ဤရာသီကား ဆယ်တန်းစာမေးပွဲရာသီပင်တည်း။
လေးဘာသာမျှ ဖြေဆိုပြီးကြပြီ။ နောက်ထပ်နှစ်ဘာသာဖြေပြီးလျှင် ဤရာသီခွင်မှ လွတ်ကြပေမည်။ သို့ပါသော်လည်း ဤကလေးများအတွက် စာမေးပွဲတစ္ဆေခြောက်လှန့်မှုကား တစ်ဘဝလုံးတိုင် ခံစားကြရပေတော့မည်။ ရွှေရတုမောင်လူပေသည်ပင် ဒီတစ္ဆေ၏ရန်မှ မလွတ်သေး။ တခါတရံ စာမေးပွဲဖြေသည့်အိပ်မက်တစ္ဆေမက်ဆဲ။ စာမေးပွဲကို အချိန်မှီမရောက်ပဲ လမ်းမှားနေဆဲ။ ဖြေဆိုရမည့်ဘာသာကို မကျက်မိဘဲ မှားပြီးစာကျက်မိသဖြင့် စာမေးပွဲမဖြေနိုင်ဆဲ။ စာမေးပွဲလည်း ခုချိန်ထိ မအောင်နိုင်မြဲ။
လူတစ်ယောက်၏စိတ်ကို ဒီမျှအထိ စွဲလမ်းခြောက်လှန့်စေနိုင်သောအရာကား ဘဝတွင် ရှိနိုင်ခဲလှသည်။ ကိုယ့်ဘဝတစ်ခုလုံးအတွက် သေရေးရှင်ရေး အရေးကြီးသော သည်စာမေးပွဲကြီးကို ကျောင်းသားတိုင်း မဖြစ်မနေဖြတ်ကျော်ရမည်ဖြစ်ရကား တတ်နိုင်သူက ပိုတတ်နိုင်အောင်၊ မတတ်နိုင်သူက တတ်နိုင်သမျှ လေ့လာအားထုတ် သင်ယူကြရ၊ ကျက်မှတ်ကြရမည်မှာ ဓမ္မတာ။
သို့ပါသော်လည်း ဒီဆယ်တန်းစာမေးပွဲကား ဓမ္မတာကိုကျော်လွန်သောအရာပင်တည်း။ သားသားမီးမီးတို့သာ ပင်ပန်းသည်မဟုတ်။ သူတို့၏ မိဘဆွေမျိုး၊ ညီအကိုမောင်နှမ၊ ဦးဦးဒေါ်ဒေါ်၊ ဖိုးဖိုးဖွားဖွားတို့လည်း မနေကြရရှာ။ လိုက်ကာပင်ပန်းကြ၏။
ကလေးဆယ်တန်းမှာအမှတ်ကောင်းဖို့ ကျောင်းကောင်းကောင်းမှာ အပ်ဖို့လိုသည်။ နာမည်ကျော်ကျောင်းတွေမှာ အပ်နိုင်ဖို့က သာ၍ခက်သည်။ ထို့ပါသောကြောင့် ပိုင်ရာဆိုင်ရာတွေကို လိုက်ကြရ၊ ဝင်ကြထွက်ကြရ၊ ပါတိတ်ဝမ်းဆက်ခေတ်၊ အပေါ်စက် အောက်စက်ခေတ်၊ ရွှေဆွဲကြိုးခေတ်၊ ခေတ်တွေနှင့်အလိုက် ဝင်တတ်ထွက်တတ်ရသည်။ ဗိုလ်ချုပ်ကြီးများခေတ်တွင် နံပါတ်ဝမ်း၊တူး၊သရီးကတော်တွေဝိတ်ရအောင် ကြံဖန်ကြရသည်။ ဤသို့ ခေတ်အဆက်ဆက်ဖြစ်ပေါ်ခဲ့ရသောအကျိုးကား ဆယ်တန်းစာမေးပွဲဟူသည့် အကြာင်းကြောင့်တည်း။
