Wednesday, May 9, 2018

ဆန်ဖရန်သင်္ကြန်

ဆန်ဖရန်စစ္စကိုဗေးဧရိယာ မြန်မာကွန်မြူနတီ သင်္ကြန်ပွဲ

မြန်မာမှန်လျှင် သင်္ကြန်ကိုချစ်သည်။ သင်္ကြန်နှင့်မြန်မာကို ခွဲ၍မရ။ သင်္ကြန်ဟူသည် မြန်မာတို့အတွက် နှစ်ဆန်းချိန်ခါလည်း ဖြစ်ပါ၏။

နှစ်ဟောင်းကအညစ်အကြေးတွေ နှစ်သစ်ကိုပါမသွားစေရေးအတွက် သင်္ကြန်ရေနှင့်ဆေးကြရသည်။ သင်္ကြန်ရေနှင့် ဆေးလိုက်ကြသောကြောင့် နှစ်အကူးမှာ စိတ်သစ်လူသစ်နှင့် ဖြစ်သွားပြီ။

အတာသင်္ကြန်ချိန်ခါတဲ့။ အတာအိုးနှင့် သင်္ကြန်ကိုကြိုဆိုကြရသည်။ အတာအိုးဟုခေါ်သည့်မြေအိုးလေးထဲတွင် စက္ကူဖြင့်လုပ်ထားသည့်မြန်မာ့ရိုးရာ ထီး၊ တံခွန်ကုက္ကားပါမည်၊ သပြေခက်လေးတွေပါမည်။ ငယ်ငယ်ကတော့ သကြားမင်းကြီးကို ကြိုဆိုမှုအဖြစ်သာသိခဲ့ရ၏။ တကယ်ကတော့ နှစ်ဟောင်းအကုန်မှာ ဆင်းသက်လာမည့် တနင်္ဂနွေဂြိုလ်မင်းကို ကြိုဆိုကြခြင်းဖြစ်သည်။ ဗြမ္မာကြီးဦးခေါင်းကို ထမ်းရွက်ထားရသော နတ်သမီးလေးပါးကလည်း ဒီအချိန်ရောက်ပြီဆို လက်ပြောင်းကြသေး၏။ တနင်္ဂနွေဂြိုလ်မင်းက ဘာစီး၍ဆင်းမည်၊ ဘယ်လက်နှင့်ညာလက်က ဘာကိုင်မည် စသည်ဖြင့် ဝေဒပညာရှင်များက ရိုးရာဗေဒင်ပညာအရ တွက်ကြပြီး မည်သည့်သားသမီးက တာစားမည်၊ မိုးဦးမိုးနှေင်းကောင်းမည်၊ ညံ့မည် စသည်ဖြင့်ဟောကြပြောကြ၏။ ထိုသို့သော မြန်မာနှစ်တစ်နှစ်စာဗေဒင်ဟောစာတန်းကို သင်္ကြန်စာဟု ခေါ်ပြီး စိတ်ဝင်စားသူများက ဝယ်ယူဖတ်ရှုကြရ၏။

သင်္ကန္တ၊ ကူးပြောင်းခြင်းဟူသောစကားလုံးမှ သင်္ကြန်ဟူ၍ရွှေ့လျှောလာသည်ဟုဆိုကြ၏။ အတာကူးတဲ့တန်ခူးလသင်္ကြန်ဟုဆိုရသော်လည်း ကဆုန်လထဲရောက်သွားရသော သင်္ကြန်ရက်တွေလည်း ရှိတတ်ပါသည်။ အတာကူးသည်ဆိုသည်မှာလည်း နှစ်သစ်ကိုကူးပြောင်းခြင်းပင်။ ကြို၊ ကျ၊ ကြတ်၊တက် ဟု သင်္ကြန်လေးရက်ရှိသော်လည်း ဝါထပ်ချိန်တွင် အကြတ်နှစ်ရက်ဖြစ်ခါ သင်္ကြန်ငါးရက်လည်း ဖြစ်တတ်သည်။

