ရင်တော့ လယ်သမားဦးကြီးတွေနဲ့ပြန်တိုင်ပင်ပြီး ဦးကြီးတွေစိတ်ကြိုက်နေ့တစ်နေ့နဲ့အစားထိုးပေးမှ မှန်ကန်မှာပဲ။ မြန်မာတပြည်လုံးက ကျေးလက်တောရွာတွေမှာ ဒီနေ့ကို ပျော်ပွဲရွှင်ပွဲတွေနဲ့တကယ့် တောင်သူလယ်သမားတွေပျော်ရွှင်ကြတဲ့ တောင်သူလယ်သမားနေ့စစ်စစ်တစ်ခု ဖြစ်ပေါ်လာဖို့ အားလုံးကို နှိုးဆော်လိုက်ပါတယ်။

ဘဝ(၄)
ဘဝ(၄)
ဘဝဆိုတာ သိသိသာသာပြိုင်နေခြင်းနဲ့ မသိမသာပြိုင်နေခြင်းတို့ရဲ့ ပေါင်းစည်းရာနေရာပါ။ တိုးတက်ဖို့အတွက် အမြဲယှဉ်ပြိုင်ကျိုးစားနေရတယ်။ မာနဆိုတဲ့ အခြေခံကြောင့်ပေါ့။
မာနကြောင့်ပြိုင်ရင်း မခံချင်စိတ်ဆိုတဲ့ ဒေါသတွေဖြစ်လာရတယ်။ ဒေါသနဲ့မာနကြောင့် ယှဉ်ပြိုင်နေရင်း မှားမှန်းသိပေမဲ့ ဇွတ်တိုးနေရတဲ့ဘဝတွေ ဒုနဲ့ဒေး။ ကိုယ့်ပြိုင်ဖက်ကို အသာစီးရရေးအတွက် နည်းမျိုးစုံသုံးရင်း အမှားတွေလုပ်မိတဲ့အခါ ရတနာသုံးပါးလည်း မကယ်နိုင်တော့ပြီ။
လူမှာ ဆင်ခြင်ဉာဏ်ထက် ခံစားမှုက ပိုရှေ့ရောက်တတ်ကြတော့ မှားမှန်းသိပေမဲ့ သူတော်ကောင်းတရားတွေခေါင်းထဲ မရောက်တော့။ သာမာန်လူရဲ့ကိုယ်ကျင့်သိက္ခာဟာ ကျောက်တိုင်လိုမခိုင်မြဲပဲ မြေသားတိုင်လို ယိုင်လဲတတ်ကြတယ်။ ဒါကြောင့် ငွေမျက်နှာကြည့်ရင်း ကိုယ်ကျင့်သီလပျက်သွားသူကများပြီး သီလခိုင်ခိုင်နဲ့ထိမ်းနိုင်ကြသူ နည်းကြပါတယ်။
တကယ်တော့ ဘဝဆိုတာ တခဏဆိုတာ မေ့နေကြလို့ပဲ။ အနိစ္စသဘောအရ တစ်နေ့မှာ သေကြရတဲ့အခါ သုဘရာဇာလက်ထဲမှာ သာခြင်းနာခြင်းမရှိပဲ မြေသြဇာ၊ ပြာတွေအဖြစ် အဆုံးသတ်ကြရမှာပါ။ ဒါကြောင့် 'မရဏာနုဿတိ' လို့ခေါ်တဲ့ သေခြင်းတရားကို အဖန်ဖန်အောင့်မေ့ပွားများခြင်းကမ္မဌာန်းနဲ့သာ မခံချင်စိတ်တွေ၊ ဒေါသမာန်မာနတွေကို ပယ်ဖျောက်ရပါမယ်။ ခိုက်ရန်ကွဲပြား အငြင်းပွားခြင်းတွေကို ပယ်ဖျောက်ရပါမယ်။
ဒါကြောင့်လည်း မြတ်စွာဘုရားက
'ဤလောကတွင် ငါတို့သည် တစ်နေ့သေရမည်သာဖြစ်၏ ဟူ၍ မသိကြသော လူမိုက်တို့အတွက် ငြင်းခုံကွဲပြား ခိုက်ရန်များခြင်းသည် မပြေငြိမ်းနိုင်။
ထိုသို့သိသော ပညာရှိတို့အတွက်ကား ထိုသို့သိခြင်းကြောင့် ခိုက်ရန်ဖြစ်ပွား ငြင်းခုံကွဲပြားခြင်းတို့သည် ပြေငြိမ်းကြ၏။'
လို့ ဓမ္မပဒ၊ ယမကဝဂ်၊ ကောသမ္ဗီရဟန်းများဝတ္ထုမှာ ဟောကြားထားပါတယ်။
