ဘဝ(၁)
ဘကုန်းနဲ့စပြီး ဝလုံးနဲ့ဆုံးတဲ့ 'ဘဝ'။ စာလုံးလေးနှစ်လုံးထဲရှိပေမဲ့ ခရီးရှည်ကြီး ချီတက်နေရတာ 'ဘဝ' ။ ဘဝဆိုတာ အချိုးအကွေ့တွေများ၊ အပြောင်းအလည်းတွေ ခဏခဏ။
'ဘဝ' ဆိုတာ
ပါဠိလိုကတော့ 'ဘဝတီတိ ဘဝေါ။' တဲ့။
ဘဝတိ၊ ဖြစ်တတ်၏။
ဣတိ၊ ထို့ကြောင့်။
ဘဝေါ၊ ဘဝမည်၏။
ဖြစ်တတ်သောသဘောကြောင့် 'ဘဝ' လို့ခေါ်သတဲ့။
အကြောင်းကြောင့်အကျိုးဖြစ်တယ်ဆိုတဲ့ ကြောင်းကျိုးနိယာမတရားအရစဉ်းစားရင် အရင်ကလုပ်ခဲ့တဲ့အကြောင်းတရားတွေကြောင့် အခုဒီဘဝဆိုတဲ့အကျိုးတရားတွေ ရနေတာ။ ဒီဘဝဆိုတာမှာ လုပ်နေတဲ့အကြောင်းတရားတွေကလည်း နောင်မှာအကျိုးတရားတွေ ဖြစ်လာဦးမှာ။
ဗုဒ္ဓအလိုအရ သံသရာဆိုတာ စက်ဝိုင်းလိုလည်နေလေတော့ အဆုံးအစမရှိတဲ့ အကြောင်း၊အကျိုးတွေကြောင့် ဘဝတွေအများကြီး ဖြစ်ခဲ့၊ ဖြစ်ဆဲ၊ ဖြစ်လိမ့်ဦးမည် ပေါ့။ သံသရာဝဋ်ဆင်းရဲတွေ ထပ်ခါထပ်ခါ။ ဝဋ်ဆိုတာ သံသရာ။
'ဘဝ' မှာ
ဝိပါက(အကျိုးတရား)၊
ကမ္မ(ကောင်းတဲ့ကံနဲ့ မကောင်းတဲ့ကံ)၊
ကိလေသာ(မသိခြင်းကြောင့် တပ်မက်ခြင်းဦးစီးနေသော တွယ်ညိမှု)
ဆိုပြီးအပိုင်းသုံးပိုင်းရှိတယ်။
မသိလို့တပ်မက်၊ တွယ်ညိ။
ကောင်းတဲ့ကံ၊ ဆိုးတဲ့ကံတွေပြုမိ။
ဒီအကြောင်းတရားတွေကြောင်း အကျိုးတရားပြန်ဖြစ်။
(ဒီနေရာမှာ ကံဆိုတာ 'စေတနာ' လို့ဘုရားဟောထားတယ်။ဖြစ်စေလိုတဲ့ စေတနာပါမှ ကံမြောက်တာ။ ပြုမိတဲ့အမှုတိုင်း ကံမဟုတ်။)
အဝိဇ္ဇာနဲ့တဏှာဦးစီးတော့ ကိလေသာဖြစ်။ ကိလေသဝဋ်။
ဒုက္ခတွေမှန်းမသိတော့လိုချင်၊အဲဒီအာရုံမှာတွယ်ညိနေရတာလည်း ဝဋ်ပါပဲ။အဲဒါကို ကိလေသဝဋ်လို့ခေါ်တယ်။
လိုချင်တာရအောင် ကျိုးစားအားထုတ်ရတော့ ကုသိုလ်ကံ၊ အကုသိုလ်ကံတွေဖြစ်။ ကမ္မဝဋ်။ ကောင်းတဲ့ကံ၊ မကောင်းတဲ့ကံတွေပြုမိကြတာလည်း ဝဋ်ပဲ။ အဲဒါကမ္မဝဋ်ပေါ့။
ကိလေသာ၊ ကမ္မစတဲ့အကြောင်းတရားတွေကြောင့်ဖြစ်လာရတဲ့ အကျိုးတရားကတော့ ဝိပါက။ အဲဒါ ဝိပါကဝဋ်။
လူအဖြစ်ကိုမသိလို့တပ်မက်၊ တွယ်တာ။ ပြုခဲ့မိတဲ့ကောင်းကံ၊ဆိုးကံတွေကရှိခဲ့။ ဒီဘဝမှာအကျိုးတွေပေး။
ဘဝခရီးလမ်းကို ဘယ်သူကမှ ခင်းပေးခဲ့သည်မဟုတ်။ ဘယ်တန်ခိုးရှင်ကမှ ပို့ပေးခဲ့တာမဟုတ်။ ကိုယ့်အတွေးအမြင်နဲ့ကိုယ်ဖန်တည်းပြီး လျှောက်ခဲ့တဲ့ဘဝလမ်း။ ဒီလမ်းကို ဓမ္မဆိုတဲ့တရားမှုနဲ့သာ သွားရမယ်။(ဓမ္မဆိုတာ တရားမှု၊ အဓမ္မဆိုတာ မတရားမှု)
အဲဒီဓမ္မကိုစိတ်ကပဲဦးဆောင်နေတယ်။ ဒါကြောင့်လည်း မြတ်စွာဘုရားက
" ဓမ္မတို့သည် စိတ်သာလျှင် ရှေ့ကဦးဆောင်၏။ အကြီးအမှူးဖြစ်၏။ မကောင်းသောစိတ်ဖြင့် ပြောဆိုပြုလုပ်မိပါက ထိုသို့ပြောဆိုပြုလုပ်မိခြင်းကြောင့် လှည်းဘီးသည် နွားခြေရာကို အစဉ်လိုက်သလို ဒုက္ခသည်လည်း ထိုပုဂ္ဂိုလ်သို့ အစဉ်လိုက်နေ၏။" လို့ ဓမ္မပဒ၊ ယမကဝဂ်၊ 'စက္ခုပါလထေရ်ဝတ္ထု' မှာ ဟောထားတယ်။
ဒါကြောင့်ဘဝကို မှန်ကန်တဲ့အတွေး(သမာသင်္ကပ္ပ)နဲ့ မှန်ကန်တဲ့အမြင်(သမာဒိဌိ)ဆိုတဲ့စေတသိတ်များနဲ့စိတ်ကိုဦးဆောင်တည်ဆောက်ကြပါမှ မနက်ဖြန်တို့ရဲ့ဘဝတွေ လှပပါလိမ့်မယ်။
(ကျမ်းကိုး- ဦးရွှေအောင်၊ ဓမ္မပဒ)
(အရင်ကလည်း ဓမ္မပဒ ဖတ်ပါတယ်။ ပုံပြင်ဖတ်သလို ဖတ်တယ်။ အခုတော့ အတွေးအမြင်နဲ့ဖတ်တယ်။ ဆရာဦးရွှေအောင်ရဲ့ ဓမ္မပဒကို တပုဒ်စီပြန်ဖတ်ရင်း ရခဲ့တဲ့အကြောင်းအရာလေးတွေကို ပြန်ရှယ်တဲ့သဘောပါ။ မူရင်းဝတ္ထုဇာတ်တွေ ဖတ်ချင်ရင် စာအုပ်မူရင်းကို ရှာဖတ်ကြပါ။)
No comments:
Post a Comment