တောင်သမန်ရဲ့ ချစ်ပုံပြင်တစ်ပုဒ်
မြန်မာပြည်ကိုလွမ်းလျှင် ပုဂံကိုလွမ်းသည်။ မန်းလေးကိုလွမ်းသည်။ ပြီးတော့ အမရပူရက တောင်သမန်အင်းကြီးကိုလည်းလွမ်းသည်။ တောင်တမန်အင်းဟုဆိုလိုက်လျှင် သစ်သားတံတားအိုကြီးရယ်၊ မယ်ဇယ်ပင်တန်းတွေရယ်၊ အင်းအလယ်က သစ်ခြောက်ပင်ကြီးရယ် မျက်စိထဲမှာ ထင်းကနဲပေါ်လာသည်။ တောင်တမန်အင်းကြီးကိုဖြတ်တိုက်လာသောလေပြေနုအေးကို ရှူရှိက်ရင်း ရှုမငြီးသည့်အလှတရားကို ခံစားရသည်မှာ မေ့နိုင်ဖွယ်မရှိ။ အင်းထဲမှာ ငှက်စီးရသည့်အရသာကလည်း ခံစားလို့ကောင်းလှ၏။
တောင်သမန်အင်းကိုလွမ်းတော့ ဒီနယ်ကလယ်ယာမြေတွေကိုစားရတဲ့ လယ်စားမင်းဖြစ်သူ မောင်ဖေငယ် ခေါ် ဦးဖေငယ်ကိုလည်း သတိရပြန်၏။ ငယ်ငယ်ကစွဲလမ်းခဲ့တဲ့စာတွေထဲမှာ သူ့ရုပ်ပုံတွေကို မြင်ဖူးခဲ့သည်။ ဒဂုန်ခင်ခင်လေးရဲ့စာဆိုတော်၊ မောင်သန်းဆွေ(ထားဝယ်)ရဲ့ကုန်းဘောင်ရှင်းတန်းစသည့်စာတွေထဲမှာ တွေ့ဖူးခဲ့သည်။ ပြီးတော့ သူကလည်း စာပေသမားတစ်ဦး ဖြစ်ခဲ့သူ။
တောင်သမန်လယ်စားမောင်ဖေငယ်နဲ့ဒိုင်းခင်ခင်တို့ရဲ့ အချစ်ဇာတ်လမ်းကို သီချင်းတွေဖွဲ့ကြသည်။ ရုပ်ရှင်တွေလည်းရိုက်ခဲ့သည်။ အချစ်ကံခေသူ တစ်ဦးမို့ သူ့ချစ်သူကို သီပေါမင်းထံ ဆက်ခဲ့ရသူ။ သူချစ်ရတဲ့ဒိုင်းခင်ခင်ကြောင့် အသက်ပါစတေးခဲ့ရသူ။ ဒီလို ဒီလိုတွေကို ကိုယ့်ထက်ကြီးသူ လူကြီးများထံမှလည်း ငယ်ငယ်က ကြားနာခဲ့ဖူးသေးသည်။
တကယ်ကတော့ ဦးဖေငယ်နဲ့ ဒိုင်းခင်ခင်တို့က သားအဖအရွယ်ဟု ဆိုသည်။ တောင်တမန် လယ်စားမင်းဦးဖေငယ်မှာ ဇနီးသုံးဦးလည်းရှိသေး၏။ သို့ပါသော်လည်း ထိုခေတ်က ငွေရှိလျှင်၊ အာဏာရှိလျှင် မိန်းမကြိုက်သလောက်ယူကြသောခေတ်။ ဝန်မင်းတွေ ဝန်ထောက်တွေမကျန် မိန်းမလေးငါးယောက်တော့ အသာလေးရှိကြ၏။ သီပေါဘုရင်၏ ငယ်ပေါင်း၊ အကိုကြီးလိုအားကိုးရသူ ရနောင်မြို့စားမင်းသား မောင်မောင်တုတ်ဆို အာဏာတန်ခိုးနဲ့ မိန်းမတွေ ရာချီယူခဲ့သည့်အပြင် အငြိမ့်မင်းသမီးကိုပါ ဆင်နဲ့ခိုးခဲ့သောကြောင့် ထိုအငြိမ့်သမလေးမှာ ဆင်ခိုးမလေးဟု နာမည်တွင်သည်အထိ။ ဒီတော့ လယ်စားမင်းဦးဖေငယ်ကလည်း သူ့ထက်အများကြီးငယ်၍ အလှသွေးကြွယ်သူ ဒိုင်းဝန်သမီး ခင်ခင့်ကို စိတ်ဝင်စားမိလိမ့်မည်။ ဒိုင်းဝန်မင်းနှင့်လယ်စားမင်းတို့ကလည်း အလွန်ခင်မင်ကြသည်။(မွေးစားသားဟူ၍လည်း ရေးကြသည်။ မွေးစားသားနဲ့သမီးကို ပေးစားမည်ပေါ့။) ဟိုတဖက်ကလည်း လူချောစာဆိုလယ်စားမင်းကို စိတ်ဝင်စားနိုင်သည်ပဲ။ ဒိုင်းခင်ခင်က ငယ်လွန်းနေသဖြင့် စောင့်နေရဟန်တူပါသည်။
' ကလေးလိုဘူတုန်းဟေ့လို့၊ မြူပြုံးနေစဉ်၊ ယူကြုံး၍ပွေ့ချင်တယ်၊ ငွေ့ရွှေရင်လှုံလို့။ ။
နုပါးတော်မွှေးအဆီကို၊ သွေးနီအောင် နမ်းချင်ငဲ့ကိုယ့်။ ။ ' စသည်ဖြင့် ဒိုင်းခင်ခင်ကို ရည်စူးစပ်ဆိုခဲ့သည်ကိုကြည့်လျှင်လည်း အရွယ်ငယ်လွန်းသေး၍ စောင့်နေရသည်ကို သိနိုင်ပါသည်။ ( မောင်သန်းဆွေ၏ ကုန်းဘောင်ရှင်းတန်းတွင် တောင်တမန်လယ်စားမင်းမောင်ဖေငယ်သည် သီပေါမင်းထက် အသက်နှစ်ဆယ်ကြီးသည်ဟုဆိုထားရာ ဒိုင်းခင်ခင်နှင့် အသက်အများကြီးကွာနေပါ၏။)
ရတနာပုံရွှေနန်းတော်ထဲမှာတော့ ပုံစံတစ်မျိုး။ ကုန်းဘောင်ခေတ် ဘုရင်အဆင်အဆက်ကတော့ နန်းရမိဘုရားကြီးလေးပါး၊ အဆောင်ရမိဘုရားသုံးပါး၊ မိဘုရားငယ်၊ ကိုယ်လုပ်တော် စသည်ဖြင့် မိဘုရားတွေတလှေကြီး ယူခဲ့ကြ၏။ မြန်မာတို့၏ ရှေးမင်းအပေါင်းလည်း မိန်းမအများကြီးယူကြသောအစဉ်အလာ ယဉ်ကျေးမှု ရှိသည်။ နောက်ဆုံးဘုရင်သီပေါမင်းတရားကြီးကြမှ မိဘုရားဟူ၍ စုဖုရားလတ်ကလွဲပြီး မရှိရှာ။ စုဖုရားလတ်မင်းသမီးက သဝင်ကြောင်၍ဖြစ်၏။ သူမ၏ အမတော်စုဘုရားကြီးကိုယ်တိုင်ပင်လျှင် နန်းသိမ်းပွဲမှာ တောင်ညာစံဖြစ်ခဲ့ရသော်လည်း ဘုရင်နှင့်မပေါင်းဖက်လိုက်ရရှာ။ ဘုရင်နားကပ်ခွင့်မရပဲ အပျိုစင်ဘဝနှင့်ပင် တောင်ညာစံမိဘုရားကြီးရာထူးမှ ရွေ့လျောခဲ့ရသည်။
