Sunday, June 10, 2018

Mytel ဆိုလို့

Mytel ဆိုလို့

အခုတလောလူပြောများနေတဲ့ ကိစ္စက Mytel ဆိုတဲ့ မိုလ်ဘိုင်းဆက်သွယ်ရေးလုပ်ငန်းကြီးဗျ။ နေပြည်တော်မှာ တပ်ချုပ်ကြီးကိုယ်တိုင်ပရိုမိုးရှင်းလုပ်တယ်ဆိုတော့ စိတ်ဝင်စားကြတယ်။ တပ်ပိုင်စီးပွားရေးကော်ပိုရေးရှင်းကြီးရဲ့ ရှယ်ယာတွေလည်းအများကြီးပါသတဲ့။ မြန်မာ့တပ်မတော်က ပိုက်ဆံများများရမဲ့နေရာတွေမှာ ရင်းနှီးမြှတ်နှံထားတာမို့ မိုလ်ဘိုင်းဆက်သွယ်ရေးဖက် ခြေလှမ်းလာတာတော့ မထူးဆန်းလှ။ တပ်ပိုင်စီးပွားရေးဆိုပေမဲ့ ဒီလုငန်းစုကြီးရဲ့ အဓိကပိုင်ရှင်တွေကဘယ်သူဆိုတာ အားလုံးသိပြီးသားမို့ အထူးပြောရန်မလို။

တကယ်တော့ Mytel ဆိုတာ၊ ဗီယက်နမ်စစ်တပ်ပိုင် မိုလ်ဘိုင်းဆက်သွယ်ရေးလုပ်ငန်းကြီးတစ်ခုရဲ့ ကလုန်း(clone)တစ်ခု၊ ရင်းနှီးမြှုတ်နှံမှုတစ်ခုလည်း ဖြစ်နေပါတယ်။ ဗီယက်နမ်စစ်တပ်ပိုင် Viettel နဲ့ ဖက်စပ်လုပ်ငန်းဖြစ်ပြီး မြန်မာပြည်မို့ Mytel လို့ နာမည်ပေးထားခြင်းပေါ့။

ဒီတော့ ဗီယက်နမ်ရဲ့ Viettel ဆိုတဲ့ မိုလ်ဘိုင်းဆက်သွယ်ရေးလုပ်ငန်းကြီးအကြောင်း နည်းနည်းလောက်လေ့လာကြည့်ရအောင်။

ဗီယက်နမ်နိုင်ငံဟာ ကွန်မြူနစ်နိုင်ငံထုံးစံအတိုင်း စစ်တပ်အားကောင်းပါတယ်။ စစ်တပ်အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ်ဆိုတဲ့ ဆောင်ပုဒ်ဟာ အာဏာရှင် ကွန်မြူနစ်၊ ဆိုရှယ်လစ်တွေရဲ့ဆောင်ပုဒ်။ အာဏာတည်မြဲဖို့စစ်တပ်လိုတယ်။ အဲဒီစစ်တပ်ကြီး ကြာရှည်စွာတည်မြဲရေးအတွက် စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေအများကြီး တည်ထောင်ကြတယ်။ ဗီယက်နမ်စစ်တပ်ကြီးကလည်း ထိုနည်းလည်းကောင်းပါပဲ။ ဒီအထဲမှာ ငွေရဖို့အသေချာဆုံလုပ်ငန်းတစ်ခုဖြစ်တဲ့ မိုလ်ဘိုင်းဆက်သွယ်ရေးကုမ္ပဏီကြီး Viettel ကရှေ့ဆုံးကပေါ့။

ဗီယက်နမ်စစ်တပ်က Viettel မိုဘိုင်း ဆက်သွယ်ရေးလုပ်ငန်းစုကြီးကို ၂၀၀၄မှာ စပြီးတည်ထောင်ခဲ့တယ်။ ၂၀၁၂ကစပြီး ကိုယ်ပိုင်ဖုန်းတွေထုတ်လုပ်ဖြန့်ချီပြီး တရုတ်ပြည်ကြီးရဲ့ ဟွာဝေးဖုန်းတွေကို ဆက်မသုံးတော့ဘူး။ ဗီယက်နမ်နိုင်ငံမိုဘိုင်းဖုန်းဈေးကွက်ရဲ့ ၄၀%ကို ထိမ်းချုပ်ထားနိုင်ပြီး သုံးစွဲသူ သန်း(၆၀)နီးပါးရှိပါသတဲ့။

သူ့နိုင်ငံတွင်းမှာတင်မကပဲ ဆင်းရဲတဲ့အိမ်နည်းချင်းတွေဖြစ်တဲ့ လာအိုနဲ့ကမ္ဘောဒီးယားတို့မှာရင်းနှီးထားတဲ့အထဲက ၂၀၁၂ကစပြီးအမြတ်ငွေတွေစတင်ရရှိခဲ့တယ်။ ရင်းနှီးမြှုတ်နှံမှုတွေဟာ ဟေတီ၊ မိုဇမ်ဘစ်၊ အရှေ့တီမော၊ တန်ဇန်းနီးယား၊ ကင်မရွန်း၊ ဘရွန်ဒီ၊ ပီရူးစတဲ့ ဆင်းရဲတဲ့နိုင်ငံတွေမှာလည်း ရှိတယ်။ အခုနောက်ဆုံး ဖြန့်ကျက်လာတဲ့နိုင်ငံကတော့ မြန်မာနိုင်ငံပေါ့။ မြန်မာပြည်မှာ Mytel အတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း(၁၅၀၀) ရင်းနှီးငွေထည့်ဝင်ထားလေရဲ့။ နောက်ပိုင်းဆက်လက်ပြီးတိုးချဲ့သွားမဲ့နိုင်ငံတွေက ဘင်္ဂ်လားဒေ့ခ်ျ၊ အင်ဒိုနီးရှား၊ နီပေါ၊ မြောက်ကိုးရီးယား၊ ဒီမိုကရက်ဒစ်ကွန်ဂို၊ ဘာလာရု စတဲ့နိုင်ငံတွေလို့ ဆိုတယ်။

ဗီယက်နမ်စစ်တပ်ပိုင်တဲ့ မိုလ်ဘိုင်းလုပ်ငန်းကြီး Viettel ရဲ့ ပိုင်ဆိုင်မှုက ဒေါ်လာ(၁၁)ဘီလီယံကျော်ရှိပြီး အမြတ်ငွေက တနှစ်ကို (၂)ဘီလီယံလောက်ရှိသတဲ့။ ဒီလိုချမ်းသာလို့လည်း ကမ္ဘာအနှံ့က ဆင်းရဲတွင်းနက်နေသေးတဲ့နိုင်ငံတွေမှာ လိုက်လံရင်းနှီးမြှုတ်နှံနေတာပေါ့။ ကိုယ်တိုင်ဖုန်းတွေထုတ်၊ ကွန်ယက်တွေတည်ဆောက်ပြီး ကမ္ဘာမှာရင်းနှီးမြှုတ်နှံမှုတွေလုပ်နေတဲ့ စီးပွားရေးလုပ်ငန်းကြီးတစ်ခုပါ။

မြန်မာစစ်တပ်ကြီးကလည်း ဗီယက်နမ်ထုံးနှလုံးမူပြီး စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းစုတွေတည်ထောင်ထားတာ အားလုံးအသိပါပဲ။ ဗီယက်နမ်စစ်တပ်ကြီးရဲ့ စီးပွားရေးလုပ်ငန်းစုတွေတည်ထောင်မှုနဲ့ အချိန်သိပ်မကွာပေမဲ့ မြန်မာစစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းစုကြီးတွေက ပြည်တွင်းမှာပဲတွင်ကျယ်နိုင်ကြပါသေးတယ်။ ဗီယက်နမ်စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းကြီးတွေလို ကမ္ဘာမပတ်နိုင်ကြသေးပါ။ စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းခြင်းတူပေမဲ့ သူတို့လို မအောင်မြင်သေးတာဟာ လုပ်ငန်းတွေကို စီမံခန့်ခွဲဦးစီးအုပ်ချုပ်တဲ့ပုံစံတွေ မတူညီကြလို့လား၊ စီမံခန့်ခွဲမှုညံ့ဖျင်းလို့လား၊ အဂတိလိုက်စားမှုများလို့လားဆိုတဲ့ လားပေါင်းများစွာကို သာမန်တပ်မိသားစုဝင်တွေရော၊ ပြည်သူအများစုကရော သိချင်ကြပါတယ်။

အခုလည်း ဗီယက်နမ်စစ်တပ်နဲ့မြန်မာစစ်တပ် ဖက်စပ်လုပ်ကြမဲ့ Mytel ဆိုတဲ့ မိုလ်ဘိုင်းဖုန်းလုပ်ငန်းကြီးစတင်လည်ပတ်ပါတော့မယ်။ အမြတ်ငွေကို ဘယ်လိုဘယ်ပုံခွဲဝေကြမယ်၊ ဘယ်လိုဘယ်ပုံရင်းနှီးမြှုတ်နှံထားတယ်၊ ရည်ရှည် ဘာတွေဆက်လုပ်ကြမယ်ဆိုတဲ့ အပိုင်းတွေလည်း ဘယ်သူမှမသိကြသေး။ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေလောက်ပဲ သိနိုင်ကြမယ်လို့ ယူဆရပါတယ်။ မြန်မာပြည်မှာ တပ်မိသားစုတစ်ခုထဲတွက်ရင်တောင် လူဦးရေငါးသန်းလောက်ရှိတာကြောင့် သုံးစွဲမဲ့သူ ငါးသန်းတော့ရှိမှာပဲလို့ ပျမ်းမျှတွက်ကြပါတယ်။ တပ်ပိုင်စီးပွားရေးမို့ အားမပေးကြဖို့ လှုံ့ဆော်နေတာလည်း တွေ့ရတယ်။ ပြည်သူအများစုကတော့ စောင့်ကြည့်အခြေအနေမှာပဲ ရှိနေသေးတယ်လို့ ယူဆရပါတယ်။

မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေ( နိုင်ငံပိုင်၊ စစ်တပ်ပိုင်တွေအပါအဝင်) အောင်မြင်တိုးတက်ကြဖို့ အလွန်အရေးကြီးပါတယ်။ စီးပွားရေးလုပ်ငန်းတွေတိုးတက်မှ အလုပ်လက်မဲ့ပြသနာ၊ ဆင်းရဲမွဲတေမှုပြသနာ၊ ကျူးပြသနာ၊ ဒုစရိုက်ထူပြောမှုပြသနာ စတဲ့ပြသနာပေါင်းစုံက အလိုလိုလျှော့ကြလာမှာပါ။ နိုင်ငံလည်း ဆင်းရဲတွင်းကလွတ်ပြီး ကမ္ဘာ့အလည်မှာ ထည်ဝါလာမှာပါ။ ပြသနာပေါင်းသောင်းခြောက်ထောင်နဲ့ ဒုက္ခကိုခါးစီးခံနေကြရခြင်းက လွတ်ကင်းဖို့ နိုင်ငံစီးပွားရေးတွေ အရှိန်အဟုန်နဲ့ တိုးတက်လာဖို့လိုပါတယ်။ အသေးစား၊ အလတ်စားစီးပွားရေးတွေကစပြီး အကြီးစားစီးပွားရေးလုပ်ငန်းတွေအထိ တိုးတက်အဆင်ပြေဖို့ အားလုံးကဝိုင်းဝန်းကူညီကြဖို့လည်း တိုက်တွန်းပါတယ်။ စစ်တပ်ထဲကမျိုးဆက်သစ်ခေါင်းဆောင်တွေကလည်း အတွေးအခေါ်အသစ်တွေနဲ့ ပြည်သူတွေအတွက် လုပ်ငန်းသစ်တွေ ဖေါ်ဆောင်နိုင်ကြပါစေ။ အောင်မြင်ကြီးပွားလာတဲ့တစ်နေ့မှာ စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းစုကြီးကို အများပိုင်စီးပွားရေးအဖြစ်အသွင်ပြောင်းနိုင်ကြပါတယ်။ ဗီယက်နမ်စစ်တပ်ပိုင် Viettel ကြီးကတော့ ၂၀၂၀မှာ အများပိုင်အဖြစ်ပြောင်းလည်းဖို့ ပြင်ဆင်နေပါတယ်။

ပြောင်းလည်းချိန်တန်နေတဲ့နိုင်ငံမှာ စစ်မှန်တဲ့ပြောင်းလည်းမှုတွေဖေါ်ဆောင်နိုင်ကြပါစေ။ နယ်မြေလု၊ ပိုင်ဆိုင်မှုလုတဲ့ စစ်ပွဲတွေမှကင်းဝေး၍ ငြိမ်းချမ်းကြပါစေ။ စီးပွားရေး၊ လူမှုရေးတွေတိုးတက်လို့ လူကိုလူလိုဆက်ဆံကြတဲ့အသိုက်အဝန်းတစ်ခု ထူထောင်နိုင်ပါစေကြောင်းဆုတောင်းအပ်ပါတယ်။

ချစ်သောမိတ်ဆွေသူငယ်ချင်းများ ကျန်းမာချမ်းသာကြပါစေ။

ချစ်တဲ့

မောင်လူပေ

ဓါတ်ပုံခရက်ဒစ်- မူရင်းပိုင်ရှင်များသို့

အန်တိုနီဘိုဒိန်းအတွက်

CNN မှာ သူရဲ့ Part Unknown စီးရီး ပထမဆုံးအဖြစ် မြန်မာပြည်ကို ရွေးချယ်ခဲ့တဲ့ သူ။

မြန်မာဘီယာကိုအရမ်းကြိုက်ခဲ့သူ။

ရန်ကုန်တန်ဆောင်တိုင်(ရေကျော်ပွဲ) ထဲတိုးဝင်ပြီး လူနဲ့လှည့်ကြရတဲ့ ချားရဟတ်တွေကို ကြည့်ပြီး ဖြစ်လာနိုင်တဲ့ အန္တရာယ်အတွက် စိုးရိမ်ပေးခဲ့သူ။

မြန်မာရော့ခ်ကာ လူငယ်လေးတွေနဲ့ ဘီယာအတူသောက်ရင်း တခုတ်တရအားပေးခဲ့သူ။ ( ဒီလူငယ်တွေ့ရဲ့ ရော့ခ်အဖွဲ့လေးလည်း သူ့ကောင်းမှုကြောင့် အမေရိကားအထိ လာရောက်သီဆိုဖြစ်ခဲ့သေး။)

ရန်ကုန်အနှံ့သွားပြီး လက်ဖက်ရည်ဆိုင်ထိုင်၊ ဖီးလ်မှာ အသုတ်စုံစား၊ မင်းလမ်းမုန့်တီမှာ ပုဇွန်ဟင်းနဲ့ အပြတ်ဝါးသွားခဲ့သူ။

ပုဂံကိုရထားနဲ့သွားတဲ့အခါ မြင်းတစ်ကောင်လို ခုန်ပေါက်နေတဲ့ရထားပေါ်မှာ ရအောင်အိပ်ခဲ့သူ။

ပုဂံရောက်တော့လည်း အာနန္ဒာဘုရားစောင်းတန်းအထွက်နားက သစ်ပင်အာက်ထမင်းဆိုင်မှာ အပီဆွဲပြီး "မြန်မာပြည်ရောက်ထဲက ဒီဆိုင်မှာ စားလို့အကောင်းဆုံးပဲ။" လို့ ချီးကျူးခဲ့သူ။ (ဒီဆိုင်မှာ အန်တီစုစားသွားတာ မြင်ခဲ့လို့ သူလည်း ဝင်ဆွဲသွားတာ။ အညာ လမ်းဘေးထမင်းဆိုင်လေးရဲ့ မြန်မာ့ရိုးရာ အရသာကို လျှာလည်သွားတဲ့သူ)

မြန်မာပြည်ရဲ့ လှပတဲ့ ချစ်စရာပုံရိပ်တွေကို ကမ္ဘာကသိအောင် လှုံ့ဆော်ပေးခဲ့သူ။ ( သူ့ရဲ့ တီဗီစီးရီးကြော်ငြာသီချင်းမှာလည်း မြန်မာပြည်ရဲ့ ပုံရိပ်တွေကို အများကြီးထည့်ထားတယ်။)

အန်တိုနီဘိုဒိန်း(Anthony Bourdain) ရေ။ ငြိမ်းချမ်းစွာ အိပ်စက်အနားယူပါတော့။ (Rest In Peace)

Photo credit to CNN

ပညာဟူသည်

ပညာဟူသည်

Learn for live together
Learn for live
Learn for live to be
Learn for work

ပညာသင်ရခြင်းအကြောင်းတွေကို အလွယ်ဆုံးရှင်းပြတဲ့အချက်တွေပါ။ ပညာသင်ကြတဲ့အခါ ပညာနဲ့သင်ညာရောထွေးနေတတ်တယ်။ သင်ညာဆိုတာ ဆရာသင်ကြားသလောက်ကိုခေါ်ပြီး၊ ပညာကတော့ မိမိဉာဏ်နဲ့ ဆင်ခြင်စဉ်းစားတတ်မှုလို့ ဆိုကြတယ်။

ပညာဆိုတာ အတိုင်းအဆမရှိပါ။ သင်ယူလို့လည်းမဆုံး။ ဦးနှောက်ကလက်ခံသလောက်ပဲ သင်ယူနိုင်ကြတယ်။ သင်ယူလိုသလောက် သင်ယူချင်ပေမဲ့ ကိုယ့်ဦးနှောက်က မလိုက်ရင် သင်ယူသလောက်မရကြ။ အထူးသဖြင့် ဦးနှောက်က စိတ်မဝင်စားတဲ့အရာတွေ သင်ယူရတဲ့အခါ ပိုသိသာတယ်။ သင်တာကို နားလည်ဖို့ခက်ခဲတာ၊ မှတ်သားဖို့မလွယ်တာ၊ မှတ်ပြီးရင်လည်း မေ့လွယ်တာတွေဟာ သင်ကြားရတဲ့ဘာသာကို စိတ်ဝင်စားမှုနည်းလို့ပေါ့။

လူရဲ့ဦးနှောက်က မှတ်ဉာဏ်စွမ်းရည်တွေ တစ်ဦးနဲ့တစ်ဦးမတူကြသလို မှတ်နိုင်တဲ့ဘာသာရပ်တွေလည်းမတူကြ။ ဒါကြောင့်တချို့က စာကျက်ရတဲ့ဘာသာတွေထူးချွန်ပြီး တချို့က ဂဏန်းသချာင်္တွက်ရတဲ့ဘာသာထူးချွန်ကြတယ်။ ဘာသာရပ်အားလုံးကို ထူးချွန်သူဆိုတာ အတော်နည်းပါတယ်။ သချာင်္ထူးချွန်သူဟာ ဘိုင်အိုဘာသာများတဲ့မေဂျာတွေယူရတဲ့အခါ အခက်တွေ့ရတတ်သလိုကျက်စာဖြစ်တဲ့ဘိုင်အိုထူးချွန်သူက သချာင်္ယူမိပြန်ရင်လည်း ထိုနည်းလည်းကောင်း။

ဆယ်တန်းစာမေးပွဲအောင်စာရင်းထွက်ပြီးရင် ကျောင်းသားမိဘတွေဆီကကြားရမြဲစကားတစ်လုံးကတော့ " အမှတ်ပေါင်း(--)ရတယ်၊ ဘာယူသင့်လဲ" ဆိုတဲ့ စကားပဲ။ မိဘပီပီ သားသမီးတွေရဲ့ ရှေ့ရေးအတွက် ပူကြရတာ ဓမ္မတာ။ ကလေးတွေကလည်း (၁၆)အရွယ်။ လူကြီးမဖြစ်သေးတော့ သေသေချာချာ မတွေးတတ်။ ဆုံးဖြတ်ချက်အားလုံးက မိဘတွေခေါင်းပေါ်ရောက်ပေါ့။

ဒီလိုဆုံးဖြတ်ကြတဲ့အခါ ဟိုအရင် နှစ်များစွာကအတိုင်း ဆယ်တန်းအမှတ်၊ ကျား၊မ ဆိုတဲ့ အတွေးနဲ့ပဲ ဆုံးဖြတ်ကြရတယ်။ ကလေးရဲ့ဝါသနာ၊ ထူးချွန်မှု၊ ဖြစ်ချင်တဲ့ဆန္ဒတွေက အလိုလို နောက်ရောက်သွားတတ်တာကိုး။ မိဘတွေက ကိုယ်တိုင်ဆရာဝန်မဖြစ်ခဲ့ရလို့ ကိုယ့်သားသမီးကို ဆရာဝန်ဖြစ်စေခဲ့တာမျိုး၊ အင်ဂျင်နီယာမဖြစ်ခဲ့ရလို့ အင်ဂျင်နီယာဖြစ်စေခဲ့တာမျိုးတွေလည်း တွေ့ရတယ်။ တိုင်းပြည်အနေအထားအရ YTU(Ex RIT) ၊ ဆေးတက္ကသိုလ်တို့ဟာ ထိပ်ဆုံးက ပန်းပန်နေဆဲ။ ကလေးဖြစ်သူ ဝါသနာမပါတဲ့ကျောင်းကို အတင်းတက်ခိုင်းရတဲ့အခါ မိဘနဲ့သားသမီးကြားမှာ ဝိရောဓိတွေလည်း ဖြစ်ကြတာ ကြားနေရတယ်။ သူတို့ဝါသနာ၊ အခြေအနေ၊ မိဘရဲ့ဆန္ဒအားလုံးထပ်တူကြလို့ကတော့ အကောင်းဆုံးပေါ့။ ဝါသနာပါပေမဲ့ သတ်မှတ်ထားတဲ့အမှတ်မမှီပဲ တစ်မှတ်၊ နှစ်မှတ်နဲ့ ကပ်ပြုတ်ရတဲ့ ကလေးတွေလည်းအများကြီး။ သူတို့လေးတွေအတွက် ဒုတိယအခွင့်အရေးမရှိရှာ။

