ငယ်ငယ်တုန်းက တရုတ်နှစ်ကူး
တရုတ်နှစ်ကူးပြန်ပေါ့။ တနှစ်ကိုသုံးခါတိတိ နှစ်သစ်ကူးတဲ့ မောင်လူပေအတွက် ဒုတိယအကြိမ် Happy New Year ပါ။ ပထမအကြိမ်က အင်္ဂလိပ်နှစ်သစ်ကူး။ နောက်ဆုံးနှစ်ကူးက မြန်မာနှစ်သစ်ကူး။ ဒါတောင်ကရင်နှစ်သစ်ကူးတွေဘာတွေမပါလို့ ။
ဒီနှစ်တရုတ်နှစ်ဆန်းတစ်ရက်နေ့က ဖေဖေါ်ဝါရီလ(၁၆)ရက်နေ့။ကြက်နှစ်ကုန်လို့ ခွေးနှစ်သစ်ကိုရောက်ပြီ။
နှစ်ဆန်းတစ်ရက်မတိုင်ခင်နေ့(၁၅)ရက်နေ့ကတော့ ဝါးတီးဆွဲတဲ့နေ့။ ရိုးရာယုံကြည်မှုအရ ကွယ်လွန်သူ မိဘဆွေမျိုးတွေကိုဖိတ်ပြီး ကျွေးမွေးကြတဲ့နေ့။ မိသားစုအစုံအလင်နဲ့ အားပါးတရ စားကြသောက်ကြတဲ့နေ့။
ငယ်ငယ်ကဆို ဒီလိုနေ့ရောက်ရင် အမေကခေါက်ဆွဲကြော်တွေ ဒယ်အိုးကြီးနဲ့ နှစ်အိုးသုံးအိုးကြော်ပြီပဲ။ ပြီးရင် ဘုန်းကြီးကျောင်းပို့၊ ဘေးအိမ်တွေဝေပေါ့။ ကွယ်လွန်သူတွေဖိတ်ပြီး ကန်တော့တဲ့ရိုးရာတော့ မလုပ်ဖူး။ အမေက မြန်မာဆိုတော့ တရုတ်နှစ်ကူးကို မြန်မာဆန်ဆန် အလှူလေးနဲ့ ကူးလိုက်တာပဲ။
ခေါက်ဆွဲကြော်အပြင် သူတတ်သလောက်ချက်ထားတာတွေလည်း အများကြီးပေါ့။ ပါပါးက ဟုတ်ကျူးဟင်းကြိုက်တော့ ဟုတ်ကျူးဟင်းတွေခပ်များများ။ ဟုတ်ကျူးမကြီးတွေဆီကသင်ထားတဲ့ အမေ့လက်ရာဟုတ်ကျူးဟင်းတွေက မူလလက်ရာထက်မညံ့။
ငါးဖယ်လုံးဟင်းချိုဆို ဟုတ်ကျူးလက်ရာက ငါးဖယ်လုံးထဲမှာ ဝက်သားအဆာသွတ်ထားသေးတာ။ သိပ်သောက်လို့ကောင်းပဲ။
ဟုတ်ကျူးဟင်းတွေမှာပဲ ပါတတ်တဲ့နောက်တစ်မျိုးက အနီရောင်ဟင်းအနှစ်လေးတွေ။ အရက်နဲ့စိမ်ထားတဲ့ဒီလိုအနီဖတ်လေးတွေနဲ့ချက်ထားတဲ့ ဝက်သားဆို နူးအိပြီး ချိုစိမ့်နေတာရယ်။ ဘယ်လူမျိုးမှာမှ ဒီလက်ရာမရှိဘူး။ ဟုတ်ကျူးတွေပဲ ချက်တဲ့စတိုင်။ အဲဒီအနီရောင်အဖတ်လေးတွေက ဘာလဲဆိုတာ အမေ့ကိုမမေးဖြစ်ခဲ့လို့ ခုထိမသိခဲ့။
ဒီလိုဟင်းအစုံနဲ့ ဘိုက်ခွေးနမ်းအောင် အမုန်းဆွဲပြီးရင်တော့ ပါပါးက အန်ပေါင်းပေးတယ်။ ငါးကျပ်၊တစ်ဆယ်၊နောက်တော့နှစ်ဆယ်ထိ ပေးတယ်။ အဲဒီခေတ်က နှစ်ကျပ်ရှိရင် ထမင်းစားလို့ရလေတော့ ငါးကျပ်တစ်ဆယ်ဟာ မနည်းလှတဲ့ငွေတွေပေါ့။ ငယ်လည်းငယ်သေးတော့မသုံးတတ်တာလည်း ပါမယ်။ ဘုံကျောင်းမှာလှူ၊ ရုပ်ရှင်ကြည့်ပြီးရင်တော့ ကုန်တာပါပဲ။
ညကြရင်တော့ ဘုရားကျောင်းမှာ မိုးပေါ်ဘုရားရှစ်ခိုးတယ်ဆိုပြီး ညသန်းကောင်သွားတတ်ကြတယ်။ အအိပ်မက်တဲ့လူပေကတော့ တစ်ခါမှမရောက်။ Jade empire လို့သူတို့ခေါ်တဲ့ ကောင်းကင်စောင့်နတ်ကြီး (မြန်မာလို သကြားမင်းနဲ့ခပ်ဆင်ဆင်) ကို နှစ်သစ်ကူးအစ သန်းကောင်ကျော်မှာ ရှိခိုးကြတာတဲ့။