သင်္ကြန်အလေ့အထသည် ရှေးဟောင်းဟိန္နူအယူအဆမှ ဆင်းသက်လာခြင်းလည်းဖြစ်၏။ မြန်မာပြည်သို့ မည်သည့်အချိန်က စတင်ရောက်ရှိခဲ့သည်ကို သေချာစွာမသိကြသော်လည်း ပုဂံခေတ်၏နောက်ဆုံးမင်းဆက် တရုတ်ပြေးမင်းခေါ် နရသီဟပတေ့မင်း ခေတ်မှာ သင်္ကြန်ရေကစားမှု ပြုနေကြောင်း သမိုင်းထဲမှာဖတ်ရသည်။ မင်းကြီးကမိဘုရားကို ကြည်စားနောက်ပြောင်လိုသည့်အတွက် ခေါင်းမှစ၍တစ်ကိုယ်လုံးရွှဲအောင် လောင်းလိုက်ရာမှ မိဘုရား၏ဒေါသ၊ ကြိမ်စာ၊ သေဒါဏ်တွေ ဖြစ်ခဲ့ရသည်အထိ။

ပုဂံပျက်ပြီး စစ်ကိုင်း၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင်ခေတ်အဆက်ဆက် သင်္ကြန်က မြန်မာတို့နှင့်ပါလာခဲ့သည်။ ထိုခေတ်တွေကတော့ ငွေဖလားမှာအမွှေးနံ့သာများနှင့်ရေကိုရောကာ သပြေခက်နှင့် ရေပက်ကြသည်ဟုဆို၏။ ဘုရင်ကိုယ်တိုင် ခေါင်းဆေးမင်္ဂလာပြုခြင်း၊ သင်္ကြန်တော်ဆင်နွဲခြင်း၊ နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် ဆင်းရဲနွမ်းပါးသူ သက်ကြီးရွယ်အိုများကို အလှူတော်ဆင်နွဲခြင်းများပြုသည်ဟု မှတ်သားဖူးသည်။

မြန်မာဘုရင်ပါတော်မူပြီးနောက် ကိုလိုနီခေတ်တလျှောက်လည်း သင်္ကြန်ပွဲက နွှဲပျာ်လျှက်။ ကိုလိုနီခေတ်က သင်္ကြန်ပွဲဆင်နွှဲနေပုံများကို ရှေးဟောင်းဓါတ်ပုံများတွင်တွေ့ရရာ အုပ်စိုးသူဗြိတိသျှများကိုယ်တိုင် ပျော်ရွှင်စွာပါဝင်ဆင်နွှဲနေတာလည်း တွေ့ရ၏။ ထို့နောက် လွတ်လပ်ရေးရသည်မှစ၍ ယခုခေတ်တိုင် သင်္ကြန်ပွဲတော်သည် ပုံစံအမျိုးမျိုးပြောင်းလျှက် မြန်မာတို့ရင်မှာ စွဲထင်ဆဲ။ အခုခေတ်သင်္ကြန်ကတော့ စီးပွားရေးသင်္ကြန်တဲ့။ မဏ္ဍပ်တွေဆောက်ပြီးစီးပွားရှာကြ၊ လက်မှတ်တွေရောင်းကြ၊ ကုမ္ပဏီတွေကလည်းစပွန်ဆာသင်္ကြန်။ ဒါတွေကြောင့် မြန်မာ့ယဉ်ကျေးမှုကိုပြန်လည်ဖေါ်ထုတ်ရန်၊ ဆင်းရဲချမ်းသာမရွေးပါဝင်ဆင်နွှဲနိုင်ရန်ဟုဆိုကာ လမ်းလျှောက်သင်္ကြန်တွေလည်း ပြုလုပ်နေကြ၏။ သပြေခက်နှင့်ရေပက်သည့်သင်္ကြန်မှသည် မီးသတ်ပိုက်နှင့်ရေဖြန်းကြသော သင်္ကြန်ခေတ်၊ ပလတ်စတစ်ပိုက်ဖြင့်ရေပက်သောခေတ်ဖြစ်လို့လာပြီ။

၁၉၈၈နောက်ပိုင်းတွင် မြန်မာပြည်၏နိုင်ငံရေးအခြေအနေကြောင့် ကမ္ဘာပေါ်ရှိနိုင်ငံအသီးသီးသို့ မြန်မာတွေ အလုံးအရင်းဖြင့် ရွှေ့ပြောင်းရင်း ပျံ့နှံ့ရောက်ရှိခဲ့ကြသည်။ ရောက်ရာနိုင်ငံတွေမှာ အခြေချကြသည်။ သားသမီးတွေမွေးဖွားကြသည်။ သည်လိုနှင့် နိုင်ငံရပ်ခြားရောက်မြန်မာအသိုင်းအဝိုင်းတွေက သန်းပေါင်းများစွာထိ တိုးတက်လာကြ၏။ ထိုထိုသောမြန်မာများနှင့်အတူ သင်္ကြန်ယဉ်ကျေးမှုကလည်း တိုင်းတပါးဆီသို့ ထပ်ချပ်မကွာ ပါသွာကြလေသည်။

မောင်လူပေ ခေတ္တနေထိုင်ရာ ဆန်ဖရန်စစ္စကိုဗေးဧရိယာ( San Francisco Bay Area) တဝိုက်တွင်လည်း မြန်မာပြည်မှ ရွှေ့ပြောင်းအခြေချကြသည့် မြန်မာအင်အားစုတွေမနည်းလှ။ အကြောင်းအမျိုးမျိုးဖြင့်ရောက်လာကြသည့် မြန်မာလူမျိုးများမို့ နေရပ်စုံ၊ဒေသစုံ၊ဘာသာလူမျိုးလည်းစုံကြပါ၏။ ဗုဒ္ဓဘာသာဝင်၊ ခရစ်ယာန်၊ ဟိန္နူ၊ မွတ်စလင်၊ ဆစ်၊ စသည်နှင့် အစုံအလင်။ မြန်မာပြည်မှလာကြသူများပေမို့ မြန်မာဆန်ကြသလို သင်္ကြန်ကိုလည်း ချစ်ကြသူများဖြစ်ကြသည်။

အရင်က သင်္ကြန်ပွဲဟူ၍ ထူးခြားစွာမကျင်းပဖြစ်ခဲ့။ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းအချို့၏ ရံပုံငွေရှာဖွေသည့် ဈေးရောင်းပွဲသင်္ကြန်သာ ရှိခဲ့ကြသည်။ ဘုန်းကြီးကျောင်းပွဲမို့ သည်သင်္ကြန်ကို ဘာသာခြားတွေမလာနိုင်ကြ။ လူမျိုးဘာသာမခွဲလာရောက်ပျော်ပါးနိုင်သော အရောင်မဲ့သင်္ကြန်တစ်ခုလိုအပ်နေသည်။ ထို့အပြင် မြန်မာများစုစည်းနိုင်ဖို့ မြန်မာကွန်မြူနတီစင်တာာတစ်ခုလည်း ဒီဒေသမှာ မရှိသေး။ ထို့ကြောင့် ခေတ်နှင့်အမှီလိုက်ရင်း ပညာရှာနေကြသည့် မြန်မာကျောင်းသားလူငယ်အဖွဲ့က မြန်မာကွန်မြူနတီစင်တာတစ်ခု ထူထောင်နိုင်ဖို့ ရံပုံငွေရှာသည့်အနေဖြင့် အလွှာစုံပါဝင်နိုင်မည့် သင်္ကြန်အထိမ်းအမှတ်ဈေးရောင်းပွဲတစ်ခုကို စတင်ကျင်းပခဲ့ကြပါသည်။ နှစ်အတန်ကြာသော် အားလုံး၏စုပေါင်းအားဖြင့် မြန်မာကွန်မြူနတီစင်တာ ထူထောင်နိုင်တော့ စင်တာရေရှည်ရပ်တည်ရေးအတွက် ကွန်မြူနတီသင်္ကြန်ကို ဆက်လက်ကျင်းပနေပါ၏။

ဆန်ဖရန်စစ္စကိုဗေးဧရိယာတွင်သာမက အမေရိကားတဝှမ်းရှိမြို့ကြီးများတွင် ပထမဦးဆုံးဖွင့်လှစ်နိုင်ခဲ့သော မြန်မာကွန်မြူနတီစင်တာကိုပြပါဆိုလျှင်လည်းဆန်ဖရန်စစ္စကိုဗေးဧရိယာ၏ မြန်မာကွန်မြူနတီစင်တာကိုသာ ပြရမည်ဖြစ်ပါ၏။ လူမျိုးဘာသာမခွဲ မြန်မာနိုင်ငံသားအားလုံးတို့၏ စုပေါင်းအားဖြင့်ကိုယ့်အားကိုယ်ကိုးတည်ထောင်ခဲ့ကြခြင်းပင်။

