Wednesday, May 9, 2018

ကုန်သွယ်ရေးစစ်ပွဲတဲ့လား

ကုန်သွယ်ရေးစစ်ပွဲတဲ့လား

အခုတလောသတင်းထဲမှာ ခေတ်အစားဆုံးက ကုန်သွယ်ရေးစစ်ပွဲကိစ္စ။ ကမ္ဘာ့စီးပွားရေးအင်အားကြီး နံပါတ်တစ်နဲ့နံပါတ်နှစ်တို့ကြားက အငြင်းပွားမှု။

အမေရိကန်သမ္မတထရန့်က မဲဆွယ်စဉ်ဂတိပြုချက်ထဲက တစ်ခုဖြစ်တဲ့ တရုတ်နဲ့ကုန်သွယ်ရေးလိုငွေပြတာများနေမှုကို လျှော့ချမယ်ဆိုတဲ့အချက်ကို အကောင်အထည်ဖေါ်ဖို့ကြိုးစားနေတယ်။

၂၀၁၇ကုန်သွယ်မှုစာရင်းအရ တရုတ်ပြည်က အမေရိကားကို ဒေါ်လာ ၅၀၀ဘီလျှံကျော်အထိ တင်ပို့ခဲ့ပြီး၊ အမေရိကားက တရုတ်ပြည်ကို ဒေါ်လာ ၁၃၀ဘီလျှံအထိပဲ တင်ပို့နိုင်ခဲ့တယ်။ ဒါကြောင့်အမေရိကားရဲ့ တရုတ်နဲ့ကုန်သွယ်လိုငွေပြမှုဟာ ကုန်သွယ်မှုရဲ့ လေးပုံသုံးပုံနီးပါး။

တရုတ်ပြည်က ကိုယ်ကျိုးစီးပွားကာကွယ်ရေးအတွက်ဆိုပြီး သွင်းကုန်အတော်များများကို ကန့်သတ်ထားတယ်။ ဒါတွေကို အမေရိကားအနေနဲ့ ဖြေလျှော့စေချင်တယ်။ အမေရိကားကို တရုတ်ပြည်လုပ် Made in China တွေ တောင်လိုပုံအောင် တင်သွင်းနေပေမဲ့ တရုတ်ပြည်အတွက်ကိုတော့သူတို့ လိုအပ်တာလောက်ကိုပဲ ရွေးပြီးတင်သွင်းခွင့်ပြုထားတာ။

ဒါလိုဖြစ်နေတာကြာလှပေါ့။ အခုတော့ ထရန့်က တရုတ်ပြည်ကသွင်းမဲ့ကုန်ပစ္စည်းတွေထဲက ၅၀ဘီလျှံဖိုးကို သီးခြားအခွန်ကောက်ဖို့မှာကြားတယ်။ နောက်နေ့မှာ နောက်ထပ် ဘီလီယံ ၁၀၀ဖိုး အခွန်စီးကြပ်ဖို့ ထပ်ပြောပြန်တယ်။ စုစုပေါင်းဘီလျှံ၁၅၀ ဆိုတာ တရုတ်သွင်းကုန်ရဲ့ လေးပုံတစ်ပုံပဲ။

တရုတ်ကလည်း အားကျမခံ။ အမေရိကားရဲ့ သွင်းကုန်တွေကို တန်ဖိုးထပ်တူအခွန်တိုးကောက်မယ်လို့ ချိမ်းခြောက်တယ်။ အမေရိကားသွင်းကုန်အားလုံးကို အခွန်တိုးကောက်ရမဲ့သဘော။

ဒီလိုကုန်သွယ်ရေးစစ်ပွဲဖြစ်လာရင် ဘာတွေဖြစ်လာနိုင်ပါသလဲ။

အမေရိကားက Made in China ပစ္စည်းတွေဖြစ်တဲ့လျှပ်စစ်ပစ္စည်းတွေအပါအဝင် အတော်များများ ဈေးတက်မှာပေါ့။ အိမ်တွေမှာက ဒီလိုပစ္စည်းတွေစုပုံနေတာမို့ မဝယ်ပဲ အဟောင်းတွေ ဆက်သုံးကြမှာ။