နှစ်ကူးနီးလာရင် ချုပ်ပေးတဲ့အင်္ကျီအသစ်လေးကတော့ နှစ်သစ်ကူးနေ့မှာ ရှိုးပြဖို့ပေါ့လေ။ ဒီတော့ နှစ်သစ်ကူးနေ့မှပဲ အင်္ကျီသစ်လေးဝတ်ပြီး ဘုရားကျောင်းကို မနက်ပိုင်းရောက်ဖြစ်တယ်။ လူတွေကျိတ်ကျိတ်တိုးပေါ့။ တောင်ငူမှာတော့ ဟုတ်ဝမ်ဘုရားကျောင်းလို့ခေါ်ကြတဲ့ဘုရားကျောင်းကြီးပါ။
ဘုရားကျောင်းက နှစ်တစ်ရာကျောင်းကြီးပေမဲ့ သေသေချာချာထိမ်းသိန်းထားတော့ သိပ်မဟောင်းလှသေးဘူး။ တရုတ်ဗိသုကာလက်ရာတေ့ဆက်တွေ၊ နဂါးပျံ၊ ခြူးပျံတွေနဲ့။ဘုရားအရုပ်တွေကလည်းအများကြီး။ ကွမ်အင်ဘုရားကျောင်းမို့ ကွမ်အင်မယ်တော်က အလယ်မှာပေါ့။ ဗုဒ္ဓဘာသာဝင် တရုတ်တွေမို့ ဗုဒ္ဓရုပ်ထုလည်းပါတယ်။ အထဲကအရုပ်တွေက သူ့ခေတ်နဲ့သူ လူစွမ်းကောင်းတွေပါပဲ။ သူတို့ရဲ့နောက်လိုက်တွေက ခေါင်းဆောင်တွေသေလွန်တဲ့အခါ ဆက်ပြီးကိုးကွယ်ထားတာလို့ လူကြီးတွေပြောကြတယ်။ မြန်မာ(၃၇)မင်းနဲ့ခပ်ဆင်ဆင်။
ရွှေစက္ကူ ငွေစက္ကူတွေမီးရှို့နေသူတွေက အပြင်မှာ။ ဘုရားကျောင်းရဲ့အထဲမှာက အမွှေးတိုင်အနံ့တွေမွှန်ထူ၊ ဖရောင်းတိုင်တွေအရမ်းထွန်းကြတော့ပူ။ လူတွေအများကြီးကပြိုင်ထွန်းကြသလို ဖြစ်နေတော့ အသက်တောင်မရှူနိုင်ဘူး။ အထဲကိုအမြန်ဝင်၊ ဘုရားရှိခိုး၊ အမြန်ထွက်ပဲ။ အဲဒီနေ့မှာ ကွမ်အင်ဗေဒင်မေးချင်ရင်တော့ အကြာကြီးစောင့်ရလိမ့်မယ်။
ကွမ်အင်ဗေဒင်မေးတယ်ဆိုတာက လွယ်ပါတယ်။ ကိုယ်မေးချင်တဲ့မေးခွန်းတစ်ခုကို စိတ်ထဲမှာမေး။ ကွမ်အင်ရုပ်ထုရှေ့က တုတ်တိုင်လေးတွေထည့်ထားတဲ့ဝါးကျည်တောက်ကိုခလောက်ပေး။ တုတ်တံလေးတစ်ခုထွက်လာရင်ရပြီ။ ပြီးရင် သစ်သားပြားနှစ်ခုကိုအပေါ်မြှောက်၊ပက်လက်နဲ့မှောက်ခုံ စုံနဲ့မဆိုရင် ဒီတုတ်တံက အဖြေပဲ။ စုံနဲ့မ မဟုတ်ပဲ မှောက်ခုံတွေ ပက်လက်တွေချည်းဖြစ်နေရင်တော့ တုတ်တံပြန်ထည့်၊ ပြန်ခေါက်ပေါ့လေ။
တုတ်တံမှာက နံပါတ်ကိုရေးထားတာ၊ ဒီတုတ်တံကို ဘုရားကျောင်းလူကြီးကိုပြလိုက်ရင် သူက စာအုပ်လှန်ကြည့်ပြီး အဖြေပြောပြပါလိမ့်မယ်။ တရုတ်စာတွေရေးထားတဲ့ အဖြေစာရွက်လေးလည်းပေးလိုက်သေးတယ်။
