Sunday, June 10, 2018

ပညာဟူသည်

ပညာဟူသည်

Learn for live together
Learn for live
Learn for live to be
Learn for work

ပညာသင်ရခြင်းအကြောင်းတွေကို အလွယ်ဆုံးရှင်းပြတဲ့အချက်တွေပါ။ ပညာသင်ကြတဲ့အခါ ပညာနဲ့သင်ညာရောထွေးနေတတ်တယ်။ သင်ညာဆိုတာ ဆရာသင်ကြားသလောက်ကိုခေါ်ပြီး၊ ပညာကတော့ မိမိဉာဏ်နဲ့ ဆင်ခြင်စဉ်းစားတတ်မှုလို့ ဆိုကြတယ်။

ပညာဆိုတာ အတိုင်းအဆမရှိပါ။ သင်ယူလို့လည်းမဆုံး။ ဦးနှောက်ကလက်ခံသလောက်ပဲ သင်ယူနိုင်ကြတယ်။ သင်ယူလိုသလောက် သင်ယူချင်ပေမဲ့ ကိုယ့်ဦးနှောက်က မလိုက်ရင် သင်ယူသလောက်မရကြ။ အထူးသဖြင့် ဦးနှောက်က စိတ်မဝင်စားတဲ့အရာတွေ သင်ယူရတဲ့အခါ ပိုသိသာတယ်။ သင်တာကို နားလည်ဖို့ခက်ခဲတာ၊ မှတ်သားဖို့မလွယ်တာ၊ မှတ်ပြီးရင်လည်း မေ့လွယ်တာတွေဟာ သင်ကြားရတဲ့ဘာသာကို စိတ်ဝင်စားမှုနည်းလို့ပေါ့။

လူရဲ့ဦးနှောက်က မှတ်ဉာဏ်စွမ်းရည်တွေ တစ်ဦးနဲ့တစ်ဦးမတူကြသလို မှတ်နိုင်တဲ့ဘာသာရပ်တွေလည်းမတူကြ။ ဒါကြောင့်တချို့က စာကျက်ရတဲ့ဘာသာတွေထူးချွန်ပြီး တချို့က ဂဏန်းသချာင်္တွက်ရတဲ့ဘာသာထူးချွန်ကြတယ်။ ဘာသာရပ်အားလုံးကို ထူးချွန်သူဆိုတာ အတော်နည်းပါတယ်။ သချာင်္ထူးချွန်သူဟာ ဘိုင်အိုဘာသာများတဲ့မေဂျာတွေယူရတဲ့အခါ အခက်တွေ့ရတတ်သလိုကျက်စာဖြစ်တဲ့ဘိုင်အိုထူးချွန်သူက သချာင်္ယူမိပြန်ရင်လည်း ထိုနည်းလည်းကောင်း။

ဆယ်တန်းစာမေးပွဲအောင်စာရင်းထွက်ပြီးရင် ကျောင်းသားမိဘတွေဆီကကြားရမြဲစကားတစ်လုံးကတော့ " အမှတ်ပေါင်း(--)ရတယ်၊ ဘာယူသင့်လဲ" ဆိုတဲ့ စကားပဲ။ မိဘပီပီ သားသမီးတွေရဲ့ ရှေ့ရေးအတွက် ပူကြရတာ ဓမ္မတာ။ ကလေးတွေကလည်း (၁၆)အရွယ်။ လူကြီးမဖြစ်သေးတော့ သေသေချာချာ မတွေးတတ်။ ဆုံးဖြတ်ချက်အားလုံးက မိဘတွေခေါင်းပေါ်ရောက်ပေါ့။

