Mytel ဆိုလို့
အခုတလောလူပြောများနေတဲ့ ကိစ္စက Mytel ဆိုတဲ့ မိုလ်ဘိုင်းဆက်သွယ်ရေးလုပ်ငန်းကြီးဗျ။ နေပြည်တော်မှာ တပ်ချုပ်ကြီးကိုယ်တိုင်ပရိုမိုးရှင်းလုပ်တယ်ဆိုတော့ စိတ်ဝင်စားကြတယ်။ တပ်ပိုင်စီးပွားရေးကော်ပိုရေးရှင်းကြီးရဲ့ ရှယ်ယာတွေလည်းအများကြီးပါသတဲ့။ မြန်မာ့တပ်မတော်က ပိုက်ဆံများများရမဲ့နေရာတွေမှာ ရင်းနှီးမြှတ်နှံထားတာမို့ မိုလ်ဘိုင်းဆက်သွယ်ရေးဖက် ခြေလှမ်းလာတာတော့ မထူးဆန်းလှ။ တပ်ပိုင်စီးပွားရေးဆိုပေမဲ့ ဒီလုငန်းစုကြီးရဲ့ အဓိကပိုင်ရှင်တွေကဘယ်သူဆိုတာ အားလုံးသိပြီးသားမို့ အထူးပြောရန်မလို။
တကယ်တော့ Mytel ဆိုတာ၊ ဗီယက်နမ်စစ်တပ်ပိုင် မိုလ်ဘိုင်းဆက်သွယ်ရေးလုပ်ငန်းကြီးတစ်ခုရဲ့ ကလုန်း(clone)တစ်ခု၊ ရင်းနှီးမြှုတ်နှံမှုတစ်ခုလည်း ဖြစ်နေပါတယ်။ ဗီယက်နမ်စစ်တပ်ပိုင် Viettel နဲ့ ဖက်စပ်လုပ်ငန်းဖြစ်ပြီး မြန်မာပြည်မို့ Mytel လို့ နာမည်ပေးထားခြင်းပေါ့။
ဒီတော့ ဗီယက်နမ်ရဲ့ Viettel ဆိုတဲ့ မိုလ်ဘိုင်းဆက်သွယ်ရေးလုပ်ငန်းကြီးအကြောင်း နည်းနည်းလောက်လေ့လာကြည့်ရအောင်။
ဗီယက်နမ်နိုင်ငံဟာ ကွန်မြူနစ်နိုင်ငံထုံးစံအတိုင်း စစ်တပ်အားကောင်းပါတယ်။ စစ်တပ်အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ်ဆိုတဲ့ ဆောင်ပုဒ်ဟာ အာဏာရှင် ကွန်မြူနစ်၊ ဆိုရှယ်လစ်တွေရဲ့ဆောင်ပုဒ်။ အာဏာတည်မြဲဖို့စစ်တပ်လိုတယ်။ အဲဒီစစ်တပ်ကြီး ကြာရှည်စွာတည်မြဲရေးအတွက် စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေအများကြီး တည်ထောင်ကြတယ်။ ဗီယက်နမ်စစ်တပ်ကြီးကလည်း ထိုနည်းလည်းကောင်းပါပဲ။ ဒီအထဲမှာ ငွေရဖို့အသေချာဆုံလုပ်ငန်းတစ်ခုဖြစ်တဲ့ မိုလ်ဘိုင်းဆက်သွယ်ရေးကုမ္ပဏီကြီး Viettel ကရှေ့ဆုံးကပေါ့။
ဗီယက်နမ်စစ်တပ်က Viettel မိုဘိုင်း ဆက်သွယ်ရေးလုပ်ငန်းစုကြီးကို ၂၀၀၄မှာ စပြီးတည်ထောင်ခဲ့တယ်။ ၂၀၁၂ကစပြီး ကိုယ်ပိုင်ဖုန်းတွေထုတ်လုပ်ဖြန့်ချီပြီး တရုတ်ပြည်ကြီးရဲ့ ဟွာဝေးဖုန်းတွေကို ဆက်မသုံးတော့ဘူး။ ဗီယက်နမ်နိုင်ငံမိုဘိုင်းဖုန်းဈေးကွက်ရဲ့ ၄၀%ကို ထိမ်းချုပ်ထားနိုင်ပြီး သုံးစွဲသူ သန်း(၆၀)နီးပါးရှိပါသတဲ့။