စုဖုရားလတ်ကား တစ်လင်တစ်မယားစနစ်ကိုကြိုက်နှစ်သက်သူဖြစ်ရာ၏။ မုန့်ကိုသာဝေစားနိုင်မည်၊ သူ့လင်ကို မည်သူ့ကိုမျှ ဝေပေးရန်အစီအစဉ်မရှိ။ ဒါကြောင့်လည်း မယ်တော်ဖြစ်သူ ဆင်ဖြူမရှင်က သမီးကြီးဖြစ်သူ စုဖုရားကြီးကို ရွှေနန်းတော် အစဉ်အလာအတိုင်း တောင်ညာစံမြှောက် ဘိသိပ်ခံနေစဉ် အမတော်စုဘုရားကြီးဘေးမှာ အတင်းပင် ဝင်ရောက်ထိုင်ပြီး ပါဝင်ခဲ့ခြင်းဖြစ်သည်။ သူ့ကို မြောက်နန်းမိဘုရားမြှောက်တာမို့ လက်မခံနိုင်။ တောင်နန်းမိဘုရားသာ မိဘုရားခေါင်ဖြစ်ရသည်မို့ ဒီရာထူးကလွဲပြီး ကျန်တာဆောရီး။ သီပေါမင်းသားက သူမရဲ့ ငယ်ချစ်။ သူ့လင်ထိဓါးကြည့်။ မယားအများကြီးယူရတဲ့ မြန်မာမင်းတို့ရဲ့ ရွှေနန်းတော်ထုံးစံတွေလည်း ဂရုမစိုက်။ ပထမကျော်အောင်ထားသော ကိုရင်လူထွက်လည်းဖြစ်သူ နူးညံ့သိမ်မွေ့လှသော စိတ်ပိုင်ရှင်သီပေါမင်းကလည်း သူ့မိန်းမသဘောဟုသာ ထားရှာလေသည်။ တစ်ယောက်ရှိလျှင်တော်ပြီဟု နေတော်မူသည်။
(ထိုခေတ်အခါက မျိုးစောင့်ဥပဒေပြဌာန်းပါလျှင် ရှေ့ဆုံးမှထောက်ခံမည့်သူမှာ မိဘုရားကြီးဖြစ်ပေလိမ့်မည်။ ယခုခေတ်လို မျိုးစောင့်ဥပဒေမရှိခဲ့၍သာ သူမမှာ ချစ်သောမောင်တော်အတွက် ရတက်မအေးခဲ့ရပဲ သူမ၏လက်တွေကလည်း သွေးစွန်းသောလက်တွေ ဖြစ်ခဲ့ရသည်။)
မြန်မာဘုရင်၏အဖြစ်ကိုကြည့်ပြီး အားမရဖြစ်နေသူက ရနောင်မြို့စား မောင်မောင်တုတ်။ သီပေါမင်းနှင့်သူက ညီအကိုလိုချစ်ခဲ့ကြသူတွေ။ သီပေါမင်းသား ဘုရင်ဖြစ်တော့ သူ့ကို မင်းသားအရာမြှောက်စားခဲ့သည်။ ဘုရင့်နောင်ဘွဲ့ပေးသည်။ ဘုရင့်ရဲ့အကိုဖြစ်သွားပြီမို့ ဒီဘုရင်လက်ထက်တော်မှာ မင်းပြစ်မင်းဒါဏ်မှလွတ်စေမည့်ဘွဲ့။ ဘုရင်၏လူယုံတော်မို့ လက်သုံတော်(လက်မရွံ့ )တွေကိုင်ရသည့် မြောက်ထားဝယ်ဗိုလ်မို့ အာဏာအပြည့်ရသည်။ ဒီတော့ အာဏာစွမ်းပြကာ မိန်းမတွေအများကြီးယူသည်။ ပျော်သည်။