နာမည်ကြီးကျောင်းဝင်သည်ဆိုသည်နှင့်လည်း ပြီးသည်မဟုတ်။ အတန်းပိုင်ဆရာတွေထံ ဝင်ထွက်ကြရပြန်၏။ ဆယ်တန်းကို ကျောင်းမှာတက်သည့်ကလေးရှိသလို ဝိုင်းမှာတက်နေသည့်ကလေးလည်းရှိသည်။ နာမည်ကျော်ဝိုင်းတွေမှာ သိန်းသုံးလေးဆယ်ပေးပြီးတက်နေသောကလေးက ကျောင်းမလာနိုင်။ ထိုအခါ အတန်းပိုင်ဆရာမတွေဆရာတွေကို ကျောင်းခေါ်ချိန်ပြည့်ရေးအတွက် ဝင်ထွက်ရပြန်၏။ ကျောင်းမှာတက်သောကလေးဆိုလျှင် ကျူရှင်တွေပြေးပေရော့။ ဂိုက်ဖိုးကလည်း မသက်သာ။ ဘာသာစုံအတွက် ဂိုက်မျိုးစုံ ငှား။ တတ်နိုင်လျှင်တတ်နိုင်သလောက် ကုန်ပေရော့။ အိမ်ရှိလူအများ မအားကြရတော့။
သူငယ်ချင်းတွေကို မေးကြည့်သည်။ ဆယ်တန်းစာမေးပွဲအတွက် သုံးငွေစာရင်း ဆာဗေးကောက်သည်။ ပျမ်းမျှ သိန်းသုံးဆယ်မှသိန်းရာချီတိုင် သုံးကြသော ဟူသတတ်။ ကျောင်းသားထောင်ချီ ကုန်ငွေသိန်းပေါင်းသောင်းချီ။ အတော်ကုန်သော စာမေးပွဲ။
ဒါတောင် အမေတွေအတွက် သွေးကျဆေးဖိုး၊ ခေါင်းမူးပျောက်ဆေးဖိုးတွေမပါသေး။ ကလေးစာမေးပွဲအတွက် သူတို့တွေက ကလေးတွေထက် ဆယ်ဆလောက် ပူကြရကား သွေးတိုးမဖြစ်ဖူးသူတောင် ဒီရာသီဆို သွေးတိုးဖြစ်ပြီမှတ်။ သားသားမီးမီးတို့မအိပ်လျှင် သူတို့မအိပ်ရ။ စားဖို့သောက်ဖို့ အိမ်ရှင်မတာဝန်အပြင် ကျောင်းပေါက်ဝမှာ ငုတ်တုတ်စောင့်ရသည့် ကျောင်းစောင့်တာဝန်ပါ ပိုလာသေးသည်။ ဘေးရန်ကင်းရေးအတွက် ဗေဒင်ဆရာဆီပြေးကြရသည့်၊ နေ့သင့်နာမ်သင့် ယတြာတွေချေပေးသည့်၊ နာမည်ကြီး ဘိုးတော် ဘွားတော်တွေဆီပြေးပြီး ကန်တော့ပွဲထိုးရသည့် တာဝန်အဆစ်ပါ ပါသေးတော့။
ဆယ်တန်းစာမေးပွဲကား ခြောက်ဘာသာမျှသာ ဖြေကြရ၍ တော်တော့၏။ ဘာသာနှစ်ဆယ်လောက်သာ ဖြေရမည်ဆိုပါက ကလေးများဘာမျှ မဖြစ်သော်လည်း ထိုထို အမေအပေါင်းအား ဆေးရုံပို့ရမည့်ကိန်းရှိသည်။ ကော်ဇောနီမခင်းပေးရုံတမယ် အနားမှာနေ၍ VIP treatment ပေးကြကုန်သော၊ အချို အငန် အပူ အအေး လိုချင်သမျှ လိုတရစေရေး အဖက်ဖက်မှ ဖြည့်ဆည်းပေးကြကုန်သော မာတာပီတုအပေါင်းတို့ပါတကား။
