တောင်တမန်တံတားရဲ့ ဒဏ္ဍာရီ
ကမ္ဘာပေါ်ရှိတံတားများအနက် ကမ္ဘာလှည့်ခရီးသွားတို့စိတ်ဝင်စားသောတံတားများထဲတွင် တောင်တမန်တံတားအိုလည်းပါသည်။ ကင်းခြေများကြီးတစ်ကောင်နှင့် တူလှစွာသော ဤသစ်သားတံတားအိုကြီး၏ရုပ်ပုံများနှင့် ခရီးသွားများကိုဆွဲဆောင်ကြသည်။ မြန်မာပြည်ရောက်လျှင် မသွားမဖြစ်သွားရမည့်နေရာထဲမှာ ပုဂံပြီးလျှင် ဒုတိယလိုက်သောနေရာတစ်ခု။ ထိုတံတားအို၏ အမည်ကား ဦးပိန်တံတားဟူ၏။
အလှူရှင်တို့၏အမည်ကို အစွဲပြု၍ ခေါ်လေ့ရှိကြသောနိုင်ငံမို့ ဤတံတားကြီးကို သူဌေးကြီးဦးပိန်မှလှူဒါန်းခဲ့သည်ဟုသာ အလွယ်သိခဲ့ကြသည်။ ထိုသူဌေးကြီးကား မည်သူနည်း။ ဘာကြောင့် တောင်တမန်အင်းပြင်ကြယ်ကြီးထဲမှာ ဤတံတားကြီးဆောက်ခဲ့ရပါသနည်း။ အလွန်ပင်စေတနာထက်သန်လှသောသူဌေးကြီးသည် အဘယ်ကြောင့် အသေဆိုးနှင့် သေခဲ့ရပါသနည်း။
ဦးပိန်အကြောင်းကို အစပြန်ရလျှင်သူ့ဆရာ အမရပူရမြို့ဝန်ဘိုင်ဆတ်ကို တွေ့ရမည်။ ဦးပိန်က ဘိုင်ဆတ်လက်အောက်မှ မြို့စာရေးလေး။ သာမန်စာရေးလေးဘဝမှ သူဌေးကြီးဘဝကိုရောက်ခဲ့သည်ဆိုတော့ ပို၍စိတ်ဝင်စားမိလေသည်။ ပုဂံမင်းလက်ထက်မှာ နာမည်ကြီးခဲ့သော ဤနှစ်ယောက်အကြောင်းက မြန်မာ့သမိုင်းမှာ မကောင်းလှ။
မြို့ဝန်ဘိုင်ဆတ်ဆိုသည်မှာ ရေမြောကမ်းတင်လူတစ်ယောက်ဘဝမှ လာခဲ့ခြင်းဖြစ်၏။ ပသီလူမျိုးဆိုသော်လည်း အတန်းပညာနတ္ထိ၊ ဘာသာရေးအသိနတ္ထိ။ သူသိသည်က ငှက်မျိုးစုံကိုမည်သို့အရှင်ဖမ်းမည်ဆိုသည်သာ။ ချိုးတည်၊ ခါတည်ရင်း ရသမျှကို ငှက်လွှတ်လိုသူများထံ ပြန်ရောင်းရင်းအသက်မွေးသည်။ ကုသိုလ်ကံထချင်တော့ ဘိုင်ဆတ်၏ ငှက်ဖမ်းပညာကျွမ်းကျင်မှုကို ပုဂံမင်းသား၏လူများက တွေ့သွားလေသည်။ ဒီမင်းသားက သာယာဝတီမင်းရဲ့မိဘုရားခေါင်ကြီးကမွေးသူမို့ ဘုရင်ဖြစ်ရန်တာစူနေသူ၊ နန်းတော်ထဲမှာ တန်ခိုးထွားလှသူ။ ပြီးတော့ ချိုးတည်၊ ခါတည်စသော ငှက်ဖမ်းခြင်းကိုလည်း လွန်စွာဝါသနာထုံသူဖြစ်လေ၏။ မင်းသားက ငှက်ဖမ်းတော်သူကို ချီးမြှင့်သည်။ အများအပြားဖမ်းနိုင်လျှင် အထူးသူကောင်းပြုသည်။ သည်လိုနှင့် ဘိုင်ဆတ်နှင့်ပုဂံမင်းသားတို့ ဝါသနာတူရာက အလွန်နီးစပ်လာလေသည်။
သာယာဝတီမင်းကြီးကံကုန်တော့ အားလုံးစီစဉ်ပြီးဖြစ်သည့်အတိုင်းပင် သားတော်ပုဂံမင်းသားက ထီးနန်းဆက်ခံလေသည်။ သူ၏နောက်လိုက် အိမ်တော်ပါများလည်း ရာထူးအသီးသီးရကြရာတွင် ဘိုင်ဆတ်သည်လည်း ရာထူးကြီးတစ်ခုရသွားပါသည်။ အမရပူရမြို့ဝန်ဟူ၏။ မင်းနေပြည်တော်၏မြို့ဝန်ရာထူးမို့ ရာထူးကြီးတစ်ခုကို ပေးသနားတော်မူခဲ့ခြင်းဖြစ်သည်။ ကျီးကန်းကိုချီးမြှောက်တော့ ခြေးချောက်ကောက်စား ဖြစ်လေပြီ။