အဖြေကလည်း ပုံပြင်လေးတွေနဲ့ဗျ။ ပုံပြင်လေးကဒီလို၊ ဒါကြောင့် ဘာဖြစ်နိုင်တယ်နဲ့ဘုရားကျောင်းလူကြီးက ဘာသာပြန်ပေးတဲ့အဖြေကို နောက်ပိုင်းကြတော့ စာအုပ်ထဲမှာ မြန်မာလိုရေးထားလိုက်ကြတယ်။ ကိုယ့်ဟာကိုယ် စာအုပ်လှန်ပြီးဖတ်ပေတော့ပဲ။ တရုတ်စာနဲ့ရေးထားတဲ့စာရွက်က ဘယ်သူမှလည်းမဖတ်တတ်ကြတော့ နောက်ပိုင်းမှာ မပေးတော့ဘူး။ မြန်မာပြည်ပေါက် တရုတ်တွေလေ။ ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းပြီး တရုတ်ကျောင်းတွေပါ ပြည်သူပိုင်သိမ်းပြီးမှ လူဖြစ်လာကြသူက ခပ်များများမို့ မြန်မာစာပဲ ဖတ်တတ်တော့တယ်။
တရုတ်နှစ်ဆန်းတစ်ရက်နေ့ကတော့ အလွန်ပျော်ပေါ့။ ဘုရားကျောင်းကအလှူရှင်တွေကျွေးတဲ့သက်သတ်လွတ်ကြာဆံကြော်တွေ အဝစား၊ ပြီးရင် ဘုရားကျောင်းလာကြတဲ့ တရုတ်မဖြူဖြူချောချောလေးတွေကို မျက်စိညောင်းအောင်ကြည့်ပေတော့။ သူတို့တွေကလည်း မှုန်နံ့သာချယ်ကာသပြီး သူ့ခေတ်နဲ့သူ ရှယ်ပြင်ထားကြတော့ အလွန်လှပေါ့ဗျာ။ အင်္ကျီလုံချည်အသစ်လေးတွေနဲ့ သစ်လွင်တောက်ပနေတဲ့ တရုတ်ဘုရားကျောင်းရဲ့မြင်ကွင်းက ဘယ်ပန်းချီရေးလို့မမှီပါပဲ။
ပြီးရင်တော့ အဖေါ်တွေစုကြပြီး (၁၃)မိုင်လို့ အလွယ်ခေါ်ကြတဲ့ သံတောင်မြို့သစ်က ပသိချောင်းဆီချီတက်ကြ၊ ရေကစားကြ၊ ပျော်ပွဲစားကြ၊ ခေါင်ရည်သောက်ကြပေါ့။ အလွန်ပျော်ခဲ့ရတဲ့ တရုတ်နှစ်ကူးတွေရယ်ပါ။
အခုတော့.... နှစ်တွေလည်းကြာခဲ့ပါပြီ။ ကောင်လေးလို့အခေါ်ခံရတဲ့မောင်လူပေလည်း ဘကြီးအခေါ်ခံရတဲ့အထိ ရာထူးတွေ တက်ခဲ့ပြီလေ။ ထိပ်တွေ နဖူးတွေလည်းပြောင်ကုန်ပြီ။ သူငယ်ချင်းတွေလည်း ကိုယ်လိုပဲ ပြောင်ကြီးတွေ ပြောင်လေးတွေ ဖြစ်နေကြပြီ။ အမေတို့ ပါပါးတို့တွေလည်း လူ့လောကကြီးမှာမရှိကြတော့လို့ အန်ပေါင်းပေးမဲ့သူ မရှိတော့ဘူး။ကိုယ်ကပဲ သမီးကို အန်ပေါင်းပေးရတဲ့အရွယ်ရောက်ခဲ့ပြီ။ ကိုယ်တွေ မျက်စိစားပွဲထိုင်ခဲ့တဲ့ အပျိုမလှလှလေးတွေလည်း သားသမီးတွေကိုယ်စီနဲ့အန်တီကြီးတွေဖြစ်ကုန်ပြီ။ တချို့တွေဆို အန်းကုန်း၊အန်းမဖြစ်ကြပြီး မြေးတွေချီလို့ ဘဝခရီးရှည်ကို ချီတက်နေကြပြီ။
ဒါပေမဲ့ လူ့စိတ်ဆိုတာ ခက်သားကလား။ ပစ္စုပ္ပန်ကိုတည့်တည့်ရှုနေရက အတိတ်ကို ပြန်ပြန်ရောက်သွားတတ်တယ်။ အကြောင်းတွေတိုက်ဆိုင်လာရင်ပေါ့။ ဟိုရောက်ဒီရောက်နဲ့ ဖမ်းရခက်တဲ့စိတ်။ ဒါကြောင့်လည်း ငယ်ဘဝ တရုတ်နှစ်သစ်ကူးနေ့ကို ပြန်ရောက်၊ အန်ပေါင်းတွေပြန်အမှတ်ရ၊ ဟုတ်ကျူးဟင်းတွေ ခေါက်ဆွဲကြော်တွေ ပြန်အမှတ်ရပေါ့။
သူငယ်ချင်းမိတ်ဆွေတွေလည်း တရုတ်နှစ်သစ်မှာ ကောင်းကျိုးအဖြာဖြာနဲ့ ပြည့်စုံနိုင်ကြပါစေ။
ချစ်ခြင်းအားဖြင့်
မောင်လူပေ
No comments:
Post a Comment