ကလေးအပေါင်းကလည်း မခေကြ။ ဆယ်တန်းမှာ ဘာသာစုံဂုဏ်ထူးထွက်သူတွေ ရာချီ၊ ငါးဘာသာဂုဏ်ထူးရှင်တွေထောင်ချီ။ တစ်ဘာသာ၊နှစ်ဘာသာဂုဏ်ထူးရှင်များခမျာ မျက်နှာမလှ။ တက္ကသိုလ်ဝင်ခွင့်အမှတ်တွေကလည်း ကြောက်မက်ဖွယ်။ ရန်ကုန်နည်းပညာတက္ကသိုလ်ဝင်ခွင့်အနိမ့်ဆုံးအမှတ် ငါးရာတစ်ဆယ်ကျော်၊ ရန်ကုန်ဆေးတက္ကသိုလ်များ ဝင်ခွင့်အမှတ် ငါးရာကျော်။ ဘာသာစုံ ဂုဏ်ထူးထွက်သူပင် ထိုကျောင်းများဝင်ခွင့်ရဖို့ မသေချာဟူ၏။
တကယ်ကတော့ ဘဝကို ဒီစာမေးပွဲကြီးက အဆုံးအဖြတ်လုံးဝပေးခဲ့သည်တော့မဟုတ်။ သာမန်ဘွဲ့လေးယူပြီး စီးပွားရေးလုပ်ရင်း ကြီးပွားချမ်းသာနေသူတွေလည်း ဒုနဲ့ဒေး၊ တချို့ဆို ဒီစာမေးပွဲတောင်မအောင်ခဲ့ကြ။ ဘဝစာမေးပွဲကို အောင်မြင်ဖို့အတွက် ခြေလှမ်းတစ်ခုမျှသာ။
ပညာရွှေအိုးကို လူမခိုးရေးအတွက် ရွှေအိုးရောင်းကာ ဝယ်ကြရသည့်ခေတ်တွင် လူဖြစ်ကြသော မြို့ကြီးများတွင်နေထိုင်ပြီး တတ်နိုင်ကြသော မိဘများ၏ကလေးများအတွက် အပင်ပန်းခံကြသည်ကို ရည်ညွှန်းပါသည်။ မိဘမတတ်နိုင်သဖြင့် ဂိုက်တွေ ကျူရှင်တွေမရှိသော်လည်း ထူးချွန်စွာအောင်မြင်ပြီး ဆေး၊စက်မှုစသော ကျောင်းအပေါင်းကို ဝင်ခွင့်ရကြသူများလည်း ရှိသည်။ ဂုဏ်ယူရပါသည်။
ထိုကဲ့သို့သော စာမေးပွဲရာသီတစ်ခုကို လွန်ခဲ့သောနှစ်သုံးဆယ်ကျော်ခန့်၊ အတိအကျဆိုရသော် ၁၉၈၁ခုနှစ် မတ်လက မောင်လူပေခေါ် ခပ်ကြောင်ကြောင် ကောင်လေးတစ်ဦးလည်း ဖြတ်သန်းခဲ့ဖူးပါ၏။ နာမည်ကြီးလှသော ဒဂုံ(၁)၊ တီတီစီတို့မှ မဟုတ်ရပါ။ တောင်ငူဟု အမည်ရသော မထင်မရှားမြို့ငယ်လေး၏ အထက(၁)ခေါ် ကျောင်းကလေးမှ ဖြတ်သန်းခဲ့ပါသည်။ ဂိုက်တွေ၊ ဝိုင်းတွေ ခေတ်မစားသေးသော်လည်း ပြင်ပကျူရှင်တော့ ရှိနေပြီ။ ကျောင်းမှဆရာများက ကျောင်းသားတွေကို ကျူရှင်ပြန်သင်ကြသူ သိပ်မရှိ။ ကျောင်းမှာပဲ စေတနာအပြည့်နဲ့ သင်ပေးကြသည်။ ကျောင်းမှာမလိုက်နိုင်သည့် ဘာသာအချို့သာ ပြင်ပကျူရှင်ယူခဲ့ရသည်။ တစ်ဘာသာမှတစ်လတစ်ဆယ်ခေတ်။ မပေးနိုင်လျှင်လည်း အတင်းမတောင်း။
