Friday, March 2, 2018

ဘဝ(၄)

ဘဝ(၄)

ဘဝဆိုတာ သိသိသာသာပြိုင်နေခြင်းနဲ့ မသိမသာပြိုင်နေခြင်းတို့ရဲ့ ပေါင်းစည်းရာနေရာပါ။ တိုးတက်ဖို့အတွက် အမြဲယှဉ်ပြိုင်ကျိုးစားနေရတယ်။ မာနဆိုတဲ့ အခြေခံကြောင့်ပေါ့။

မာနကြောင့်ပြိုင်ရင်း မခံချင်စိတ်ဆိုတဲ့ ဒေါသတွေဖြစ်လာရတယ်။ ဒေါသနဲ့မာနကြောင့် ယှဉ်ပြိုင်နေရင်း မှားမှန်းသိပေမဲ့ ဇွတ်တိုးနေရတဲ့ဘဝတွေ ဒုနဲ့ဒေး။ ကိုယ့်ပြိုင်ဖက်ကို အသာစီးရရေးအတွက် နည်းမျိုးစုံသုံးရင်း အမှားတွေလုပ်မိတဲ့အခါ ရတနာသုံးပါးလည်း မကယ်နိုင်တော့ပြီ။

လူမှာ ဆင်ခြင်ဉာဏ်ထက် ခံစားမှုက ပိုရှေ့ရောက်တတ်ကြတော့ မှားမှန်းသိပေမဲ့ သူတော်ကောင်းတရားတွေခေါင်းထဲ မရောက်တော့။ သာမာန်လူရဲ့ကိုယ်ကျင့်သိက္ခာဟာ ကျောက်တိုင်လိုမခိုင်မြဲပဲ မြေသားတိုင်လို ယိုင်လဲတတ်ကြတယ်။ ဒါကြောင့် ငွေမျက်နှာကြည့်ရင်း ကိုယ်ကျင့်သီလပျက်သွားသူကများပြီး သီလခိုင်ခိုင်နဲ့ထိမ်းနိုင်ကြသူ နည်းကြပါတယ်။

တကယ်တော့ ဘဝဆိုတာ တခဏဆိုတာ မေ့နေကြလို့ပဲ။ အနိစ္စသဘောအရ တစ်နေ့မှာ သေကြရတဲ့အခါ သုဘရာဇာလက်ထဲမှာ သာခြင်းနာခြင်းမရှိပဲ မြေသြဇာ၊ ပြာတွေအဖြစ် အဆုံးသတ်ကြရမှာပါ။ ဒါကြောင့် 'မရဏာနုဿတိ' လို့ခေါ်တဲ့ သေခြင်းတရားကို အဖန်ဖန်အောင့်မေ့ပွားများခြင်းကမ္မဌာန်းနဲ့သာ မခံချင်စိတ်တွေ၊ ဒေါသမာန်မာနတွေကို ပယ်ဖျောက်ရပါမယ်။ ခိုက်ရန်ကွဲပြား အငြင်းပွားခြင်းတွေကို ပယ်ဖျောက်ရပါမယ်။

ဒါကြောင့်လည်း မြတ်စွာဘုရားက

'ဤလောကတွင် ငါတို့သည် တစ်နေ့သေရမည်သာဖြစ်၏ ဟူ၍ မသိကြသော လူမိုက်တို့အတွက် ငြင်းခုံကွဲပြား ခိုက်ရန်များခြင်းသည် မပြေငြိမ်းနိုင်။

ထိုသို့သိသော ပညာရှိတို့အတွက်ကား ထိုသို့သိခြင်းကြောင့် ခိုက်ရန်ဖြစ်ပွား ငြင်းခုံကွဲပြားခြင်းတို့သည် ပြေငြိမ်းကြ၏။'

လို့ ဓမ္မပဒ၊ ယမကဝဂ်၊ ကောသမ္ဗီရဟန်းများဝတ္ထုမှာ ဟောကြားထားပါတယ်။

ဒါကြောင့်လည်း ဘဝမှာ ဒေါသမာန်မာနကို အကြောင်းပြုပြီး မခံချင်စိတ်တွေ ဖြစ်လာတဲ့အခါ မမြဲတဲ့ အနိစ္စသဘောကို အာရုံပြုပြီး ဖြစ်လာတဲ့ ဒေါသ မာန်မာနတွေပျောက်အောင် ကြိုးစားကြရပါမယ်။ အချင်းချင်း ချစ်တဲ့စိတ်တွေ မွေးကြရပါမယ်။

(ကျမ်းကိုး- ဦးရွှေအောင်၊ ဓမ္မပဒ)

No comments:

Post a Comment