ဘိုင်ဆတ်သည် အတန်းပညာမတတ်သော်လည်း ကလိမ်ကကျစ်ပညာ၊ လူကြီးကို ဖား၍ ကိုယ့်အောက်ကလူကိုဖိသည့်ပညာစသည်တို့ကို ကျွမ်းကျင်သူဖြစ်၏။ ထို့ကြောင့် သူ့လက်အောက်မှ မြို့စာရေးရာထူးနေရာအတွက်လည်း သူနှင့်ထပ်တူ ငွေရပေါက်ကောင်းကောင်း ရှာနိုင်မည့်သူကိုခန့်လိုက်သည်။ ထိုသူကား မောင်ပိန်ဆိုသူ ဖြစ်ပါ၏။ ဤနေ့မှစ၍ အမရပူရနေပြည်တော်တွင် ထိုသူနှစ်ယောက်၏ ဒုက္ခပေးမှုအဝဝကို ခါးစီးပြီးခံကြရပါတော့သည်။ ဤသို့နှင့်ပင် သာမန်ဆင်းရဲသားဘိုင်ဆတ်နှင့်မောင်ပိန်ဘဝမှ သူဌေးမင်းဘိုင်ဆတ်နှင့် သူဌေးမင်းဦးပိန်တို့ဘဝကို ပုဂံမင်းနန်းစံသက်ခြောက်နှစ်အတွင်း ရောက်လာခဲ့ကြပါသည်။
မြို့ဝန်ဘိုင်ဆတ်က တစ်ထွာပြလျှင် မြို့စာရေးမောင်ပိန်က တစ်လံမြင်သည်။ ချက်ဆိုနားကွက်ကမီးတောက်သူတွေ။ ရှင်ဘုရင်ကို အိပ်ထဲထည့်ပြီးသားမို့ ရိုက်စားလုပ်ဖို့အလွယ်လေး။ လွှတ်တော်ထဲရောက်နေတဲ့အမှုကို ဖျောက်ပေးနိုင်သည်။ အမှုမရှိသူကို ရှိအောင် ဖန်တည်းပေးနိုင်သည်။ သူ့အလိုမလိုက်နိုင်သူ တရားရေးအရာရှိများလည်း အမှုဆင်ခံရသဖြင့် ပြုတ်လျှင်ပြုတ်၊ မပြုတ်လျှင် နယ်ဝေးပြောင်းမို့ ဘိုင်ဆတ်တို့အပ်တဲ့အမှုဆိုလျှင် အရာရာအောင်မြင်စေရမည်သာ။ ဘယ်လိုအမှုကြီးမှ ဘိုင်ဆတ်နှင့်မကင်းနိုင်။ ဒီလိုနှင့် အာဏာပြကြရင်း အိပ်တွေကလည်း တဖြေးဖြေးဖေါင်းလာလေတော့ အလုပ်အကိုင်မရှိသည့်လူမိုက်များကလည်း ငွေရဖို့အတွက် သူတို့ဆီမှာ သစ္စာခံကြသည်။ သည်လိုနှင့် သူတို့အင်အားက နေပြည်တော်ကြီးမှာ ကြီးထွားလာခဲ့ကြ၏။
သူတို့အထက်အရာရှိများကလည်း ဝင်တတ်၊ ထွက်တတ်၊ ဆရာများအတွက် ရှာဖွေကျွေးတတ်သူ မောင်ပိန်တို့ဆရာတပည့်ကို အကြိုက်တွေ့၊ဘုရင်ကလည်း မင်းလိုလိုက်မင်းကြိုက်ဆောင်တတ်သူ သစ္စာရှိကျွန်ယုံတွေဟု အသိအမှတ် ပိုပြုလာနှင့် နန်းတော်ထဲမှ အလယ်အလတ်အရာရှိများပင် သူတို့ကို ကြောက်ကြရသည်အထိ။
ရှင်ဘုရင်ဖြစ်သည့်တိုင် ကျေးငှက်ဖမ်းခြင်း၊ မွေးခြင်းအမှုကို မစွန့်နိုင်သောဘုရင်က နန်းတော်ထဲမှာ ငှက်ဥယျာဉ်ကြီးတည်လေ၏။ ထိုငှက်အပေါင်းတို့အတွက် အခြားအစာများအပြင် အထူးကျွေးမွေးရသော ပိုးကောင်မွှားကောင်များလည်းရှိသေးသည်ဆို၏။ ထိုအထဲတွင် မြေခွေး( တကယ့်မြေခွေးမဟုတ်။) ဟု အရပ်ကခေါ်သော မြေအောင်းပုရစ်တစ်မျိုးကို ဘုရင့်အမိန့်ဟုဆိုကာ မြေတူးပြီးရှာကြပြန်သည်။ မြေခွေးရှိသည်ဟုထင်ရသောအိမ်များသို့ဝင်ပြီး တူးဆွကြသည်။