မှတ်ဉာဏ်အားနည်းသူမို့ တွက်စာပဲအားကိုးရသည်။ ပထဝီ၊ဘောဂ၊သမိုင်း အမုန်းဆုံး။ ရှေ့ကကျက်၊နောက်ကမေ့။ သည်လိုကျော်ဖြတ်ရင်းလည်း အကြောက်တရားအပြည့်။ အောင်စာရင်းထွက်သည်အထိ ယုံကြည်မှုမရှိ။ ကံကောင်းထောက်မ၍သာ ဘုရားစူးဂုဏ်ထူးတစ်ဘာသာ။ အမှတ်ပေါင်းက လေးရာမပြည့်။ ဘာသာစုံဂုဏ်ထူးတွေ အမှတ်ပေါင်းငါးရာကျော်တွေ အဝေးကြီးမှာ။ ဒီခေတ်သာဆို အခက်။ ဉာဏ်ကောင်းသူတွေထဲမပါရုံမက အပျင်းပါထူပြီး ကျောင်းစာကလွဲရင် အားလုံးစိတ်ဝင်စားသူ မောင်လူပေ။ ခုလို အချိန်ထိ အိပ်မက်ထဲမှာ စာမေးပွဲမဖြေနိုင် ဖြစ်နေဆဲ။ ဆယ်တန်းစာမေးပွဲကို အကြိမ်ကြိမ်ဖြေဆိုရင်း အရှုံးပေးလိုက်ကြရသူတွေဆိုရင်တော့ ဒီစာမေးပွဲကြီးကို စိတ်နာနေကြမှာ အသေအချာ။
အခုခေတ္တနေထိုင်ရာ အမေရိကားပညာရေးက ဒီဆယ်တန်းဟူသော တောင်ကြီးမရှိ။ ကျော်စရာမလို။ သတ်မှတ်ရာဘာသာများ၏ယူနစ်ပြည့်လျှင်ရပြီ။ လုပ်အားပေးယူနစ်နာရီပြည့်လျှင်ရပြီ။ အထက်တန်းအောင်ပါသည်။ ကောလိပ်ကောင်းက လက်ခံဖို့ကတော့ တစ်မျိုးပေါ့။ ဒေသကောလိပ်တက်ပြီးမှ ကောလိပ်ကျောင်းကောင်းကောင်းကို ပြောင်းကြသူတွေလည်းရှိသည်။ သူတို့မှာ ကံထူးသူများဖြစ်၍ မောင်လူပေလို စာမေးပွဲကြောက်စိတ်ကြောင့် မက်ရသော စာမေးပွဲအိပ်မက်တွေ ခဏခဏ မမက်ကြပါ။
မောင်လူပေတို့ မွေးရပ်မြေ ရွှေပြည်ကြီးမှာလည်း ပညာရေးစနစ်တွေ ပြောင်းလည်းနေပြီတဲ့။ ဆယ့်နှစ်တန်းထိ တိုးမယ်တဲ့။ သတင်းတွေကြား၏။ အမြန်ပြောင်းလည်းနိုင်ကြပါစေ။ ဆယ်တန်းစာမေးပွဲစနစ်ကြီးကို ကြောက်လန့်ရသောရန်မှ အမြန်ကင်းဝေးကြပါစေ။
ယခုနှစ်ဆယ်တန်းဖြေဆိုနေကြသော သားတွေ သမီးတွေလည်း ဂုဏ်ထူးတွေအများကြီးနဲ့အောင်မြင်ပြီး နိုင်ငံအတွက်အားထားရမဲ့ သားကောင်းရတနာတွေ ဖြစ်ကြပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။
မြန်မာပြည်သူပြည်သားအပေါင်း ကျန်းမာချမ်းသာကြပါစေ။
ချစ်ခြင်းအားဖြင့်
မောင်လူပေ
(ပုံမှာ တညောင်မှ စံနည်းပြ၏ကလေးများ။)
No comments:
Post a Comment