သူ့ဘုရင်မှာတော့ တစ်ယောက်ဆိုတစ်ယောက်၊ ပိတောက်ဆိုပိတောက်။ စုဘုရားလတ်သြဇာကိုမကျော်နိုင်ရှာ။ တကယ်တော့ သီပေါမင်းလည်းယောက်ျားပဲ။ သူ့အဖေ၊ သူ့အဖိုးဘုရင်တွေလို မိဘုရားတွေအများကြီးနဲ့ နေချင်ရှာပေမည်။ ဒါကြောင့်မို့ ဘုရင်ကို သူ့လိုဇာတ်သွင်းရန်အကြံဖြင့် ဘုရင့်အတွက် အပျိုချောရှာရင်း ဒိုင်းခင်ခင်ကိုတွေ့သွားဟန်ရှိသည်။ ဒိုင်းခင်ခင်မှာ ထိုအချိန်က စုဖုရားလတ်၏ အပျိုတော်ငယ်တစ်ဦးဖြစ်နေလေပြီ။ ဒိုင်းခင်ခင်ဟု အမည်တွင်ရခြင်းမှာလည်း ထိုခေတ်က ခင်ခင်ကြီးနာမည်တူနှစ်ယောက်ဖြစ်နေသဖြင့် ဒိုင်းဝန်သမီးဖြစ်သူကို ဒိုင်းခင်ခင်ဟု ခေါ်ခြင်းဖြစ်ပါ၏။
ရနောင်မောင်မောင်တုတ်က ဒိုင်းဝန်မင်းကို နားသွင်းသည်။ ဒိုင်းဝန်မင်းကလည်း သူ့သမီးကို လယ်စားဝန်ထောက်မင်းကတော်ထက် ဘုရင်ကတော်ဖြစ်လာမှာကို မြင်စေချင်မှာအမှန်။ သူငယ်ချင်းဖြစ်သူ မောင်ဖေငယ်ကိုလည်း နားချသည်။ ခင်ခင်ကြီးသာ မိဘုရားဖြစ်လာပါက သူတို့လည်း စုဖုရားလတ်ကိုကြောက်ဖို့မလိုတော့။ ဘုရင်ကလည်း ငယ်သောလှသောသူကိုသာ ပိုချစ်မှာအမှန်။ ဒိုင်းခင်ခင်ကို တကယ်ချစ်လျှင် ချစ်သူကောင်းစားတာ မြင်လိုလျှင် သီပေါဘုရင်ထံဆက်သဖို့ နားချသည်ကို ဦးဖေငယ်က လက်ခံခဲ့၏။
သူတို့တတွေမှာ ဘုရင့်လက်သုံးတော်ကြီး၊ လက်သုံးတော်လေးတွေ( ဒီခေတ်ဆိုရင်တော့ အာဏာရှင်တွေရဲ့ လက်ပါးစေ လူသတ်အဖွဲ့) ၏ရန်ကိုကြောက်ရတဲ့အတွက် ရနောင်မင်းသားရဲ့သြဇာကို မတော်လှန်နိုင်တာလည်း ဖြစ်နိုင်တာပါပဲ။ နန်းထဲမှာသြဇာထက်တဲ့ နန်းမတော်ဘုရားစုဖုရားလတ်၏ရန်ထက် နီးရာဓါးကိုကြောက်ရသောကြောင့် ရနောင်မင်းသားမောင်မောင်တုတ်ပေးတဲ့အကြံအတိုင်း လိုက်နာခဲ့ရသူက ဒိုင်းခင်ခင်။ ချစ်သူကို အလှူပေးလိုက်ရသူက လယ်စားမင်းဖြစ်သူ ဦးဖေငယ်။ နန်းတော်ထဲရောက်အောင် ကြံဆောင်ပေးမည့်သူက ရနောင်မောင်မောင်တုတ်။