မြန်မာကွန်မြူနတီသင်္ကြန်ကို မြန်မာပြည်နှင့်တချိန်ထဲ ကျင်းပလိုပါသော်လည်း ဆန်ဖရန်၏ ဧပြီလက အအေးမလျှော့နိုင်သေးသောကြောင့် အအေးပေါ့ပြီး နွေဦးရာသီပီပြင်လာသည့် မေလကုန်တွင်ကျင်းပရခြင်းလည်းဖြစ်ပါ၏။

ထိုမြန်မာကွန်မြူနတီသင်္ကြန်တွင် မြန်မာပြည်သားအားလုံးလူမျိုးမရွေး၊ ဘာသာမရွေး ပါဝင်ဆင်နွှဲနိုင်ပါ၏။ မြန်မာအက၊ မြန်မာသံသီချင်းများ သီဆိုတီးမှုတ်မှု၊ တိုင်းရင်းသားရိုးရာအကအလှများစသည်တို့ပါဝင်မည်။ ထို့ကြောင့်လည်း  မြန်မာပြည်ဖွားတိုင်းရင်းသား ညီအကိုမောင်နှမများစွာ၏ ရိုးရာဝတ်စုံ၊ ယဉ်ကျေးမှုမျိုးစုံကို တထိုင်တည်း မြင်တွေ့ခံစားကြရပါမည်။ မြန်မာမိသားစုများမှလည်း မြန်မာပြည်ဖွား အသက်(၇၅)နှစ်နှင့်အထက် အဖိုးအဖွားတို့ကို စုပေါင်း၍ ကန်တော့ကြမည်။ မြန်မာ့ရိုးရာ အစားအသောက်မျိုးစုံကို သန့်ရှင်းလတ်ဆတ်စွာ ရောင်းချပြီး ရံပုံငွေရှာကြမည်။ သူငယ်ချင်းတွေ မိတ်ဆွေတွေ ပျော်ရွှင်စွာပြန်ဆုံကြမည်။ ရေပက်လိုက ပက်နိုင်ကြမည်။ ထို့အပြင် မြန်မာကလေးများ လွတ်လပ်စွာ ရေဆော့ကစားနိုင်စေရေးအတွက် သီးခြားနေရာလေးတစ်ခုလည်း ပါဝင်ပါမည်။

ယခု ၂၀၁၈ခုနှစ်အတွက် ဆန်ဖရန်စစ္စကိုဗေးဧရိယာ၏ မြန်မာကွန်မြူနတီသင်္ကြန်ကို မေလ(၂၇)ရက် တနင်္ဂနွေနေ့ မနက် (၁၀)နာရီမှစ၍ ညနေ(၃)နာရီအထိ နှစ်စဉ်ကျင်းပမြဲဖြစ်သော ပန်းခြံတွင် ကျင်းပကြမည်။ လိပ်စာအပြည့်အစုံမှာ

Charles F Kennedy Park,
1333 Decoto Rd,
Union City, CA 94587    

ဖြစ်ပါသည်။

သို့ပါသောကြောင့် မကြာမှီကျင်းပတော့မည်ဖြစ်သော ဆန်ဖရန်စစ္စကိုဗေးဧရိယာ၏ မြန်မာကွန်မြူနတီသင်္ကြန်ပွဲတော်တို့ မြန်မာပြည်သားအပေါင်းမှ လှည်းနေလှေအောင်း မြင်းဇောင်းပါမကျန် ကြွရောက်အားပေးချီးမြင့်ကြပါရန် နိုးဆော်တိုက်တွန်းအပ်ပါသည်ခင်ဗျား။

မြန်မာကွန်မြူနတီစင်တာနှင့် မြန်မာကွန်မြူနတီသင်္ကြန်တို့ ထာဝစဉ်တည်တံ့စေရန် ဆန်ဖရန်စစ္စကိုဗေးဧရိယာရောက် မြန်မာတစ်ယောက်၏ နိုးဆော်စာ။

ချစ်ခြင်းအားဖြင့်

မောင်လူပေ

No comments:

Post a Comment