မောင်လူပေ ခေတ္တအခြေစိုက်နေထိုင်ရာ အမေရိကားမှာလည်း ဒီလိုဝိရောဓိတွေ ရှိတယ်။ အာရှနိုင်ငံတွေက ရောက်လာတဲ့မိဘတွေက သူတို့သားသမီးတွေကို ဆရာဝန်၊ အင်ဂျင်နီယာပဲ ဖြစ်စေချင်ကြတာများလေတော့ မကြာခဏကြားရတဲ့ အသံတွေပေါ့။  ဒီနိုင်ငံမှာ အင်ဂျင်နီယာဖြစ်ဖို့ မြန်ပေမဲ့ ဆရာဝန်ဖြစ်ဖို့ကတော့ မလွယ်လှ။ အမေရိကားမှာ ဆေးကျောင်းတက်ဖို့ဆိုရင် Undergraduate ( ရိုးရိုးဘွဲ့)လို့ခေါ်တဲ့ B.A/B.Sc ဘွဲ့တစ်ခုရမှ လျှောက်လို့ရတယ်။ ဆေးကျောင်းလျှောက်ဖို့သတ်မှတ်ထားတဲ့ ယူနစ်တွေပြည့်အောင်လည်း ယူရတယ်။ ဝင်ခွင့်စာမေးပွဲလည်းဖြေရတယ်။ တက်ချင်တဲ့ကျောင်းက လက်ခံမယ်ဆိုရင်တောင် ဆေးကျောင်း( Medical School ) က Graduate school ( အထက်တန်းဘွဲ့ပေးတဲ့ကျောင်း)မို့ ကျောင်းလခလွတ်ငြိမ်းခွင့်တွေဘာတွေ လျှောက်လို့မရ။ ဈေးကြီးကြီးပေးပြီး တက်ကြရတာ။ အများအားဖြင့်တော့ ငွေတွေသိန်းချီ ချေးငှားပြီးတက်ကြတာပဲ။ စာမေးပွဲကျပြီး ဆေးကျောင်းကပြုတ်လို့ကတော့ အကြွေးတွေပိပြီး သေပြီဆရာပေါ့။

ဆေးကျောင်းကအောင်ပြီးရင်လည်း အလုပ်သင်ဆရာဝန် resident ဘဝမှာ သုံးနှစ်ကြာပါတယ်။ ဒါကြောင့် အခြေခံပညာ အထက်တန်းလို့ခေါ်တဲ့ ဆယ့်နှစ်တန်းအောင်ပြီးနောက်မှာ ရိုးရိုးဘွဲ့အတွက်လေးနှစ်၊ ဆေးကျောင်းတက်ဖို့ စာမေးပွဲအတွက်ပြင်ဆင်ချိန်တစ်နှစ်၊ ဆေးကျောင်းမှာသုံးနှစ်၊ အလုပ်သင်ဆရာဝန်သုံးနှစ် အနည်းဆုံးစုစုပေါင်း (၁၁)နှစ်လောက်ကြာမှ ဆရာဝန်စစ်စစ်ဖြစ်ကြရတယ်။ ဒီလိုအကြာကြီးဇွဲရှိရှိနဲ့ကြိုးစားနိုင်မှ ဖြစ်ရတဲ့ဆရာဝန်ဘဝမို့ တန်ဖိုးထားကြတယ်ထင်ပါရဲ့။ ကလေးအများစုက အကြွေးပင်လယ်နဲ့ ဆေးကျောင်းတက်ကြဖို့ စိတ်မဝင်စား။ ဆရာဝန်ဖြစ်စေလိုတဲ့ မိဘတွေနဲ့ ပဋိပက္ခတွေဖြစ်ကြပါရော။

အမေရိကားမှာ တစ်ခုကောင်းတာက ဆယ့်နှစ်တန်းပြီးရင် တက္ကသိုလ်ကြီးတွေကိုတန်းလျှောက်ပြီး လက်ခံရင်တက်လို့ရတယ်။ လက်မခံလို့ မတက်ရရင်လည်း ကိုယ့်ဒေသမှာရှိတဲ့ ဒေသကောလိပ်( Community College ) တစ်ခုခုမှာ တက္ကသိုလ်ပေါင်းကူး ( University Bridge program ) တွေကနေ တဆင့် ကိုယ်စိတ်ဝင်စားတဲ့ တက္ကသိုလ်ကို ပြန်ပေါင်းကူးဖို့ ဒုတိယအခွင့်အရေးရှိတယ်။ ဒါကြောင့် မြန်မာပြည်က ကျောင်းတက်ဖို့ရောက်လာတဲ့ကလေးအများစုက အမေရိကားဒေသကောလိပ်အရင်တက်ပြီးမှ တက္ကသိုလ်ကြီးတွေကို ပြန်ရောက်ကြသူများပါတယ်။ ခရိုနီလို့ခေါ်တဲ့သူဌေးကြီးတွေရဲ့သားတွေလည်း ထိုနည်းလည်းကောင်း၊ သာမန်သူဌေးသားလည်း ထိုနည်းလည်းကောင်း။ အရမ်းထူးချွန်တဲ့ကလေးတွေသာ တက္ကသိုလ်ကြီးတွေကို တိုက်ရိုက်တက်ခွင့်ရကြတာကိုး။ ဒေသကောလိပ်မို့ ကုန်ကြစားရိတ်လည်း သက်သာသေးရဲ့။

မြန်မာပြည်မှာလည်း ကိုယ်တက်ချင်တဲ့ကျောင်းကို လျှောက်ပေမဲ့ ဝင်ခွင့်မရလို့မတက်ရတဲ့ကလေးတွေအတွက် ဒီမှာလို ဒေသကောလိပ်ကနေ ပြန်ပြီးပေါင်းကူးပေးတဲ့အစီအစဉ်လေးတွေရှိရင် အရမ်းကောင်းမှာပဲ။ ဆေးကျောင်းတို့ ဝိုင်တီယူတို့တက်ဖို့ တစ်မှတ်၊ နှစ်မှတ်နဲ့ ကပ်ပြုတ်ရတဲ့ကလေးတွေအတွက် ဒုတိယအကြိမ်အခွင့်အရေးပေါ့။ သူတို့တွေ ကျောင်းပြီးတဲ့အခါ တိုင်းပြည်အတွက်လည်း ပညာတတ်လေးတွေပိုရလို့ ပိုအကျိုးများမယ်။  ဆယ်တန်းအောင်စာရင်းက ဘဝရဲ့ဆုံးဖြတ်ချက်မဟုတ်ပေမဲ့ ဘဝအတွက်အရေးပါတဲ့အချက်တစ်ခုဖြစ်နေသေးတာတော့ သေချာနေပါသေးတယ်။

ပညာနဲ့တည်ဆောက်တဲ့နိုင်ငံမှ ရည်ရှည်အကျိုးများမှာမို့ ပညာတတ်လူငယ်လေးများကို ကြိုဆိုပါတယ်။

ချစ်တဲ့

မောင်လူပေ

ဓါတ်ပုံ ခရက်ဒစ်- သူများဟာ

တောင်တမန်တံတားရဲ့ ဒဏ္ဍာရီ

တောင်တမန်တံတားရဲ့ ဒဏ္ဍာရီ

ကမ္ဘာပေါ်ရှိတံတားများအနက် ကမ္ဘာလှည့်ခရီးသွားတို့စိတ်ဝင်စားသောတံတားများထဲတွင် တောင်တမန်တံတားအိုလည်းပါသည်။ ကင်းခြေများကြီးတစ်ကောင်နှင့် တူလှစွာသော ဤသစ်သားတံတားအိုကြီး၏ရုပ်ပုံများနှင့် ခရီးသွားများကိုဆွဲဆောင်ကြသည်။ မြန်မာပြည်ရောက်လျှင် မသွားမဖြစ်သွားရမည့်နေရာထဲမှာ ပုဂံပြီးလျှင် ဒုတိယလိုက်သောနေရာတစ်ခု။ ထိုတံတားအို၏ အမည်ကား ဦးပိန်တံတားဟူ၏။

အလှူရှင်တို့၏အမည်ကို အစွဲပြု၍ ခေါ်လေ့ရှိကြသောနိုင်ငံမို့ ဤတံတားကြီးကို သူဌေးကြီးဦးပိန်မှလှူဒါန်းခဲ့သည်ဟုသာ အလွယ်သိခဲ့ကြသည်။ ထိုသူဌေးကြီးကား မည်သူနည်း။ ဘာကြောင့် တောင်တမန်အင်းပြင်ကြယ်ကြီးထဲမှာ ဤတံတားကြီးဆောက်ခဲ့ရပါသနည်း။ အလွန်ပင်စေတနာထက်သန်လှသောသူဌေးကြီးသည် အဘယ်ကြောင့် အသေဆိုးနှင့် သေခဲ့ရပါသနည်း။

ဦးပိန်အကြောင်းကို အစပြန်ရလျှင်သူ့ဆရာ အမရပူရမြို့ဝန်ဘိုင်ဆတ်ကို တွေ့ရမည်။ ဦးပိန်က ဘိုင်ဆတ်လက်အောက်မှ မြို့စာရေးလေး။ သာမန်စာရေးလေးဘဝမှ သူဌေးကြီးဘဝကိုရောက်ခဲ့သည်ဆိုတော့ ပို၍စိတ်ဝင်စားမိလေသည်။ ပုဂံမင်းလက်ထက်မှာ နာမည်ကြီးခဲ့သော ဤနှစ်ယောက်အကြောင်းက မြန်မာ့သမိုင်းမှာ မကောင်းလှ။