ဒါကြောင့်လည်း ဘဝမှာ ဒေါသမာန်မာနကို အကြောင်းပြုပြီး မခံချင်စိတ်တွေ ဖြစ်လာတဲ့အခါ မမြဲတဲ့ အနိစ္စသဘောကို အာရုံပြုပြီး ဖြစ်လာတဲ့ ဒေါသ မာန်မာနတွေပျောက်အောင် ကြိုးစားကြရပါမယ်။ အချင်းချင်း ချစ်တဲ့စိတ်တွေ မွေးကြရပါမယ်။
(ကျမ်းကိုး- ဦးရွှေအောင်၊ ဓမ္မပဒ)

ဘဝ(၃)
ဘဝ(၃)
ဘဝကိုစိတ်ကဦးဆောင်တယ်ဆိုပေမဲ့ သိစိတ်ကအာရုံကို အရှိအတိုင်းမြင်ဖို့ ခက်တယ်။ မသိစိတ်ရဲ့ ကိုယ့်သဘာဝ၊ပတ်ဝန်းကျင်၊အလေ့စရိုက်ဆိုတဲ့ဥပါဒါန်တွေကြောင့် ဘက်လိုက်ပြီးမြင်ကြတယ်။ကောင်းတဲ့စိတ်နဲ့မကောင်းတဲ့စိတ်တွေဖြစ်လာအောင် လွှမ်းမိုးတယ်။
မသိစိတ်ကိလေသာတွေရဲ့လွှမ်းမိုးမှုကို ကိုယ်ကျင့်တရားနဲ့တွန်းလှန်ပြီး အမှန်အတိုင်းမြင်နိုင်မှ အဆုံးအဖြတ်ကမှန်နိုင်လိမ့်မယ်။
ကိလေသာတွေလွှမ်းမိုးနေရင် ပညာတတ်ဆိုတာလည်း သညာတတ်အဆင့်ပဲ။ ပညာတတ်တွေယုတ်မာနေကြတာအများကြီးရှိတယ်။ ပညာမတတ်သူရဲ့ယုတ်မာမှုနဲ့အတူတူ။ အဆိပ်ကို သကြားဖုံးထားတာနဲ့ မဖုံးထားတာပဲကွာမယ်။ သကြားဖုံးထားတော့ အဆိပ်မှန်း လွယ်လွယ်မသိနိုင်ဘူး။
ဘဝမှာ သံယောဇဉ်ကြိုးတွေလည်းများလှတယ်။ ဒီကြိုးတွေအပြင် ရန်ငြိုးဆိုတဲ့ကြိုးလည်း ရှိတယ်။ ဒီကြိုးက ဖြတ်ရခက်လှတယ်။ ဒေါသကို ဒေါသနဲ့တုန့်ပြန်ရင်း ကြိုးတွေပိုပြီးခိုင်မြဲလာမယ်။ ရန်တွေပိုပိုလာမယ်။ ဒေါသကြိုးကို အဒေါသလို့ခေါ်တဲ့ မေတ္တာကြိုးနဲ့သာ ဖြတ်တောက်ရမယ်။
အကြောင်းတရားဖြစ်တဲ့ဒေါသကိုမပယ်သတ်နိုင်ရင် အကျိုးတရားတွေဆက်ဖြစ်နေမှာကို မြတ်စွာဘုရားက
'ဤသူသည် ငါ့ကို ဆဲရေး၏။ ညှဉ်းဆဲ၏။ အနိုင်အထက်ပြု၏။ ငါ့ဥစ္စာကို မတရားယူ၏။
ဤသို့ ရန်ငြိုးဖွဲ့သူအား ရန်သည်မငြိမ်း။
ဤသို့ ရန်ငြိုးမဖွဲ့မှသာ ရန်သည်ငြိမ်း၏။ '
လို့ ဓမ္မပဓ၊ ယမကဝဂ်၊ တိဿမထေရ်ဝတ္ထုမှာ ဟောထားတယ်။
လောကမှာ အရာအားလုံးက အလှကိုယ်စီရှိကြတယ်။ ဒီအလှတရားတွေကို မြင်အောင်ကြည့်တတ်ဖို့က အဝိဇ္ဇာခေါ်တဲ့ ဘက်လိုက်သောမသိစိတ်တွေကို ပယ်နိုင်ဖို့လိုပါတယ်။ လောကအလှကိုကြည့်ရင် မိမိကိုယ်မိမိပြန်ကြည့်သလို ကြည့်မှ မြင်နိုင်တာ။ မိမိကိုယ်သာ အချစ်ဆုံးမို့ ကိုယ့်ကိုယ်ကို ကောင်းတယ်ပဲ ထင်ကြမြဲ။ ပြောချင်တာကတော့ ကိုယ်ချင်းစာစိတ်လေးတွေ မွေးပြီး ကြည့်တတ်ရင် လောကကြီးရဲ့အလှတရားတွေကိုမြင်နိုင်မှာ။

ဘဝ(၂)
ဘဝ(၂)
ဒီ'ဘဝ'မှာ လောကဓံရှစ်ပါးက အကျိုးပေးတယ်။ လောကဓံဆိုတာ ကောင်းလေးမျိုး၊ ဆိုးလေးမျိုး တလှည့်စီလာတော့ ဆင်းရဲလိုက်၊ ချမ်းသာလိုက်။