ဒီလိုနှင့်ပင် ဒိုင်းခင်ခင်အပျိုချောလေးကို လူပျိုလိုဝတ်စားစေပြီး မြနန်းစံကျော်ထဲက ပန်းခုံတော်မှာ သီပေါမင်းနှင့် ပေးတွေ့စေ၏။ ဘုရင်ကလည်း စုဘုရားလတ်နန်းမတော်ကြီး ဒုတိယကိုယ်ဝန်ရင့်မာနေသည်မို့ အားလပ်နေသည်နှင့် ကွက်တိ။ငယ်ရွယ်လှပတဲ့ ဒိုင်းခင်ခင်ရဲ့အလှမှာရစ်မူး။မြောက်ရွှေရေးဆောင် မိဘုရားမြှောက်မယ်လို့ ဂတိတွေပေး။ အချစ်ပန်းအသစ်တွေပွင့်ဖူးကြ။ ပန်းခုံတော်မှ အစောင့်များကလည်း ရနောင်မင်းသားလူယုံတွေမို့ သတင်းပေါက်ကြားမှာလည်း စိုးရိမ်စရာမလိုတော့။
သို့ပါသော်လည်း ခိုးစားရသောအသီးမှာ ချိုသော်လည်း အန္တရာယ်ကြီးပေသည်။ စုဖုရားလတ်၏ လူယုံတော် အထောက်တော် များကလည်း နန်းတွင်းမှာအပြည့်ရှိကြသည်။ ခဏခဏတွေ့ကြရာတွင် စုဘုရားလတ်၏ အထောက်တော်တွေက ငယ်ငယ်ချောချော လူစိမ်းလေးကို ပန်းခုံတော်ထဲသို့ ခေါ်ခေါ်လာတာ သတိပြုမိသွားသည်။ ထိုလူငယ်လေးမှာ ဒိုင်းခင်ခင်နှင့်လည်း တူနေသည်။ သူတို့ကိုယ်တိုင် ပန်းခုံတော်ထဲ ဝင်ခွင့်မရှိသော်လည်း အခြေအနေကို ရိပ်မိသွားသည်။ ထို့ကြောင့် သူတို့၏ မိဘုရားကြီးစုဘုရားလတ်ကို လျှောက်ထားကြရာက မိဘုရားကြီးစုဖုရားလတ်ရဲ့ ဒေါသမီးတွေ မာန်ဟုန်ပြင်းစွာ တောက်လောင်လေ၏။ သေချာစေရန်အတွက် သူမကိုယ်တိုင်ပန်းခုံတော်ထဲအထိလိုက်သွားသည်။ မိဘုရားကြီးမို့ အစောင့်တွေက မတားရဲကြ။ ဘုရင်နှင့်ဒိုင်းခင်ခင်နှစ်ပါးကြည်နေစဉ်အမိဖမ်းလိုက်သည်။ ဘုရင်ကိုဆဲဆိုသည်။ လူပုံလယ်မှာ အရှက်တော်ရတဲ့ဘုရင်က လှံဆွဲပြီးလိုက်လို့ ထွက်ပြေးရတဲ့အထိ။
တကယ်တော့ သက်ဦးဆံပိုင်ဘုရင်ခေတ်မှာ ဘုရင်ကို ဒီလိုအရှက်ခွဲဖို့ဆိုတာ ဖြစ်နိုင်ဖို့မလွယ်ပါ။ သူမ၏အချစ်ဦးသီပေါမင်းကို ငယ်စဉ်ထဲကနိုင်ခဲ့သူမို့သာ ဒီလိုအရှက်ခွဲနိုင်ခြင်းဖြစ်၏။ စုဖုရားလတ်၏ဒေါသမာန်ဟုန်ကား အတားအဆီးမရှိ။ စုဖုရားလတ်ရန်ကိုကြောက်ရှာသူ တပင်တိုင်မင်းသမီးစလင်းစုဖုရား (ထိုခေတ်က တပင်တိုင်မြနန်းနှင့် စံမြန်းရသော စလင်းစုဖုရားဆိုသည်မှာ မင်းတုန်းမင်းကြီး၏ အချစ်ဆုံးသမီးတော်ဖြစ်၏။ ထိုမင်းသမီးကို နောက်တက်လာမည့်ဘုရင်က တောင်ညာစံမိဘုရားခေါင်ကြီးအဖြစ် တင်မြှောက်ရမည့်ထုံးစံရှိ၏။) ဆိုလျှင် မင်းတုန်းမင်းကြီးအလောင်းတော်ကိုသင်္ဂြိုလ်ပြီးသည်နှင့် တောင်ညာစံမိဘုရားခေါင်ကြီးဖြစ်မည့်အရေးကိုစွန့်လွတ်ခါ သီလရှင်ဘဝသို့ ပြောင်းကာ အသက်ဘေးမှ ဝေးရာသို့ပြေးခဲ့ရဘူးသည်။
အရှက်တော်ဝင်တဲ့ဘုရင်သီပေါက အရှက်ကြီးလို့ ရုတ်တရက်နေမကောင်းဖြစ်သွားလေတော့ ညီလာခံမလာနိုင်တာကို အခွင့်ကောင်းယူပြီး မိဘုရားကြီးစုဘုရားလတ်က ဘုရင့်အာဏာခေတ္တယူလိုက်၏။ မောင်မောင်တုတ်တို့ကိစ္စကို ပစ်စာထုတ်ကြီးဖန်တည်းကာ လွှတ်တော်ကို အရေးယူဖို့ ဖိအားပေးသည်။ လွှတ်တော်ကလည်း စုဖုရားလတ်ကို လွန်ဆန်ရဲသူမရှိ။ ဒီလိုနှင့်ပင် ဒိုင်းခင်ခင်အရေးအခင်းကို ကြံစည်ခဲ့တဲ့ ရနောင်မောင်မောင်တုတ်၊ ဒိုင်းခင်ခင်၊ ကြံရာပါ တောင်သမန်လယ်စားမောင်ဖေငယ်တို့ကို အရင်က ခင်မင်ခဲ့တာမထောက်တော့ပဲ အပြတ်ရှင်းပါတော့သည်။ မင်းပြစ်မင်းဒါဏ်မှ ကင်းလွတ်ခွင့်ရသူ ရနောင်မင်းသားကတော့ ကြေးတိုက်( အကျဉ်းထောင်)ထဲမှာ သူ့ဟာသူ သတ်သေဟန်နှင့် အရှင်းခံလိုက်ရသည်။ ဒိုင်းခင်ခင်မှာလည်း အကျဉ်းကျနေစဉ်တွင် ကိုယ်ဝန်ပါလာမှန်းသိလာသဖြင့် တိုင်းတားမင်းကြီးက မြင်းဇောင်းထဲမှာ ဖွက်ပေးထားပြီး ဘုရင်နှင့်ရသောကိုယ်ဝန်ကို မီးဖွားခွင့်ပေးဖို့( ဘုရင့်သွေးတွေ မြေမကျကောင်းဟု အယူရှိသည်။ မမွေးရသေးသောဘုရင့်သွေးကိုယ်ဝန်သည်ကို မသတ်ရ။ ပြည်ပျက်တတ်သည်။ အမေကိုသတ်ဖို့လိုအပ်လျှင် မွေးဖွားပြီးမှ သတ်ရသည်။) တောင်းဆိုတာတောင် ခွင့်မပြု။ "ဒီကောင်မ ခုထိမသေသေးဘူးလား"ဟု စုဖုရားလတ်က မေးသဖြင့် ဒိုင်းခင်ခင်ကို အရှင်မထားရဲတော့ပဲ လက်သုံးတော်ကြီးများက ထုံးစံနှင့်အညီ စီရင်လိုက်ကြရသည်ဆို၏။ ဒီအရေးအခင်းမှာ ဒိုင်းခင်ခင်၏ မိဘနှစ်ပါးလည်း အဆစ်ပါသွားရရှာပါ၏။ ကျူပင်ခုတ် ကျူငုတ်မကျန်အောင် ရှင်းရသော ခေတ်။