သူ့နိုင်ငံတွင်းမှာတင်မကပဲ ဆင်းရဲတဲ့အိမ်နည်းချင်းတွေဖြစ်တဲ့ လာအိုနဲ့ကမ္ဘောဒီးယားတို့မှာရင်းနှီးထားတဲ့အထဲက ၂၀၁၂ကစပြီးအမြတ်ငွေတွေစတင်ရရှိခဲ့တယ်။ ရင်းနှီးမြှုတ်နှံမှုတွေဟာ ဟေတီ၊ မိုဇမ်ဘစ်၊ အရှေ့တီမော၊ တန်ဇန်းနီးယား၊ ကင်မရွန်း၊ ဘရွန်ဒီ၊ ပီရူးစတဲ့ ဆင်းရဲတဲ့နိုင်ငံတွေမှာလည်း ရှိတယ်။ အခုနောက်ဆုံး ဖြန့်ကျက်လာတဲ့နိုင်ငံကတော့ မြန်မာနိုင်ငံပေါ့။ မြန်မာပြည်မှာ Mytel အတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း(၁၅၀၀) ရင်းနှီးငွေထည့်ဝင်ထားလေရဲ့။ နောက်ပိုင်းဆက်လက်ပြီးတိုးချဲ့သွားမဲ့နိုင်ငံတွေက ဘင်္ဂ်လားဒေ့ခ်ျ၊ အင်ဒိုနီးရှား၊ နီပေါ၊ မြောက်ကိုးရီးယား၊ ဒီမိုကရက်ဒစ်ကွန်ဂို၊ ဘာလာရု စတဲ့နိုင်ငံတွေလို့ ဆိုတယ်။
ဗီယက်နမ်စစ်တပ်ပိုင်တဲ့ မိုလ်ဘိုင်းလုပ်ငန်းကြီး Viettel ရဲ့ ပိုင်ဆိုင်မှုက ဒေါ်လာ(၁၁)ဘီလီယံကျော်ရှိပြီး အမြတ်ငွေက တနှစ်ကို (၂)ဘီလီယံလောက်ရှိသတဲ့။ ဒီလိုချမ်းသာလို့လည်း ကမ္ဘာအနှံ့က ဆင်းရဲတွင်းနက်နေသေးတဲ့နိုင်ငံတွေမှာ လိုက်လံရင်းနှီးမြှုတ်နှံနေတာပေါ့။ ကိုယ်တိုင်ဖုန်းတွေထုတ်၊ ကွန်ယက်တွေတည်ဆောက်ပြီး ကမ္ဘာမှာရင်းနှီးမြှုတ်နှံမှုတွေလုပ်နေတဲ့ စီးပွားရေးလုပ်ငန်းကြီးတစ်ခုပါ။
မြန်မာစစ်တပ်ကြီးကလည်း ဗီယက်နမ်ထုံးနှလုံးမူပြီး စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းစုတွေတည်ထောင်ထားတာ အားလုံးအသိပါပဲ။ ဗီယက်နမ်စစ်တပ်ကြီးရဲ့ စီးပွားရေးလုပ်ငန်းစုတွေတည်ထောင်မှုနဲ့ အချိန်သိပ်မကွာပေမဲ့ မြန်မာစစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းစုကြီးတွေက ပြည်တွင်းမှာပဲတွင်ကျယ်နိုင်ကြပါသေးတယ်။ ဗီယက်နမ်စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းကြီးတွေလို ကမ္ဘာမပတ်နိုင်ကြသေးပါ။ စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းခြင်းတူပေမဲ့ သူတို့လို မအောင်မြင်သေးတာဟာ လုပ်ငန်းတွေကို စီမံခန့်ခွဲဦးစီးအုပ်ချုပ်တဲ့ပုံစံတွေ မတူညီကြလို့လား၊ စီမံခန့်ခွဲမှုညံ့ဖျင်းလို့လား၊ အဂတိလိုက်စားမှုများလို့လားဆိုတဲ့ လားပေါင်းများစွာကို သာမန်တပ်မိသားစုဝင်တွေရော၊ ပြည်သူအများစုကရော သိချင်ကြပါတယ်။