တရုတ်ပြည်ကိုအမေရိကားက အဓိကပို့နေတာက ပဲပိစပ်၊ အမဲသား၊ ဝက်သား၊ လေယာဉ်၊ကား စတာတွေပါတဲ့။ ပဲပိစပ်အဓိကစိုက်တဲ့ပြည်နယ်တွေက ထရန့်ကိုထောက်ခံကြတဲ့ လယ်ယာစိုက်ပျိုးရေးအခြေပြုသူတွေကတော့ အထိနာမဲ့သဘော။ အမေရိကန်တွေကို ပဲပိစပ်ပိုစားဖို့ တိုက်တွန်းပြီး တရုတ်ပြည်မပို့ပဲ ပြည်တွင်းမှာဖြန့်ဖို့ပဲရှိတယ်။ အမေရိကန်တွေက ပဲပိစပ်မစားတတ်ကြတော့ ပဲစားပွဲတော်တွေဘာတွေ လုပ်ရမှာပေါ့လေ။

ဒီသတင်းတွေကြောင့် စတော့တွေလည်းကျ။ DOW အညွှန်းကိန်းဆို ၅၀၀ကျော်ထိ ထိုးဆင်းသွားရော။ နိုင်ငံရေး စီးပွားရေးတည်ငြိမ်မှုမရှိရင် ဖြစ်တတ်တဲ့သဘောတစ်ခု။

တရုတ်ပြည်အတွက်လား။ မပူနဲ့။ သူက နည်းမျိုးစုံသုံးပြီး အမေရိကားကို ပစ္စည်းပို့လို့ရအောင် ကြိုးပမ်းမှာပေါ့။ Made in China ကို အခွန်တိုးကောက်ရင် အဲဒီတံဆိပ်တွေခွာပြီး Made in Thailand တို့ Made in Malaysia တို့နဲ့ပို့ပါလိမ့်မယ်။ သူ့မှာ အဲဒီလို လုပ်နိုင်သူတွေ ရှိတယ်။

မယုံမရှိနဲ့။ တလောက တရုတ်ပြည်ရဲ့ ပျားရည်ခပ်ညံ့ညံ့နဲ့ သကာရေရောပျားရည်တုတွေကို အမေရိကားက သွင်းခွင့်ပိတ်ပြီး အခွန်တိုးကောက်တော့ ဒီနည်းကိုသုံးတာပဲ။ တရုတ်ပျားရည်တွေက ထိုင်းတို့မလေးတို့ရောက်သွားပြီး တံဆိပ်ပြောင်းနဲ့ ပြန်ဝင်လာခဲ့တာပဲ။ အမေရိကန်FDA က သွင်းကုန်အားလုံးရဲ့ နှစ်ရာနှုန်းလောက်ပဲ စစ်နိုင်တော့ မိတာနည်းနည်း လွတ်တာများများပါပဲ။

တရုတ်အစိုးရရဲ့ ကုန်သွယ်ရေးပေါ်လစီကတခြား၊ တရုတ်ကုန်သည်နဲ့စက်ရုံပိုင်ရှင်တွေက တခြား။ အာရှမှာတရုတ်ပိုင်စီးပွားရေးတွေချည်းပဲ။ ပုံပြောင်းရတာ လွယ်လွယ်လေး။

တကယ့်ကုန်သွယ်ရေးစစ်ပွဲဖြစ်ခဲ့ရင်တော့ အဓိက အထိနာမှာတရုတ်ပြည်ပဲ။ အမေရိကားကို အဓိကအားထားပို့နေရတာ။ အမေရိကားကို ထိမယ်ဆိုဦးတော့ ပထမနဲ့ဒုတိယဆိုပေမဲ့ GDPရော PPP ရော အတော်ကွာနေသေးတယ်။ ရှေးသူဌေးနဲ့ ခေတ်ပေါ်သူဌေး ကွာသလိုပေါ့။ ( မြန်မာပြည်က ခေတ်ပေါ်သူဌေးတွေကတော့ ရှေးသူဌေးထက် ပိုချမ်းသာပါတယ်။ သူတို့က လက်ဝါးကြီးအုပ်ခွင့်ရခဲ့လို့။ ဤကားစကားချပ်။)

ကျွန်တော့အထင်ကတော့ ဘယ်နိုင်ငံကမှ စီးပွားရေးထိခိုက်မှာ မလိုလားတဲ့အတွက် မကြာမီအတွင်း နှစ်နိုင်ငံကလူကြီးတွေ တွေ့ဆုံဆွေးနွေးအဖြေရှာပြီး ဒီကိစ္စပြေလည်သွားမယ်လို့ ထင်မြင်ပါကြောင်း။

No comments:

Post a Comment