Friday, March 2, 2018

ဘဝ(၂)

ဘဝ(၂)

ဒီ'ဘဝ'မှာ လောကဓံရှစ်ပါးက အကျိုးပေးတယ်။ လောကဓံဆိုတာ ကောင်းလေးမျိုး၊ ဆိုးလေးမျိုး တလှည့်စီလာတော့ ဆင်းရဲလိုက်၊ ချမ်းသာလိုက်။

ဒီလိုဖြစ်အောင်ပြုလုပ်နေတာလည်း ဘယ်တန်ခိုးရှင်မှမဟုတ်။ မိမိစိတ်က လုပ်နေတာ။ မကောင်းတဲ့စိတ်က ဆင်းရဲဒုက္ခ၊ သံသရာကိုဖန်ဆင်းပြီး ကောင်းသောစိတ်က ချမ်းသာသုခ၊ နိဗ္ဗာန်ထိ ဖန်ဆင်းနိုင်တယ်။

ဒီနေရာမှာ နိဗ္ဗာန်ဆိုတာ ဘုံနန်းကြီးမဟုတ်။ နိဗ္ဗာန်ဆိုတာ 'တဏှာမှလွတ်မြောက်ခြင်း' တဲ့။ လိုချင်တပ်မက်မှုကင်းသူ ပေါ့။ တဏှာနည်းနည်းမရှိတဲ့သူရဲ့ဘဝက နည်းနည်းနိဗ္ဗာန်။ တဏှာများများမရှိသူရဲ့ဘဝက များများနိဗ္ဗာန်။ တဏှာအလုံးစုံကင်းသူရဲ့ဘဝကတော့ အတုမရှိချမ်းသာတာပဲ။

ဒါကြောင့်လည်း ကောင်းမှုပြုတိုင်း နိဗ္ဗာန်ကိုအထောက်အပံ့ဖြစ်ပါစေလို့ဆုတောင်းကြတယ်။ လိုချင်တောင့်တတတ်တဲ့တဏှာလောကကင်းသူ ဖြစ်ရပါစေလို့ ဆုတောင်းကြတယ်။ မလိုချင် မတောင်းတခြင်း၊ မဖြစ်ခြင်းသဘောသည်သာ သုခ။

ဖြစ်ခြင်းကိုတောင့်တခြင်းက စေတသိတ်သဘော။ စိတ်ရဲ့ပင်ကိုမူလ ကြည်လင်ပြီးသား။ ကိလေသာ အညစ်အကြေးတွေက ဝင်တွယ်လို့ နောက်ကျိသွားတာ။

လူဆိုတာ မိမိကိုယ်ကိုအချစ်ဆုံး။ စိတ်မှာ အတ္တနဲ့မာနက အခြေခံနေတော့ ငါမှန်တယ်၊ ငါတရားတယ်၊ ငါကောင်းတယ် ထင်။ငါ့ဆရာ၊ ငါ့တပည့်၊ ငါ့သား၊ ငါ့သမီး ငါ့အုပ်စု၊ ငါ့ဟာလို့ထင်။

ဒါကြောင့် ပြုသမျှမှာ လောဘ၊ဒေါသ၊မောဟ၊မာန ပါမပါ စစ်ဆေး။ များနေလျှင်ကုသိုလ်ကံမဟုတ်။

လောဘ၊ဒေါသ၊မောဟ၊မာန စတဲ့ အကုသိုလ်နည်းပြီး မေတ္တာ၊ဂရုဏာ၊မုဒိတာ၊ဥပေက္ခာ စတဲ့ကုသိုလ်တွေပွားမှ ကုသိုလ်ကံဖြစ်မည်။

ဒါကြောင့် မြတ်စွာဘုရားက

" ဖြစ်ဖြစ်သမျှတရားတို့တွင် စိတ်သာရှေ့သွားဦးဆောင်ဖြစ်၏။ အကြီးအမှူးဖြစ်၏။
ဖြူစင်သောစိတ်ဖြင့် ပြုမူ ပြောဆိုသူသည်
ထိုဖြူစင်သောစိတ်ကြောင့် လူ့အရိပ်သည် လူ့နောက်သို့ အမြဲလိုက်ပါသလို ချမ်းသာသုခသည်လည်း ထိုပုဂ္ဂိုလ်နောက်သို့ အစဉ်လိုက်၏။ " လို့ ဓမ္မပဒ၊ယမကဝဂ်၊ 'မဌကုဏ္ဍလီ' ဝတ္ထုမှာ ဟောထားတယ်။

ဘဝတလျှောက်ပြုခဲ့တဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံတွေက အများကြီး။ သေခါနီးမှာ ပြုမိတဲ့ကံက ကုသိုလ်ဇောဖြစ်မှ ကောင်းရာသုဂတိလားတယ်။ အကုသိုလ်ဇောဖြစ်ရင် မကောင်းရာလားတယ်။ ဂရုကံခေါ်တဲ့ ဈာန်တရားနဲ့ ပဉ္စာနန္တရိယကံခေါ်တဲ့ ကံကြီးထိုက်တဲ့ကံတွေပဲ သေခါနီးပြုတဲ့ကံကို လွှမ်းမိုးတယ်။ ဒါကြောင့် ဒီဘဝ သေခါနီးကာလမှာ မိတ်ကောင်းဆွေကောင်းတွေရှိဖို့ အလွန်အရေးကြီးတယ်။

(ကျမ်းကိုး- ဦးရွှေအောင်၊ ဓမ္မပဒ)

No comments:

Post a Comment