မြေခွေးကိုလိုချင်၍မဟုတ်။ ထိုခေတ်က မီးဘေး၊ ဓါးးပြဘေးကြောက်ရသောကြောင့် ရှိသမျှရတနာတွေကို အိုးဖြင့်ထည့်ကာ မြေမြှုတ်ထားတတ်ကြလေရာ ထိုရတနာတွေလိုချင်သောကြောင့် ဖြစ်ပါ၏။ မြို့စားရေးမောင်ပိန်တို့မှာ အထောက်တော်တွေအများကြီးမို့ ဘယ်အိမ်ကချမ်းသာသည်ဆိုတာ သတင်းရပြီးသား။ မြေခွေးရှာသည်အကြောင်းပြပြီး ခြံထဲဝင်ကြတော့လည်း မည်သူမျှမတားဝံ့ကြ။ ဘုရင့်အမိန့်ကိုလွန်ဆန်သူမှာ သေဒါဏ်ပင်မဟုတ်လား။ ဒီတော့ ရတနာအိုးကို မတွေ့မချင်းစိတ်ကြိုက်တူးကြလေတော့သည်။ ရတဲ့ရတနာတွေကို နန်းတော်ထဲကသူ့ဆရာတွေအတွက်ဆိုကာ ဘိုင်ဆတ်ကတစ်ဝက်၊ မောင်ပိန်ကလေးပုံတစ်ပုံ၊ အခြားတပည့်များက လေးပုံတစ်ပုံ ဝေကြလေသည်။ ချမ်းသာသောအိမ်များပြီးတော့ သာမန်အိမ်များဖက်လှည့်ပြန်၏။ အိမ်ထဲမှာမြေလှန်တာမခံခြင်လျှင် တောင်းသည့်ငွေပေးရ၏။ မပေးနိုင်လျှင် ရစရာမရှိအောင် တူးဆွခံကြရမည်။
အာဏာနှင့်ငွေတွေကြွယ်ဝလာတော့ မိန်းမကိစ္စဖက်လှည့်ကြပြန်၏။ မရှိဆင်းရဲသူများကို ငွေဖြင့်ဖျားယောင်းပြီး ပြည့်တန်ဆာလုပ်ခိုင်းသည်။ မိကောင်းဖခင်သမီးပျိုများရှိလျှင် ဘိုင်ဆတ်တို့မောင်ပိန်တို့အဖွဲ့ကို လာဒ်ငွေထိုးပြီး အန္တရာယ်ကင်းအောင်ကြံဆောင်ကြရသည်။
တစ်မျိုးပြီးတစ်မျိုး ငွေရပေါက်ရှာနေသော မောင်ပိန်က အင်းဝမှ ဘကြီးတော်မင်း၏ နန်းတော်ဟောင်းကြီးကို မျက်စိကြပြန်၏။ ထိုနန်းတော်ကြီး၏ မှန်စီရွှေပိန်းချခမ်းနားမှုကြောင့် ထိုနန်းတော်ကြီးကိုရလျှင် ပွပြီဟုမောင်ပိန်က ရိပ်မိသည်။ နန်းတော်ကြီးထဲမှ အနုသုခုမပန်းပုလက်ရာတံခါးများ၊ ရွှေပိန်းချမျက်နှာကြက်များ၊ ဝရန်တာလက်တန်းများ၊ ဧရာမကျွန်းတိုင်ရှည်များသည် အဖိုးများစွာတန်လေသောကြောင့် လိုချင်သည်။ သူ့ဆရာဘိုင်ဆတ်ကိုချည်းကပ်၍ တောင်တမန်အင်းကြီး တစ်ဖက်စီတွင်ရှိနေကြသော ကျောက်တော်ကြီးဘုရားနှင် ပုထိုးတော်ကြီးဘုရားတို့ကို ဒေသခံတို့အလွယ်တကူဖူးနိုင်စေရေးအတွက် တံတားတစ်စင်းဆောက်လျှင်သင့်တော်ကြောင်း၊ အင်းဝရှိနန်းတော်ဟောင်းကြီးကို ဒီအတိုင်းပစ်ထားမည့်အစား ကုသိုလ်တရားတိုးပွားစေရန် တံတားအတွက်လိုအပ်မည့် သစ်များအဖြစ်သုံးလိုကြောင်း ဘုရင်ကိုလျှောက်ပေးဖို့ အကြံပေးလေသည်။