မြို့ဝန်ဘိုင်ဆတ်ဆိုသည်မှာ ရေမြောကမ်းတင်လူတစ်ယောက်ဘဝမှ လာခဲ့ခြင်းဖြစ်၏။ ပသီလူမျိုးဆိုသော်လည်း အတန်းပညာနတ္ထိ၊ ဘာသာရေးအသိနတ္ထိ။ သူသိသည်က ငှက်မျိုးစုံကိုမည်သို့အရှင်ဖမ်းမည်ဆိုသည်သာ။ ချိုးတည်၊ ခါတည်ရင်း ရသမျှကို ငှက်လွှတ်လိုသူများထံ ပြန်ရောင်းရင်းအသက်မွေးသည်။ ကုသိုလ်ကံထချင်တော့ ဘိုင်ဆတ်၏ ငှက်ဖမ်းပညာကျွမ်းကျင်မှုကို ပုဂံမင်းသား၏လူများက တွေ့သွားလေသည်။ ဒီမင်းသားက သာယာဝတီမင်းရဲ့မိဘုရားခေါင်ကြီးကမွေးသူမို့ ဘုရင်ဖြစ်ရန်တာစူနေသူ၊ နန်းတော်ထဲမှာ တန်ခိုးထွားလှသူ။ ပြီးတော့ ချိုးတည်၊ ခါတည်စသော ငှက်ဖမ်းခြင်းကိုလည်း လွန်စွာဝါသနာထုံသူဖြစ်လေ၏။ မင်းသားက ငှက်ဖမ်းတော်သူကို ချီးမြှင့်သည်။ အများအပြားဖမ်းနိုင်လျှင် အထူးသူကောင်းပြုသည်။ သည်လိုနှင့် ဘိုင်ဆတ်နှင့်ပုဂံမင်းသားတို့ ဝါသနာတူရာက အလွန်နီးစပ်လာလေသည်။

သာယာဝတီမင်းကြီးကံကုန်တော့ အားလုံးစီစဉ်ပြီးဖြစ်သည့်အတိုင်းပင် သားတော်ပုဂံမင်းသားက ထီးနန်းဆက်ခံလေသည်။ သူ၏နောက်လိုက် အိမ်တော်ပါများလည်း ရာထူးအသီးသီးရကြရာတွင် ဘိုင်ဆတ်သည်လည်း ရာထူးကြီးတစ်ခုရသွားပါသည်။ အမရပူရမြို့ဝန်ဟူ၏။ မင်းနေပြည်တော်၏မြို့ဝန်ရာထူးမို့ ရာထူးကြီးတစ်ခုကို ပေးသနားတော်မူခဲ့ခြင်းဖြစ်သည်။ ကျီးကန်းကိုချီးမြှောက်တော့ ခြေးချောက်ကောက်စား ဖြစ်လေပြီ။

ဘိုင်ဆတ်သည် အတန်းပညာမတတ်သော်လည်း ကလိမ်ကကျစ်ပညာ၊ လူကြီးကို ဖား၍ ကိုယ့်အောက်ကလူကိုဖိသည့်ပညာစသည်တို့ကို ကျွမ်းကျင်သူဖြစ်၏။ ထို့ကြောင့် သူ့လက်အောက်မှ မြို့စာရေးရာထူးနေရာအတွက်လည်း သူနှင့်ထပ်တူ ငွေရပေါက်ကောင်းကောင်း ရှာနိုင်မည့်သူကိုခန့်လိုက်သည်။ ထိုသူကား မောင်ပိန်ဆိုသူ ဖြစ်ပါ၏။ ဤနေ့မှစ၍ အမရပူရနေပြည်တော်တွင် ထိုသူနှစ်ယောက်၏ ဒုက္ခပေးမှုအဝဝကို ခါးစီးပြီးခံကြရပါတော့သည်။ ဤသို့နှင့်ပင် သာမန်ဆင်းရဲသားဘိုင်ဆတ်နှင့်မောင်ပိန်ဘဝမှ သူဌေးမင်းဘိုင်ဆတ်နှင့် သူဌေးမင်းဦးပိန်တို့ဘဝကို ပုဂံမင်းနန်းစံသက်ခြောက်နှစ်အတွင်း ရောက်လာခဲ့ကြပါသည်။

မြို့ဝန်ဘိုင်ဆတ်က တစ်ထွာပြလျှင် မြို့စာရေးမောင်ပိန်က တစ်လံမြင်သည်။ ချက်ဆိုနားကွက်ကမီးတောက်သူတွေ။ ရှင်ဘုရင်ကို အိပ်ထဲထည့်ပြီးသားမို့ ရိုက်စားလုပ်ဖို့အလွယ်လေး။ လွှတ်တော်ထဲရောက်နေတဲ့အမှုကို ဖျောက်ပေးနိုင်သည်။ အမှုမရှိသူကို ရှိအောင် ဖန်တည်းပေးနိုင်သည်။ သူ့အလိုမလိုက်နိုင်သူ တရားရေးအရာရှိများလည်း အမှုဆင်ခံရသဖြင့် ပြုတ်လျှင်ပြုတ်၊ မပြုတ်လျှင် နယ်ဝေးပြောင်းမို့ ဘိုင်ဆတ်တို့အပ်တဲ့အမှုဆိုလျှင် အရာရာအောင်မြင်စေရမည်သာ။ ဘယ်လိုအမှုကြီးမှ ဘိုင်ဆတ်နှင့်မကင်းနိုင်။ ဒီလိုနှင့် အာဏာပြကြရင်း အိပ်တွေကလည်း တဖြေးဖြေးဖေါင်းလာလေတော့ အလုပ်အကိုင်မရှိသည့်လူမိုက်များကလည်း ငွေရဖို့အတွက် သူတို့ဆီမှာ သစ္စာခံကြသည်။ သည်လိုနှင့် သူတို့အင်အားက နေပြည်တော်ကြီးမှာ ကြီးထွားလာခဲ့ကြ၏။

သူတို့အထက်အရာရှိများကလည်း ဝင်တတ်၊ ထွက်တတ်၊ ဆရာများအတွက် ရှာဖွေကျွေးတတ်သူ မောင်ပိန်တို့ဆရာတပည့်ကို အကြိုက်တွေ့၊ဘုရင်ကလည်း မင်းလိုလိုက်မင်းကြိုက်ဆောင်တတ်သူ သစ္စာရှိကျွန်ယုံတွေဟု အသိအမှတ် ပိုပြုလာနှင့် နန်းတော်ထဲမှ အလယ်အလတ်အရာရှိများပင် သူတို့ကို ကြောက်ကြရသည်အထိ။

ရှင်ဘုရင်ဖြစ်သည့်တိုင် ကျေးငှက်ဖမ်းခြင်း၊ မွေးခြင်းအမှုကို မစွန့်နိုင်သောဘုရင်က နန်းတော်ထဲမှာ ငှက်ဥယျာဉ်ကြီးတည်လေ၏။ ထိုငှက်အပေါင်းတို့အတွက် အခြားအစာများအပြင် အထူးကျွေးမွေးရသော ပိုးကောင်မွှားကောင်များလည်းရှိသေးသည်ဆို၏။ ထိုအထဲတွင် မြေခွေး( တကယ့်မြေခွေးမဟုတ်။) ဟု အရပ်ကခေါ်သော မြေအောင်းပုရစ်တစ်မျိုးကို ဘုရင့်အမိန့်ဟုဆိုကာ မြေတူးပြီးရှာကြပြန်သည်။ မြေခွေးရှိသည်ဟုထင်ရသောအိမ်များသို့ဝင်ပြီး တူးဆွကြသည်။

မြေခွေးကိုလိုချင်၍မဟုတ်။ ထိုခေတ်က မီးဘေး၊ ဓါးးပြဘေးကြောက်ရသောကြောင့် ရှိသမျှရတနာတွေကို အိုးဖြင့်ထည့်ကာ မြေမြှုတ်ထားတတ်ကြလေရာ ထိုရတနာတွေလိုချင်သောကြောင့် ဖြစ်ပါ၏။ မြို့စားရေးမောင်ပိန်တို့မှာ အထောက်တော်တွေအများကြီးမို့ ဘယ်အိမ်ကချမ်းသာသည်ဆိုတာ သတင်းရပြီးသား။ မြေခွေးရှာသည်အကြောင်းပြပြီး ခြံထဲဝင်ကြတော့လည်း မည်သူမျှမတားဝံ့ကြ။ ဘုရင့်အမိန့်ကိုလွန်ဆန်သူမှာ သေဒါဏ်ပင်မဟုတ်လား။ ဒီတော့ ရတနာအိုးကို မတွေ့မချင်းစိတ်ကြိုက်တူးကြလေတော့သည်။ ရတဲ့ရတနာတွေကို နန်းတော်ထဲကသူ့ဆရာတွေအတွက်ဆိုကာ ဘိုင်ဆတ်ကတစ်ဝက်၊ မောင်ပိန်ကလေးပုံတစ်ပုံ၊ အခြားတပည့်များက လေးပုံတစ်ပုံ ဝေကြလေသည်။ ချမ်းသာသောအိမ်များပြီးတော့ သာမန်အိမ်များဖက်လှည့်ပြန်၏။ အိမ်ထဲမှာမြေလှန်တာမခံခြင်လျှင် တောင်းသည့်ငွေပေးရ၏။ မပေးနိုင်လျှင် ရစရာမရှိအောင် တူးဆွခံကြရမည်။

အာဏာနှင့်ငွေတွေကြွယ်ဝလာတော့ မိန်းမကိစ္စဖက်လှည့်ကြပြန်၏။ မရှိဆင်းရဲသူများကို ငွေဖြင့်ဖျားယောင်းပြီး ပြည့်တန်ဆာလုပ်ခိုင်းသည်။ မိကောင်းဖခင်သမီးပျိုများရှိလျှင် ဘိုင်ဆတ်တို့မောင်ပိန်တို့အဖွဲ့ကို လာဒ်ငွေထိုးပြီး အန္တရာယ်ကင်းအောင်ကြံဆောင်ကြရသည်။

တစ်မျိုးပြီးတစ်မျိုး ငွေရပေါက်ရှာနေသော မောင်ပိန်က အင်းဝမှ ဘကြီးတော်မင်း၏ နန်းတော်ဟောင်းကြီးကို မျက်စိကြပြန်၏။ ထိုနန်းတော်ကြီး၏ မှန်စီရွှေပိန်းချခမ်းနားမှုကြောင့် ထိုနန်းတော်ကြီးကိုရလျှင် ပွပြီဟုမောင်ပိန်က ရိပ်မိသည်။ နန်းတော်ကြီးထဲမှ အနုသုခုမပန်းပုလက်ရာတံခါးများ၊ ရွှေပိန်းချမျက်နှာကြက်များ၊ ဝရန်တာလက်တန်းများ၊ ဧရာမကျွန်းတိုင်ရှည်များသည် အဖိုးများစွာတန်လေသောကြောင့် လိုချင်သည်။ သူ့ဆရာဘိုင်ဆတ်ကိုချည်းကပ်၍ တောင်တမန်အင်းကြီး တစ်ဖက်စီတွင်ရှိနေကြသော ကျောက်တော်ကြီးဘုရားနှင် ပုထိုးတော်ကြီးဘုရားတို့ကို ဒေသခံတို့အလွယ်တကူဖူးနိုင်စေရေးအတွက် တံတားတစ်စင်းဆောက်လျှင်သင့်တော်ကြောင်း၊ အင်းဝရှိနန်းတော်ဟောင်းကြီးကို ဒီအတိုင်းပစ်ထားမည့်အစား ကုသိုလ်တရားတိုးပွားစေရန် တံတားအတွက်လိုအပ်မည့် သစ်များအဖြစ်သုံးလိုကြောင်း ဘုရင်ကိုလျှောက်ပေးဖို့ အကြံပေးလေသည်။

