အမှတ်တရနေ့
အမေရိကားမှာ မေလရဲ့နောက်ဆုံးပတ် တနလာင်္နေ့က Memorial Day လို့သတ်မှတ်တယ်။ မြန်မာလို အောင့်မေ့သောနေ့၊ သတိရသောနေ့၊ အမှတ်တရနေ့ နဲ့အမျိုးစုံ ဘာသာပြန်ကြလေတော့ ဘယ်ဟာကို အမှန်ယူရမည်မသိ။ သေချာတာကတော့ ဒီရက်မှာ တရားဝင်ရုံးပိတ်ရက်ရတယ်။
အမေရိကားရဲ့ဖြတ်သန်းခဲ့ရတဲ့သမိုင်းတလျှောက်မှာ ပြည်တွင်းစစ်မီးတွေ၊ ကမ္ဘာစစ်မီးတွေစတဲ့ စစ်တွေဖြတ်သန်းရင်း ကျဆုံးခဲ့ရတဲ့စစ်သည်တွေကိုအမှတ်တရဖြစ်အောင် သတ်မှတ်ခဲ့တဲ့နေ့ပေါ့။ ဒီနေ့ရောက်ရင် စစ်သင်္ချိုင်းတွေမှာ ကျဆုံးခဲ့ပြီးသော စစ်သည်အပေါင်းတွေဆီကို ကျန်ရစ်သူဆွေမျိုးမိတ်ဆွေတွေက သွားရောက်နှုတ်ဆက်ကြ၊ ပန်းတွေထိုးကြ၊ လွမ်းဆွတ်ကြတယ်။ကျဆုံးစစ်သည်တွေအတွက် အမှတ်ရဖို့ဆိုပေမဲ့ အခုခေတ်တော့ အရပ်သားတွေကလည်း ကိုယ့်ဆွေမျိုး၊ မိတ်ဆွေတွေရဲ့သင်္ချိုင်းမြေကို အလည်ရောက်ကြတယ်။ အရပ်သင်္ချိုင်းရော စစ်သင်္ချိုင်းတွေမှာ လူတွေစည်ကားတဲ့နေ့။
နိုင်ငံအတွက် အသက်ပေးခဲ့ကြတဲ့ ကျဆုံးစစ်သည်တဲ့။ မသေသင့်ပဲ သေခဲ့ကြတဲ့သူတွေ။ အရွယ်မတိုင်ပဲ ကြွေခဲ့ရတဲ့ ကြယ်ပွင့်တွေ အများကြီး။ အရင်ကလည်းအများကြီးရှိခဲ့တယ်။ အခုထိလည်း ဒီလိုကြယ်ပွင့်တွေ ကြွေနေကြတုန်း။ နိုင်ငံအတွက်၊ လူမျိုးအတွက်ဆိုပေမဲ့ အခြားနိုင်ငံတစ်ခုနဲ့စစ်တိုက်ရလို့သေရတာအကြောင်းမဟုတ်ပေမဲ့ ကိုယ့်အချင်းချင်းတွေ ပြန်သတ်နေကြတဲ့ ပြည်တွင်းစစ်မီးကြောင့် သေကြရသူတွေက ကမ္ဘာ့မြင်ကွင်းမှာ အများဆုံး။
အရှေ့အလည်ပိုင်းဒေသမှာ၊ လက်တင်အမေရိကမှာ၊ အရှေ့တောင်အာရှမှာ၊ အထူးသဖြင့် ကျွန်တော်တို့နိုင်ငံမှာ။ ပြည်တွင်းစစ်မီးက မငြိမ်းသေး။ နှစ်ဖက်လုံးက မရပ်ချင်တဲ့အတွက် ဆက်ဖြစ်နေတယ်လို့ပဲ မြင်ပါတယ်။ နှစ်ဖက်လုံးက ဘုံသဘောတူညီချက်ရအောင်မညှိပဲ လက်နက်အားကိုးနဲ့ မိုက်ပြနေသ၍တော့ အသက်တွေပေးနေကြရဦးမှာပါပဲ။
လက်ခုတ်လို နှစ်ဖက်တီးမှမြည်တဲ့စစ်၊ ဘယ်ဘက်ကသေသေ ကိုယ့်နိုင်ငံသားတွေချည်း။ အရွယ်ကောင်းတွေချည်း။ နိုင်ငံအတွက် အသုံးကြတဲ့ လူတွေချည်း။ ဆုံးရှုံးရတာက မိသားစုတွေ၊ ဆွေမျိုးတွေ၊ တိုင်းပြည်ရဲ့ရတနာတွေ။ ဒီစစ်မီးငြိမ်းအောင် မကြိုးစားပဲ တဖက်ဖက်ကိုအပြစ်ဖို့လိုက်၊ ဆီလောင်းပေးလိုက်နဲ့ လုပ်နေကြသူတွေကလည်းမနည်း။
သေတော့သေကြရမဲ့သူတွေချည်းပါပဲ။ မွေးဖွားလာတာ သေဖို့။ အခုမှာတော့ တိုင်းပြည်အတွက် အသုံးဝင်တဲ့ သားကောင်းတွေက ဓါးစာခံ။ အယူဝါဒ၊ ခံယူချက်၊ အဖွဲ့၊ လူမျိုး မတူကြလို့ ဆိုပေမဲ့ တိုင်းရင်းသားညီအကိုတွေမို့ နားလည်မှုနဲ့ ပြောကြဆိုကြမယ်ဆိုရင် ဖြေရှင်းလို့မရနိုင်တာ မရှိနိုင်။ ကိုယ်ကျိုးစီးပွားရေးတွေ ကာကွယ်ဖို့ အာဏာတည်မြဲဖို့ ဆက်ပြီး တိုက်နေကြဦးမယ်ဆိုရင်တော့ အသက်တွေအများကြီး စတေးနေရဦးမှာပဲ။
မြန်မာပြည်မှာတော့ ကျဆုံးစစ်သည်တွေအတွက်အမှတ်တရနေ့ရယ်လို့ မရှိသေး။ အာဇာနည်နေ့မှာတော့ ဗိုလ်ချုပ်နှင့်တကွ ကျဆုံးခဲ့ပြီးသော ခေါင်းဆောင်ကြီးများနဲ့ စစ်သည်အပေါင်းကို ပြည်သူတွေက အမှတ်တရ အလေးပြုကြပါတယ်။
ပြည်သူတွေက တပ်မတော်သားစစ်စစ်တွေကို ချစ်ကြပါတယ်။ တိုင်းပြည်အတွက် သူတို့ရဲ့စွန့်လွှတ်စွန့်စားခဲ့မှုတွေကိုလည်း ကျေးဇူးတင်လျှက်ပါ။ တပ်တွေကို အသုံးချပြီး အာဏာတည်ဆောက်နေတဲ့ အာဏာရှင်တွေကိုတော့ တကမ္ဘာလုံးက မုန်းတည်းကြပါတယ်။ သူတို့သေရင်လည်း အမှတ်တရရှိနေကြမယ်မဟုတ်ပါကြောင်း။
ချစ်တဲ့
မောင်လူပေ
No comments:
Post a Comment