ဒီလိုဖြစ်အောင်ပြုလုပ်နေတာလည်း ဘယ်တန်ခိုးရှင်မှမဟုတ်။ မိမိစိတ်က လုပ်နေတာ။ မကောင်းတဲ့စိတ်က ဆင်းရဲဒုက္ခ၊ သံသရာကိုဖန်ဆင်းပြီး ကောင်းသောစိတ်က ချမ်းသာသုခ၊ နိဗ္ဗာန်ထိ ဖန်ဆင်းနိုင်တယ်။
ဒီနေရာမှာ နိဗ္ဗာန်ဆိုတာ ဘုံနန်းကြီးမဟုတ်။ နိဗ္ဗာန်ဆိုတာ 'တဏှာမှလွတ်မြောက်ခြင်း' တဲ့။ လိုချင်တပ်မက်မှုကင်းသူ ပေါ့။ တဏှာနည်းနည်းမရှိတဲ့သူရဲ့ဘဝက နည်းနည်းနိဗ္ဗာန်။ တဏှာများများမရှိသူရဲ့ဘဝက များများနိဗ္ဗာန်။ တဏှာအလုံးစုံကင်းသူရဲ့ဘဝကတော့ အတုမရှိချမ်းသာတာပဲ။
ဒါကြောင့်လည်း ကောင်းမှုပြုတိုင်း နိဗ္ဗာန်ကိုအထောက်အပံ့ဖြစ်ပါစေလို့ဆုတောင်းကြတယ်။ လိုချင်တောင့်တတတ်တဲ့တဏှာလောကကင်းသူ ဖြစ်ရပါစေလို့ ဆုတောင်းကြတယ်။ မလိုချင် မတောင်းတခြင်း၊ မဖြစ်ခြင်းသဘောသည်သာ သုခ။
ဖြစ်ခြင်းကိုတောင့်တခြင်းက စေတသိတ်သဘော။ စိတ်ရဲ့ပင်ကိုမူလ ကြည်လင်ပြီးသား။ ကိလေသာ အညစ်အကြေးတွေက ဝင်တွယ်လို့ နောက်ကျိသွားတာ။
လူဆိုတာ မိမိကိုယ်ကိုအချစ်ဆုံး။ စိတ်မှာ အတ္တနဲ့မာနက အခြေခံနေတော့ ငါမှန်တယ်၊ ငါတရားတယ်၊ ငါကောင်းတယ် ထင်။ငါ့ဆရာ၊ ငါ့တပည့်၊ ငါ့သား၊ ငါ့သမီး ငါ့အုပ်စု၊ ငါ့ဟာလို့ထင်။
ဒါကြောင့် ပြုသမျှမှာ လောဘ၊ဒေါသ၊မောဟ၊မာန ပါမပါ စစ်ဆေး။ များနေလျှင်ကုသိုလ်ကံမဟုတ်။
လောဘ၊ဒေါသ၊မောဟ၊မာန စတဲ့ အကုသိုလ်နည်းပြီး မေတ္တာ၊ဂရုဏာ၊မုဒိတာ၊ဥပေက္ခာ စတဲ့ကုသိုလ်တွေပွားမှ ကုသိုလ်ကံဖြစ်မည်။
ဒါကြောင့် မြတ်စွာဘုရားက
" ဖြစ်ဖြစ်သမျှတရားတို့တွင် စိတ်သာရှေ့သွားဦးဆောင်ဖြစ်၏။ အကြီးအမှူးဖြစ်၏။
ဖြူစင်သောစိတ်ဖြင့် ပြုမူ ပြောဆိုသူသည်
ထိုဖြူစင်သောစိတ်ကြောင့် လူ့အရိပ်သည် လူ့နောက်သို့ အမြဲလိုက်ပါသလို ချမ်းသာသုခသည်လည်း ထိုပုဂ္ဂိုလ်နောက်သို့ အစဉ်လိုက်၏။ " လို့ ဓမ္မပဒ၊ယမကဝဂ်၊ 'မဌကုဏ္ဍလီ' ဝတ္ထုမှာ ဟောထားတယ်။
ဘဝတလျှောက်ပြုခဲ့တဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံတွေက အများကြီး။ သေခါနီးမှာ ပြုမိတဲ့ကံက ကုသိုလ်ဇောဖြစ်မှ ကောင်းရာသုဂတိလားတယ်။ အကုသိုလ်ဇောဖြစ်ရင် မကောင်းရာလားတယ်။ ဂရုကံခေါ်တဲ့ ဈာန်တရားနဲ့ ပဉ္စာနန္တရိယကံခေါ်တဲ့ ကံကြီးထိုက်တဲ့ကံတွေပဲ သေခါနီးပြုတဲ့ကံကို လွှမ်းမိုးတယ်။ ဒါကြောင့် ဒီဘဝ သေခါနီးကာလမှာ မိတ်ကောင်းဆွေကောင်းတွေရှိဖို့ အလွန်အရေးကြီးတယ်။

Subscribe to:
Posts (Atom)