ဘိုင်ဆတ်အလျှောက်ကောင်းမှုကြောင့် နန်းတော်ဖျက်၍တံတားဆောက်စေအမိန့်ရ။ များမကြာမီပင် နန်းတော်ဟောင်းကြီးကို တစစီဖျက်ယူကြပြီး ထွက်လာသည့်အကာပျဉ်များ၊ တိုင်များမှအပ ပိုသမျှကို ဦးပိန်နှင့်အဖွဲ့က အစဖျောက်လိုက်ကြတော့၏။ ဦးပိန်ကောင်းမှု၊ ဦးပိန်တံတားဟုခေါ်ကြသောတံတားမှာ ပုဂံမင်းကောင်းမှုတံတားဖြစ်လေသည်။ အင်းဝဖန်နန်းတော်ကြီးလည်း တောင်တမန်တံတားဘဝသို့ ထိုအချိန်မှစ၍ ပြောင်းလည်းခဲ့ရလေသည်။

အာဏာရှိသူဘုရင်ကိုပေါင်း၍ မကောင်းမှုမျိုးစုံဖြင့် တန်ခိုးထွားကြီးပွားခဲ့ကြသော မြို့ဝန်ဘိုင်ဆပ်နှင့် မြို့စာရေးမောင်ပိန်တို့၏ နေဝင်ချိန်ကတော့ မလှပခဲ့ပါ။ ယောက်ျားမဝင်ရသောနန်းတော်ထဲရှိ အနောက်ဆောင်သို့ မိဘုရားတစ်ပါးကိုအနိုင်ကျင့်ရန်အတင်းဝင်ရောက်ခဲ့ရာမှ ဘုရင့်နားပေါက်ကြားခဲ့ရာက ဘုရင့်အမျက်တော်ခံရ၊ အမှုပေါင်းစုံပေါ်ပေါက်လာရာက အပေါင်းအပါအားလုံးကို ရင်ခွဲသတ်စေအမိန့်ချသည်အထိ ဖြစ်လာခဲ့သည်။ အမရပူရမြို့သားတွေအပျော်ဆုံးနေ့ကို ပြပါဆိုလျှင် ထိုနေ့သည်လည်းပါနေမှမုချ။ သည်လိုနှင့် ဘိုင်ဆတ်၊ မောင်ပိန်နှင့်တစ်ဖွဲ့လုံး သားမယားများမကျန် သေဒါဏ်စီရင်ခြင်း ခံခဲ့ကြရလေသည်။

၁၉၈၈နောက်ပိုင်း စစ်အစိုးရလက်ထက်မှာ မြန်မာပြည်ရှိ မြို့ရွာလမ်းနာမည်များအမည်ပြောင်းခဲ့ရာတွင် နိုင်ငံခြားအမည်များအပြင် မြန်မာအမည်များပါ အပြောင်းခံခဲ့ရသည်။ မောင်ထော်လေးလမ်း၊ မောင်ခိုင်လမ်း၊ နတ်သျှင်နောင်လမ်းစသည်များလည်း မလွတ်ခဲ့။ သို့ပါသော်လည်း ဦးပိန်တံတားကတော့ နာမည်ပြောင်းခံရမှုမှ ကင်းဝေးခဲ့သဖြင့် ယခုတိုင် ဤနာမည်ဖြင့်သာ ရပ်တည်နေဆဲ။ တချိန်က အာဏာရှိသူနှင့်ပေါင်းစားပြီး ချမ်းသာခဲ့သူ၊ ပြည်သူတွေကို ဒုက္ခလှလှပေးခဲ့သူ ဦးပိန်ကို ချန်လှပ်ထားခဲ့သည်မှာ မဖြစ်ကောင်း။ ပုဂံမင်းကောင်းမှုတံတားကို ဦးပိန်တံတားဟုခေါ်ဆိုကြသည်မှာ မှားယွင်းနေသည်ကို ပညာတတ်၊ သမိုင်းနားလည်သူတိုင်းကသိကြပါ၏။ ပြင်ဆင်ခေါ်ယူလိုကြပါ၏။ ဥပမာ တောင်တမန်တံတား၊ အမရပူရတံတားစသည်။

မောင်လူပေကတော့ ဒီတံတားကြီးအကြောင်းကို တောင်တမန်တံတား၏ ဒဏ္ဍာရီဟုသာ အမည်တတ်လိုက်ပါကြောင်း။

ချစ်တဲ့

မောင်လူပေ

(ကိုးကား- ဒဂုန်ခင်ခင်လေး၏ ရတနာပုံ၏ နိဒါန်းနှင့် နိဂုံး)

Saturday, June 2, 2018

ကျွန်တော့ဆရာ ကလေးတွေအကြောင်း

ကျွန်တော့ဆရာ ကလေးတွေအကြောင်း

မောင်လူပေဟာ ညံ့ပါတယ်။ ဒါကြောင့် ကိုယ့်ပတ်ဝန်းကျင်ကနေ ကောင်းတာလေးတွေတွေ့ရင် သင်ယူပါတယ်။ နာယူစရာရှိရင် နာယူပါတယ်။ ကိုယ့်ဆရာသမားတွေကိုလည်း အမြဲအမှတ်ရနေပါတယ်။ ငယ်ငယ်ထဲက သင်နေရတာ အခုအရွယ်ထိ သင်ယူမဆုံး။ လေ့လာမဆုံး။ မူကြိုအဆင့်လောက်တော့ တတ်ပြီလို့ ကိုယ့်ဟာကိုယ်ထင်နေတာ၊  မူကြိုအဆင့်တောင်မရောက်သေးဘူးလို့ ဒီနေ့မှ သတိပြုမိတော့တယ်။

အလုပ်ကအပြန် မောမောနဲ့ အိမ်နဲ့မနီးမဝေးက အပန်းဖြေစရာပန်းခြံလေးထဲဝင်မိတယ်။ အရိပ်ကောင်းတဲ့ခုံလေးမှာထိုင်။ ကန်ရေကိုဖြတ်တိုက်လာတဲ့လေနုအေးကိုရှုရင်းနဲ့ ဇိမ်ကြနေတာ။ ရာသီဥတုကလည်းပူသကိုး။ အနားမှာ ကလေးအသံတွေဆူညံနေတာကို ပထမပိုင်းမှာသတိမပြုမိသေးဘူး။ အမောပြေလောက်ချိန်မှ သတိပြုမိတယ်။ ကိုယ်ထိုင်နေတာ ကလေးကစားကွင်းနားက ထိုင်ခုံမို့ ကလေးတွေဆော့ကစားနေတာလည်း အတိုင်းသားမြင်နေရတယ်။

ကလေးကစားကွင်းလေးက အသစ်လေးဖြစ်လို့။ အရင်အဟောင်းတွေကိုအကုန်ဖြုတ်ပြီး အသစ်လဲထားတော့ ကလေးတွေစိတ်ကြိုက်ပေါ့။ စိတ်လွတ်လက်လွတ် ဒန်းစီး၊ လျှောစီး၊ ကြိုးတန်းလျှောက်နဲ့ ကစားနေကြတဲ့ကလေးတွေ၊ သဲပုံနဲ့ဆော့နေတဲ့ကလေးတွေ၊ လူကြီးတွေကတော့ ဘေးကနေ အရိပ်တကြည့်ကြည့်နဲ့။ မိဘတွေပါသလို တချို့ကတော့ကလေးထိန်းတွေထင်ရဲ့။ အဖိုးအဖွားတွေလည်းပါတယ်။

ဒီကလေးကစားကွင်းထဲမှာ ကစားနေတဲ့မူကြိုအရွယ် ကလေးတွေအနည်းဆုံးအယောက်သုံးဆယ်လောက်ရှိမယ်ထင်တယ်။ မောင်လူပေတို့မြို့လေးက လူမျိုးစုံနေထိုင်ရာမြို့မို့ ကလေးတွေကလည်း အရောင်အသွေးစုံပဲ။ ဖြူဖြူလေးရော၊ ဝါဝါလေးရော၊ ညိုညိုလေးရော၊ မဲမဲလေးရော ကလေးစုံတယ်။ အုပ်စုလိုက်ဆော့ကစားနေတဲ့ကလေးကအများစု။

ပထမဆုံးသတိပြုမိတာက ကလေးတွေပျော်နေကြတယ်။ မျက်နှာမှာ အပြုံးကိုယ်စီနဲ့။ ဟန်ဆောင်ပြုံးတွေ အပြုံးတုတွေမဟုတ်တဲ့ စစ်မှန်တဲ့အပြုံးလေးတွေကိုယ်စီ။ ဖြူစင်တဲ့နှလုံးသားပိုင်ရှင်လေးတွေ။ ကလေးအချင်းချင်းလည်း အရင်က သိကြသူတွေမဟုတ်ကြ။ ကစားကွင်းထဲမှာခုမှသိကြပေမဲ့ အတူပျော်ရွှင်ဖို့ ဘာပြသနာမှမရှိ။ ဘာသာစကားမတူလည်း ခြေဟန်လက်ဟန်နဲ့ဆက်သွယ်ကြတယ်။ ပြီးတော့ ကလေးပီပီ အပီဆော့ကြလေတယ်။ ဒီကစားကွင်းလေးထဲမှာ ပါဝင်ဖို့ အသားအရောင်မပါ၊ လူမျိုးမရှိ၊ ဘာသာရေးမမေး၊ကလေးဖြစ်ဖို့ပဲလိုတယ်။