အခုလည်း ဗီယက်နမ်စစ်တပ်နဲ့မြန်မာစစ်တပ် ဖက်စပ်လုပ်ကြမဲ့ Mytel ဆိုတဲ့ မိုလ်ဘိုင်းဖုန်းလုပ်ငန်းကြီးစတင်လည်ပတ်ပါတော့မယ်။ အမြတ်ငွေကို ဘယ်လိုဘယ်ပုံခွဲဝေကြမယ်၊ ဘယ်လိုဘယ်ပုံရင်းနှီးမြှုတ်နှံထားတယ်၊ ရည်ရှည် ဘာတွေဆက်လုပ်ကြမယ်ဆိုတဲ့ အပိုင်းတွေလည်း ဘယ်သူမှမသိကြသေး။ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေလောက်ပဲ သိနိုင်ကြမယ်လို့ ယူဆရပါတယ်။ မြန်မာပြည်မှာ တပ်မိသားစုတစ်ခုထဲတွက်ရင်တောင် လူဦးရေငါးသန်းလောက်ရှိတာကြောင့် သုံးစွဲမဲ့သူ ငါးသန်းတော့ရှိမှာပဲလို့ ပျမ်းမျှတွက်ကြပါတယ်။ တပ်ပိုင်စီးပွားရေးမို့ အားမပေးကြဖို့ လှုံ့ဆော်နေတာလည်း တွေ့ရတယ်။ ပြည်သူအများစုကတော့ စောင့်ကြည့်အခြေအနေမှာပဲ ရှိနေသေးတယ်လို့ ယူဆရပါတယ်။
မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေ( နိုင်ငံပိုင်၊ စစ်တပ်ပိုင်တွေအပါအဝင်) အောင်မြင်တိုးတက်ကြဖို့ အလွန်အရေးကြီးပါတယ်။ စီးပွားရေးလုပ်ငန်းတွေတိုးတက်မှ အလုပ်လက်မဲ့ပြသနာ၊ ဆင်းရဲမွဲတေမှုပြသနာ၊ ကျူးပြသနာ၊ ဒုစရိုက်ထူပြောမှုပြသနာ စတဲ့ပြသနာပေါင်းစုံက အလိုလိုလျှော့ကြလာမှာပါ။ နိုင်ငံလည်း ဆင်းရဲတွင်းကလွတ်ပြီး ကမ္ဘာ့အလည်မှာ ထည်ဝါလာမှာပါ။ ပြသနာပေါင်းသောင်းခြောက်ထောင်နဲ့ ဒုက္ခကိုခါးစီးခံနေကြရခြင်းက လွတ်ကင်းဖို့ နိုင်ငံစီးပွားရေးတွေ အရှိန်အဟုန်နဲ့ တိုးတက်လာဖို့လိုပါတယ်။ အသေးစား၊ အလတ်စားစီးပွားရေးတွေကစပြီး အကြီးစားစီးပွားရေးလုပ်ငန်းတွေအထိ တိုးတက်အဆင်ပြေဖို့ အားလုံးကဝိုင်းဝန်းကူညီကြဖို့လည်း တိုက်တွန်းပါတယ်။ စစ်တပ်ထဲကမျိုးဆက်သစ်ခေါင်းဆောင်တွေကလည်း အတွေးအခေါ်အသစ်တွေနဲ့ ပြည်သူတွေအတွက် လုပ်ငန်းသစ်တွေ ဖေါ်ဆောင်နိုင်ကြပါစေ။ အောင်မြင်ကြီးပွားလာတဲ့တစ်နေ့မှာ စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းစုကြီးကို အများပိုင်စီးပွားရေးအဖြစ်အသွင်ပြောင်းနိုင်ကြပါတယ်။ ဗီယက်နမ်စစ်တပ်ပိုင် Viettel ကြီးကတော့ ၂၀၂၀မှာ အများပိုင်အဖြစ်ပြောင်းလည်းဖို့ ပြင်ဆင်နေပါတယ်။
ပြောင်းလည်းချိန်တန်နေတဲ့နိုင်ငံမှာ စစ်မှန်တဲ့ပြောင်းလည်းမှုတွေဖေါ်ဆောင်နိုင်ကြပါစေ။ နယ်မြေလု၊ ပိုင်ဆိုင်မှုလုတဲ့ စစ်ပွဲတွေမှကင်းဝေး၍ ငြိမ်းချမ်းကြပါစေ။ စီးပွားရေး၊ လူမှုရေးတွေတိုးတက်လို့ လူကိုလူလိုဆက်ဆံကြတဲ့အသိုက်အဝန်းတစ်ခု ထူထောင်နိုင်ပါစေကြောင်းဆုတောင်းအပ်ပါတယ်။
ချစ်သောမိတ်ဆွေသူငယ်ချင်းများ ကျန်းမာချမ်းသာကြပါစေ။
ချစ်တဲ့
မောင်လူပေ
ဓါတ်ပုံခရက်ဒစ်- မူရင်းပိုင်ရှင်များသို့
No comments:
Post a Comment