ဒီလိုဆုံးဖြတ်ကြတဲ့အခါ ဟိုအရင် နှစ်များစွာကအတိုင်း ဆယ်တန်းအမှတ်၊ ကျား၊မ ဆိုတဲ့ အတွေးနဲ့ပဲ ဆုံးဖြတ်ကြရတယ်။ ကလေးရဲ့ဝါသနာ၊ ထူးချွန်မှု၊ ဖြစ်ချင်တဲ့ဆန္ဒတွေက အလိုလို နောက်ရောက်သွားတတ်တာကိုး။ မိဘတွေက ကိုယ်တိုင်ဆရာဝန်မဖြစ်ခဲ့ရလို့ ကိုယ့်သားသမီးကို ဆရာဝန်ဖြစ်စေခဲ့တာမျိုး၊ အင်ဂျင်နီယာမဖြစ်ခဲ့ရလို့ အင်ဂျင်နီယာဖြစ်စေခဲ့တာမျိုးတွေလည်း တွေ့ရတယ်။ တိုင်းပြည်အနေအထားအရ YTU(Ex RIT) ၊ ဆေးတက္ကသိုလ်တို့ဟာ ထိပ်ဆုံးက ပန်းပန်နေဆဲ။ ကလေးဖြစ်သူ ဝါသနာမပါတဲ့ကျောင်းကို အတင်းတက်ခိုင်းရတဲ့အခါ မိဘနဲ့သားသမီးကြားမှာ ဝိရောဓိတွေလည်း ဖြစ်ကြတာ ကြားနေရတယ်။ သူတို့ဝါသနာ၊ အခြေအနေ၊ မိဘရဲ့ဆန္ဒအားလုံးထပ်တူကြလို့ကတော့ အကောင်းဆုံးပေါ့။ ဝါသနာပါပေမဲ့ သတ်မှတ်ထားတဲ့အမှတ်မမှီပဲ တစ်မှတ်၊ နှစ်မှတ်နဲ့ ကပ်ပြုတ်ရတဲ့ ကလေးတွေလည်းအများကြီး။ သူတို့လေးတွေအတွက် ဒုတိယအခွင့်အရေးမရှိရှာ။

မောင်လူပေ ခေတ္တအခြေစိုက်နေထိုင်ရာ အမေရိကားမှာလည်း ဒီလိုဝိရောဓိတွေ ရှိတယ်။ အာရှနိုင်ငံတွေက ရောက်လာတဲ့မိဘတွေက သူတို့သားသမီးတွေကို ဆရာဝန်၊ အင်ဂျင်နီယာပဲ ဖြစ်စေချင်ကြတာများလေတော့ မကြာခဏကြားရတဲ့ အသံတွေပေါ့။  ဒီနိုင်ငံမှာ အင်ဂျင်နီယာဖြစ်ဖို့ မြန်ပေမဲ့ ဆရာဝန်ဖြစ်ဖို့ကတော့ မလွယ်လှ။ အမေရိကားမှာ ဆေးကျောင်းတက်ဖို့ဆိုရင် Undergraduate ( ရိုးရိုးဘွဲ့)လို့ခေါ်တဲ့ B.A/B.Sc ဘွဲ့တစ်ခုရမှ လျှောက်လို့ရတယ်။ ဆေးကျောင်းလျှောက်ဖို့သတ်မှတ်ထားတဲ့ ယူနစ်တွေပြည့်အောင်လည်း ယူရတယ်။ ဝင်ခွင့်စာမေးပွဲလည်းဖြေရတယ်။ တက်ချင်တဲ့ကျောင်းက လက်ခံမယ်ဆိုရင်တောင် ဆေးကျောင်း( Medical School ) က Graduate school ( အထက်တန်းဘွဲ့ပေးတဲ့ကျောင်း)မို့ ကျောင်းလခလွတ်ငြိမ်းခွင့်တွေဘာတွေ လျှောက်လို့မရ။ ဈေးကြီးကြီးပေးပြီး တက်ကြရတာ။ အများအားဖြင့်တော့ ငွေတွေသိန်းချီ ချေးငှားပြီးတက်ကြတာပဲ။ စာမေးပွဲကျပြီး ဆေးကျောင်းကပြုတ်လို့ကတော့ အကြွေးတွေပိပြီး သေပြီဆရာပေါ့။