ကလေးတွေမို့ သူတို့ဆော့ကစားတာကြမ်းရင်ကြမ်းမယ်၊ တခြညးကလေးကို ထိမိခိုက်မိ ရှိရင်ရှိမယ်။ တမင်ကို အညိုးနဲ့မဟုတ်။ မိဘတွေက ဘေးကနေ ဂရုစိုက်ပေးနေတော့ ဒီလိုဖြစ်ဖို့လည်းနည်းတယ်။ အားလုံးသောကလေးတွေဟာ ကစားကွင်းထဲမှာ ဖြူဖြူစင်စင်ကစားနေကြလေရဲ့။ Diversity is unity. ဆိုတာ သူတို့လေးတွေမှအစစ်။ ငြိမ်းချမ်းရေးတရားတွေ၊ ညီညွတ်ရေးတရားတွေလည်း ဟောပြဖို့မလိုပဲ သူ့အလိုလို ညီညွတ်ပြီး ငြိမ်းချမ်းနေကြနေကြတဲ့ ရိုးသားတဲ့ နှလုံးသားပိုင်ရှင်ကလေးတွေပေါ့။ ဒါကြောင့်မို့လည်း အခုပဲတွေ့ကြတဲ့သူတွေဟာ နှလုံးသားခြင်းရင်းနှီးလွယ်ကြတယ်။ ချက်ခြင်းပဲ အတူတွဲပြီးဆော့ကစားနိုင်ကြတယ်။

ဒီကလေးတွေအရွယ်ကနေ ကြီးပြင်းလာတဲ့လူကြီးတွေကြတော့ ဒီကမ္ဘာပေါ်မှာ အတူယှဉ်တွဲနေထိုင်ကြတဲ့အခါ မတူညီမှုတွေကို အကြောင်းပြုပြီး ပြသနာပေါင်းစုံနဲ့။ ညီညွတ်ဖို့ဆိုတာ လမ်းစတွေပျောက်လို့။ ဘာသာရေးအကြောင်းကြောင့်ကွဲကြပြဲကြ။ လူမျိုးရေးအကြောင်းနဲ့ ကွဲကြပြဲကြ။ ကလေးဘဝမှာ ညီညွတ်ခဲ့ကြပေမဲ့ ကြီးလာပြီဆိုရင် အရောင်ဆိုးခံရပြီး ဖြူစင်မှုတွေပျောက်လို့ မညီညွတ်ကြတော့။ သူတစ်လူငါတစ်မင်း။ ငါဆိုတဲ့အတ္တတွေ ရှေ့တန်းမှာ။ တစ်ယောက်ကိုတစ်ယောက် ချောက်တွန်းဖို့လည်းဝန်မလေး။ ဘယ်သူသေသေ ငတေမာဖို့ လုပ်ရဲသူတွေလည်းမနည်းလှ။ ငြိမ်းချမ်းရေးတို့ ညီညွတ်ရေးတို့ တရားတွေဟောနေပေမဲ့ လက်တွေ့မှာ တိုက်ကြခိုက်ကြ၊ သေကြ။

အသက်ရလာလေလေ၊ ပြုံးခြင်း၊ ရယ်ခြင်းနည်းလာလေလေ။ အားလုံးက တစ်နေကုန်လို့ လေးငါးခါလောက်တောင် ရယ်ခြင်းပြုံးခြင်းအမှုကို ပြုမိကြပါရဲ့လားမသိ။ ကလေးတွေကတော့ အမြဲလိုလို ပြုံးလို့ပျော်လို့၊ ရယ်လို့မောလို့။ လောဘတွေ ဒေါသတွေ မောဟတွေများလာတဲ့အခါ အရယ်အပြုံးနည်းသွားပြီပေါ့။ ဟန်ဆောင်အပြုံးတုတွေပြုံးတတ်တဲ့ စက်ရုပ်တွေဖြစ်လာကြတယ်။ နှလုံးသားကလာတဲ့ ဖြူစင်တဲ့အပြုံးတွေ ပျောက်လာကြတယ်။ ပြုံးခြင်းရယ်ခြင်းကြောင့်လည်း နှလုံးသားတွေ နီးစပ်လွယ်တာ သတိပြုမိတယ်။

ဒီနေ့မှာ မူကြိုအရွယ်ကလေးတွေဆီက သင်ခဲ့ရတဲ့သင်ခန်းစာကို ပြောရရင်တော့  ရွှေပြည်တော်ကြီးမှာ စစ်မှန်တဲ့ငြိမ်းချမ်းရေးရဖို့၊ တိုင်းရင်းသားအားလုံးညီညွတ်ကြတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့အတွက်ဆိုရင် ဘက်ပေါင်းစုံ၊ အဖွဲ့စုံမှာ ယုံကြည်ချက်တွေ ခံယူချက်တွေ ရှေ့တန်းမတင်ပဲ အရောင်အသွေးကင်းပြီး ဖြူစင်ရိုးသားတဲ့ နှလုံးသားတွေ ရှိဖို့ လိုအပ်တယ်ဆိုတာပါ။ ဒါ့အပြင် ရင်ထဲကလာတဲ့ စစ်မှန်တဲ့အပြုံးတွေလည်း လိုအပ်ပါတယ်။ လက်ဆွဲနှုတ်ဆက်တဲ့အခါ ကြည့်ကောင်းအောင်ပြုံးတဲ့ အပြုံးတုမျိုးမဟုတ်။ ဒါမှလည်း နှလုံးသားအဖြူရောင်တွေ အခြေခံတူလို့ ပေါင်းစည်းဖို့လွယ်ကြပါ့မယ်။

မောင်လူပေကို အတွေးသင်ခန်းစာပေးခဲ့ကြသော ဖြူစင်တဲ့နှလုံးသားပိုင်ရှင်၊မူကြိုအရွယ်ကလေးတွေကို လေးစားစွာဖြင့်။

ချစ်တဲ့

မောင်လူပေ

တောင်တမန်၏ ချစ်ပုံပြင်တစ်ပုဒ်

တောင်သမန်ရဲ့ ချစ်ပုံပြင်တစ်ပုဒ်

မြန်မာပြည်ကိုလွမ်းလျှင် ပုဂံကိုလွမ်းသည်။ မန်းလေးကိုလွမ်းသည်။ ပြီးတော့ အမရပူရက တောင်သမန်အင်းကြီးကိုလည်းလွမ်းသည်။ တောင်တမန်အင်းဟုဆိုလိုက်လျှင် သစ်သားတံတားအိုကြီးရယ်၊ မယ်ဇယ်ပင်တန်းတွေရယ်၊  အင်းအလယ်က သစ်ခြောက်ပင်ကြီးရယ် မျက်စိထဲမှာ ထင်းကနဲပေါ်လာသည်။ တောင်တမန်အင်းကြီးကိုဖြတ်တိုက်လာသောလေပြေနုအေးကို ရှူရှိက်ရင်း ရှုမငြီးသည့်အလှတရားကို ခံစားရသည်မှာ မေ့နိုင်ဖွယ်မရှိ။ အင်းထဲမှာ ငှက်စီးရသည့်အရသာကလည်း ခံစားလို့ကောင်းလှ၏။

တောင်သမန်အင်းကိုလွမ်းတော့ ဒီနယ်ကလယ်ယာမြေတွေကိုစားရတဲ့ လယ်စားမင်းဖြစ်သူ မောင်ဖေငယ် ခေါ် ဦးဖေငယ်ကိုလည်း သတိရပြန်၏။ ငယ်ငယ်ကစွဲလမ်းခဲ့တဲ့စာတွေထဲမှာ သူ့ရုပ်ပုံတွေကို မြင်ဖူးခဲ့သည်။ ဒဂုန်ခင်ခင်လေးရဲ့စာဆိုတော်၊ မောင်သန်းဆွေ(ထားဝယ်)ရဲ့ကုန်းဘောင်ရှင်းတန်းစသည့်စာတွေထဲမှာ တွေ့ဖူးခဲ့သည်။ ပြီးတော့ သူကလည်း စာပေသမားတစ်ဦး ဖြစ်ခဲ့သူ။

တောင်သမန်လယ်စားမောင်ဖေငယ်နဲ့ဒိုင်းခင်ခင်တို့ရဲ့ အချစ်ဇာတ်လမ်းကို သီချင်းတွေဖွဲ့ကြသည်။ ရုပ်ရှင်တွေလည်းရိုက်ခဲ့သည်။ အချစ်ကံခေသူ တစ်ဦးမို့ သူ့ချစ်သူကို သီပေါမင်းထံ ဆက်ခဲ့ရသူ။ သူချစ်ရတဲ့ဒိုင်းခင်ခင်ကြောင့် အသက်ပါစတေးခဲ့ရသူ။ ဒီလို ဒီလိုတွေကို ကိုယ့်ထက်ကြီးသူ လူကြီးများထံမှလည်း ငယ်ငယ်က ကြားနာခဲ့ဖူးသေးသည်။

တကယ်ကတော့ ဦးဖေငယ်နဲ့ ဒိုင်းခင်ခင်တို့က သားအဖအရွယ်ဟု ဆိုသည်။ တောင်တမန် လယ်စားမင်းဦးဖေငယ်မှာ ဇနီးသုံးဦးလည်းရှိသေး၏။ သို့ပါသော်လည်း ထိုခေတ်က ငွေရှိလျှင်၊ အာဏာရှိလျှင် မိန်းမကြိုက်သလောက်ယူကြသောခေတ်။ ဝန်မင်းတွေ ဝန်ထောက်တွေမကျန် မိန်းမလေးငါးယောက်တော့ အသာလေးရှိကြ၏။ သီပေါဘုရင်၏ ငယ်ပေါင်း၊ အကိုကြီးလိုအားကိုးရသူ ရနောင်မြို့စားမင်းသား မောင်မောင်တုတ်ဆို အာဏာတန်ခိုးနဲ့ မိန်းမတွေ ရာချီယူခဲ့သည့်အပြင် အငြိမ့်မင်းသမီးကိုပါ ဆင်နဲ့ခိုးခဲ့သောကြောင့် ထိုအငြိမ့်သမလေးမှာ ဆင်ခိုးမလေးဟု နာမည်တွင်သည်အထိ။  ဒီတော့ လယ်စားမင်းဦးဖေငယ်ကလည်း သူ့ထက်အများကြီးငယ်၍ အလှသွေးကြွယ်သူ ဒိုင်းဝန်သမီး ခင်ခင့်ကို စိတ်ဝင်စားမိလိမ့်မည်။   ဒိုင်းဝန်မင်းနှင့်လယ်စားမင်းတို့ကလည်း အလွန်ခင်မင်ကြသည်။(မွေးစားသားဟူ၍လည်း ရေးကြသည်။ မွေးစားသားနဲ့သမီးကို ပေးစားမည်ပေါ့။) ဟိုတဖက်ကလည်း လူချောစာဆိုလယ်စားမင်းကို စိတ်ဝင်စားနိုင်သည်ပဲ။ ဒိုင်းခင်ခင်က ငယ်လွန်းနေသဖြင့် စောင့်နေရဟန်တူပါသည်။

