Friday, March 2, 2018

ဘဝ(၃)

ဘဝ(၃)

ဘဝကိုစိတ်ကဦးဆောင်တယ်ဆိုပေမဲ့ သိစိတ်ကအာရုံကို အရှိအတိုင်းမြင်ဖို့ ခက်တယ်။ မသိစိတ်ရဲ့ ကိုယ့်သဘာဝ၊ပတ်ဝန်းကျင်၊အလေ့စရိုက်ဆိုတဲ့ဥပါဒါန်တွေကြောင့် ဘက်လိုက်ပြီးမြင်ကြတယ်။ကောင်းတဲ့စိတ်နဲ့မကောင်းတဲ့စိတ်တွေဖြစ်လာအောင် လွှမ်းမိုးတယ်။

မသိစိတ်ကိလေသာတွေရဲ့လွှမ်းမိုးမှုကို ကိုယ်ကျင့်တရားနဲ့တွန်းလှန်ပြီး အမှန်အတိုင်းမြင်နိုင်မှ အဆုံးအဖြတ်ကမှန်နိုင်လိမ့်မယ်။

ကိလေသာတွေလွှမ်းမိုးနေရင် ပညာတတ်ဆိုတာလည်း သညာတတ်အဆင့်ပဲ။ ပညာတတ်တွေယုတ်မာနေကြတာအများကြီးရှိတယ်။ ပညာမတတ်သူရဲ့ယုတ်မာမှုနဲ့အတူတူ။ အဆိပ်ကို သကြားဖုံးထားတာနဲ့ မဖုံးထားတာပဲကွာမယ်။ သကြားဖုံးထားတော့ အဆိပ်မှန်း လွယ်လွယ်မသိနိုင်ဘူး။

ဘဝမှာ သံယောဇဉ်ကြိုးတွေလည်းများလှတယ်။ ဒီကြိုးတွေအပြင် ရန်ငြိုးဆိုတဲ့ကြိုးလည်း ရှိတယ်။ ဒီကြိုးက ဖြတ်ရခက်လှတယ်။ ဒေါသကို ဒေါသနဲ့တုန့်ပြန်ရင်း ကြိုးတွေပိုပြီးခိုင်မြဲလာမယ်။ ရန်တွေပိုပိုလာမယ်။ ဒေါသကြိုးကို အဒေါသလို့ခေါ်တဲ့ မေတ္တာကြိုးနဲ့သာ ဖြတ်တောက်ရမယ်။

အကြောင်းတရားဖြစ်တဲ့ဒေါသကိုမပယ်သတ်နိုင်ရင် အကျိုးတရားတွေဆက်ဖြစ်နေမှာကို မြတ်စွာဘုရားက

'ဤသူသည် ငါ့ကို ဆဲရေး၏။ ညှဉ်းဆဲ၏။ အနိုင်အထက်ပြု၏။ ငါ့ဥစ္စာကို မတရားယူ၏။
ဤသို့ ရန်ငြိုးဖွဲ့သူအား ရန်သည်မငြိမ်း။
ဤသို့ ရန်ငြိုးမဖွဲ့မှသာ ရန်သည်ငြိမ်း၏။ '

လို့ ဓမ္မပဓ၊ ယမကဝဂ်၊ တိဿမထေရ်ဝတ္ထုမှာ ဟောထားတယ်။

လောကမှာ အရာအားလုံးက အလှကိုယ်စီရှိကြတယ်။ ဒီအလှတရားတွေကို မြင်အောင်ကြည့်တတ်ဖို့က အဝိဇ္ဇာခေါ်တဲ့ ဘက်လိုက်သောမသိစိတ်တွေကို ပယ်နိုင်ဖို့လိုပါတယ်။ လောကအလှကိုကြည့်ရင် မိမိကိုယ်မိမိပြန်ကြည့်သလို ကြည့်မှ မြင်နိုင်တာ။ မိမိကိုယ်သာ အချစ်ဆုံးမို့ ကိုယ့်ကိုယ်ကို ကောင်းတယ်ပဲ ထင်ကြမြဲ။ ပြောချင်တာကတော့ ကိုယ်ချင်းစာစိတ်လေးတွေ မွေးပြီး ကြည့်တတ်ရင် လောကကြီးရဲ့အလှတရားတွေကိုမြင်နိုင်မှာ။

(ကျမ်းကိုး- ဦးရွှေအောင်၊ ဓမ္မပဒ)

No comments:

Post a Comment