ဆေးကျောင်းကအောင်ပြီးရင်လည်း အလုပ်သင်ဆရာဝန် resident ဘဝမှာ သုံးနှစ်ကြာပါတယ်။ ဒါကြောင့် အခြေခံပညာ အထက်တန်းလို့ခေါ်တဲ့ ဆယ့်နှစ်တန်းအောင်ပြီးနောက်မှာ ရိုးရိုးဘွဲ့အတွက်လေးနှစ်၊ ဆေးကျောင်းတက်ဖို့ စာမေးပွဲအတွက်ပြင်ဆင်ချိန်တစ်နှစ်၊ ဆေးကျောင်းမှာသုံးနှစ်၊ အလုပ်သင်ဆရာဝန်သုံးနှစ် အနည်းဆုံးစုစုပေါင်း (၁၁)နှစ်လောက်ကြာမှ ဆရာဝန်စစ်စစ်ဖြစ်ကြရတယ်။ ဒီလိုအကြာကြီးဇွဲရှိရှိနဲ့ကြိုးစားနိုင်မှ ဖြစ်ရတဲ့ဆရာဝန်ဘဝမို့ တန်ဖိုးထားကြတယ်ထင်ပါရဲ့။ ကလေးအများစုက အကြွေးပင်လယ်နဲ့ ဆေးကျောင်းတက်ကြဖို့ စိတ်မဝင်စား။ ဆရာဝန်ဖြစ်စေလိုတဲ့ မိဘတွေနဲ့ ပဋိပက္ခတွေဖြစ်ကြပါရော။

အမေရိကားမှာ တစ်ခုကောင်းတာက ဆယ့်နှစ်တန်းပြီးရင် တက္ကသိုလ်ကြီးတွေကိုတန်းလျှောက်ပြီး လက်ခံရင်တက်လို့ရတယ်။ လက်မခံလို့ မတက်ရရင်လည်း ကိုယ့်ဒေသမှာရှိတဲ့ ဒေသကောလိပ်( Community College ) တစ်ခုခုမှာ တက္ကသိုလ်ပေါင်းကူး ( University Bridge program ) တွေကနေ တဆင့် ကိုယ်စိတ်ဝင်စားတဲ့ တက္ကသိုလ်ကို ပြန်ပေါင်းကူးဖို့ ဒုတိယအခွင့်အရေးရှိတယ်။ ဒါကြောင့် မြန်မာပြည်က ကျောင်းတက်ဖို့ရောက်လာတဲ့ကလေးအများစုက အမေရိကားဒေသကောလိပ်အရင်တက်ပြီးမှ တက္ကသိုလ်ကြီးတွေကို ပြန်ရောက်ကြသူများပါတယ်။ ခရိုနီလို့ခေါ်တဲ့သူဌေးကြီးတွေရဲ့သားတွေလည်း ထိုနည်းလည်းကောင်း၊ သာမန်သူဌေးသားလည်း ထိုနည်းလည်းကောင်း။ အရမ်းထူးချွန်တဲ့ကလေးတွေသာ တက္ကသိုလ်ကြီးတွေကို တိုက်ရိုက်တက်ခွင့်ရကြတာကိုး။ ဒေသကောလိပ်မို့ ကုန်ကြစားရိတ်လည်း သက်သာသေးရဲ့။

မြန်မာပြည်မှာလည်း ကိုယ်တက်ချင်တဲ့ကျောင်းကို လျှောက်ပေမဲ့ ဝင်ခွင့်မရလို့မတက်ရတဲ့ကလေးတွေအတွက် ဒီမှာလို ဒေသကောလိပ်ကနေ ပြန်ပြီးပေါင်းကူးပေးတဲ့အစီအစဉ်လေးတွေရှိရင် အရမ်းကောင်းမှာပဲ။ ဆေးကျောင်းတို့ ဝိုင်တီယူတို့တက်ဖို့ တစ်မှတ်၊ နှစ်မှတ်နဲ့ ကပ်ပြုတ်ရတဲ့ကလေးတွေအတွက် ဒုတိယအကြိမ်အခွင့်အရေးပေါ့။ သူတို့တွေ ကျောင်းပြီးတဲ့အခါ တိုင်းပြည်အတွက်လည်း ပညာတတ်လေးတွေပိုရလို့ ပိုအကျိုးများမယ်။  ဆယ်တန်းအောင်စာရင်းက ဘဝရဲ့ဆုံးဖြတ်ချက်မဟုတ်ပေမဲ့ ဘဝအတွက်အရေးပါတဲ့အချက်တစ်ခုဖြစ်နေသေးတာတော့ သေချာနေပါသေးတယ်။

ပညာနဲ့တည်ဆောက်တဲ့နိုင်ငံမှ ရည်ရှည်အကျိုးများမှာမို့ ပညာတတ်လူငယ်လေးများကို ကြိုဆိုပါတယ်။

ချစ်တဲ့

မောင်လူပေ

ဓါတ်ပုံ ခရက်ဒစ်- သူများဟာ

No comments:

Post a Comment