' ကလေးလိုဘူတုန်းဟေ့လို့၊ မြူပြုံးနေစဉ်၊ ယူကြုံး၍ပွေ့ချင်တယ်၊ ငွေ့ရွှေရင်လှုံလို့။ ။
နုပါးတော်မွှေးအဆီကို၊ သွေးနီအောင် နမ်းချင်ငဲ့ကိုယ့်။ ။ ' စသည်ဖြင့် ဒိုင်းခင်ခင်ကို ရည်စူးစပ်ဆိုခဲ့သည်ကိုကြည့်လျှင်လည်း အရွယ်ငယ်လွန်းသေး၍ စောင့်နေရသည်ကို သိနိုင်ပါသည်။ ( မောင်သန်းဆွေ၏ ကုန်းဘောင်ရှင်းတန်းတွင် တောင်တမန်လယ်စားမင်းမောင်ဖေငယ်သည် သီပေါမင်းထက် အသက်နှစ်ဆယ်ကြီးသည်ဟုဆိုထားရာ ဒိုင်းခင်ခင်နှင့် အသက်အများကြီးကွာနေပါ၏။)

ရတနာပုံရွှေနန်းတော်ထဲမှာတော့ ပုံစံတစ်မျိုး။ ကုန်းဘောင်ခေတ် ဘုရင်အဆင်အဆက်ကတော့ နန်းရမိဘုရားကြီးလေးပါး၊ အဆောင်ရမိဘုရားသုံးပါး၊ မိဘုရားငယ်၊ ကိုယ်လုပ်တော် စသည်ဖြင့် မိဘုရားတွေတလှေကြီး ယူခဲ့ကြ၏။   မြန်မာတို့၏ ရှေးမင်းအပေါင်းလည်း မိန်းမအများကြီးယူကြသောအစဉ်အလာ ယဉ်ကျေးမှု ရှိသည်။ နောက်ဆုံးဘုရင်သီပေါမင်းတရားကြီးကြမှ မိဘုရားဟူ၍ စုဖုရားလတ်ကလွဲပြီး မရှိရှာ။ စုဖုရားလတ်မင်းသမီးက သဝင်ကြောင်၍ဖြစ်၏။ သူမ၏ အမတော်စုဘုရားကြီးကိုယ်တိုင်ပင်လျှင် နန်းသိမ်းပွဲမှာ တောင်ညာစံဖြစ်ခဲ့ရသော်လည်း ဘုရင်နှင့်မပေါင်းဖက်လိုက်ရရှာ။ ဘုရင်နားကပ်ခွင့်မရပဲ အပျိုစင်ဘဝနှင့်ပင် တောင်ညာစံမိဘုရားကြီးရာထူးမှ ရွေ့လျောခဲ့ရသည်။

စုဖုရားလတ်ကား တစ်လင်တစ်မယားစနစ်ကိုကြိုက်နှစ်သက်သူဖြစ်ရာ၏။ မုန့်ကိုသာဝေစားနိုင်မည်၊ သူ့လင်ကို မည်သူ့ကိုမျှ ဝေပေးရန်အစီအစဉ်မရှိ။ ဒါကြောင့်လည်း မယ်တော်ဖြစ်သူ ဆင်ဖြူမရှင်က သမီးကြီးဖြစ်သူ စုဖုရားကြီးကို ရွှေနန်းတော် အစဉ်အလာအတိုင်း တောင်ညာစံမြှောက် ဘိသိပ်ခံနေစဉ် အမတော်စုဘုရားကြီးဘေးမှာ အတင်းပင် ဝင်ရောက်ထိုင်ပြီး ပါဝင်ခဲ့ခြင်းဖြစ်သည်။ သူ့ကို မြောက်နန်းမိဘုရားမြှောက်တာမို့ လက်မခံနိုင်။ တောင်နန်းမိဘုရားသာ မိဘုရားခေါင်ဖြစ်ရသည်မို့ ဒီရာထူးကလွဲပြီး ကျန်တာဆောရီး။ သီပေါမင်းသားက သူမရဲ့ ငယ်ချစ်။ သူ့လင်ထိဓါးကြည့်။ မယားအများကြီးယူရတဲ့  မြန်မာမင်းတို့ရဲ့ ရွှေနန်းတော်ထုံးစံတွေလည်း ဂရုမစိုက်။ ပထမကျော်အောင်ထားသော ကိုရင်လူထွက်လည်းဖြစ်သူ နူးညံ့သိမ်မွေ့လှသော စိတ်ပိုင်ရှင်သီပေါမင်းကလည်း သူ့မိန်းမသဘောဟုသာ ထားရှာလေသည်။ တစ်ယောက်ရှိလျှင်တော်ပြီဟု နေတော်မူသည်။

(ထိုခေတ်အခါက မျိုးစောင့်ဥပဒေပြဌာန်းပါလျှင် ရှေ့ဆုံးမှထောက်ခံမည့်သူမှာ မိဘုရားကြီးဖြစ်ပေလိမ့်မည်။ ယခုခေတ်လို မျိုးစောင့်ဥပဒေမရှိခဲ့၍သာ သူမမှာ ချစ်သောမောင်တော်အတွက် ရတက်မအေးခဲ့ရပဲ သူမ၏လက်တွေကလည်း သွေးစွန်းသောလက်တွေ ဖြစ်ခဲ့ရသည်။)

မြန်မာဘုရင်၏အဖြစ်ကိုကြည့်ပြီး အားမရဖြစ်နေသူက ရနောင်မြို့စား မောင်မောင်တုတ်။ သီပေါမင်းနှင့်သူက ညီအကိုလိုချစ်ခဲ့ကြသူတွေ။  သီပေါမင်းသား ဘုရင်ဖြစ်တော့ သူ့ကို မင်းသားအရာမြှောက်စားခဲ့သည်။ ဘုရင့်နောင်ဘွဲ့ပေးသည်။ ဘုရင့်ရဲ့အကိုဖြစ်သွားပြီမို့ ဒီဘုရင်လက်ထက်တော်မှာ မင်းပြစ်မင်းဒါဏ်မှလွတ်စေမည့်ဘွဲ့။ ဘုရင်၏လူယုံတော်မို့ လက်သုံတော်(လက်မရွံ့ )တွေကိုင်ရသည့် မြောက်ထားဝယ်ဗိုလ်မို့ အာဏာအပြည့်ရသည်။ ဒီတော့ အာဏာစွမ်းပြကာ မိန်းမတွေအများကြီးယူသည်။ ပျော်သည်။

သူ့ဘုရင်မှာတော့ တစ်ယောက်ဆိုတစ်ယောက်၊ ပိတောက်ဆိုပိတောက်။ စုဘုရားလတ်သြဇာကိုမကျော်နိုင်ရှာ။ တကယ်တော့ သီပေါမင်းလည်းယောက်ျားပဲ။ သူ့အဖေ၊ သူ့အဖိုးဘုရင်တွေလို မိဘုရားတွေအများကြီးနဲ့ နေချင်ရှာပေမည်။ ဒါကြောင့်မို့ ဘုရင်ကို သူ့လိုဇာတ်သွင်းရန်အကြံဖြင့် ဘုရင့်အတွက် အပျိုချောရှာရင်း ဒိုင်းခင်ခင်ကိုတွေ့သွားဟန်ရှိသည်။ ဒိုင်းခင်ခင်မှာ ထိုအချိန်က စုဖုရားလတ်၏ အပျိုတော်ငယ်တစ်ဦးဖြစ်နေလေပြီ။ ဒိုင်းခင်ခင်ဟု အမည်တွင်ရခြင်းမှာလည်း ထိုခေတ်က ခင်ခင်ကြီးနာမည်တူနှစ်ယောက်ဖြစ်နေသဖြင့် ဒိုင်းဝန်သမီးဖြစ်သူကို ဒိုင်းခင်ခင်ဟု ခေါ်ခြင်းဖြစ်ပါ၏။

ရနောင်မောင်မောင်တုတ်က ဒိုင်းဝန်မင်းကို နားသွင်းသည်။ ဒိုင်းဝန်မင်းကလည်း သူ့သမီးကို လယ်စားဝန်ထောက်မင်းကတော်ထက် ဘုရင်ကတော်ဖြစ်လာမှာကို မြင်စေချင်မှာအမှန်။ သူငယ်ချင်းဖြစ်သူ မောင်ဖေငယ်ကိုလည်း နားချသည်။ ခင်ခင်ကြီးသာ မိဘုရားဖြစ်လာပါက သူတို့လည်း စုဖုရားလတ်ကိုကြောက်ဖို့မလိုတော့။ ဘုရင်ကလည်း ငယ်သောလှသောသူကိုသာ ပိုချစ်မှာအမှန်။ ဒိုင်းခင်ခင်ကို တကယ်ချစ်လျှင် ချစ်သူကောင်းစားတာ မြင်လိုလျှင် သီပေါဘုရင်ထံဆက်သဖို့ နားချသည်ကို ဦးဖေငယ်က လက်ခံခဲ့၏။

သူတို့တတွေမှာ ဘုရင့်လက်သုံးတော်ကြီး၊ လက်သုံးတော်လေးတွေ( ဒီခေတ်ဆိုရင်တော့ အာဏာရှင်တွေရဲ့ လက်ပါးစေ လူသတ်အဖွဲ့) ၏ရန်ကိုကြောက်ရတဲ့အတွက် ရနောင်မင်းသားရဲ့သြဇာကို မတော်လှန်နိုင်တာလည်း  ဖြစ်နိုင်တာပါပဲ။ နန်းထဲမှာသြဇာထက်တဲ့ နန်းမတော်ဘုရားစုဖုရားလတ်၏ရန်ထက် နီးရာဓါးကိုကြောက်ရသောကြောင့် ရနောင်မင်းသားမောင်မောင်တုတ်ပေးတဲ့အကြံအတိုင်း လိုက်နာခဲ့ရသူက ဒိုင်းခင်ခင်။ ချစ်သူကို အလှူပေးလိုက်ရသူက လယ်စားမင်းဖြစ်သူ ဦးဖေငယ်။ နန်းတော်ထဲရောက်အောင် ကြံဆောင်ပေးမည့်သူက ရနောင်မောင်မောင်တုတ်။

ဒီလိုနှင့်ပင် ဒိုင်းခင်ခင်အပျိုချောလေးကို လူပျိုလိုဝတ်စားစေပြီး မြနန်းစံကျော်ထဲက ပန်းခုံတော်မှာ သီပေါမင်းနှင့် ပေးတွေ့စေ၏။ ဘုရင်ကလည်း စုဘုရားလတ်နန်းမတော်ကြီး ဒုတိယကိုယ်ဝန်ရင့်မာနေသည်မို့ အားလပ်နေသည်နှင့် ကွက်တိ။ငယ်ရွယ်လှပတဲ့  ဒိုင်းခင်ခင်ရဲ့အလှမှာရစ်မူး။မြောက်ရွှေရေးဆောင် မိဘုရားမြှောက်မယ်လို့ ဂတိတွေပေး။ အချစ်ပန်းအသစ်တွေပွင့်ဖူးကြ။ ပန်းခုံတော်မှ အစောင့်များကလည်း ရနောင်မင်းသားလူယုံတွေမို့ သတင်းပေါက်ကြားမှာလည်း စိုးရိမ်စရာမလိုတော့။