ဒိုင်းခင်ခင်အရေးဖြစ်ပြီးနောက် စုဖုရားလတ်က မောင်တော်သီပေါမင်းလိုအပ်လျှင် ပျော်ပါးနိုင်ရန်အတွက် သူမ၏ညီမအငယ်ဆုံး စုဖုရားလေးနှင့် ပေးစားခဲ့သည်။ အသည်းကွဲနေတဲ့သူ့ယောက်ျားကို ဖြေဆေးပေးလိုက်သည့်သဘော။ မတတ်သာလို့လိုက်လျှောရသော်လည်း သူလွှမ်းမိုးနိုင်မည့် ညီမမို့ သူ့အာဏာ ထိပါးရန်အကြောင်းမရှိ။
တောင်တမန်လယ်စားမောင်ဖေငယ်ကိုတော့ ဗန်းမော်၊ ကသာသို့ အကျဉ်းချပြီးပို့လိုက်သည်။ ဗန်းမော်မှာအကျဉ်းကျနေစဉ် သီပေါမင်းနှင့် မိဘုရားငယ်လေးကို တွေ့ကြသည်ဟုကြားသိရ၍ ထိုမိဘုရားငယ်မှာ သူချစ်ခဲ့ရသူ ဒိုင်းခင်ခင်ဖြစ်မည်ဟု ထင်သွားရှာသည်။ ဗန်းမော်တွင် သူ့ကို မသတ်မှီနောက်ဆုံးအချိန်မှာ ပင် ' ချစ်ရသူခင်ခင်ငဲ့.. ' အစချီတေးထပ်ကို ရေးသွားခဲ့သေး၏။ အာဂစာဆိုတစ်ပါးပါပေ။ ဒီလိုနှင့်ပင် တောင်တမန်၏ ချစ်ပုံပြင်တပုဒ်ဟုဆိုနိုင်သော တောင်တမန်လယ်စားမင်းမောင်ဖေငယ်၏ ဘဝက အဆုံးသတ်ခဲ့ရလေသည်။
တောင်သမန်ကား ရှေးမြန်မာဘုရင်တို့၏ သွေးသားတို့၏ ဝိဉာဏ်တွေ ကိန်းအောင်းရာနေရာတစ်ခုပါ။ ဒီအင်းကြီးထဲမှာ အဆုံးစီရင်ခံခဲ့ရသူ ဘုရင့်သွေးသား ဝိဉာဏ်တွေမနည်းလှ။ ဘကြီးတော်ဘုရားရဲ့အချစ်တော် စုဖုရားလတ်၏အဖွားဖြစ်သူ နာမည်ကျော် နန်းမတော်မယ်နုမိဘုရားခေါင်ကြီးလည်း အာဏာလုပွဲမှာ အရှုံးပေးရတော့ ဒီတောင်သမန်မှာပဲ ရေချအသတ်ခံခဲ့ရသည်။ ပြည်သူ့အချစ်တော် ဘိုးတော်ဘုရား၏ မြေးတော်စကြာင်္မင်းသားလေးလည်း တောင်တမန်မှာပဲ ရေချကွက်မျက်ခဲ့ပါသတဲ့။ တောင်တမန်သာစကားပြောတတ်ခဲ့လျှင် ရှေးမြန်မာဘုရင်တို့၏ အကြောင်းအရာမျိုးစုံကို ပြောပြနိုင်ပါလိမ့်မည်။ တောင်တမန်ကား အရင်ကလည်းလှခဲ့။ ယခုလည်းလှဆဲ။ နောင်လည်း လှနေမည်မှာအမှန်။
တောင်တမန်ကိုချစ်တဲ့
မောင်လူပေ
No comments:
Post a Comment