ဘိုင်ဆတ်အလျှောက်ကောင်းမှုကြောင့် နန်းတော်ဖျက်၍တံတားဆောက်စေအမိန့်ရ။ များမကြာမီပင် နန်းတော်ဟောင်းကြီးကို တစစီဖျက်ယူကြပြီး ထွက်လာသည့်အကာပျဉ်များ၊ တိုင်များမှအပ ပိုသမျှကို ဦးပိန်နှင့်အဖွဲ့က အစဖျောက်လိုက်ကြတော့၏။ ဦးပိန်ကောင်းမှု၊ ဦးပိန်တံတားဟုခေါ်ကြသောတံတားမှာ ပုဂံမင်းကောင်းမှုတံတားဖြစ်လေသည်။ အင်းဝဖန်နန်းတော်ကြီးလည်း တောင်တမန်တံတားဘဝသို့ ထိုအချိန်မှစ၍ ပြောင်းလည်းခဲ့ရလေသည်။
အာဏာရှိသူဘုရင်ကိုပေါင်း၍ မကောင်းမှုမျိုးစုံဖြင့် တန်ခိုးထွားကြီးပွားခဲ့ကြသော မြို့ဝန်ဘိုင်ဆပ်နှင့် မြို့စာရေးမောင်ပိန်တို့၏ နေဝင်ချိန်ကတော့ မလှပခဲ့ပါ။ ယောက်ျားမဝင်ရသောနန်းတော်ထဲရှိ အနောက်ဆောင်သို့ မိဘုရားတစ်ပါးကိုအနိုင်ကျင့်ရန်အတင်းဝင်ရောက်ခဲ့ရာမှ ဘုရင့်နားပေါက်ကြားခဲ့ရာက ဘုရင့်အမျက်တော်ခံရ၊ အမှုပေါင်းစုံပေါ်ပေါက်လာရာက အပေါင်းအပါအားလုံးကို ရင်ခွဲသတ်စေအမိန့်ချသည်အထိ ဖြစ်လာခဲ့သည်။ အမရပူရမြို့သားတွေအပျော်ဆုံးနေ့ကို ပြပါဆိုလျှင် ထိုနေ့သည်လည်းပါနေမှမုချ။ သည်လိုနှင့် ဘိုင်ဆတ်၊ မောင်ပိန်နှင့်တစ်ဖွဲ့လုံး သားမယားများမကျန် သေဒါဏ်စီရင်ခြင်း ခံခဲ့ကြရလေသည်။
၁၉၈၈နောက်ပိုင်း စစ်အစိုးရလက်ထက်မှာ မြန်မာပြည်ရှိ မြို့ရွာလမ်းနာမည်များအမည်ပြောင်းခဲ့ရာတွင် နိုင်ငံခြားအမည်များအပြင် မြန်မာအမည်များပါ အပြောင်းခံခဲ့ရသည်။ မောင်ထော်လေးလမ်း၊ မောင်ခိုင်လမ်း၊ နတ်သျှင်နောင်လမ်းစသည်များလည်း မလွတ်ခဲ့။ သို့ပါသော်လည်း ဦးပိန်တံတားကတော့ နာမည်ပြောင်းခံရမှုမှ ကင်းဝေးခဲ့သဖြင့် ယခုတိုင် ဤနာမည်ဖြင့်သာ ရပ်တည်နေဆဲ။ တချိန်က အာဏာရှိသူနှင့်ပေါင်းစားပြီး ချမ်းသာခဲ့သူ၊ ပြည်သူတွေကို ဒုက္ခလှလှပေးခဲ့သူ ဦးပိန်ကို ချန်လှပ်ထားခဲ့သည်မှာ မဖြစ်ကောင်း။ ပုဂံမင်းကောင်းမှုတံတားကို ဦးပိန်တံတားဟုခေါ်ဆိုကြသည်မှာ မှားယွင်းနေသည်ကို ပညာတတ်၊ သမိုင်းနားလည်သူတိုင်းကသိကြပါ၏။ ပြင်ဆင်ခေါ်ယူလိုကြပါ၏။ ဥပမာ တောင်တမန်တံတား၊ အမရပူရတံတားစသည်။
မောင်လူပေကတော့ ဒီတံတားကြီးအကြောင်းကို တောင်တမန်တံတား၏ ဒဏ္ဍာရီဟုသာ အမည်တတ်လိုက်ပါကြောင်း။
ချစ်တဲ့
မောင်လူပေ
(ကိုးကား- ဒဂုန်ခင်ခင်လေး၏ ရတနာပုံ၏ နိဒါန်းနှင့် နိဂုံး)
No comments:
Post a Comment