Thursday, February 22, 2018

မှန်ထဲကလူ

မှန်ထဲကလူ

မှန်အောင်ကြိုးစားရင်း၊
ခဏခဏမှားခဲ့ရသူ။

အတ္တတံခွန် မလွှင့်ခဲ့၊
မာနတွေလည်း
ခဝါချရလွန်းလို့ 
အရောင်တွေလွင့်နေသူ။

တစ်ခါတစ်လေ
ဘု..ကျတတ်တာကလွဲရင်၊
ဘုံဆိုင်... မထိုင်၊
ပချုပ်ဆိုင်..ဝေးဝေးရှောင်၊
နှစ်လုံးသုံးလုံး..မလုပ်
ဘောပွဲ..မလောင်း၊
အဘ တွေနဲ့ လည်း..မပေါင်း၊
မငတ်ရုံ နေထိုင်မှုမှာ
ပျော်မွေ့နေသူ။

အလန်းလေး အတွက်
စပွန်ဆာဖိုးမရှိ၊
စီးစရာလည်း
မာစီဒီးမရှိ၊
အများငေးရမဲ့
တိုက်ကြီးမပိုင်၊
မရှိမဲ့ရှိမဲ့
သိက္ခာလေး ဖုန်သုတ်ရင်း
ကြည်နူးနေတတ်သူ။

လူဂုဏ်တန် လို့ 
အခေါ်မခံရပေမဲ့၊
မုဒိတာကို စိတ်မှာမွေး
ရင်ဘတ်တူသူတွေနဲ့ပျော်နေသူ။

ကိုယ့်လိပ်ပြာ ကိုယ်လုံလို့ 
လွတ်လပ်စွာနေထိုင်ရင်း၊
ကမ္ဘာမြေတစ်နေရာမှာ
ပျော်ရွှင်စွာခေါင်းချချင်သူ။

သူ..သူ...သူ..သူ
မှန်ထဲကလူ။ ။

၅-၁-၂၀၁၃

(ကိုယ်တိုင်ရေး အထုပ္ပတ္တိကဗျာလေးကို ပြန်လည်တင်ပြပါတယ်။)

No comments:

Post a Comment