သို့ပါသော်လည်း ခိုးစားရသောအသီးမှာ ချိုသော်လည်း အန္တရာယ်ကြီးပေသည်။ စုဖုရားလတ်၏ လူယုံတော် အထောက်တော် များကလည်း နန်းတွင်းမှာအပြည့်ရှိကြသည်။ ခဏခဏတွေ့ကြရာတွင် စုဘုရားလတ်၏ အထောက်တော်တွေက ငယ်ငယ်ချောချော လူစိမ်းလေးကို ပန်းခုံတော်ထဲသို့ ခေါ်ခေါ်လာတာ သတိပြုမိသွားသည်။ ထိုလူငယ်လေးမှာ ဒိုင်းခင်ခင်နှင့်လည်း တူနေသည်။ သူတို့ကိုယ်တိုင် ပန်းခုံတော်ထဲ ဝင်ခွင့်မရှိသော်လည်း အခြေအနေကို ရိပ်မိသွားသည်။ ထို့ကြောင့် သူတို့၏ မိဘုရားကြီးစုဘုရားလတ်ကို လျှောက်ထားကြရာက မိဘုရားကြီးစုဖုရားလတ်ရဲ့ ဒေါသမီးတွေ မာန်ဟုန်ပြင်းစွာ တောက်လောင်လေ၏။ သေချာစေရန်အတွက် သူမကိုယ်တိုင်ပန်းခုံတော်ထဲအထိလိုက်သွားသည်။ မိဘုရားကြီးမို့ အစောင့်တွေက မတားရဲကြ။ ဘုရင်နှင့်ဒိုင်းခင်ခင်နှစ်ပါးကြည်နေစဉ်အမိဖမ်းလိုက်သည်။ ဘုရင်ကိုဆဲဆိုသည်။ လူပုံလယ်မှာ အရှက်တော်ရတဲ့ဘုရင်က လှံဆွဲပြီးလိုက်လို့ ထွက်ပြေးရတဲ့အထိ။

တကယ်တော့ သက်ဦးဆံပိုင်ဘုရင်ခေတ်မှာ ဘုရင်ကို ဒီလိုအရှက်ခွဲဖို့ဆိုတာ ဖြစ်နိုင်ဖို့မလွယ်ပါ။ သူမ၏အချစ်ဦးသီပေါမင်းကို ငယ်စဉ်ထဲကနိုင်ခဲ့သူမို့သာ ဒီလိုအရှက်ခွဲနိုင်ခြင်းဖြစ်၏။ စုဖုရားလတ်၏ဒေါသမာန်ဟုန်ကား အတားအဆီးမရှိ။ စုဖုရားလတ်ရန်ကိုကြောက်ရှာသူ တပင်တိုင်မင်းသမီးစလင်းစုဖုရား (ထိုခေတ်က တပင်တိုင်မြနန်းနှင့် စံမြန်းရသော စလင်းစုဖုရားဆိုသည်မှာ မင်းတုန်းမင်းကြီး၏ အချစ်ဆုံးသမီးတော်ဖြစ်၏။ ထိုမင်းသမီးကို နောက်တက်လာမည့်ဘုရင်က တောင်ညာစံမိဘုရားခေါင်ကြီးအဖြစ် တင်မြှောက်ရမည့်ထုံးစံရှိ၏။) ဆိုလျှင် မင်းတုန်းမင်းကြီးအလောင်းတော်ကိုသင်္ဂြိုလ်ပြီးသည်နှင့် တောင်ညာစံမိဘုရားခေါင်ကြီးဖြစ်မည့်အရေးကိုစွန့်လွတ်ခါ သီလရှင်ဘဝသို့ ပြောင်းကာ အသက်ဘေးမှ ဝေးရာသို့ပြေးခဲ့ရဘူးသည်။

အရှက်တော်ဝင်တဲ့ဘုရင်သီပေါက အရှက်ကြီးလို့ ရုတ်တရက်နေမကောင်းဖြစ်သွားလေတော့ ညီလာခံမလာနိုင်တာကို အခွင့်ကောင်းယူပြီး  မိဘုရားကြီးစုဘုရားလတ်က ဘုရင့်အာဏာခေတ္တယူလိုက်၏။  မောင်မောင်တုတ်တို့ကိစ္စကို ပစ်စာထုတ်ကြီးဖန်တည်းကာ လွှတ်တော်ကို အရေးယူဖို့ ဖိအားပေးသည်။ လွှတ်တော်ကလည်း စုဖုရားလတ်ကို လွန်ဆန်ရဲသူမရှိ။ ဒီလိုနှင့်ပင် ဒိုင်းခင်ခင်အရေးအခင်းကို ကြံစည်ခဲ့တဲ့ ရနောင်မောင်မောင်တုတ်၊ ဒိုင်းခင်ခင်၊ ကြံရာပါ တောင်သမန်လယ်စားမောင်ဖေငယ်တို့ကို အရင်က ခင်မင်ခဲ့တာမထောက်တော့ပဲ အပြတ်ရှင်းပါတော့သည်။ မင်းပြစ်မင်းဒါဏ်မှ ကင်းလွတ်ခွင့်ရသူ ရနောင်မင်းသားကတော့ ကြေးတိုက်( အကျဉ်းထောင်)ထဲမှာ သူ့ဟာသူ သတ်သေဟန်နှင့် အရှင်းခံလိုက်ရသည်။ ဒိုင်းခင်ခင်မှာလည်း အကျဉ်းကျနေစဉ်တွင် ကိုယ်ဝန်ပါလာမှန်းသိလာသဖြင့် တိုင်းတားမင်းကြီးက မြင်းဇောင်းထဲမှာ ဖွက်ပေးထားပြီး ဘုရင်နှင့်ရသောကိုယ်ဝန်ကို မီးဖွားခွင့်ပေးဖို့( ဘုရင့်သွေးတွေ မြေမကျကောင်းဟု အယူရှိသည်။ မမွေးရသေးသောဘုရင့်သွေးကိုယ်ဝန်သည်ကို မသတ်ရ။ ပြည်ပျက်တတ်သည်။ အမေကိုသတ်ဖို့လိုအပ်လျှင် မွေးဖွားပြီးမှ  သတ်ရသည်။) တောင်းဆိုတာတောင် ခွင့်မပြု။ "ဒီကောင်မ ခုထိမသေသေးဘူးလား"ဟု စုဖုရားလတ်က မေးသဖြင့် ဒိုင်းခင်ခင်ကို အရှင်မထားရဲတော့ပဲ လက်သုံးတော်ကြီးများက ထုံးစံနှင့်အညီ စီရင်လိုက်ကြရသည်ဆို၏။   ဒီအရေးအခင်းမှာ ဒိုင်းခင်ခင်၏ မိဘနှစ်ပါးလည်း အဆစ်ပါသွားရရှာပါ၏။ ကျူပင်ခုတ် ကျူငုတ်မကျန်အောင် ရှင်းရသော ခေတ်။

ဒိုင်းခင်ခင်အရေးဖြစ်ပြီးနောက် စုဖုရားလတ်က မောင်တော်သီပေါမင်းလိုအပ်လျှင် ပျော်ပါးနိုင်ရန်အတွက် သူမ၏ညီမအငယ်ဆုံး စုဖုရားလေးနှင့် ပေးစားခဲ့သည်။ အသည်းကွဲနေတဲ့သူ့ယောက်ျားကို ဖြေဆေးပေးလိုက်သည့်သဘော။ မတတ်သာလို့လိုက်လျှောရသော်လည်း သူလွှမ်းမိုးနိုင်မည့် ညီမမို့ သူ့အာဏာ ထိပါးရန်အကြောင်းမရှိ။

တောင်တမန်လယ်စားမောင်ဖေငယ်ကိုတော့ ဗန်းမော်၊ ကသာသို့ အကျဉ်းချပြီးပို့လိုက်သည်။ ဗန်းမော်မှာအကျဉ်းကျနေစဉ် သီပေါမင်းနှင့် မိဘုရားငယ်လေးကို တွေ့ကြသည်ဟုကြားသိရ၍ ထိုမိဘုရားငယ်မှာ သူချစ်ခဲ့ရသူ ဒိုင်းခင်ခင်ဖြစ်မည်ဟု ထင်သွားရှာသည်။ ဗန်းမော်တွင် သူ့ကို မသတ်မှီနောက်ဆုံးအချိန်မှာ ပင် ' ချစ်ရသူခင်ခင်ငဲ့.. ' အစချီတေးထပ်ကို ရေးသွားခဲ့သေး၏။ အာဂစာဆိုတစ်ပါးပါပေ။ ဒီလိုနှင့်ပင် တောင်တမန်၏ ချစ်ပုံပြင်တပုဒ်ဟုဆိုနိုင်သော တောင်တမန်လယ်စားမင်းမောင်ဖေငယ်၏ ဘဝက အဆုံးသတ်ခဲ့ရလေသည်။

တောင်သမန်ကား ရှေးမြန်မာဘုရင်တို့၏ သွေးသားတို့၏ ဝိဉာဏ်တွေ ကိန်းအောင်းရာနေရာတစ်ခုပါ။ ဒီအင်းကြီးထဲမှာ အဆုံးစီရင်ခံခဲ့ရသူ ဘုရင့်သွေးသား ဝိဉာဏ်တွေမနည်းလှ။ ဘကြီးတော်ဘုရားရဲ့အချစ်တော် စုဖုရားလတ်၏အဖွားဖြစ်သူ နာမည်ကျော် နန်းမတော်မယ်နုမိဘုရားခေါင်ကြီးလည်း အာဏာလုပွဲမှာ အရှုံးပေးရတော့ ဒီတောင်သမန်မှာပဲ ရေချအသတ်ခံခဲ့ရသည်။ ပြည်သူ့အချစ်တော်  ဘိုးတော်ဘုရား၏ မြေးတော်စကြာင်္မင်းသားလေးလည်း တောင်တမန်မှာပဲ ရေချကွက်မျက်ခဲ့ပါသတဲ့။ တောင်တမန်သာစကားပြောတတ်ခဲ့လျှင် ရှေးမြန်မာဘုရင်တို့၏ အကြောင်းအရာမျိုးစုံကို ပြောပြနိုင်ပါလိမ့်မည်။ တောင်တမန်ကား အရင်ကလည်းလှခဲ့။ ယခုလည်းလှဆဲ။ နောင်လည်း လှနေမည်မှာအမှန်။

တောင်တမန်ကိုချစ်တဲ့

မောင်လူပေ